မြန်မာပြည်သူတို့အတွက် အရေးတကြီးလိုအပ်နေသော မိသားစု လူမှုရေးကာကွယ်စောင့်ရှောက်မှု (social protection/security) နှင့် မျက်မှောက်ခေတ်ကာလ ကမ္ဘာ့နိုင်ငံကြီးအချို့၏နမူနာပြ social protection programs များ။

maungmoenyoSeptember 16, 20122min823

“ဆိုရေးရှိကဆိုနိုင်ကြသော” (တနည်း) “ဖြစ်ပေါ်ပြောင်းလဲမှုများ ပြည့်နှက်နေသော” ခေတ်တခုဆီသို့ မောင်မိုးညိုတို့အပါအဝင် ပြည်သူအားလုံးက အရှိန်အဟုန်ဖြင့်ချင်းနင်း ဝင်ရောက် နေကြပြီဟုဆိုရပေမည်။ တစ်နှစ်လည်သား သာသာကာလအတွင်း ဒီမိုကရေစီရေးလမ်းကြောင်းပေါ် ရောက်ရှိ လာသော စစ်အစိုးရတဖြစ်လဲ၊ မြန်မာအစိုးရ၏ သတင်းသစ်များ ယနေ့မီဒီယာလောကတွင် ပလူပျံအောင် နေရာယူနေသောအချိန်ဟုလည်းဆိုရမည်။ ပြီးခဲ့သော ဇွန် (၂၅)ရက်က မြို့တော်သစ်နေပြည်တော်၏ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သော လူမှုရေးကာကွယ်စောင့်ရှောက်မှု ဆိုင်ရာနိုင်ငံလုံးညီလာခံသို့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ကိုယ်တိုင်တက်ရောက်ပြီး၊အားတက်သရော်ပါဝင်ဆွေးနွေးခဲ့သည်။ မြန်မာလူထုအတွက်လွန်ခဲ့သော နှစ်ပရိစ္ဆေဒများစွာကတည်းကအကျိုးခံစားခွင့်ရှိသင့်သော၊ တနည်းဆိုရသော် ကမ္ဘာတဝှမ်းနှင့်အိမ်နီးချင်းနိုင်ငံနေ မိသားစုများနှင့်တန်းတူအဆင့်အတန်းတူ ခံစားခွင့်ရှိသင့်သော လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် (Myanmar social protection system) ထူထောင်ရာတွင် လိုအပ်သောအချက်အလက်အမှန်အကန်များ တိတိကျကျ လိုအပ်သလို၊ အဖွဲ့အစည်းလူထုလူတန်းစား ပေါင်းစုံထံမှ အကြံညဏ်များရယူကြရန်အရေးကြီးပုံတို့ကို အသားပေးဆွေးနွေးသွားကြသည်။ အဓိကမီးမောင်ထိုးဦးစားပေးသင့်သော အလွှာလူတန်းစားများဖြစ်သည့် အမျိုးသမီးနှင့်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အင်အားနည်းပါးသူများ ကိုဥိးစားပေးအဆင့်အလွှာများ အဖြစ်သတ်မှတ်သင့်ကြောင်းလည်းဆွေးနွေးသွားခဲ့သည်။ လက်ရှိမြန်မာအစိုးရအနေဖြင့် သတိပြုမိ လောက်သောအချက်များကား၊ ငွေကြေးလည်ပါတ်မှုနှင့်တည်ငြိမ်မှု၊ ကွာဟနေသော လူဆင်းရဲနှင့်လူချမ်းသာလူတန်းစားနှစ်ရပ်ကြားကွာခြားမှုများက ယင်းအစီအမံ ပုံရိပ်ပီပြင်လာမှုကို အဓိကစိမ်ခေါ်နေမည်ဆိုသည့်အချက်များပင်။ အစိုးရအုပ်ချုပ်မှုယန္တရားကြီး၏အရိပ်လွှမ်းမိုးမှုကလည်း၊ ယင်းစီမံကိန်းကြီးကိုနှောင့်နှေးစေနိုင်လောက်သည်ဆိုသည့်အချက်ကိုပင်။ လက်ရှိမြန်မာနိုင်ငံအစိုးရစနစ် ကိုလေ့လာကြည့်မည်ဆိုပါက အဆိုပါ social protection ကိုတွန်းအားပေးရုပ်လုံးပေါ်စေသော ဌာနကြီးများ အနေဖြင့် အလုပ်သမားဝန်ကြီးဌာန အောက်ရှိ လူမှုဖူလုံရေးအဖွဲ့ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန (၂)ခုလောက်သာတွေ့ရသည့်အပြင်၊ ယင်းဌာနကြီးများ၏ပြည်သူတရပ်လုံအပေါ် လွှမ်းခြုံစောင်ရှောက်နိုင်မှုအနေအထားကားသံသယဖြစ်ဖွယ်ပင်။ လက်ရှိနိုင်ငံတကာတွင်ကျင့်သုံးနေသော social protection ခေါ် social security systems များကိုကြည့်ပါက လည်း၊ အစိုးရအနေဖြင့် မိမိပြည်သူလူထုတရပ်လုံကို အကောင်းဆုံးဖြစ်နိုင်စေမည့်အစီအမံများချမှတ်ရာတွင်၊ အစိုးရကိုယ်တိုင်က ဌာနကြီးတခု (agency) အနေဖြင့်ကိုင်တွယ်စီမံသည်မှာ မှန်ကန်သော်လည်း၊ လွတ်လပ်သောစီမံခန့်ခွဲမှုစနစ်ကိုကျင့်သုံးခွင့်အပြည့်ရှိသည့်အပြင်၊ လူထုကမိမိတို့ရောက်ရှိနေသော ဘဝလူနေမှုအဆင့်အတန်းကိုပုံဖေါ်နိုင်စွမ်းရှိသော ပြုပြင်ပြောင်းလည်းမှုများကို သက်ဆိုင်ရာမဲဆန္ဒနယ် ကိုယ်စားလှယ်များမှတဆင့်တင်ပြပြောင်းလဲခွင့်ရှိကြခြင်းပင်သည်။ ယင်းစနစ်၏ ရံပုံငွေ fund ကိုလည်း ဈေးကွက်ပကတိအခြေအနေနှင့်လိုက်လျောညီထွေရှိစေနိုင်သည့် စံနှုန်းချိတ်ဆက်မှုနှင့် အပြန်အလှန် ထိန်းကြောင်းမှုများရှိသဖြင့် အခြေခိုင်မာသော အနေအထားရရှိစေနိုင်သည်ကိုတွေ့ရသည်။ အမှန်ဆိုရသော် အစိုးရ၏ထိန်းချုတ်မှု (government control) ဆိုသည်ထက်၊ စိစစ်စောင့်ကြည့်မှု(government monitoring) လိုအပ်သော စနစ်များတွင် ဤစနစ်သည်လည်းတခုအပါအဝင်ဖြစ်သည်မှာ အမှန်ပင်။ အရေးကြီးသည်ကား၊ စနစ်ယန္တရားကြီးတခုလုံးကိုစီမံခန့်ခွဲမှုနှင့် ငွေကြေးကိုင်တွယ်မှုစနစ်တွင်အစိုးရမှ ဝင်ရောက်ပါဝင်ချယ်လှယ်ခြင်း မှကင်းနိုင်သမျှကင်းရန်လိုအပ်ပေသည်။ အစိုးရဟူသည်ကားမိမိတိုပြဌာန်းလိုက်သော၊ ဥပဒေနှင့်နည်းဥပဒေများ တွန်းအားပေးရန် (enforce) နှင့်လွှမ်းခြုံအကျိုးသက်ရောက်မှု (monitoring of coverage impact) ကို စောင့်ကြည့်စိစစ်ရန်သာဖြစ်သည်။

