“မကောင်း ကျောင်းပို့ ပုံပြင်”

ကြောင်လေးSeptember 17, 20121min1786

သမက်မကောင်း ကျောင်းပို့

ကျနော်ငယ်ငယ်(၅ တန်း ၆ တန်း)တုန်းက ကျနော်အဖေက စာပေဗိမ္မာန် စာအုပ်အသင်းဝင်ထားခဲ့ပါတယ်။ နှစ်စဉ်ကြေးငွေ (ပမာဏ မမှတ်မိ) သွင်းပေးထားလျှင် ထွက်သမျှစာအုပ်ကို စာတိုက်က ပို့ပေးပါတယ်။ စာအုပ်အမျိုးမျိုးဖတ်ရမှတ်ရပါတယ်။ အဲဒီထဲမှာ အခုအကြောင်းအရာ ပါတဲ့ စာအုပ်တစ်အုပ်ဖတ်ဖူးပါတယ်။ (မြန်မာ့ရိုးရာ ပုံပြင်များ) လို့ ထင်ပါတယ်။ အတွဲ ၁ နဲ့ ၂ ဆိုပြီးရှိပါတယ်။ သံကိုကြွက်စား သားကိုစွန်ချီ  တို့၊ပိုနေမြဲ ကျားနေမြဲတို့ အစရှိတဲ့ပုံပြင်တွေ ပါခဲ့တယ်၊ထင်ပါတယ်၊အများကြီးပါ။ အခု သားတွေ သမီးတွေကိုဖတ်စေချင်လို့ ရန်ကုန်ရောက် တုန်းက ကျနော် အဟောင်းတန်းတွေမှာလိုက်မေးတာ မရပါဘူး၊ စာအုပ်နာမည်မမှန်တာလည်းဖြစ်နိုင်ပါတယ်။ (ရွှေအိမ်စည်တို့ သို့မဟုတ် ရွာသူားထဲက ရှာဖွေတွေ့ရှိထားရင် လင့်လေးပေးစေချင်ပါတယ်။)

သမက်မကောင်းကျောင်းပို့ ဆိုတဲ့အကြောင်းလေးကို ကျနော်မှတ်မိသလိုပြန်ရေးပြပါမယ်။ ရေးပုံပြောပုံ မတူညီသော်ညားလည်း ဆိုလိုရင်း ကတော့အတူတူဖြစ်မှာပါ။ ကျနော်ဟာမှတ်ညဏ်မကောင်းတဲ့အတွက် သိထားဖတ်ထားတာတွေကို အထောက်အထားနဲ့ တိတိကျကျ  ပြန်ပြောမပြနိုင်တဲ့အတွက် တောင်းပန်ပါတယ်။

ပုံပြင်ကဒီလိုပါ………..

ရှေးအခါက အင်းလေးဒေသမှာ အိမ်ပြင်းနေတယ်လို့ခေါ်ဝေါ်တဲ့ အလေ့အထ ရှိခဲ့တယ်လို့ဆိုပါတယ်။   အိမ်ပြင်းနေတယ်ဆိုတာက အိမ်တစ်အိမ်မှာ မိန်းကလေးမွေးထားပြီး အရွယ်ရောက်လာတဲ့အခါ မိန်းမပျိုလေးဟာ ညဖက်ဆိုရင် အိမ်ရဲ့လသာဆောင်မှာ ဗိုင်းငင်ရင်းနဲ့ ကာလသားတွေကိုဧည့်ခံရတဲ့အလေ့အထပါ။ ကာလသားတွေကလည်း မိမိနှစ်သက်တဲ့မိန်းမပျိုရှိတဲ့အိမ်တွေကို   လှေလေးနဲ့ တစ်အိမ်တက်ဆင်းသွားပြီးစကားပြောကြ စကားထာတွေဝှက်ကြ လုပ်လေ့ရှိကြပါတယ်။ (အဲဒီစကားထာတွေတောင်ငယ်ငယ်က သင်ရိုးထဲမှာသင်ခဲ့ကြဖူးပါတယ်။) မိမိတကယ်နှစ်သက်တဲ့မိန်းကလေးအိမ်ဆိုရင်တော့ သူများပြန်တဲ့အထိမပြန်ပဲစောင့် နေပြီး တစ်ယောက်တည်းကျန်ခဲ့မှ ချစ်စကားကြိုက်စကားအစပျိုးရပါတယ်။ ခုခေတ်လိုဆိုရင် ကြူတယ်ပေါ့လေ။ မိန်းကလေးကပြန်ကြိုက်ရင်လည်း ညဉ့်နက်သန်းခေါင်ထိ လက်ခံစကားပြောတာပေါ့။(ဒီခေတ်နဲ့ဆိုရင်မလွယ်) ဒါကို အစဉ်အလာဓလေ့အရ မိဘတွေကခွင့်ပြုထားကြတာပါ။ အကိုတွေမောင်တွေကလည်း ဒီလိုပဲ  ကျနော်တို့ငယ်ငယ်ကဆိုခဲ့တဲ့သီချင်းလေးလိုပဲ “မင်းနှမကို ငါပိုး ငါ့နှမကိုလည်းပိုးပါ”  ဆိုတဲ့ အတိုင်းပဲပေါ့။

