ခေါင်းစဉ်လေးတော့ ရွေးပေးပါလားဗျာ။

ခင္ခSeptember 17, 20121min19635

ခေါင်းစဉ်လေးတော့ ရွေးပေးပါလားဗျာ။

မန္တလေးက ညပိုင်းထွက်တဲ့ အဝေးပြေးကားနဲ့ ရန်ကုန်ကို စီးနင်းလိုက်ပါခဲ့ပြီး ဒီမနက် ၅နာရီကျော်လောက် မှာတော့ ရန်ကုန်အောင်မင်္ဂလာကားဝင်းကိုရောက်ပြီး တစ်နေ့တာတည်းမယ့် အကိုအိမ်ကို အဌားကားလေးနဲ့ သွာရောက်ခဲ့ကာ ရေချိုးအဝတ်အစားလဲပြီး အကိုအိမ်ကရှိတဲ့ စားစာရာနဲ့ကော်ဖီလေးသောက်လို့ အကိုဆီက ကားတစ်စီးအကူအညီတောင်းကာ ထွက်ခဲ့ပါတယ်။

မနက် ၈ နာရီကျော်ပြီးကာစ စောနေလို့လားမသိ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခန်းမ(တစ်) ရှေ့နားကားလေး ပါကင်ထိုးရပ်ပြီးဆင်းလို့ ပတ်ဝန်းကျင်အခြေအနေကိုလေ့လာလိုက်တော့ ခန်းမရဲ့ အတွင်:ထိပ်နားမှာတော့ လူ  ၆ ယောက် လောက်အလုပ်ရှုပ်နေကြတာလှမ်းတွေ့လိုက်တာနဲ့ အဲဒီလူအုပ်စုဆီဦးတည်ပြီး ခြေလှမ်းလေးလှမ်း လို့လျှောက်သွားတယ်ဆိုရင်ဘဲ ခုနအလုပ်ရှုပ်နေတဲ့ထဲက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးက ဘယ်သူများ ဝင်လာတာလဲဆိုတဲ့ သဘောနဲ့လှမ်းလို့ကြည့်တာကိုတွေ့လိုက်ရပြီး ကျွန်တော်ကတော့ သူတို့နဲ့နီးသထက်နီး အောင်ဆက်လျှောက်သွားလို့ ခဏအကြာမှာတော့ ခုနကြည့်နေတဲ့အထဲက အမျိုးသမီး ၁ ဦးက ကျွန်တော်ဆီ ကိုဦးတည်လို့ မပြေးရုံတမယ် ခပ်သွက်သွက်ခြေလှမ်းနဲ့ လျှောက်လာပြီး ကျွန်တော်နဲ့ ခန်းမ အလယ်ကျော် လောက်မှာမျက်နှာခင်းဆိုင်ဆုံလိုက်ပြီးလည်းဆိုရော သူမ၏လက်တစ်ဖက်က ကျွန်တော်ပုခုန်းတဖက်ကို လှမ်းကိုင်ပြီးတာနဲ့

“ ကိုခင်ခရေ ရှင်သူငယ်ချင်းက ကျမတို့ ရှင်တို့ကို ထားသွားခဲ့ပြီ´´ ဆိုပြီး ရှိုက်ကြီးတငင်ငင်ငိုပါလေရော။

“ကိုဇေယျရေ ကိုခင်ခရောက်လာပြီလေ၊ မဆုံးခင်တစ်ပတ်လောက်ကဘဲ ရှင်ကို သတိတရမေးနေသေးတာ အရင်တစ်ခေါက်ရန်ကုန်ရောက်တုန်းက သူငယ်ချင်းတွေနဲ့ လှည်းတန်းမွန်သစ်မှာ ဆုံတုန်းက သူမအားလိုက် လို့မတွေ့ရတာ ဒီတစ်ခေါက်လာရင် မအားလည်းအလုပ်ထားပြီးတွေ့မယ်လို့ အခုတော့–´´ ဆိုပြီး အသံက တိတ်သွားပြီး ငိုသံသာလွှမ်းလာလို့  သူရဲ့လက်မောင်းကိုတွဲပြီး အနီးနားက ခင်ကျင်းထားတဲ့ခုံလေးမှာ ထိုင်ခိုင်း လိုက်ရတော့၊ ဆုံးသွားတဲ့ကိုဇေယျာရော သူရောနဲ့ ကျွန်တော်က  တက္ကသိုလ်တုန်းက တတွဲတွဲ ခင်ကြတဲ့ သူငယ်ချင်းအုပ်စု တစ်ခုတည်းကမို့ ပြောမနာ ဆိုမနာ ရင်းနှီးခဲ့ကြသူတွေလေ။ ဒါနဲ့ ရေသန့်ဘူးလေး သွားယူပြီး အဖုံးဖွင့်လို့ ပေးကာ