လက်ရှိကျင့်သုံးနေသောအမေရိကနိုင်ငံ၏ social security system နှင့်အခြားမိသားစုလုံခြုံရေးအစီအစဉ်များ

၁၉၃ဝ ဝန်းကျင်လောက်ဖြစ်ပွားခဲ့သောစီးပွားရေးကပ်ကြီးပြီးနောက် သမ္မတရုစဘဲ့လ်အစိုးရ၏ တွန်းအားပေးမှုကြောင့်  (၁၉၃၅)ခုနှစ်ကပေါ်ပေါက်လာသော social security system fund သည်ကမ္ဘာတွင်သာမက အမေရိကတွင်ပါသမိုင်းဝင်အကြီးမားဆုံး trust fund အဖြစ်၊ သန်းပေါင်းများစွာသော အငြိမ်းစားများနှင့်တကွမသန်မစွမ်းသူများကို အငြိမ်းစားထောက်ပံ့မှုနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့တိုင်ပေးနေနိုင်ပြီဖြစ်ပါသည်။ social security system ပေါ်ပေါက်လာသောသမိုင်းကြောင်းကို ကြည့်ပါကလည်းအမေရိကလိုနိုင်ငံကြီးပင်လျင် ဆန်ုကျင်ကန့်ကွက်မှုအထောက်အထားများစွာ ရှိခဲ့သည်ဆိုသည့်အချက်ပင်။  ဝင်ငွေရှိသူတိုင်း (အစိုးရပုဂ္ဂလိကဝန်ထမ်းများ နှင့်ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအားလုံး) ကမိမိဝင်ငွေ၏ (၆%) ခန့်ကိုယင်းရုံပုံငွေသို့မဖြစ်မနေထည့်သွင်းကြရသည်။ အသက်(၆၂)နှစ်ပြည့်လျင်စတင်ခံစားခွင့်ရှိသော်လည်း၊ လက်ရှိအနေအထားအရ (၆၆နှစ်ခွဲ) ပြည့်မှသာလျင် မိမိအကျိုးခံစားခွင့်ကိုရာနှုန်းပြည့်ရနိုင်မည်ဖြစ်သည်။ ယင်းအစီအစဉ်မှာလည်းလာမည့်(၂၀၃၃)ခုနှစ်တွင် ရံပုံငွေလျောနည့်းကျဆင်းလာမှုကြောင့် ရရှိခံစားသင့်သော ခံစားခွင့်ထဲမှ (၇၅%)လောက်ကိုသာခံစားခွင့် ရှိနိုင်ကြတော့မည့်ဖြစ်သဖြင့်၊ လူထုနှင့်အစိုးရအကြားစိုးရိမ်မကင်းမှုနှင့်အငြင်းပွားမှုများ ပေါ်ပေါက် လာပြီဖြစ်ပါသည်။ နားလည်မှုလွဲမှားနေသောအချက်ကား၊ social security fund ကို အစုရှယ်ရာ stock အဖြစ်ထင်မှတ်မှားကြခြင်းဖြစ်သည်။ ယင်း fund ကို အတိုးပွားနိုင်သော ရံပုံငွေအဖြစ်ထင်မှတ်မှားကြခြင်း ပင်ဖြစ်သည်။ ယင်း fund ပေါ်ပေါက်လာသောအကြောင်းရင်းခံကိုစိစစ်လေ့လာကြည့်ပါက၊ ခေတ်အဆက်ဆက်စီးပွားပျက်ကပ်ကြုံတိုင်း မိသားစုဘဝလုံခြုံမှုကိုအာမခံလောက်သောအစီအမံအဖြစ် တကယ်ရှိလိုပါက၊ ယင်းရံပုံငွေကိုရောင်းကုန်ုပစ္စည်း အဖြစ်သတ်မှတ်၍မရနိုင်ဆိုသည့် အခြေခံမူဝါဒကို နားလည်ထားကြဘို့်ပင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းကြီးများအပေါ်များစွာအမှီသဟဲပြုနေသော Republican Party မှ ဤရံပုံငွေကို privatize ပုဂ္ဂလိထံလွဲပြောင်းရန်ကြိုးစားအားထုတ်မှုများရှိနေသော်လည်း၊ လက်ရှိအကြိုးခံစားခွင့်လက်တွေ့ရနေကြသူတွေအားလုံးကယင်းအကြံအစည်၏ဆိုးကြိုးနောက်ဆက်တွဲဖြစ်

သည့်၊ ဈေးကွက်အပေါ်အခြေခံသောစီးပွားရေးမတည်မငြိမ်နိုင်မှုက ယင်းတို့၏ဘဝကိုခြိမ်ခြောက်နိုင်ကြောင်း တွက်ချက်မိသဖြင့်အပြင်းအထန်ဆန့်ကျင်မှုများရှိနေသည်။ လက်ရှိအခြေအနေအရယင်းလာမည့်အခက်အခဲကို ကျော်လွှားနိုင်ရန်မှာ၊ ပင်စင်အငြိမ်းစားယူပြီးသည့်တိုင်ယင်းရံပုံငွေအကျိုးခံစားခွင့်ကို ရာနှုန်းပြည့်ထုတ်ယူ နိုင်မည့်သက်တမ်းကိုနှစ်အလိုက်တိုးမြှင့် သွားရန်ပင်။ ဤခံစားခွင့်ကိုလည်းမိမိလုပ်သက်၊ ထည့်ဝင်ကြေးပမာဏ တို့အပေါ်တွက်ချက်ပြီး  unit များအဖြစ်သတ်မှတ်ထားသည်။ အနည်းဆုံး (၄၀)ယူနစ်ပြည့်လျင်ခံစားခွင့် ထုတ်ယူနိုင်ပြီဆိုသော်လည်း၊ အသက်ကန့်သတ်ချက်ဖြင့်ပညတ်ထားသည်။

အခြားခံစားခွင့်တခုကား Medicare ခေါ်အစိုးရကကြီးကြပ်သောကျန်းမာရေးအာမခံစနစ်ဖြစ်သည်။ မိမိဝင်ငွေထဲမှ (၃%)လောက်ပမာဏဝင်ငွေရှိသူတိုင်းကယင်းသီးသန့်ရံပုံငွေသို့ထည့်ဝင်ကြရပြီး၊ အသက်(၆၅)ပြည့်သူတိုင်းမိမိတွင်ကိုယ်ပိုင်ကျန်းမာရေးသီးသန့်ရှိရှိမရှိရှိ ခံစားခွင့်ရှိသော အာမခံစနစ်ဖြစ်သည်။ နှစ်အလိုက်ကြီးမြင့်လာသောဆေးကုသစရိတ်၊ပစ္စည်းစရိတ်ကြီးမြင့်မှု၊ ငွေကြေးဖေါင်းပွမှု နှင့် ရှုတ်ထွေးလှသော Medicare စနစ်အပေါ်ခြိမ်းခြောက်ဝေဖန်မှုများတစနှင့်တစများပြားလာသည်။ သို့သော်လည်း အသက် ကြီးရင့်လာသည်နှင့်အမျှ၊ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်လာသောသက်ကြီးများက စောဒကတက်လိုမှုများ ရှိသော်လည်း၊ နောက်ထပ်ပိုမိုကောင်းမွန်ပြည့်စုံ၍၊ အပူအပင်ကင်းမဲ့သော စောင့်ရှောက်မှုစနစ် မပေါ်ပေါက်နိုင်သေးသ၍၊ လက်ရှိစနစ်ကိုအထိခိုက်ခံလိုခြင်းမရှိကြပေ။ ဤစနစ်ခံစားခွင့်ကိုအသက် (၆၅) တွင်စတင်နိုင်ကြောင်းလက်ရှိပြဌာန်းထားသည့်အပြင်၊ ယင်းအသက်မရောက်မှီ (၃)လလောက်ကတည်းက နီးစပ်ရာ social security ရုံးများ(သို့) internet မှစာရင်းမသွင်းမနေစာရင်းသွင်းကြရန်နှိုးဆော်ထားသည်။

