သည်အချိန်ဟာ အကောင်းဆုံးနှင့် အဆိုးဆုံးအချိန်ပါပဲ

manawphyulaySeptember 17, 20121min17614

လူသားသမိုင်းကို ပြန်ခြုံကြည့်မယ်ဆိုရင် လူသားတစ်ဦးချင်းဆီရဲ့ ဘဝအိပ်မက်များဖြင့် ဖန်တီး တည်ဆောက်လာခဲ့ရကြောင်း တွေ့ရပါတယ်။ ရှေးခေတ်က တိုင်းပြည်များကို အိပ်မက်များရဲ့စွမ်းအားဖြင့် တည်ထောင်ခဲ့ကြပါတယ်။ ကျွန်မ ဘာပြောချင်တာလဲဆိုတော့ ယနေ့ ကျွန်မတို့ရဲ့တိုင်းနိုင်ငံသည် ပြုပြင် ပြောင်းလဲမှုများနဲ့ စတင်နေပြီဖြစ်တဲ့အတွက် အိပ်မက်ထဲမှာပဲ စိတ်ကူးယဉ်မနေသင့်တော့ဘဲ တကယ့် လက်တွေ့ဘဝကို အကောင်အထည်ဖော်ဆောင်ဖို့ အိပ်မက်မှ နိုးထရမယ့် အချိန်အခါ ရောက်ရှိလာနေပါပြီ။ တိမ်ညိုတိမ်မင်းများ ဖုံးလွှမ်းပြီး နေရောင်ထွက်ပေါ်စပြုလာနေတဲ့ ကောင်းကင်ယံမှ နေမင်းကြီးကို မော့ကြည့် ကြိုဆိုလိုက်တဲ့အခါ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ အားသစ်အင်သစ်နဲ့ အရာရာအတွက် ပြင်ဆင်ထားဖို့ သင့်ပါပြီ။
ယခုအားလုံးသိကြတဲ့အတိုင်း အကောင်းလား၊ အဆိုးလားဆိုတဲ့ ဝေဖန်ချက်တွေကြားထဲမှာ နစ်မျော မနေဘဲ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် နိုင်ငံအတွင်းမှာ နေထိုင်တဲ့ နိုင်ငံသူနိုင်ငံသားအားလုံးက ဝိုင်းဝန်း လုပ်ဆောင်မှသာ အကောင်းတကာ့ အကောင်းဆုံးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်တွေဟာ ကျွန်မတို့ ရှေ့မှာ ရှိနေကြတယ်ဆိုတာ မဟုတ်ပါဘူး။ ရှိပြီးနှင့်နေတာသာ ဖြစ်ပါတယ်။ ဘာတွေ ဘယ်လို ပြောင်းလဲ ပြောင်းလဲ အရာရာအတွက် ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြောင်းလဲလာတာနဲ့အမျှ မြန်ဆန်မှုက ဖြစ်ပေါ်နေလို့ပါပဲ။ နောင်အနာဂတ် ဘာဖြစ်မလဲဆိုတာထက် ယခု လက်ရှိ ဘယ်လိုနေမလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ပြောင်းလဲပြီဆိုတာနဲ့ ပြောင်းလဲမှုဟာ မြန်ဆန်နေတဲ့အတွက် စောင့်ဆိုင်းချိန်ကို ပေးမှာမဟုတ်ပါဘူး။ လူတိုင်းပါးစပ်ဖျားမှာ ပြောင်းလဲနေတယ်။ အပြောင်းအလဲလောက (Change World) လို့လည်း ကြားနေရပါတယ်။ ဒီလိုသာ ပြောင်းလဲနေပြီပြောတယ်။ ပြောတဲ့သူက အရင်နေရာကနေ တစ်လက်မမှ မရွေ့ပဲ ဒီတိုင်းရပ်နေမယ်ဆိုရင် ဒီပြောင်းလဲမှုက ဘာပြောင်းလဲ မှုလည်း စဉ်းစားဖို့ လိုလာပါပြီ။ သည်မြန်ဆန်မှု၊ သွက်သွက်ခါ ဝရုန်းသုန်းကား ဖြစ်မှုထဲမှာ စိတ်အလုပ် ကိုယ်အလုပ်တွေကလည်း လိုက်လံမြန်ဆန်နေကြရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် အသက်မွေးကြောင်းနယ်ပယ် တစ်နည်းပြောရင် အလုပ်နယ်ပယ်မှာ သည်သဘောဟာ အတော်ထင်ရှားနေပါတယ်။ ကျွမ်းကျင်မှု၊ ထက်မြက်မှု၊ မျှော်မှန်းတတ်မှု၊ တွက်ဆချင့်ချိန်တတ်မှု၊ စဉ်းစားတတ် မှုတွေဟာ သာမန်တာဝန်ကျေရုံထက် ပိုမိုအရေးပါလာပါတယ်။ သူများ ပြောင်းတိုင်း ကိုယ်လည်း ပြောင်းလဲမှုထဲ ပါဝင်နိုင်ရမယ်ဆိုတဲ့ စိတ်စေတသိက် ကိန်းအောင်းထားဖို့ လိုအပ်ပါတယ်။ စီးပွားရေးဈေးကွက်အတွက် ပြည်ပမှ လုပ်ငန်းရှင်များ ဝင်လာတော့မယ်။ ရှိနှင့်ပြီးသားသူများကလည်း အရာရာအတွက် အဖက်ဖက်က လိုလေသေး မရှိ ဒီထက်ပိုမိုတိုးတက်အောင် လုပ်ဆောင်ထားရပေတော့မယ်။ ကနေ့သည် မနေ့ကနှင့် မတူတော့။ မနက်ဖြန် သည်လည်း ကနေ့နှင့် တူစရာမရှိ။ အတိတ်က သို့မဟုတ် လက်ရှိကြုံတွေ့နေရသည့် လူမှုဝန်းကျင်တွင် ကြိုတင်မမြင်နိုင်သည့် အတားအဆီးများကို ကျော်လွှားနိုင်ရမယ်။ သင်ရဲ့စိတ်ကို ပြန်စစ်ကြောပါ။ ပြောင်းလဲမှု နောက် ငါလိုက်သွားမလား၊ နေခဲ့မလားဆိုတာကိုလည်း သုံးသပ်ဖို့ လိုလာပါပြီ။ လက်လျှော့အရှုံးပေး ထွက်ပြေးသူသည် မည်သည့်အခါမျှ အောင်မြင်မည် မဟုတ်ပဲ။ အောင်မြင်သူသည်လည်း မည်သည့်အခါမျှ ထွက်မပြေးဘူးဆိုတာကို သင် မြဲမြဲမှတ်ထားလိုက်ပါ။ ပြဿနာတွေရဲ့နောက်မှ ကောင်းကောင်းကြီး ရုပ်ဖျက်ထားတဲ့ အခွင့်အရေးတွေရှိတာကို သိလည်း သိ ရှာလည်းရှာနေကြပါတယ်။ ဒီတော့ ငါ ဘာတွေ လိုအပ်နေသလဲ။ ဘာတွေပြင်ဆင်ရမလဲ။ ဘာတွေအားနည်းချက်ရှိသလဲ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ဆန်းစစ်ပြီး ပြုလုပ်ဆောင်ရွက်ထားမှသာ အနာဂတ်ရဲ့ လုပ်ငန်းခွင်အတွက် တစ်ထောင့်တစ်နေရာ ရောက်ရှိမှာ ဖြစ်ပါတယ်။ မိမိရဲ့လုပ်ငန်းခွင်မှာ မိမိသည် ဦးဆောင်နိုင်သူလား၊ စိန်ခေါ်မှု အသစ်များကို ဖန်တီးသူလား။ နောက်လိုက် သက်သက်လား။ ခွင်ရှာသူလား၊ သူများကို အတို့အထောင်လုပ်ပြီး နေရာလိုချင်သူလား ဆိုသည့်အချက်သည် အလွန်အရေးကြီးလှပါတယ်။
ပြင်ဆင် ဆိုလို ဘာတွေပြင်ဆင်ရမလဲ။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပိုင်းခြားမှုမရှိသေးရင် ကျွန်မ သိသလောက် အကြမ်းဖျင်း ပြောပြပါမယ်။ ပြင်ဆင်မှုထဲမှာ မမေ့သင့်တဲ့အချက်တွေကတော့
၁။ လုပ်ရည်ကိုင်ရည် အစွမ်းအစရှိခြင်း။
၂။ လောကဝတ်ကောင်းခြင်း။
၃။ ယုံကြည်စိတ်ချရခြင်း။
၄။ အများက ယုံကြည်လက်ခံမှုရှိခြင်း။
၅။ တာဝန်ယူ တာဝန်သိစိတ်ရှိခြင်း။
၆။ ဆက်သွယ်ဆောင်ရွက်တတ်ခြင်း ဆိုတာတွေပဲဖြစ်ပါတယ်။
ဒါတွေက ပြင်ဆင်သင့်တဲ့အထဲမှာ မပါမဖြစ်တဲ့ အချက်တွေလို့ ကျွန်မ မြင်မိပါတယ်။ ပြောင်းလဲမှုဟာ တစ်ဦးတစ်ယောက်ထဲ ပြောင်းလဲနေလို့ မရပါဘူး။ နေရာ၊ ဒေသ၊ ဝန်းကျင်၊ အဖွဲ့အစည်း စတဲ့ နေရာတိုင်း၊ လူတိုင်းက ပြောင်းလဲမှုကို ရင်ဆိုင်နိုင်ရပါမယ်။ အဖွဲ့အစည်းတွေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာကို တွေ့လာရပါပြီ။ ကျွန်မတို့ ငယ်ငယ်တုန်းက သင်ခဲ့တဲ့အရာလေးတစ်ခုကိုလည်း အမြဲမှတ်မိနေပါတယ်။ တစ်ချို့ နေရာတွေမှာတောင် ရုပ်တုအဖြစ် ပုံဖော်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒါဘာလဲဆိုတော့ ထင်းချောင်း တစ်ချောင်းတည်း ချိုးတော့ အလွယ်တကူ ချိုးနိုင်ပြီး ထင်းစည်းတစ်ခုလုံး ချိုးတော့ ချိုးလို့မရတဲ့ အရာပဲ ဖြစ်ပါတယ်။ တကယ့်ကို မှတ်သားစရာပါပဲ။ နိုင်ငံတစ်နိုင်ငံမှာ ခေါင်းဆောင်တစ်ဦးထဲ ကောင်းပြီး နိုင်ငံသူ နိုင်ငံသားတွေက စည်းလုံးညီညွတ်မှု မရှိရင် မဖြစ်သလို