“ရော့ သက်ဝေ နည်းနည်းဖြစ်သောက်လိုက်အုံး´´ဆိုပြီးပေးလိုက်လို့ရေလေး တစ်ငုံနှစ်ငုံလောက် သောက်ပြီး

“ဘယ်လိုကနေ ဘယ်လိုဖြစ်တာလဲ၊ ကြားလိုက်ရတော့ ထင်တောင်မထင်ထားဘူး မျိုးနိုင်လှမ်းပြောတော့´´

“ရှင့်သူငယ်ချင်းက မုန့်ဟင်ခါး၊ အုန်နို့ခေါက်ဆွဲ စားရမယ်ဆို အမုန်းဆွဲမယ် အမုန်းဆွဲမယ်နဲ့ ကျောင်းထဲက အကျင့်ကို ခုထိမဖျောက်နိုင်ဘူးလေ အသက်ကရလာပြီး သွေတိုးကလည်းရှိတာကို မဆင်ချင်ဘူးလေးအလုပ်ပိတ်ရက် အဲဒီနေ့မနက် ဈေးသွားရင်း မုန်ဟင်းခါးဆိုင်မှာ မနက်စာစားတော့ ကျမကမုန်ဟင်းခါးစားပေမယ့် သူက အုန်းနို့ခေါက်ဆွဲစားချင်လို့တဲ့ဆိုပြီး မှာစားတာ တစ်ပွဲစားပြီးကောင်းလွန်းလို့ နောက်တစ်ပွဲမှာစားမယ် လုပ်တော့ ကျမက မစားပါနဲ့လား တစ်ပွဲဆိုတော်ရောပေါ့ ဗိုက်မဝသေးလည်း မုန့်ဟင်းခါး တစ်ပွဲစားပါလား တော်ကြာ သွေးတိုးနေအုံးမယ် အရင်ရက်တွေက အလုပ်ကအတန်းရှင်းတွေများနေခဲ့တာဆိုပြီး ပြောပေမယ့် မရဘူးလေး ဒီတစ်ခါထဲပါ အမုန်းဆွဲပြီးရင် နောက်မစားတော့ဘူးတဲ့ ( ငို နေသေး လို့ စကားစပြတ်သွားပြီးမှ ) အခုတော့ သူပြောသလို နောက်လည်းစား စရာမလိုတော့ဘူး ခင်ခရယ်၊ အဲလိုနဲ့ နေ့လည်ခင်းကျတော့ ခေါင်းမကြည်ဘူးဆိုတော့ အိမ်မှာရှိတဲ့ သွေးပေါင်တိုင်းတဲ့စက်နဲ့ ချိန်ကြည့်တာ ၁၈၀/၁၁ဝ လောက်ရှိနေ တယ်လေ ( ငိုလျှက် ) ဒါနဲ့ဘဲ သွေးကျဆေးသောက်ပြီးအိပ်မယ် ဆိုပြီး သားကြီးကောင်ကို ဆေးနဲ့ရေယူခိုင်းပြီး သောက်တယ်တဲ့ နောက်မှ သားဆီကသိရတာ ဖေဖေက ဆေးကို ၂ လုံး ယူသောက်တာတဲ့လေ၊ ညနေစောင်း ရေချိုးနောက်ကျမှာဆိုးလို့ သွားနိုးတော့ ရှင်သူငယ်ချင်း မရှိတော့ဘူး ခင်ခရဲ့ ဆုံးပြီးဆရာဝန်ပြောတာတော့ သွေးအတက်အကျဖြစ်သွားတာ ဒါမှမဟုတ် ဆေးသောက်ပေမယ့် ဆေးပတ်မလည်မှီ သွေးဆောင့်တက်တာ ဖြစ်နိုင်ခြေရှိတယ်ဆိုတာဘဲ ဆုံးမယ်ဆိုလည်း နောက်ဆုံး စကားလေးတွေ ပြောပြီးသွားရင် ဖြေသာပေမယ့်အခု တော့ နုတ်မဆက်ရလို့ ငိုချင်တယ် ဟာ —ဟင်း—-ဟင်း —-ဟင်း————။´´