အငြိမ်းစားယူချိန် လိုအပ်သောပင်စင်ကို ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရဝန်ထမ်းများအတွက် အငြိမ်းစားပင်စင် စနစ် (retirement pension for federal and local governments) ကို အမေရိကတွင်လက်ရှိ ကျင့်သုံးနေသော်လည်း၊ လုံလောက်နိုင်မည့်ပင်စင်ပမာဏမရှိခြင်းကြောင့်၊ ပုဂ္ဂလိကကဏ္ဍတွင်တွင်ကျယ်စွာ အသုံးပြုလည်ပါတ်နေသော၊ retirement program တခုဖြစ်သည့် 401k ခေါ် အခွန်ဌာနကြီးအက်ဥပဒေပုဒ်မ တခုကတီထွင်ပြဌာန်းထားသော(သို့) သတ်မှတ်ခေါ်ဝေါ်သည့် အစီအစဉ်တွင်ပါဝင်နေကြပြီဖြစ်သည်။ အလုပ်သမားရောအလုပ်ရှင်ပါထည့်ဝင်ရသလို၊ ယင်းအပေါ်အခွန်ကောက်ခံခြင်းကို၊ ပေးသွင်းနေစဉ်ကာလ အတွင်းကင်းလွတ်ထားသဖြင့် ခေတ်စားသော အစီအမံတခုဖြစ်နေသည်။ မိမိဝင်ငွေမှ (၁% မှ ၁၀%)အထိ ထဲ့ဝင်ကြသည်ကိုယေဘူယျအားဖြင့် မြင်နေရသော်လည်း၊ ထိုထက်ပိုမိုထည့်ဝင်ခွင့်ကို၊ ပမာဏသတ်မှတ်ချက် တခု (contribution cap) နှစ်စဉ်သတ်မှတ်၍ ခွင့်ပြုထားသည်။ အစိုးရကချမှတ်သော social security income နှင့်ကွာခြားချက်ကား၊ ထဲ့ဝင်ငွေကို ခေတ်ကာလဈေးနှုန်းအတက်အကျပေါ်အခြေခံသော stock/bond စသော ရံပုံငွေအရဝင်ငွေအတိုးပွားနိုင်သလို၊ စီးပွားရေးအခြေခံပေါ်မူတည်၍၊ မိမိထည့်ဝင်သော ရင်းနှီးငွေ တန်ဘိုး ဆုံးရှံးမှုများဖြစ်ပေါ်နိုင်သည်။ မိမိထည့်ဝင်သောရင်းနှီးမြှုပ်နှံငွေကိုအသက် (၅၉နှစ်ခွဲ)တွင် စတင်ထုတ်ယူ သုံးစွဲခွင့်ရှိသည်။ ထိုအချိန်တွင်မှ ထုတ်ယူသောငွေကို၊ဝင်ငွေအဖြစ်သတ်မှတ်သဖြင့် အခွန်ကောက်ခံမှု ရှိသော်လည်း၊ သက်ကြီးပင်စင်စားများအတွက်သတ်မှတ်သော အခွန်နှုန်းထားသက်သာမှုကြောင့်၊ အကျိုးအလွန်ရှိသော အစီအမံတခုဟုဆိုရမည်။ ထူးခြားချက်တခုကား အလုပ်ရှင်များကလည်း မိမိအလုပ်သမားများထဲ့ဝင်သော ရင်းနှီးမှုပမာဏကိုလိုက်၍၊ တန်းတူထဲ့ဝင်မှုကိုအတိုင်းအတာတခုအထိ လုပ်ပေးကြသည်ကိုတွေ့ရသည်။ (matching contribution) ယင်းကား 401k ၏ဆွဲဆောင်မှုရှိသော အစီအစဉ်ဖြစ်သလို၊ ယင်းထည့်ဝင်ခွင့်ရရှိသော အလုပ်ရှင်များအနေဖြင့်ယင်းထဲ့ဝင်ပမာဏအပေါ်အခွန် ကင်းလွတ်ခွင့်ရကြသဖြင့်၊ အလုပ်ရှင်များအတွက် လည်းအဆင်ပြေသည်။

စင်ကာပူနိုင်ငံ၏လူမှုရေးစောင့်ရှောက်မှုအစီအစဉ် (Provident fund system)

(၁၉၅၃)လောက်ကစတင်ခဲ့သော CPF ခေါ် Central Provident Fund ကားအာရှတွင်စံနမူယူလောက်သော ရှင်းလင်းပီပြင်သည့် မိသားစုဖူလုံရေးစနစ်ကြီးတခုဖြစ်သည်။ မိသားစုတိုင်းအိမ်ပိုင်ဆိုင်ခွင့်အစီအစဉ်၊ Medisave ခေါ်ကျန်းမာရေးစောင့်ရှောက်မှုအာမခံဝယ်ယူနိုင်သောစနစ်၊ သက်ကြီးပင်စင်ခံစားငွေစုဆောင်းမှု အစီအစဉ်အပြင်၊ ပညာရေးအတွက်လိုအပ်သော အသုံးစရိတ်အတွက်ပါစီမံပေးသော ဥပဒေပြဌာန်းချက်ကြီး ဖြစ်သဖြင့်၊ လက်တွေ့ကျသည်သာမက၊ အနောက်နိုင်ငံကြီးများထက်သာလွန်သောအချက်များတွေ့ရသည်။

ထည့်ဝင်ငွေပမာဏပေါ်မူတည်၍ ရာနှုန်းအလိုက်ဖေါ်ပြပါရှိထားသည့်၊ ကျန်းမာရေး၊ပညာရေး၊ ပင်စင်ရံပုံငွေ များထဲသို့ရောက်ရှိသွားသည်။ ထည့်ဝင်ငွေအပေါ်အခွန်ကင်းလွတ်ထားသော်လည်း၊ ပြန်လည် ထုတ်ယူသောအခါ လျော့နည်းသောအခွန်နှုန်းဖြင့်ကောက်ခံမှုစနစ်ပြုလုပ်ထားသည်။ အကြမ်းဖျင်းအားဖြင့် အသက် (၅၅)ပြည့်လျင်မိမိထည့်ဝင်ငွေများကိုစတင်ထုတ်ယူသုံးစွဲခွင့်ပြုထားသည်။ ထူးခြားချက်တရပ်ကား မိမိရင်းနှီးမြှုပ်နှံသောငွေကြေးပမာဏရာနှုန်းအချို့ (၁၀-၂၀% ခန့်လောက်)ကို ယင်း fund ထဲမှအလွန် သက်သာသော အတိုးနှုန်းဖြင့်ထုတ်ချေးခွင့်ပြုထားသဖြင့်၊ စင်္ကံာပူနိုင်ငံသားများအနေဖြင့် ကိုယ်ပိုင်ကွန်ဒိုမီနီယံ များဖြင့်နေထိုင်နိုင်ကြသလို၊ အဆင့်မြင့်သော ပညာများဆက်လက်သင်ကြားခွင့်ရရှိကြခြင်းပင်ဖြစ်သည်။ ဤအစီအမံကို Central Provident Fund အုပ်ချုပ်ရေးအဖွဲ့ကြီးက အစိုးရကချမှတ်သော ဥပဒေ၊ စောင့်ကြပ်ကြည့်ရှုမှုအောက်မှ လွတ်လပ်စွာစီမံခန့်ခွဲသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံ၏လတ်တလောလူမှုရေးကာကွယ်စောင့်ရှောက်မှုအခြေအနေ တစေ့တစောင်း