ဒီအစဉ်အလာတွေကို  အမြင်ကျယ်တဲ့ အချို့ အဖေလုပ်သူတွေထဲက မကြိုက်တဲ့သူတွေ ရှိလာပါတယ်။ ရှေးရိုးစွဲတွေလည်းရှိသပေါ့။ အဲဒီမှာ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ နာမည်တွေမမှတ်မိပါ။ သူတို့နှစ်ယောက်လုံးမှာ သမီးပျိုလေးတွေရှိတယ်၊အရွယ်ရောက်နေပြီဆိုတော့ ထုံစံအတိုင်းပေါ့။ သူတို့နှစ်ယောက်တွေ့တဲ့အခါ အမြင်ကျယ်သူက ဒီအစဉ်အလာကိုမကြိုက်ကြောင်းဆွေးနွေးဖြစ်ကြတဲ့ အခါ၊ ရှေးရိုးဆွဲ သူငယ်ချင်းက

“မင်းကဘာအခုမှ မကြိုက်ရတာလည်း၊ မင်းငယ်ငယ်ကလည်း ဒီလိုပဲ လုပ်ပြီး မိန်းကလေးတွေအိမ်သွား  လုပ်ချင်ရာလုပ်ပြီးမိန်းမတစ်ယောက် ရအောင်ယူခဲ့တာမလား၊ အခုမှ ကိုယ့်အလှည့်မှ ဘာဖြစ်နေရတာလဲ”    လို့ ပြန်ပြောပြီး ငယ်ကြိုးငယ်နာဖော်ပြောလိုက်ပါတယ်။ ဒီအခါမှာ အမြင်ကျယ်သူလည်း ရှူးရှူးရှားရှားနဲ့ ဒေါသဖြစ်ပြီးပြန်သွားပါတယ်။

တနေ့မှာပေါ့….ရှေးရိုးဆွဲသမားအိမ်ကသမီးပျိုလေးဆီမှာ လူပျိုတွေ တစ်ယောက်တက်တစ်ယောက်ဆင်း စကားတွေပြောကြ၊ ဝင်လာတဲ့ သူက ဝင်လာ၊ ဆင်းသွားတဲ့သူကဆင်းသွားနဲ့ပေါ့၊ ဒီလိုနဲ့နေရင်း ညဉ့်အတော်နက်တဲ့အချိန်မှာ အနောက်ဖက်ထောင့်ကျကျအမှောင်ထဲမှာ လူငယ်တစ်ယောက် စောင်ကြီးခြုံပြီးထိုင်နေပါတယ်။ စကာလည်းတစ်ခွန်းမှဝင်မပြောပါဘူး။ ဆောင်းတွင်းအခါမျိုးမှာ ချမ်းချမ်းအေးအေးနဲ့ ကာလသားတွေဟာစောင်ခြုံပြီးလာလေ့ရှိပါတယ်။ အားလုံးပြန်သွားတဲ့အခါမှာလည်း ဒီလူငယ်ဟာစကားမပြောပါဘူး၊ ဒါနဲ့ ကောင်မလေးက

“ကဲအမောင် စကားလဲတစ်ခွန်းမှမပြောဘူး၊ ရှင်ကဘယ်သူလဲလို့မေးပါတယ်”

လူငယ်ကပြန်မပြောပါဘူး၊ မိန်းကလေးကလည်း

“ရှင်မေးနေတာမကြားဖူးလား၊ဘယ်သူလဲ”  လို့  ဆိုတော့လည်းပြန်မပြောပါဘူး။

ဒါနဲ့ မိန်းကလေးလည်းကြောက်လာပြီး သူ့အမေသွားနှိုးတာပေါ့၊

အမေကလည်းလိုက်လာပြီး

“သား ကဘယ်သူလည်း ဘယ်သူသားလဲကွယ့်ပြောပါဦး” လို့မေးလည်းပြန်မပြောပါဘူး၊

ကောင်မလေးအမေလည်း ယောကျားလုပ်သူကိုသွားနှိုးပြောတော့ လိုက်လာပြီးမေးတယ်၊ပြန်မပြောပါဘူး။