ကျွန်တော်လည်း ရင်ထဲစို့သလိုလို ဝမ်းနည်းသလိုလို မျက်ရည်လေး ဝဲလာသလိုလိုနဲ့ ဖြစ်ပြီး

“စိတ်မကောင်းပါဘူးသက်ဝေရေ၊ သူကံက ဒီလောက်ထိဘဲ နေရမဲ့ ကံပါလို့ပါ´´ ဆိုပြီးနှစ်သိမ့်နေတုံး အအေးတိုက်ခန်းထဲက ထုပ်လာတဲ့ အလောင်းတွန်းလှည်း တွန်းလာတာတွေ့တာနဲ့

“သက်ဝေ ဒီမှာဘဲ ခဏနားနေအုံး၊ ငါဝိုင်းလုပ်ပေးလိုက်အုံးမယ်´´ ဆိုပြီး အလောင်းပြင်ဆင်မှု့ကို ဝိုင်းကူလုပ် ပေးရတာပေါ့၊ ခဏနေတော့ ကားလေးတစ်စီးထပ်ရောက်လာပြီး ကျောင်းတုံးကသူငယ်ချင်း တစ်သိုက်ထပ် ရောက်လာကြလို့ အဲဒီထဲမှာပါလာတဲ့ မိန်းခလေးသူငယ်ချင်းတစ်ချို့က သူငယ်ချင်း သက်ဝေနားမှာပေါ့ ကျန်သူငယ်ချင်းတွေက လိုတာကို တာဝန်ခွဲလို့ အသုဘအခမ်းအနားလေး ဝိုင်းကူလုပ်ပေးကြပေါ့ဗျာ။

အဲဒါက ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်တက်ခဲ့စဉ်က ကျောင်းထဲနဲ့ရွှေအင်းယားတဝိုက် ရွာရိုးကိုးပေါက် ရှောက်သလို လပ်လျားလပ်လျားအတူတွဲသွား ရင်းနှီးခဲ့ကြတဲ့ မေဂျာပေါင်းစုံသူငယ်ချင်းတစ်သိုက်ထဲက အစောဆုံး လောကကြီးနဲ့ သူငယ်ချင်းတွေကို စွန့်ခွာသွားခဲ့တဲ့ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ဦးဇေယျာရဲ့ အသုဘ အခမ်းအနားကို မန်းကနေညကားစီးပြီးမနက်ရောက်လို့ ရေဝေးသုဿန်မှာ သွားရောက်ပို့ဆောင်ခဲတဲ့ အဖြစ် လေးတစ်ခုပေါ့ဗျာ။ ဒီလိုနဲ့ မနက် ၁၁ နာရီမှာတော့ မီးသင်္ဂြု ိလ်မယ့်အချိန်ရောက်ပြီးမို့ ခန်းမအလောင်းပြင် ထားတဲ့ဆီကနေ သူငယ်ချင်းရုပ်အလောင်းကိုသယ်လာပြီး မီးသင်္ဂြု ိလ်စက်ခန်းထဲ မပို့မှီမိသားစု ညီအကို မောင်နှမတွေကန့်တော့ကြပြီးတဲ့အခါ ကျန်ရစ်သူ သူငယ်ချင်းက သူသားလေးကိုဖက်ရင်း

“ သားရေ အမေတို့နှစ်ယောက်ထဲထားခဲ့ပြီး မင်းအဖေတော့ သွားပြီးသားရဲ့´´ လို့ ဆို့နစ်စွာပြောရင်း ငိုလိုက်သံက ဘေးမှာရှိနေကြသော ကျောင်းနေဖက်သူငယ်ချင်းအားလုံးအတွက် စိတ်မကောင်းဖြစ်ခဲ့ကြရလို ဘာလိုလိုနဲ့ ငါတို့တွေအရွယ်လည်း နီးပါပေါ့လို့လားလို့ သံဝေဂရစရာဖြစ်ခဲ့ရသပေါ့ကွယ်။