ဖေါ်ပြခဲ့သောမြန်မာနိုင်ငံတွင်လက်ရှိကျင့်သုံးနေသောအစီအမံသည်၊ အမှန်တကယ်အားဖြင့် အမေရိကနိုင်ငံ တွင် social security စနစ်စတင်သွတ်သွင်းပြီး ဆယ်စုနှစ်မပြည့်တပြည့်အချိန်ကစတင်ခဲ့ခြင်းဖြစ်ပြီး၊ စင်္ကာပူနိုင်ငံနှင့်မရှေးမနှောင်း ကာလ (၁၉၅၄)တွင်စတင်ခဲ့ခြင်းဖြစ်သော်လည်း၊ ပြီပြင်ဖွံ့ဖြိုးမှု၊ တိုးချဲ့လွှမ်းခြုံမှု မရှိကြောင်းဝမ်းနည်းဘွယ်တွေ့ရသည်။ ဌာနကြီးတခုအနေဖြင့် လူမှုဖူလုံးရေးအဖွဲ့ ဟူ၍ အလုပ်သမားဝန်ကြီးဌာန အောက်တွင်ဖွဲ့စည်းထားသော်လည်း၊ ကျယ်ပြန့်သော အကျိုးသက်ရောက်မှုမရှိခဲ့ပါ။ အမှန်ဆိုရသော် (၁၉၂၃) ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လယ်ယာလုပ်သားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်ဥပဒေကား ယနေ့အထိအသက်ဝင်လျက်ရှိနေသေးခြင်းပင်။ သို့သော်လည်းယင်းဥပဒေ၏ အကျိုးသက်ရောက်မှု၊ လွှမ်းခြုံအကျိုးသက်ရောက်မှုကားသံသာဖြစ်ဘွယ်ပင်။ မောင်မိုးညိုမှတ်မိသလောက်၊ ရန်ကုန်တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးနှင့် မန္တလေးတောင်နှင့်ယှဉ်ပြိုင်ဖွင့်လှစ်ဆောင်ရွက်နေသော အလုပ်သမားဆေးရုံကြီး (၂)ခုအပါအဝင်၊ မြို့ကြီးအချို့ (၁၀၀)ကျော်လောက်ရှိ လူမှုဖူလုံရေးဆေးပေးခန်းများကသာ ဒေသတွင်းရှိ ဝန်ထမ်းများကိုသာ လွှမ်းခြုံစောင်ရှောက်နိုင်မှုပေးနိုင်သေးသည်ကိုတွေ့ရသည်။  လက်ရှိအစီအမံတွင်ပါဝင်သော စောင့်ရှောက်မှုကဏ္ဍများကိုလေ့လာကြည့်ပါက နာမကျန်းစောင်ရှောက်မှု၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု နှင့်မီးဖွားခြင်း။ ထိခိုက်ဒါဏ်ရာရခြင်းတို့အတွက်ခံစားခွင့်ပေးခြင်းတို့အတွက်သာသတ်မှတ်ပြဌာန်ချက်များရှိပြီး မိသားစုတခုလုံအတွက်တသက်တာဖူလုံအေးချမ်းရေးအတွက်လိုအပ်သော၊ သက်ကြီးငွေကြေးခံစားခွင့်၊ သက်ကြီးကျန်းမာရေးစောင်ရှောက်မှု၊ ပညာရေး၊ မိသားစုစနစ်နေထိုင်ပျော်ရွှင်သာယာရေးအတွက် အစီအမံများပါဝင်ခြင်းအလျင်းမရှိသည်ကိုတွေ့ရသည်။ မိမိဝင်ငွေ၏ (၁ ဒဿမ ၅%) ကိုထဲ့ဝင်ကြရသည်။ အတော်များများက မိမိလစာထဲမှာဖြတ်ခံရမှန်းပင်မသိကြောင်းတွေ့ရသည်။ မိမိအလုပ်လုပ်ခဲ့သော လုပ်သက်အနဲဆုံးရက်သတ္တ(၂၆)ပါတ်တာ ကာလအတွင်း အနဲဆုံး(၁၇)ပါတ်ငွေးကြေးထည့်ဝင်ခဲ့ပါက ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်စတင်ရရှိနိုင်ပြီဖြစ်သည်ဟု(၁၉၅၄)လူမှုဖူလုံရေးအက်ဥပဒေ ကဆိုထားသည်။ သို့သော် အခြားခံစားခွင့်များဖြစ်သည့် ထိခိုက်ဒါဏ်ရာရခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းပျက်စီးခြင်း၊ ကိုဝန်ဆောင်ခြင်း၊ သေဆုံးသောအခါသင်္ဂြိုဟ်စရိတ်သတ်မှတ်ချက်များသည်၊ ခေတ်နှင့်မလျော်ညီတော့သည့် အပြင် လက်တွေ့မကျသော ငွေကြေးထောက်ပံ့မှုပမာဏအဖြစ်ဆက်လက်ရှိနေသေးသည်ကိုတွေ့ရသည်။

အမှန်အားဖြင့် ပုဂ္ဂလိကလုပ်ငန်း၊စက်ရုံများကယင်းအတွက် ရံပုံငွေထဲ့သွင်းထားသော်လည်း၊ ဝန်ထမ်းများက ယင်းဆေးရုံဆေးခန်းများသို့သွားရောက်အသုံးပြုရမှန်းမသိကြပါ။ အခမဲ့ပြည်သူဆေးရုံများယနေ့တိုင်ရှိနေခြင်း၊ အစိုးရဆေးရုံဆေးခန်းများကိုယုံကြည်ကိုးစားမှုလျော့နည်းကျဆင်းလာခြင်းတို့အပြင်၊ ဗဟုသုတနဲပါးမှုတို့ကြောင့် လူမှုကာကွယ်စောင်ရှောက်မှု၏အသက်တမျှအရေးပါ၊ အကျိုးသက်ရောက်မှုကိုမေ့လျော့နေကြသည်။

မြန်မာနိုင်ငံ၏လက်ရှိလူမှုဖူလုံရေးဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုလေ့လာကြည့်ပါက –

  • အရပ်ရပ်အာမခံစနစ် (ဆေးကုသခွင့်၊ ကိုယ်ဝန်ဆောင် နှင့်မီးဖွားခွင့်၊ အသုဘစရိတ်) နှင့် လုပ်ခွင့်ဒါဏ်ရာရထိခိုက်မှုအတွက်ခံစားခွင့် (ဆေးကုသခွင့်၊ မသန်မစွမ်းဖြစ်ပါကငွေကြေးခံစားခွင့်၊ ကျန်ရစ်သူတို့အတွက်ထောက်ပံ့ကြေး) ဟူ၍သာ မိသားစုလုမှုဖူလုံကာကွယ်ရေးပြဌာန်းချက်(၂)ရပ်သာ ရှိသေးခြင်း၊
  • လက်ရှိအကျုံးဝင်သော အလုပ်သမားဝန်ထမ်းဥိးရေ = သုည ဒဿမ ၅၆ သန်း (လူဥိးရေ စုစုပေါင်း သန်း ၆၀) သာအကျုံးဝင်သေးခြင်း၊
  • လူမှုဖူလုံရေးဆေးရုံကြီး (၃)ရုံ (ရန်ကုန်၊ မန္တလေးနှင့် ထန်းတပင် တီဘီဆေးရုံကြီး)၊ ဆေးခန်း ၉၉၂) ခန်း၊ ဌာနကြီးများရှိဆေး ခန်း (၄၂) ခန်းသာ ဖြန့်ကျက်ထားနိုင်သေးခြင်း၊