ကောင်မလေးအဖေလည်းစိတ်နည်းနည်းတိုလာပြီး

“ဟေ့ကောင်မေးနေတာမကြားဖူးလား”

ဆိုပြီး ခေါင်းကိုဒေါက်ကနဲခေါက်ပြီးမေးလိုက်တဲ့အခါ၊ အားလားလားဆိုပြီးအော်မိပါတယ်။ လက်ကမာကျောကျောအရာတစ်ခုကိုခေါက်မိရက်သားဖြစ်သွားတာပါ။

“အောင်မယ်မင်းက ကွမ်းအစ်ကြီးခေါင်းမှာစောင်းလာတယ်ပေါ့ဟုတ်လားကဲကွာ”

ဆိုပြီး ခြေထောက်နဲ့လှမ်း ခတ်လိုက်တဲ့အခါ   အောင်မလေးလို့ အော်မိသွားပါတယ်။ ပျော့အိအိ အသားကို ထိမိရမဲ့ခြေထောက်ဟာ မာကျောကျော အရာကိုကန်မိလိုက်တဲ့အတွက် အတော်နာသွားပါတယ်။ ဒါနဲ့စောင်ကိုဆွဲဖွင့်ကြည့်လိုက်တဲ့အခါ၊ ရွာဦးကျောင်းက ကျွန်းသားနဲ့ထုတားတဲ့လူလောက်ရှိတဲ့ ရုပ်တုကြီးဖြစ်နေပါတယ်။

ဒီအခါမှာ ကောင်မလေးအဖေဟာ ဘယ်သူ့လက်ချက်လဲဆိုတာသိသွားပြီး ထရံမှာချိတ်ထားတဲ့ဓါးကိုဆွဲပြီး သူငယ်ချင်းထံသွားဖို့ လုပ်ပါတယ်။ ဇနီးနဲ့ သမီးတွေက အတင်းဝိုင်းဆွဲကြ၊တားကြနဲ့ နားချလို့စိတ်လျော့သွားပြီး ဒါကြီးဘယ်လိုလုပ်မလဲပြောကြတော့၊ နောက်နေ့ မနက်စောစော ဘုန်းကြီးကျောင်းကို အသာလေးသွားပြီး တိတ်တိတ်လေးပြန်ထားဖို့ စီစဉ်လိုက်ပါတယ်။

မနက်ဝေလီဝေလင်းနှင်းတွေဖွေးဖွေး သူများတွေ အေးအေးနဲ့ကွေးနေတဲ့အချိန် ရှေးရို်းဆွဲ လူကြီးဟာ လှေပေါ်ကို ကျွန်းသားရုပ်ကြီးတင်လို့ ဘုန်းကြီးကျောင်းရှိရာကို လှောခတ်လာပါတယ်။ ဘုန်းကြီးကျောင်းဟာလည်း သူ့သူငယ်ချင်းအိမ်ရှေ့ကဖြတ်လှော် သွားရပါတယ်။ ဒီလိုလာမှာကို သိနေတဲ့ သူငယ်ချင်းကလည်း ရှေးရိုးဆွဲ လူကြီး သူ့အိမ်ရှေ့ရောက်တဲ့အခါ အိမ်ရှေ့ က ကဲလားတံခါးလေးလှပ်ပြီး

“ဟေ့ သူငယ်ချင်း …ဘယ်လိုလဲကွ သမက်ရွေးရတာ၊ သမက်မကောင်းလို့ကျောင်း ပို့တော့မယ်ထင်ပါ့”  လို့လှမ်းအော်လိုက်ပါတယ်၊ ဒါကို အိမ်အနီးပတ်ဝန်းကျင်ကဆွမ်းထချက်ကြတဲ့သူတွေက ကြားပြီး အင်းထဲတဆင့်တဆင့်ပြန့်သွားပါတယ်။ အဲဒီရှေးရိုးဆွဲလူကြီးအိမ်က သမီးတွေလည်း ရှက်ပြီး အဲဒီညကစပြီး အိမ်ပြင်းမထိုင်တော့ပါဘူး၊ အဲဒီအကြောင်းအရာဟာပြန့်နှံ့ပြီး တဖြည်းဖြည်းနဲ့ အိမ်ပြင်းနေတဲ့ အလေ့ဟာလည်းပျောက်ကွယ်သွားတယ်လို့ဆိုပါတယ်။

“သားမက်မကောင်းကျောင်းပို့”  ဆိုတဲ့စကားဟာလည်း အဲဒီအချိန်ကစပြီး တွင်လာခဲ့တယ်လို့ ဆိုပါတယ်။