ဒါနဲ့ဘဲ ဈာပနကျင်းပခဲ့ရာရေဝေးမှ သူငယ်ချင်းနာရေးအိမ်သို့ ဆက်လိုက်ခဲ့ပြီး ဟိုရောက်တော့ သူငယ်ချင်း စုံလှသမို့ စကားလက်ဆုံကျ ကျန်ရစ်သူ သူငယ်ချင်းလည်း သူငယ်ချင်းတစ်သိုက်နဲ့ ဟိုပြောဒီပြောနဲ့မို့ စိတ်လေးသက်သာရာရ တယ်ထင်ပါရဲ့လေ။ ဒါနဲ့ဘဲ သူငယ်ချင်းတွေ အုပ်စုနှစ်ဖွဲ့လောက်ခွဲပြီး အနီးနားက စားစရာဆိုင်လေးမှာ သွားရောက်စားလို့ ပြီးတော့ စကားတွေပြောကြ ကာယကံရှင်ကို အားပေးကြလုပ်နေရင်း နေ့လည် ၁ နာရီကျော်လောက်ကျတော့ ကျွန်တော်က “ကဲ သူငယ်ချင်းရေ ငါကိစ္စလေးရှိလို့ ပြန်လိုက်အုံး မယ်၊ မန်းကို ဒီညကားနဲ့ ပြန်ဖြစ်မှာဆိုတော့ တစ်ခါတည်းနုတ်ဆက်တယ်ကွာ´´ လို့လည်းဆိုရော “ ခင်ခ နင်က အလောင်းမြေချဖို့ဘဲလာပြီး ပြန်တာလား နည်းနည်းပါပါး တစ်ရက် နှစ်ရက် နေပါအုံးလား၊ အင်းလေ နင်တို့တွေ တစ်ယောက်ပြီးတစ်ယောက် ငါ့ကိုနုတ်ဆက်ပြီး ငါ့တစ်ယောက်ထဲထားခဲ့ပြီး ပြန်ကြမှာ ဘဲလေ အဲဒီတော့ နင်တို့အားလုံးပြန်ရင် နုတ်မဆက်နဲ့ ငိုချင်တယ် ဟာ´´တဲ့။ သူငယ်ချင်းရဲ့ နောက်ဆုံးခရီးမှီအောင် အဓိကထားလာရတဲ့အကြောင်း၊ မန်းမှာအလုပ်တွေကရှိသေးလို့ အချိန်မရတာမို့ ပြန်ရမှာကိုနားလည်ပေးဖို့ အကြောင်း နောက်တော့ ရန်ကုန်ကိုအေးဆေးလာရင်း ဝင်ခဲ့မယ်ဆိုတဲ့အကြောင်း စသည်ဖြင့်ရှင်းပြချွေး သိပ်လို့ ခေတ္တတည်းတဲ့ အကိုအိမ်ကိုပြန်ခဲ့ရပါ တော့တယ်လေ။

အဲဒီကိုယ်တွေ့အဖြစ်ကလေးမှာ ကျွန်တော်တို့ငယ်ငယ်တုန်းက အလှုတွေ၊ ပွဲတွေနဲ့ သူငယ်ချင်းအိမ်တွေမှာ တစ်ခုခု ကျွေးမွေးဧည့်ခံတယ်ဆိုရင် အလွန်အကျူးအာရပါးရ ဗိုက်ပြည့်အောင်စားမယ်ကို ဘန်းစကားအနေနဲ့ အမုန်းဆွဲမယ် အမုန်းဆွဲမယ် ဆိုပြီးပြောခဲ့ကြတာကို အခုဆုံးသွားသူငယ်ချင်းက နောက်ဆုံးစားရင်းနောက်ပြော ခဲ့သလို၊ ခင်ပွန်းသည်တစ်ယောက် ကျန်းမာရေးမကောင်းလို့ ပြုစုယုယနေပြီး စကားလေးတွေပြောဆိုနေရင်း ဆုံးပါးရမယ်ဆိုရင်တောင် နုတ်ဆက်စကားလိုမျိုးပြောခွင့်မရဘဲ ဆုံးပါးသွားရှာလို့ နုတ်မဆက်ရလို့ငိုချင်တယ် ဆိုပြီ ယူကြုံးမရဖြစ်ခဲ့ရတဲ့ ကျန်ရစ်သူ သူငယ်ချင်းရဲ့ လွမ်းဆွေးငြီးတွားခဲ့တဲ့ စကားရပ်၊ အလုပ်တွေကိုယ်စီရှိနေ ကြတဲ့အရွယ်တွေဖြစ်လို့ ကိုယ်စီကိုယ်စီ ငယ်ငယ်တုန်းကလို အချိန်မပေးနိုင်ကြလို့ အချိန်တန်နုတ်ဆက်ပြီး ကာယကံရှင်သူငယ်ချင်းကို ပြောကြပြန်ကြမယ်ဆိုတာသိပေမယ့် လောလောဆယ်အပူစိတ်နဲ့မို့ မခံစားနိုင်ဘဲ သူငယ်ချင်းတွေမို့ပြောလိုက်တဲ့ နုတ်မဆက်နဲ့ ငိုချင်တယ် အဲဒီလို ဒီပိုစ့်ရဲ့ ခေါင်းစဉ်ဘာပေးရင်းကောင်းမလဲ စဉ်စားနေတာ အဖြေကလည်းသေချာမရတာမို့ ရွာသူားတို့ရေ ခေါင်းစဉ်လေးတော့ ရွေးပေးကြပါလားဗျာ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