– ယင်းကိုကြည့်ပါက မြန်မာပြည်သူတရပ်လုံးအတွက်အသက်တမျှအရေးကြီးသော လူမှုကာကွယ်စောင့် ရှောက်ရေးယန္တရားပီပြင်လာရေးကားအထူးအရေးကြီးလာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် မိမိပြည်သူတိုင်းအတွက်အရေးကြီးသော လူမှုရေးကာကွယ်စောင့်ရှောက်မှုနှင့် လွှမ်းခြုံ ကာကွယ်မှုကိုပီပီပြင်ပြင်ဖေါ်ဆောင်ပေးနိုင်မည့် ကိစ္စမှာအစိုးရတွင်တာဝန်ရှိသလို ပြည်ထောင်စု လွှတ်တော်၏အရေးပါမှုကဏ္ဍကအရေးပါလာပြီးဖြစ်သည်။ လက်ရှိအမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်(၂)ရပ်လုံးတွင်ဆွေးနွေးနေကြပြီဖြစ်သော၊ ဤအစီအမံ လက်တွေ့ကျကျရုပ်လုံး ပေါ်လာရေးကားအထူးအရေးပါလှပေသည်။ ယင်းနှင့်ပါတ်သက်၍လွှတ်တော်များအတွင်းစတင်ဆွေးနွေးမှုမျာါ်။ မေးခွန်းထုတ်မှုများ၊ အဆိုတင်သွင်းမှုများစတင်ပြုလုပ်လာနေပြီးဆိုသည့်သတင်းများ ဝမ်းမြောက်ဘွယ် ကြားနေရပြီဖြစ်သည်။ ထို့အပြင် ပြည်သူ့လွှတ်တော်တည်ဆဲဥပဒေများလေ့လာသုံးသပ်ရေးအတွက် လွှတ်တော်တွင်းသာမက၊ လွှတ်တော်ပြင်ပပညာရှင်များ၊ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းများနှင့် ဆက်သွယ်လျက် အချက်အလက်ရှာဖွေမှုများ (fact finding process) လုပ်ဆောင်နေသော သတင်းကောင်းများကိုလည်းတဆက်တည်းတွေ့နေရပြီဖြစ်သည်။

လေ့လာမိသလောက်ဥပဒေသစ်တွင်ပါဝင်လာမည့် ကဏ္ဍများကား-

  • ကျန်းမာရေးနှင့်လူမှုရေးစောင်ရှောက်မှုစနစ်၊ healthcare insurance and welfare services
  • မိသားစုထောက်ပံ့မှုအာမခံစနစ်၊ family coverage
  • မသန်စွမ်းမှု၊ သက်ပြည့်အငြိမ်းစား နှင့်ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်အာမခံစနစ်၊ retirement savings, permanent disability insurance, surviving family benefit
  • အလုပ်လက်မဲ့ခံစားမှုစနစ်၊ unemployment insurance
  • အလုပ်ခွင်တွင်းထိခိုက်ခံစားရမှုခံစားခွင့်စနစ်၊ workman compensation schemes
  • ကျန်းမာရေး၊ အိမ်ယာ နှင့် လူမှုရေးစောင့်ရှောက်မှုစနစ်၊ housing assistance and social benefits
  • မကျန်းမာမှုအတွက် ဆေးကုသခံစားခွင့် နှင့်ငွေကြေးအကျိုးခံစားခွင့်၊ medical care & disability benefit while out of work
  • ကိုယ်ဝန်ဆောင်နှင့်မီးဖွားမှုခံစားခွင့်စနစ်၊ maternity and post maternity coverage
  • ရံပုံငွေထဲ့ဝင်ပြီးသူများ အငြိမ်းစားယူပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်စနစ်၊ retirement healthcare coverage
  • သေဆုံးသူအတွက်နာရေးစရိတ်ခံစားခွင့် funeral expense benefit

ယင်းတို့အပြင် လက်ရှိကျင့်သုံးနေသော unilateral စနစ်မှ ဌာနစုံ၊ အစိုးရပြင်ပအဖွဲ့အစည်း နှင့်ပညာရှင်များက  multilateral and multi-sectorial နေ့မီးညမီးတို့ဖြင့် နည်းလမ်းရှာကြံကြရမည့်အချိန်ဖြစ်သည်။ ထို့အပြင် နိုင်ငံ၏ပီပြင်သောငွေကြေးလည်ပါတ်မှုစနစ်တည်ငြိမ်ရေး၊ အလုပ်ရှင်အလုပ်သမားဆိုင်ရာဥပဒေပြဌာန်းချက်၊ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများပီပြင်လာရေး အပြင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကပါ ဤစီမံကိန်းကြီး တွင် မဖြစ်မနေဝင်ရောက်လာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအာမခံစနစ် အခြေတကျပေါ်ထွက်လာ ရေး တို့ကအရေးကြီးပေသည်။ စိတ်ဝင်စားဘွယ်ကိစ္စတခုကား၊ နိုင်ငံတဝှမ်းရှိ အစိုးရနှင့်ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ဆရာဝန်၊ ဆရာမများအပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အခြား healthcare providers များသာမက၊ မြို့မနှင့်ကျေးလက်ကျန်းမာရေးဌာနများ၊ လူအိုရုံ၊ သင်းချိုင်း၊ သာရေးနာရေး ကူညီမှုဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများ၊ ဘာသာရေးပေါင်းစုံမှအဖွဲ့အစည်းကြီးများ ၊ သမဝါယမအဖွဲ့အစည်းများ ကိုပါဤစီမံကိန်းတွင် ကန်ထရိုက်စနစ်ဖြင့်ပူးတွဲထည့်သွင်းနိုင်ရန်လိုအပ်ပေသည်။ ယင်းအတွက်လိုအပ်သော အချက်အလက်ကိန်းဂဏန်းနှင့် အစောင့်ရှောက်ခံပြည်သူလူထုတို့၏ ကိုယ်ရေးအချက်အလက်များကို စနစ်တကျစားရင်းပြုစုနိုင်သော database ကိုဖေါ်ထုတ်နိုင်ရန်အရေးကြီးပေသည်။ စီမံကိန်းအကျိုး သက်ရောက်မှုမြန်ဆန်ထိရောက်လာရေးကား ကိန်းဂဏန်းအချက်အလက်ဖလှယ်မှုသွက်လက်တိကျရေး နှင့်လုံခြုံစိတ်ချရသော သိုလှောင်မှုစနစ် (information exchange and security of privacy) ကို ဖန်တီးထားနိုင်ရန်အထူးလိုအပ်ပေသည်။ စီမံကိန်းအပေါ်အခွင့်ကောင်းယူအကျိုးအမြတ်ထုတ်နိုင်သော စီးပွားရေးလောဘသားများ၊ ကိုယ်ကျိုးရှာသူများကိုကာကွယ်နိုင်မည့် ဥပဒေပညတ်ချက်နှင့်ထိရောက်သော ပြစ်ဒါဏ်များပြဌာန်းထားရှိနိုင်ရေးကားအလွန်အရေးကြီးလာပေသည်။ ဤစီမံကိန်းကိုတိုက်ရိုက်သက်ဆိုင်သော ဝန်ထမ်းအဖွဲ့အစည်းများသာမက ၊လူထုကဗဟုသုတအမြင်စတင်ရရှိလာရေးအတွက်ယခုကတည်းက ပညာပေးအစီအစဉ်များစတင်ပြုလုပ်ကြရန်လိုအပ်ပေပြီ။