နိုင်ငံသူနိုင်ငံသားချည်း ခေါင်းဆောင်မပါပဲ ရပ်တည်လို့ မရပါဘူး။ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ကျီး ဘုတ် ရိုသေ – ဘုတ်ကလည်း ကျီး ရိုသေဆိုသလိုပါပဲ။ အပြန်အလှစာနာနားလည်မှုတွေနဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ပြုလုပ်သွားကြမယ်ဆိုရင်ဖြင့် ခေတ်မီတိုးတက် သော နိုင်ငံတော်သစ်ဆီသို့ ဆိုတဲ့ လမ်းတံတားတွေမှာ မြင်တွေ့နေရတဲ့ စာတန်းတွေဟာ ပိုမိုအသက်ဝင် လှုပ်ရှားလာမှာ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲဖို့ကတော့ ပါးစပ်ကပဲ ပြောပြီး ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်ရင်တော့ အရာ အားလုံးဟာ သဲထဲရေသွန်သလို ဖြစ်မှာ အမှန်ပါပဲ။ လောလောဆယ် မြင်တွေ့နေရတာတွေ အရင်ဆုံး ပြုပြင်ရမှာကတော့ စိတ်ပိုင်းဆိုင်ရာလို့ မြင်မိပါတယ်။ စိတ်ဓာတ်ချို့ယွင်း ပျက်ဆီးမှုတွေ၊ လူတစ်ဦးနှင့် တစ်ဦး ဖော်ရွေမှု မရှိတာတွေ၊ နောက်သည်းခံနိုင်မှု မရှိတာတွေ နေရာတိုင်းမှာ တွေ့ရှိနေရပါတယ်။ များသောအားဖြင့် အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များက ဝန်ထမ်းများကို အဖွဲ့ရဲ့ ရည်ရွယ်ချက်များကို သိစေပြီး ဝန်ထမ်းစိတ်ထား ရှိသင့်ကြောင်း လမ်းညွှန်ပေးသင့်ပါတယ်။ တစ်ဦးချင်း ဂုဏ်ယူတတ်မှုကို ပျိုးထောင်ရမယ်။ နောက်တစ်ဦးချင်း တစ်ယောက်ချင်းဆီမှာ စိတ်ရှည်သည်းခံခြင်းကို မွေးမြူစေသင့်ပါတယ်။ အဖွဲ့အစည်းနဲ့ လုပ်ဆောင်နိုင်ရမယ်။
ဒါကြောင့် ကျွန်မတို့ရဲ့ အိပ်မက်များ အကောင်အထည်ပေါ်လာမယ်၊ မပေါ်လာမယ်ဆိုတာကို ကြိုတင် တွေးတော စိတ်ပူကာ သံသယထားစရာမလိုပါဘူး။ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် ဘာတွေပဲ ပြောင်းလဲ ပြောင်းလဲ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ အသင့်ရှိနေရမှာ ဖြစ်ပါတယ်။ မဖြစ်နိုင်သည်များကို ဖြစ်အောင်လုပ်ပါ။ တစ်ဦး တစ်ယောက်ချင်းစီနှင့် တိုင်းနိုင်ငံတိုင်းရဲ့ ခံယူချက်များကို ပြောင်းလဲလိုက်ပါ။
သင် တစ်ချိန်က မက်ခဲ့သော အိပ်မက်များသည် ယခုဆိုရင် သင့်အိပ်မက်များကို ပေါ့ပေါ့တန်တန် သဘောထား၍ မရတော့ပါ။ သူတို့သည် အမှန်တကယ် အကောင်အထည်ပေါ်လာမည့်အရာများ ဖြစ်တော့ မည်။ Time and Tide, Wait for no man ဆိုတဲ့အတိုင်းပါပဲ။ အချိန်နဲ့ ဒီရေသည် လူကိုမစောင့်ဆိုသလို အရာအားလုံး ကြိုတင် ပြင်ဆင်ထားခြင်းဖြင့် လိုချင်သော ပန်းတိုင်ကို ဧကန်အမှန်ရောက်ရှိမည်ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုကြီးသည် သိသိသာသာ ပြောင်းလဲပြီး အတိအလင်းဖြစ်ဖို့ လုပ်ခနှင့်ညီမျှသော အခကြေး ငွေရဖို့၊ လူသားတိုင်း တန်းတူ အခွင့်အရေးရရှိဖို့၊ ထိုပြောင်းလဲမှုမှရသော လုပ်ခသည် စားလောက်ရုံ မဟုတ်ဘဲ အနာဂတ်အတွက်ပါ အာမခံချက်ရှိဖို့ဆိုသည့် အဓိပ္ပာယ်များဖြင့် ဘဝရဲ့ ရည်ရွယ်ချက်များကို ပြည့်စုံအောင် လုပ်မှသာ အလှဆုံးနှင့် အကောင်းဆုံး အချိန်အခါပင် ဖြစ်ပေတော့တယ်။