35 comments

  • ကထူးဆန်း

    September 17, 2012 at 12:32 pm

    အကောင်းဘက် က တွေးပေးရင် တစ်နေ့ အားလုံးသွားရမှာ .. သွားရမဲ့ အချိန်မှာကျန် ခဲ့သူတွေကို ဒုက္ခမပေးဘဲ မြန်မြန်ဆန်ဆန် သွားတာ က လည်း ကျေးဇူးတင် ကုသိုလ် ကောင်းတယ် ပြောရမလားဘဲ ။

  • Shwe Tike Soe

    September 17, 2012 at 12:35 pm

    အမုန်းဆွဲပြီး နှုတ်မဆက်တဲ့သူကြောင့် ငိုချင်တယ် ပေါ့ ကိုခင်ခရယ်….

    ရန်ကုန်လာတာ လာမတွေ.နိုင်လို. တောင်ပန်ပါတယ် ခင်ဗျာ.. အလုပ်ကိစ္စလေးက အရေးတကြီးရှိနေလို.ပါ နော ်ကိုခင်ခ

  • ကိုခင်ခ

    September 17, 2012 at 12:42 pm

    First comment အတွက် ကထူးဆန်းရေ ကျေးဇူးပါ၊ ကထူးဆန်းတွေးတာလည်းဟုတ်တာပါဘဲလေ။
    ကိုရွှေတိုက်စိုးရေ ကျွန်တော်ကလည်း အချိန်ပေးပြီး မတွေ့နိုင်တာကိုလည်း အားနာမိပါတယ်။

  • ကိုပေါက်(မန္တလေး)

    September 17, 2012 at 12:49 pm

    ကျနော်ကတော့ ကျနော့်ထုံးစံအတိုင်းပေးမယ်ဆိုရင်

    “စား၍ကောင်း၏ မကောင်း၏” လို့ပေးမယ်ဗျာ

    • ကိုခင်ခ

      September 17, 2012 at 2:02 pm

      ကိုပေါက်ရေ အသက်အရွယ်ရလာရင် စားသင့်မစားသင့်တော့ ချိန်သင့်ပြီပေါ့။

  • ကြောင်ဝတုတ်

    September 17, 2012 at 12:57 pm

    အစ်ကိုရေ…
    တစ်နေ့နေ့တစ်ချိန်ချိန်မှာသွားရမယ်ဆိုပေမယ့်… အချိန်မတန်ခင်မသွားရအောင် ဆင်ခြင်သင့်တာဆင်ခြင်ရပေမပေါ့…
    ဒါပေမယ့် ကိုယ်တိုင်ကလဲ မတည့်တာဆိုကြိုက်တတ်တဲ့အမျိုးမို့ ကိုယ်တိုင်ဆင်ခြင်နိုင်အောင်အရင်ကြိုးစားရပါဦးမယ်…
    ရန်ကုန်ရောက်တုန်း ခင်ခင်မင်မင်လာတွေ့သွားတဲ့အစ်ကို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်းနော်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • manawphyulay

    September 17, 2012 at 1:18 pm

    ဘာဖြစ်ဖြစ် ဆက်စားမယ်ပေါ့ ဒါမှမဟုတ်လည်း နှုတ်ဆက်ခဲ့ပါတယ် နင်ထွက်သွားတော့ မကျေနပ်တာကတော့ ရန်ကုန်လာတုန်း မတွေ့လိုက်ရတာကိုပါပဲ။ 🙁

    • ကိုခင်ခ

      September 17, 2012 at 2:09 pm

      ကိုကြောင်ဝတုတ်ရေ မှန်ပါတယ် အချိန်မတန်မှီမဖြစ်ဖို့ အသက်ကိုဉာဏ်စောင့်ဆိုတာလည်း ဆိုရိုးရှိတယ်လေ။

      မနောရေ sorry ပါ၊ ကျွန်တော်ကလည်း မနက်ရောက် ညပြန်အချိန်မရတာရယ် ခဏလောက်ဘဲတွေ့ဖို့ အချိန်ရတာကြောင့် လက်လှမ်းမှီတဲ့သူလောက်ဘဲ ချိန်းပြီးတွေ့ဖြစ်သွားတာပါ၊ ရွာဆုပေးပွဲတက်ဖြစ်ရင်တော့ အများအပြားတွေ့ဖြစ်မှာပါ။