ဤစီမံကိန်းကား နတ်လူသာဓုခေါ်နိုင်မည့် အမျိုးသားရေးကိစ္စဖြစ်သကဲ့သို့၊ နောင်လာနောက်သား သားစဉ်မြေးဆက်၊ အကျိုးထူးများခံစားလာနိုင်ကြမည့်ဖြစ်သလို၊ မိသားစုလုံခြုံအေးချမ်းသာယာဝပြောရေးကား လူသားတို့အတွက် ရှိသင့်သော ဗြဟ္မစိုရ်တရားများဟု ဆိုရလျင်မှာမည်မထင်။ နိုင်ငံတကာရောက် ကျွမ်းကျင်သော မြန်မာတိုင်းရင်းသားများက တတ်ကျွမ်းမှုဆိုင်ရာများ ကူညီပေးနိုင်မည်မှာမှန်သော်လည်း၊ အမှန်တကယ် ပုံပေါ်လာအောင်ဖေါ်ဆောင်ကြရမည်မှာ ပြည်တွင်းမှတကယ်လက်တွေ့ဘဝနှင့် နီးစပ်ပြီး လိုအပ်ချက်ကိုတကယ်သိနားလည်သော တတ်ကျွမ်းသူဌာနဆိုင်ရာပညာရှင်များ၊ တာဝန်ရှိသူများနှင့် အစိုးရ၊ လွှတ်တော်(၂)ရပ် နှင့် သက်ဆိုင်သော ပုဂ္ဂလိကအဖွဲ့အစည်းအားလုံးအပေါ်တွင်သာမူတည်ပေသည်။ အချုပ်ဆိုရသော် မြန်မာပြည်သူတို့နှစ်ပရိစ္ဆေဒကြာခံစားခွင့်ရှိသောဤ အစီအမံအချိန်နှင့်တပြေးညီ ပေါ်ထွက်လာရေး၊ ယင်းစီမံကိန်း၏အနှစ်သာရလက်တွေ့ကျကျပေါ်ထွက်လာရေးကား အမှန်စင်စစ်အားဖြင့် အုပ်ချုပ်သူမြန်မာအစိုးရပေါ်တွင်များစွာမူတည်နေပေပြီဖြစ်ကြောင်းတပ်လှန့်နှိုးဆော်လိုက်ရပါသည်။

(၂၀၁၂ စက်တင်ဘာ/အောက်တိုဘာ ထုတ်၊ မန်းဂေဇက် သတင်းစာတွင် ဖေါ်ပြြပြီးဖြစ်သည်။)