မနောဖြူလေး
၂.၉.၂၀၁၂

14 comments

  • Novy

    September 17, 2012 at 2:49 pm

    မနောရေ..
    အသေအခြာဖတ်ပြီးရင် တစ်ခေါက်ပြန်လာမယ်

  • Novy

    September 17, 2012 at 3:09 pm

    ” အရင်ဆုံး ပြုပြင်ရမှာကတော့ စိတ်ပိုင်းဆိုင်ရာလို့ မြင်မိပါတယ်။ စိတ်ဓာတ်ချို့ယွင်း ပျက်ဆီးမှုတွေ၊ လူတစ်ဦးနှင့် တစ်ဦး ဖော်ရွေမှု မရှိတာတွေ၊ နောက်သည်းခံနိုင်မှု မရှိတာတွေ ”
    ဒီလိုပြုပြင်ပြောင်းလဲမယ်ဆိုရင် လူသားအားလုံး (အပေါ်အောက်အလွှာစုံ)အကုန်လုံး စိတ်ထားလေး
    တွေ ပြောင်းလဲသင့်ပါတယ်၊
    အလုပ်ရှင်(အပေါ်ပိုင်းကလည်း)
    ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ အထပ်ဖါးအောက်ဖိတွေကို ရှောင်ပြီး
    အလုပ်သမား (အလယ်/အခြေခံကလည်း)
    ထမင်းကြွေးသောအလုပ်ကို တာဝန်သိသိ ကြိုးကြိုးစားစားနဲ့လုပ်ရပါလိမ့်မယ်
    ဒီလိုဆိုရင်တော့ မဝေးတော့တဲ့ အနာဂတ် အိပ်မတ်တွေအတွက် အကောင်းဆုံးအချိန်ကို
    ရောက်လာမယ်လို့ ထင်မိပါတယ်