  • etone

    September 17, 2012 at 1:23 pm

    အန်ကယ်ရေ …

    အသက်ဉာဏ်စောင့်လို့ပဲ ပြောရမလား ၊ ဖြစ်ချိန်တန်လို့ဖြစ်ရတယ်လို့ပဲ ပြောရမလား … ဘေးလူတွေအတွက်တော့ အမည်တပ်ဖို့ လွယ်သလောက် ၊ ကောက်ခါ ငင်ခါကြီး ကျန်ရဲ့ခဲ့ရတဲ့ မိသားစုကတော့ အတော်လေး စိတ်မကောင်းဖြစ်နေမှာပါပဲ ။ ကွဲကွာခြင်းဆိုတာ လူတိုင်း ကြုံရမယ်ဆိုတာ သိလျှက်နဲ့ ၊ လျှပ်တပြတ်ခွဲခွာသွားလို့ ခံရတဲ့စိတ်က အတော်လေးနေရခက်နေမှာပါ ။ အထူးသဖြင့် အိမ်ထောင်ဦးစီးလိုမျိုး ၊ မိသားစုတစ်စုလုံးကို တာဝန်ယူပေးနေသူတစ်ယောက်ခွဲခွာသွားတဲ့ အခါ ၊ ကျန်ခဲ့သူတွေမှာ ယူကြုံးမရ ဝမ်းနည်းတဲ့ စိတ်ခံစားမှုအပြင် ၊ အားကိုးရာမဲ့တဲ့ …. သိမ်ငယ်စိတ်မျိုး ၊ အားငယ်စိတ်မျိုးပါ ပူးတွဲ ခံစားကြရတယ် ။ ဒါပေမယ့်လည်း ဘယ်သူမှ မလွန်ဆန်နိုင်တဲ့သေခြင်းတရားမို့ ၊ အချိန်တန်တော့လည်း သွားရတာပါပဲ ။ မိသားစု အတွက်တော့… မျက်လှည့်ပြကွက်တစ်ခုလို ၊ မြင်လိုက်ရပေမယ့် လက်မခံနိုင်လည်း ဖြစ်ပျက်သွားတဲ့ ကိစ္စမျိုးပေါ့ …. ။

    သမီးအရင်ကလည်းကော့မန့် အနေနဲ့ ရေးခဲ့ဖူးပါတယ် …. ။ လူတိုင်း လူတိုင်း မိသားစုဝင်တယောက် ၊ သူငယ်ချင်း အပေါင်းသင်း ၊ ချင်ခင်တဲ့သူတစ်ယောက် ဆုံးရှုံးတော့မယ်ဆိုတဲ့ အသိဖြစ်လာတဲ့ အချိန် ၊ ဘာကိုမှ ခေါင်းထဲ မတွေးတော့ပဲ ၊ အသက်ရှင်ရေးကိုသာ ဘာနဲ့ပဲ လဲရ လဲရ … ဆိုတဲ့ စိတ်မျိုးဖြစ်တတ်ကြပါတယ် ။ သမီးဖိုးဖိုးသေတုန်းကတောင် … သေပြီဆိုတဲ့ အသိကို လက်မခံခဲ့ဘူး … အသက်မဲ့နေတဲ့သူ့ ခန္ဓာကိုယ်ကိုဖက်တွယ်ရင်း ၊ သူ့နှလုံး ခုန်နေသေးတယ်ဆိုပြီး အလောင်းယူဖို့ လာတဲ့ လူတွေကိုအနားကပ်လို့ မရအောင် ရန်လုပ် ရမ်းကား ခဲ့ဖူးပါတယ် ။အလောင်းယူတဲ့ လူတွေကလည်း ၊ အချိန်တနာရီလောက်ကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးပြီး ဖိုးဖိုးတကိုယ်လုံးအေးခဲ တောင့်လာမှ ၊ သမီးဘက်က တကယ်သေတယ်လို့ လက်ခံလာတဲ့အချိန်ကျမှ အလောင်းယူသွားခဲ့ကြတယ် ။ အဲ့ဒီအချိန်က ဖြစ်လာတဲ့ ဖီလင်က ဘာနဲ့မှ အစားထိုးလို့မရအောင် တန်ဖိုးရှိတဲ့အ ရာတစ်ခု ဆုံးရှုံးသွားသလိုမျိုးပဲ … ဖြစ်နိုင်လျှင် ကိုယ်တိုင်တောင် သူနဲ့အတူ အသက်မဲ့သွားချင်တဲ့ စိတ်မျိုးလေ … ။ အခုဒီကျန်ခဲ့တဲ့မိသားစုလည်း …. အချိန်အတိုင်းတာ တစ်ခုထိရောက်လျှင်တော့ နေသားကျသွားနိုင်မှာပါ ။ 🙄