3 comments

  • maungmoenyo

    September 16, 2012 at 8:16 am

    နောက်ဆက်တွဲ သတင်းများ နှင့် လေ့လာဝေဖန်ချက်များ –
    ပြီးစခဲ့တဲ့ ဩဂုတ် (၃၁)ရက်မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ “၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ” သစ်ဟာ မြန်မာပြည်သူမိသားစု အားလုံးအတွက်မဟုတ်တောင်၊ အလုပ်လုပ်ကိုင်ကြသူတွေအားလုံးအတွက် မိသားစုလုံခြုံစိတ်ချရေးအတွက် စာမျက်နှာသစ်တခု ဖွင့်လှစ်ပေးလိုက်ပါပြီ။ ပြည်သူအားလုံးပါဝင်လာစေရေးလွှမ်းခြုံမှု (coverage net) ကျယ်ပြန့်နိုင်သမျှကျယ်ပြန့်စေရေးဟာ၊ ဒီလုပ်ငန်းစဉ်ကိုရေးဆွဲကြသူတွေ (အစိုးရ၊ လွှတ်တော်တွေ) ရဲ့ စဉ်ဆက်မပြတ်စိစစ်လေ့လာ ပြောင်းလည်းမှုတွေ ပေးနိုင်ရေး၊ အာမခံထားသူ (benefactor/s or fund contributors) လို့ဆိုထားတဲ့ အလုပ်လုပ်ကိုင်ပြီးဝင်ငွေရရှိနေကြသူတွေ နဲ့ အလုပ်ရှင် (employers) တွေရဲ့ အစီအမံအပေါ်ကောင်းစွာ နားလည်သဘောပေါက်လက်ခံပြီး၊ စိတ်အားထက်သန်စွာ နဲ့ ရံပုံငွေ (fund) ကြေးပုံမှန်ပေးသွင်းနိုင်မှု၊ နဲ့ လက်တွေအကောင်အထည်ဖေါ်ဆောင်ရွက်မဲ့ လူမှုဖူလုံရေးအဖွဲ့ (Board of Social Security) အစည်းအဆင့်ဆင့်တွေ စတဲ့ ဖိုခနောက်ဆိုင် (သုံး)ဦးသုံဖလှယ်စလုံးရဲ့ ပါဝင်ပါတ်သက်နိုင်မှုအတိုင်းအတာအပေါ်မှာ များစွာ မူူတည်ပါတယ်။ ဒီဥပဒေကြောင့် နိုင်ငံနဲ့တဝှမ်းမှာ လူမှုဖူလုံရေးဌာနတွေ အတော်များများဖွဲ့စည်း ရမှာမို့အချိန်တော်တော်ယူရမှာဖြစ်သလို၊ ဝန်ထမ်းအသစ်တော်တော်များများ လိုအပ်လာမှာဖြစ်သလို၊ အတွေအကြုံရင့်ကျက်စေအောင်သင်တန်းတွေ အတော်များများပေးကြရပါလိမ့်မယ်။ ဥပဒေရဲ့ ထူးခြားတဲ့အချက်ကလေးတွေကိုဒီလိုတွေ့ရပါတယ် –
    (၁) (၁၉၅၄) လူမှုဖူလုံရေးဥပဒေပြဌာန်းချက်အချို့ကိုပယ်ဖျက်တယ်ဆိုတဲ့ပြဌာန်းချက်မတွေ့ရပါဘူး။ ရည်ရွယ်ချက်ကတော့ လက်ရှိခံစားနေရသူတွေ နဲ့ အသွင်ကူးပြောင်စဉ်ကာလအတွင်း ခံစားခွင့်ရှိခဲ့သူ၊ ရှိနေဆဲတွေ အတွက်ရည်ရွယ်ပုံရပါတယ်။
    (၂) ၁၉၅၄ ဥပဒေမှာ ခံစားခွင့်(၂)ရပ်သာရှိခဲ့ပေမဲ့ ခုဥပဒေမှာ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိခြင်းအတွက်ခံစားခွင့်၊ သက်ပြည့်အငြိမ်းစားနှင့်ကျန်ရစ်သူ မိသားစုအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်အပြင်၊ အိမ်ယာစီမံကိန်းတွင်ပါဝင်ခွင့်ရရေး အတွက်ခံစားခွင့် ဆိုတဲ့ အစီအမံကြီးတွေလည်းပါလာတာမို့၊ ရည်မှန်းထားတဲ့အတိုင်းပြေပြေပြစ်ပြစ်ဖြစ်ခဲ့ရင်တော့ အတော်အကျိုးရှိမဲ့ကိစ္စ လို့သတ်မှတ်ကြပါ။
    (၃) အမေရိကလိုနိုင်ငံကြီးတွေမှာတောင် ခုထိအခြေအတင်ဖြစ်နေကြရတဲ့ စီမံကိန်းမှာမပါမနေရ ဆိုတဲ့ ပညတ်ချက်မကြေနပ်ကြသူတွေ၊ stock တွေအနေနဲ့အသွင်ပြောင်းချင်ကြသူတွေကြောင့်၊ ဒီဥပဒေမှာ ဝင်ငွေရကြသူတိုင်းမပါမနေရ mandatory ပြဌာန်းချက်တွေပါလာတာမို့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လူမှုရေးကိစ္စကြီး (ဝါ) မိသားစုဘဝသင့်တင့်အဆင့်မြင့်ရေး အတွက် ကြိတ်ပြီးဝမ်းသာမိပါတယ်။ အခြားစိတ်ဝင်စားကြသူတွေလည်းပါဝင်ခွင့်လမ်းဖွင့်ထားတဲ့ အကြောင်းလဲတွေ့ရပါတယ်။ နားမလည်နိုင်တာက ဝင်ငွေရရှိခြင်းမရှိတဲ့ အစိုးရဌာနများ၊ အပြည်ပြည်ဆိုင်ရာနဲ့ non-profitsတွေ၊ ဘာသာရေးနဲ့လူမှုရေးအဖွဲ့တွေ၊ စိုက်ပျိုးရေးနဲ့မွေးမြူရေး လုပ်ငန်းလုပ်သူတွေ၊ မိသားစုစီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသူတွေကို ပါဝင်စရာမလိုတဲ့၊ ကင်းလွတ်ခွင့်ရတဲ့ (မသက်ဆိုင်တဲ့) အဖွဲ့အစည်းများအဖြစ်သတ်မှတ်ထားတာကို၊ နားမလည်နိုင်ပါဘူး။ ဝင်ငွေရှိသူ၊ ဘယ်သူမဆိုပါဝင်ခွင့်ရသင့်တဲ့ အစီအမံပါ။
    (၄) နားလည်ကြဘို့က၊ ဒီလုပ်ငန်းကြီးလည်ပါတ်ဘို့က အစိုးရဘဏ္ဍာထဲကကျခံရမှာဖြစ်သလို၊ “ရံပုံငွေ” (fund) အနေနဲ့ထူထောင်မှာဖြစ်ပါတယ်။ နောင်အခါမှာ အစိုးရကဝင်ရောက်ချယ်လှယ်ခြင်းအလျင်းကင်းတဲ့ မိမိရံပုံငွေပေါ်မှာအရှည်သဖြင့် လွတ်လပ်စွာရပ်တည်နိုင်မဲ့အဖွဲ့အစည်းရံပုံငွေအနေနဲ့ မြင်လာကြဘို့လိုပါတယ်။ အစိုးရကလည်းဝင်ရောက်ချယ်လှယ်ခြင်းကင်းဘို့လိုပါတယ်။ ထိုနည်းတူစွာဘဲ ကိန်းဂဏန်းအချက်အလက်များကိုကွန်ပျူတာ ကွန်ယက်နဲ့ချိတ်ဆက်စာရင်းပြုစုခြင်း၊ ဖလှယ်သုံစွဲခြင်းတွေရှိလာမှာမို့၊ ကိုယ်ရေးအချက်အလက်များလုံခြုံရေး။ စာရင်းကိန်းဂဏန်းများ မှန်ကန်တိကျရေးတွေ အရေးကြီးလာပါပြီ။
    (၅) မိမိဝင်ငွေကနေထည့်ဝင်ကြရာမှာ၊ လက်ရှိလာစာဝင်ငွေအတန်းအစားထည့်ဝင်တဲ့အစီအစဉ်ကနေ၊ ဝင်ငွေအပေါ်မှာတွက်ချက်ပေးသွင်းတဲ့စနစ်ကိုပြောင်းမှာဖြစ်ပါတယ်။
    (၆) ခံစားခွင့်ရှိကြသူတွေကတော့ ထည့်ဝင်ကြေးပေးသွင်းသူကာယကံတွေအပါအဝင်၊ မိမိဇနီး/ခင်ပွန်း နဲ့ အသက်(၂၁)နှစ်အောက်သားသမီးများ နဲ့မိဘများပါဝင်ကြပါလိမ့်မယ်။
    (၇) သူ့စနစ်ရဲ့ ဖွဲ့စည်းပုံကတော့-
    (က) ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ် နှင့်ရံပုံငွေ (healthcare and social assistance)၊
    (ခ) မိသားစုထောက်ပံ့မှု အာမခံစနစ် နှင့်ရံပုံငွေ (family assistance)၊
    (ဂ) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအကျိုးခံစားခွင့်(disability benefit)၊ သက်ပြည့်အငြိမ်းစားခံစားခွင့် (retirement savings) နှင့် ကျန်ရစ်သူမိသားစုခံစားခွင့် (surviving family benefits) နှင့်ရံပုံငွေ၊