ကာလရွေ့လျောလာပြီး “မကောင်းကျောင်းပို့” ဆိုတဲ့စကားပဲကျန်ခဲ့တာလို့ ပုံပြင်လေးတစ်ပုဒ် ဖတ်ခဲ့ဖူးကြောင်းပါခင်ဗျာ။

 

အားလုံးကို

ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။

 

6 comments

  • TTNU

    September 17, 2012 at 12:47 am

    ကြောင်လေးရေ..
    ကာလရွေ့လျောလာပြီး “မကောင်းကျောင်းပို့” ဆိုတဲ့စကားပဲကျန်ခဲ့တာလို့
    ဆိုပေမဲ့ အခုခေတ်အခါမှာလည်း ရုပ်ထု။ ပုံတော် စသဖြင့် (မကောင်းတော့လို့
    မဟုတ်ပေမဲ့။ မသုံးတော့ရင်၊ မလိုချင်တော့ရင်) အမှိုက်ပုံပစ်လို့ကလည်းမဖြစ်တော့
    ကျောင်းပို့ကြတာလေ။
    ဘုရားကျောင်းစရိုက်ဟောင်းတွေ ဆိုရင် ဘုန်းကြီးကျောင်းမှာပုံနေတာပဲ။

  • ကြောင်ကြီး

    September 17, 2012 at 8:52 am

    သဂျီး..ဗျိုးသဂျီးဦးခိုင်…သမက်လောင်း မောင်ကြောင်ကြီး အိမ်ပြင်းချင်လို့ ခြံတံခါးဖွင့်ပေးပါအုံး..။ ခြေနဲ့တော့ မကန်နဲ့နော် ရဲခေါ်လိုက်မှာ…။ သမီးဒေါ်ဂလေးကို ဦးကြောင်စကားထာဖွက်မယ်…
    ခုန်မိတော့ အမြင့်ကြီးရောက်
    လမ်းလျောက်ရင် ခြေသံလုံ
    ညမျက်လုံး ထိုးထွင်းဖောက်
    ပိုင်စိုးတာ တောသုံးတောင်
    ရှောင်ပုန်းသာ တောင်သုံးထပ်
    ဟိုတုန်းက ကျားဆရာ
    ခြစ်တဲ့အခါ စူးရှရှ
    မြူးလှတဲ့ ကိုချစ်စရာ
    ပြောစမ်းပါ ထိုသတ္တဝါ….

  • မောင်ပေ

    September 17, 2012 at 9:02 am

    မကောင်းကျောင်းပို့
    အဟောင်းပြောင်းစို့
    ငပေါင်းရောင်းဖို့
    ထနှောင်းကောင်းလို့
    ညမောင်းထောင်းတို့

  • Kyaw Myo Thet

    September 18, 2012 at 3:44 am

    မကောင်းရင်ကျောင်းပို့တယ်ဆိုတော့ ကောင်းရင်တော့ဘယ်ပို့မှာလဲဟင်

  • ကြောင်လေး

    September 18, 2012 at 7:27 am

    ဆရာမကြီး ရှင်းပြတဲအတွက်ကျေးဇူးပါ။
    ဦးကြောင် စကားထာအတိုးဆို ခြင်္သေ့ပဲဖြစ်မယ်။
    ကိုပေ ညဘက် ဘယ်သူက မောင်းထထောင်းတာလဲ။
    ကျော်မျိုးသက် ကောင်းရင် အိမ်မှာခေါ်ထားမှာပေါ့။

  • padonmar

    October 2, 2012 at 1:53 am

    ကြောင်လေးသိချင်တဲ့ စာပေဗိမာန်ကထုတ်တဲ့ စာအုပ်က (မြန်မာစာပေ စာတမ်းများ အတွဲ(၁)ကနေ ? (၄) လောက်ထိရှိမယ်ထင်တယ်။)လို့ထင်ပါတယ်။
    စာရေးဆရာတွေ မြန်မာစာပေနဲ့ စာရေးဆရာတွေ အကြောင်းကို ခေတ်အလိုက် စာတမ်းတင်ကြတာတွေ ရေးထားတာလို့ထင်ပါတယ်။အဲဒီထဲမှာ စာတမ်းထဲပါတဲ့ စာမြည်းတွေဖြစ်မယ်ထင်တယ်။
    စကားအတင်းစပ် ကထိန်ရာသီနီးရင် စာတစ်ပုဒ်လောက်ရေးပါနော်။
    ကထိန်အကြောင်း မနှစ်က ကြောင်လေးရေးထားတာ အကြွေးဆပ်ချင်လို့ ပို့စ်အဟောင်းရှာရလွယ်အောင်လို့ပါ။

Leave a Reply