    • ကိုခင်ခ

      September 17, 2012 at 2:22 pm

      မအိတုံရေ ကွဲကွာခြင်းဆိုတာ လူတိုင်း ကြုံရမယ်ဆိုတာ သိလျှက်နဲ့ ၊ လျှပ်တပြတ်ခွဲခွာသွားလို့ ခံရတဲ့စိတ်က အတော်လေးနေရခက်နေမှာပါ ။ မှန်ပါတယ်လေ ကျွန်တော်အဖေတုန်းက အဖေအသဲ အသန်ဖြစ်လို့ အဲမန်းကသူငယ်ချင်းကို ညနေရန်ကုန်လေယာဉ်နဲ့ လုပ်ပေးဖို့အကူအညီတောင်းပြီး အဆင်ပြေတယ်မို့ လှမ်းပြောတာနဲ့ ရုံးကနေ လေဆိပ်ကိုသွားရင်း လေဆိပ်အဝင်မှာဘဲ ဖုန်းထပ်ဝင်လာတယ် အဖေဆုံးပြီလို့လေ၊ ရုံးနဲ့လေဆိပ်ကြာချိန် ၄၅ မိနစ်အတွင်း ဖုန်း နှစ်ခုရဲ့ သတင်းနှစ်ခု ကွာခြားမှု့ကို တကယ်မခံစားနိုင်ခဲ့ဘူးဗျာ။
      ရန်ကုန်ရောက်စဉ်တွေ့ဆုံမှု့နဲ့ ကူညီမှု့များအတွက် ကျေးဇူးပါ။

  • Novy

    September 17, 2012 at 1:30 pm

    “အကျိုးကြောင့် အကြောင်းဖြစ်တည်” လို့
    တရားသဘောဆန်ဆန်လေး မြင်မိပါတယ်

  • kyeemite

    September 17, 2012 at 1:36 pm

    ကြောင်ဝတုတ် says:
    တစ်နေ့နေ့တစ်ချိန်ချိန်မှာသွားရမယ်ဆိုပေမယ့်… အချိန်မတန်ခင်မသွားရအောင် ဆင်ခြင်သင့်တာဆင်ခြင်ရပေမပေါ့…

    ဖက်တီးကက်ပြောသလိုပဲ..မသိဘူးလားဆိုတော့ သိပါရဲ့
    ဆင်ခြင်နိုင်ဖို့သာခက်နေကြတာ…ကိုခင်ခပို့စ်ကိုဖတ်ပီး ကျုပ်ကိုကျုပ်လည်း ပြန်သုံးသပ်
    မိပါတယ်…ကျေးဇူးပါ။
    ခင်တဲ့..
    ကြီးမိုက်။

  • မောင်ပေ

    September 17, 2012 at 2:00 pm

    ကျွန်တော် မောင်ပေ ကွမ်းစား ဆေးလိပ်သောက် အရက် ဘီယာချ မိန်းမဆိုလဲ အင်း မိန်းမပဲပေါ့
    ကျွန်တော် မလုပ်တာဆိုလို့ ဘိန်း ဆေးခြောက် ရာဘ ဖန် ဟီးရိုးအင်း… အဲဒါတွေက ပိုကောင်းတယ်ဆိုလားပဲ
    ထား
    အရက် ဆေးလိပ် ကွမ်း ချတော့ ဘာကောင်းလဲ
    မြန်မြန်သေဖို့ ထောက်ပံ့ပေးပါတယ်
    ဒါကို သိရဲ့နက် ဘာလို့ချလဲ ဆိုရင်
    ဟို သီချင်းတစ်ပုဒ်ရဲ့နာမည်လိုပါပဲ
    စွဲလန်းမှုပြဿနာ
    ကိုခင်ခရေ စဉ်းစားပြီး မန့်လိုက်ပါတယ်