  • Novy

    September 17, 2012 at 3:10 pm

    ” အရင်ဆုံး ပြုပြင်ရမှာကတော့ စိတ်ပိုင်းဆိုင်ရာလို့ မြင်မိပါတယ်။ စိတ်ဓာတ်ချို့ယွင်း ပျက်ဆီးမှုတွေ၊ လူတစ်ဦးနှင့် တစ်ဦး ဖော်ရွေမှု မရှိတာတွေ၊ နောက်သည်းခံနိုင်မှု မရှိတာတွေ ”
    ဒီလိုပြုပြင်ပြောင်းလဲမယ်ဆိုရင် လူသားအားလုံး (အပေါ်အောက်အလွှာစုံ)အကုန်လုံး စိတ်ထားလေး
    တွေ ပြောင်းလဲသင့်ပါတယ်၊
    အလုပ်ရှင်(အပေါ်ပိုင်းကလည်း)
    ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ အထပ်ဖါးအောက်ဖိတွေကို ရှောင်ပြီး
    အလုပ်သမား (အလယ်/အခြေခံကလည်း)
    ထမင်းကြွေးသောအလုပ်ကို တာဝန်သိသိ ကြိုးကြိုးစားစားနဲ့လုပ်ရပါလိမ့်မယ်
    ဒီလိုဆိုရင်တော့ မဝေးတော့တဲ့ အနာဂတ် အိပ်မတ်တွေအတွက် အကောင်းဆုံးအချိန်ကို
    ရောက်လာမယ်လို့ ထင်မိပါတယ်

  • kai

    September 17, 2012 at 3:12 pm

    ကျုပ်ကတော့.. မြန်မာတွေ.. တိုင်းပြည်ပြောင်းချင်ရင်.. ကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့.. ဘဝတခုလုံးလွှမ်းမိုးထားတဲ့.. ဘာသာရေးအမြင်တွေကို.. ပြန်ဆန်းစစ်.. ဝေဖန်ပြီး.. ပြုပြင်သင့်ကြတယ်ထင်မိတယ်..

    လူသားရဲ့.. ရှင်သန်နေတဲ့.. ဘဝကို လွှမ်းမိုးတာ.. ဘာသာရေးပါ..
    အဲဒါပြောင်းမှ.. ကိုယ်ပြောင်းမယ်..
    ကိုယ်ပြောင်းမှ.. ကိုယ်လိုလူတွေစုနေတဲ့.. မိသားစု.. ရပ်ကွက်.. မြို့ရွာ.. ပြည်နယ်.. တိုင်းပြည်ပြောင်းပါမယ်..

    ဆိုတော့..
    ဂျိန်း..
    ဆူဆိုက်ဘုမ်ဘာ၏… ကလေးများစာသင်နေသောကျောင်းတွင်.. ကိုယ့်ကိုယ်ကိုယ်.. သတ်သေ၍.. ဗုံးခွဲသံ…။ :mrgreen:

    • စိန်ဗိုက်ဗိုက်

      September 17, 2012 at 4:58 pm

      မသေခင် ဝါကျ အထားအသိုလေး မှတ်သွားပါဦးနော

      ကိုယ့်ကိုယ်ကိုယ် သတ်သေ၍ ဗုံးခွဲသံ ဆိုတာ မမှန်ပါဘူး
      ဝါကျလဲ မမှန် သတ်ပုံလဲ မမှန်ပါဘူး

      သတ်သေပြီးမှ ဗုံးခွဲလို ့မရပါဘူး.

      အဲတော့
      ကိုယ့်ကိုယ်ကို ဗုံးခွဲ၍ သတ်သေသံ လို ့ ရေးသင့်ပါတယ်နော်..

      လေးစားလျက်
      သတ်ပုံကဝိ ဝါကျအာစဒိ
      ယူနီဗာစတီအော့ဖ် အပေါ်စဖို ့ဒ်

      • ယူနီဗာစတီအော့ဖ် ……………………………..
        စိန်ဗိုက်ဗိုက် မင်းက ဗာစီတီရဲ့အပြင်မှာနေတာလား
        မင်းသူကြီးကို သေးသေးလေးမှားတာလေးကိုဘာလို့ထောက်ပြနေတာလား။

        ဟုတ်ပ အပြန်အလှန်လေးစားမူ့ ………………….
        နေရာတကာမှာအပေါ်ယံဟန်ဆောင်ထားတဲ့ လေးစားမူ့မျက်နှာဖုံးစွပ်ထားသူများကိုဘဲတွေ့နေရပါ၏။