    (ဃ) အလုပ်လက်မဲ့ (unemployment) ခံစားခွင့် နှင့် ရံပုံငွေ၊
    (င) အခြားခံစားခွင့်များဖြစ်သော – လူမှုဖူလုံရေးအိမ်ယာစီမံကိန်းတွင်ပါဝင်ခွင့် စသည်ဖြင့်၊
    စသည်တို့ရှိတာမို့၊ ဆိုခဲ့တဲ့အတိုင်းဖြစ်လာဘို့ကတော့ အချိန်အတော်ယူရလိမ့်မယ်ထင်ပါတယ်။ ဒီရံပုံငွေတွေကို အလုပ်ကြသူတိုင်းအပြင်၊ အလုပ်ရှင်များကပါ မှတ်ပုံမတင်မနေရ၊ ရံပုံငွေမထည့်မနေရထည့်သွင်းရမဲ့ပြဌာန်းချက်တွေဖြစ်လာတဲ့အပြင်၊ မိမိဝင်ငွေရဲ့ ရာနှုန်းအတော်များများ ဝင်ရောက်သွားမယ်ဆိုတဲ့အချက်ကိုကြိုမြင်ကြဘို့လိုပါတယ်။ ဒါပေမဲ့ ပြဌာန်းချက်အတိုင်း စီမံချက်အသက်ဝင်လာနိုင်ရင်တော့ ရှိလာမဲ့အကျိုးထူးတွေက အလွန်တန်ဘိုးရှိမယ်ဆိုတာကိုလက်ခံကြဘို့လိုပါတယ်။
    (၈) မိမိဝင်ငွေများထဲကနေအလုပ်ရှင်ကကြိုတင်ဖြတ်ယူပြီး၊ မိမိထည့်ဝင်ကြေးနဲ့အတူ ရုံပုံငွေထည့်ဝင်ကြရမှာဖြစ်ပါတယ်။ ထည့်ဝင်ဘို့ပျက်ကွက်သူအလုပ်ရှင်တွေကို ထောင်ဒါဏ် (၆) လထိအပြင်ငွေဒါဏ်ပါ ပေးဆောင်ကြရမည်ဖြစ်ပါသည်။ ဒါပေမဲ့ ဒိလိုရုံပုံထဲမှတ်ပုံတင်ရန်ပျက်ကွက်သူ၊ (သို့) ပေးသွင်းရန်ပျက်ကွက်သူအလုပ်ရှင်တွေကြောင့်၊ ခံစားခွင့်ရှိကြသူတွေအနေနဲ့ ဥပဒေနဲအညီ ဆက်လက်ခံစားခွင့်အပြည့်ရှိအောင်ဥပဒေက အကာအကွယ်ပေးထားတယ်လို့ဆိုပါတယ်။
    (၉) မကျန်းမာသူတွေအတွက် ဆေးကုသခွင့်အပြင်၊ ဆေးရုံတက်ဖို့လိုရင် (၂၆)ပါတ်ကနေ (၅၂)ပါတ်အထိခံစားခွင့်အပြည့်နဲ့တက်ရောက်ကုသခွင့်ရှိပါတယ်။ နာမကျန်းစဉ်ကာလအတွင်းငွေကြေးထောက်ပံ့မှာဖြစ်ပြီး၊ အနဲဆုံး(၆)လ အလုပ်လုပ်ကိုင်ဆဲဖြစ်ပြီး၊ (၄)လစာအနဲဆုံးရံပုံငွေပေးသွင်းပြီးသူတွေအနေနဲ့ မိမိလုပ်ခဲ့တဲ့ နောက်ဆုံး(၄)လအတွင်းပျမ်းမျှဝင်ငွေရဲ့(၆၀%) ကိုခံစားခွင့်ရှိကြပါလိမ့်မယ်။ လိမ်လည်ပြီးအကျိုးခံစားခွင့်ထုတ်ယူမိသူတွေကိုတော့ ပြင်းပြင်းထန်ထန်အရေးယူမဲ့ နည်းဥပဒေတွေထွင်လာဘွယ်ရှိပါတယ်။
    (၁၀) သက်ပြည့်ပင်စင်ယူကြသူတွေအနေနဲ့ လပေါင်း (၁၈၀) ရံပုံငွေထဲ့ဝင်ပြီးကြသူတွေအနေနဲ့ ကျန်းမာရေးစရိတ်အပြင်၊ ပျမ်းမျှလုပ်အားခလစာ ရဲ့ (၁၅) ဆကိုတလုံတခဲတည်းဘဲဖြစ်ဖြစ်၊ အရစ်ကျဘဲဖြစ်ဖြစ်၊ ခံစားခွင့်ရှိကြပါမယ်။ သေခြာတာကတော့ အဲ့ဒီအပေါ် သင့်တင့်တဲ့ဝင်ငွေခွန်ကောက်ခံဘွယ်ရှိနေကြောင်းပါ။ လပေါင်း(၁၈၀) ထက်ပိုထဲ့ဝင်ခဲ့ရင် ခံစားခွင့်ပိုမိုရကြပါလိမ့်မယ်။
    (၁၁) အလုပ်ပြုတ်ကြသူတွေ၊ (အရေးယူခံရခြင်းမှလွဲရင်) မိမိဝင်ငွေထဲက (၃၆)လစာအနဲဆုံးရံပုံငွေ ထည်းပြီးကြပြီဆိုရင်တော့၊ နောက်ဆုူံတနှစ်အတွင်းလစာဝင်ငွေရဲ့ (၅၀%) ကိုရရှိခံစားကြမဲ့အပြင်၊ နာမကျန်းမှုအတွက်ပါခံစားခွင့်ရကြမယ်လို့ဆိုထားပါတယ်။
    (၁၂) ယာယိမသန်စွမ်းမှု၊ အမြဲမသန်စွမ်းမှုနဲ့ လုပ်ခွင်ထိလိုက်မှုအတွက်ကိုယ်လက်အင်္ဂါထိခိုက်ချိုတဲ့ခဲ့ရင်၊ သေဆုံးခဲ့ရင်လည်း မိမိနဲ့ ကျန်ရစ်သူမိသားစုပါခံစားခွင့်ရကြပါလိမ့်မယ်။ ဒါပေမဲ့ ဒိခံစားခွင့်တွေအားလုံးဟာ လုပ်ခွင်ထိခိုက်မှုလျော်ကြေးနဲ့ မသက်ဆိုင်တဲ့အတွက်၊ သီးသန့်ထပ်ဆောင်းရတဲ့ခံစားခွင့်တွေ ဖြစ်တယ်လို့နားလည်ရပါတယ်။
    (၁၃) မိမိစိုက်ထုတ်ကုန်ကျရတာရှိခဲ့ရင်လည်းပြန်လည်ထုတ်ပေးမယ် (reimbursement) လို့ဆိုထားပါတယ်။
    (၁၄) ဒီခံစားခွင့်တွေကို မိမိခံစားခွင့်ရှိတဲ့ကာလစတင်ချိန်ကနေ (၁)နှစ်အတွင်း တောင်းဆိုဘို့လိုတာမို့၊ အလုပ်လုပ်ပြီး ရံပုံငွေထည့်ဝင်ကြသူတွေ အခွင့်အရေးလက်မလွတ်ကြဘို့နဲ့ ခံစားခွင့်ပြဌာန်းချက်တွေကို ကောင်းကောင်းနားလည်သဘောပေါက်ကြဘို့လိုနေပါတယ်။ လိုအပ်တဲ့ အသိပညာပေးလုပ်ငန်းတွေတွင်တွင် ကျယ်ကျယ်လုပ်ဘို့လိုကြသလို၊ ခံစားခွင့်တွေ ထုတ်ပေးရာမှာလည်းပွင့်လင်းထင်သာမြင်သာရှိတဲ့၊ အစီအမံတွေ အထူးလိုအပ်လာပါတယ်။
    (၁၅) ဒီအစီအမံဟာ fund ရံပုံငွေသက်သက်ဖြစ်သော်လည်းဘဲ၊ ရင်းနှီးမြှုပ်နှံမှုအတိုးအပွားနဲ့ ပြည်တွင်းပြည်ပထည့်ဝင်လှူဒါန်းတာတွေကိုပါ လက်ခံတယ်လို့ဆိုထားတဲ့အတွက်၊ ငွေကြေးမတည်ငြိမ်မှု၊ စီးပွားရေးဖြစ်ပေါ်ပြောင်းလဲမှု တွေရဲ့ဂယက်ကို တွန်းလှန်နိုင်ဘို့လိုတာမို့၊ ရံပုံငွေစနစ် ရေရှည်တည်တန့်ခိုင်မြဲရေး အတွက် လိုအပ်တဲ့ အကာအကွယ်တွေအထူးလိုအပ်လာပါတယ်။ မရိုးသားတဲ့အမြတ် ထုတ်မှုတွေကြိမ်းသေပေါက်ရှိလာနိုင်တာမို့၊ စစ်ဆေးရေးဌာနတွေ၊ အစီအမံတွေပါကြိုတင်ပြင်ဆင် ကြဘို့လိုအပ်ပါတယ်။
    အံ့ဩစရာအချက်ကတော့၊ ဒီဥပဒေကိုလွှတ်တော်(၂)ရပ်လုံးမှာ တစ်ရက်ထဲနဲ့ အပြီးဆွေးနွေးကြပြီး၊ မေးသူမရှိ၊ ဝေဖန်သူမရှိ၊ အတည်ပြုလိုက်တဲ့အတွက်၊ “ပြည်ထောင်စု” နံမယ်သုံးချင်ကြသူ ပြည်ထောင်စုရောဂါသည် အမတ်မင်းများရဲ့ အရည်အသွေးကိုကြီးစွာသံသယဖြစ်မိသလို၊ ဥပဒေအကြိုးသက်ရောက်မှု၊ ရေရှည်တည်တန့်အောင်မြင်မှုအတွက်ကြီးစွာသော ပူပန်မှုများရှိကြောင်း ပွင့်ပွင့်လင်းလင်းဝေဖန်ပါရစေ။

  • သစ် တည်

    September 16, 2012 at 10:42 pm

    အေးဗျာ တကယ်လုုပ်ရင်တော့ ကောင်းတာပေါ ့
    အာရားရားဖြစ်ဖိုု ့ကများပါတယ်……

  • maungmoenyo

    September 20, 2012 at 9:44 am

    မိသားစုတိုင်းရဲ့အနာဂါတ်ရေးမှာ အခြေခံလည်းကျ၊ ပဓါနလည်းပြုသင့်တဲ့ ဒီအရေးတကြီးကိစ္စမို့ ဝိုင်းဝန်းဆွေးနွေးသင့်တဲ့ ဇာတ်လမ်းရှည်ကြီးတပုဒ်ပါ။

Leave a Reply