        • စိန်ဗိုက်ဗိုက်

          September 17, 2012 at 5:11 pm

          အောက်စဖို ့ဒ် မှာ ရေကြီးလို ့ အပေါ်စဖို ့ဒ် ပြောင်းသွားတာပါ
          🙂

  • etone

    September 17, 2012 at 4:41 pm

    ပြောင်းလဲတယ်ဆိုတာ … အပြောလွယ်သလောက် အလုပ်ခက်ပါတယ် အစ်မ မနောရယ် ။
    ပါးစပ်က ပြောင်းလဲ ရုံနဲ့ မရပါဘူး .. တကယ်လည်း လည်းပြောင်းလဲတဲ့ ပြယုဂ်ဖြစ်ဦးမှပါ … ။
    ပြောင်းလဲတယ်ဆိုတဲ့ နေရာမှာလည်း …. ကောင်းသောပြောင်းလဲ ခြင်း ဖြစ်မဖြစ်ဆိုတာလေးလည်း …. သတိထားရပါဦးမယ် … မဟုတ်လျှင် ထိုင်နေတာ အကောင်းသား .. ထမှ ကျိုးမှန်း သိဆိုသလိုလေးတွေလည်း ဖြစ်တတ်တာကြောင့်ပါ ။
    ပြောင်းလဲ တယ်ဆိုရုံနဲ့ ပြီးရောလားဆိုတော့လည်း ……. မဟုတ်သေးဘူးပဲ …..
    ပြောင်းလဲခြင်းရဲ့ နောက်ဆက်တွဲ .. ရို်က်ခတ်မှု ဒဏ်ကို ခံနိုင်ရယ်ရှိရပါဦးမယ်….
    ဒီလိုမှ မဟုတ်လျှင် … ပြောင်းလဲ ခြင်းက .. အာပလာ ပြောင်းလဲခြင်း တစ်ခုလိုပဲ အဓိပ္ပါယ်မရှိဖြစ်နေပါလိမ့်မယ် …… ဟီး :mrgreen:

    • garuda

      September 17, 2012 at 7:25 pm

      ဟုတ်ပဗျာ။ တော်တော် တော့ စဉ်းစားရ ကြပ်တယ်နော။

  • တေးကလုံ
    အကုန်ကောင်းပြီး နောက်ဆုံးကျမှ ဟီး :mrgreen:တဲ့
    ဒီလိုမနောက်နဲ့…………………………………………………..

    • manawphyulay

      September 17, 2012 at 5:27 pm

      ဟုတ်ပ လေးလေးရယ် သေသေချာချာ ဖတ်နေတုန်းရှိသေးတယ် ပုံတောင် ပါလိုက်သေးတယ်… 🙂

    • etone

      September 18, 2012 at 12:50 pm

      လေးလေးရယ် သမီးဒီရက်ပိုင်း အချိုးနည်းနည်းပြင်နေလို့ပါ .. အဟီး :mrgreen: အားလျှင် ဒေါသထွက်တဲ့စိတ်တွေကို ပြောင်ချော်ချော်စိတ်ဘက်ရောက်အောင် သွပ်သွင်းနေချိန်မို့ … သစ်ရွက်လှုပ်တိုင်း ရယ်မိပါတယ် ခွိခွိ 😳

      တခါတလေ ရုပ်တည်နဲ့ အတည်ပေါက်နောက်လိုက်တာတွေ တဖက်သားအပေါ် ခံရခက်စေတဲ့ ဖီလင်မျိုးသက်ရောက်သွားမှာလည်း ကြောက်တယ် …. ဒါကြောင့်ပါ … အစ်မ မနောဆိုလျှင် .. ခဏခဏ … အနောက်ခံရလည်း .. သူကတော့ မဖြုံတော့ပါဘူး … ဟီးဟီး ။ 😉

      • manawphyulay

        September 18, 2012 at 3:28 pm

        ဟဟ… နောက်တိုင်းသာ စိတ်ဆိုးပြီး လိုက်ခံစားနေရရင်တော့ မနောလည်း မလွယ်ဘူးသိလား ညီမလေး ဒါကြောင့် မဖြုံတော့တာဖြစ်မယ်။ 😛

  • ကိုခင်ခ

    September 18, 2012 at 10:27 am

    ကောင်းသောပြောင်းလဲခြင်းကို မျှော်လင့်တတ်ကြတာ သဘာဝလို့ဆိုရမလားဘဲ၊ ခင်ခကတော့ ကိုယ်စိတ်ထဲမှာရှိတဲ့ မကောင်းတဲ့စိတ်တွေကို အရင်ပြောင်းနေရတယ်ဗျာ။

Leave a Reply