  • kai

    September 17, 2012 at 2:23 pm

    မြန်မာပြည်မှာ. အုန်းနို့ခေါက်ဆွဲကသတ်လို့.. သေတဲ့သူတွေ.. ဘယ်လောက်များမလည်း…တွေးနေမိတယ်..
    မပြောမရှိနဲ့..
    ဆာဗေး.. သုသေတနလုပ်သင့်တယ်..။

    ဖြစ်နိုင်ရင်.. အုန်းနို့..အနံ့ပဲရပြီး.. အထဲကအန္တရာယ်ဖြစ်စေတဲ့.. ဓါတ်တွေမပါတဲ့.. အုန်းနို့မျိုးတီထွင်သင့်တာပေါ့..
    ပြီးတော့မှ.. နို့စိမ်းနဲ့ရောချက်…
    အဟာရလည်းဖြစ်… အရသာလည်းမပျက်…

    • ကိုခင်ခ

      September 17, 2012 at 2:56 pm

      သူကြီးရေ ရန်ကုန်မှာ နို့စိမ်းခေါက်ဆွဲကို အုန်းနို့အစား ရောင်းနေတာတော့ တစ်ခါစားဖူးတယ်။ တစ်ချို့ က အရသာ အုန်းနို့လောက်မလေးဘူး ဆိုပြီးမကြိုက်ကြတာလည်းရှိတယ်ဗျ။

      • kai

        September 17, 2012 at 3:06 pm

        အောက်ကလင့်ခ်မှာ.. အုန်းနို့က… လူကျမ်းမာရေးနဲ့..အဆင်မပြေတဲ့အကြောင်း.. ပါတယ်..။
        သူက.. အသီးပေမယ့်.. saturated fat တော်တော်ပါတာပဲ..။
        Coconut milk is high in saturated fat (87% fats, 10% carbs, 3% proteins).

        အယ်လ်အေမှာတော့.. အုန်းနို့ခေါက်ဆွဲဘုန်းကြီးကျောင်းမှာလှူကြတယ်ဆို.. နို့စိမ်းနဲ့လုပ်ကြတာများတယ်.
        လူကြီးတွေစားကြတာမို့.. ပြဿနာမတက်အောင်လို့ပါ…

        3 reasons why coconut milk may not be your friend
        Coconut milk is often a staple fat source for those following a Paleo diet. From a nutritional perspective, it’s an excellent choice. It’s high in saturated fatty acids and medium-chain triglycerides (MCT), which are both easily burned as fuel by the body. MCTs are particularly beneficial in that they don’t require bile acids for digestion, and they’re directly shunted to the liver via the portal vein.

        Coconut milk and fruit can be a great snack for Paleo folks, and coconut milk smoothies make a great Paleo breakfast choice – especially in the summer.

        So what could be wrong with coconut milk? Here are three things to consider.
        http://chriskresser.com/3-reasons-why-coconut-milk-may-not-be-your-friend

  • ကိုခင်ခ

    September 17, 2012 at 2:32 pm

    “အကျိုးကြောင့် အကြောင်းဖြစ်တည်” လို့ တရားသဘောဆန်ဆန်လေး မြင်မိပါတယ်၊ ကွန်မန့်လှလှလေးအတွက် ကျေးဇူးပါမနိုဗွီ။

    ကျွန်တော်ပိုစ့်လေးကို ဖတ်ပေးတဲ့ ကိုကြီးမိုက်ရေ ကျေးဇူးပါ။

    အရက် ဆေးလိပ် ကွမ်း ချတော့ ဘာကောင်းလဲ မြန်မြန်သေဖို့ ထောက်ပံ့ပေးပါတယ် ဆိုတဲ့ကိုပေရေ အဲလိုတော့ပြောလို့မရဘူးဗျ၊ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်လေးတစ်ခုမှာ အရက်သောက်ရင်း အသက် ၁၀ဝ ရှည်ခဲ့တဲ့ အဘိုး အကြောင်းဖတ်ခဲ့ရတယ်၊ နောက်တွေ့ဖြစ်တဲ့အခါ ကျွန်တော်အဲဒီစာအုပ်လေး ယူလာပြမယ်လေ။

  • အရီးခင်လတ်

    September 17, 2012 at 2:35 pm

    တစ်ချို့လဲ ကျန်းမာရေး အရမ်းဂရုစိုက် ပေမဲ့ အရွယ်မတိုင်ခင် ဆုံးပါးကြတယ်။
    တစ်ချို့လဲ ပေတေပြီး နေချင်သလိုနေ စားချင်သလို စား လုပ်လဲ အသက်ရှည်ချင်ရှည်ကြတယ်။

    ဒါပေမဲ့ ရောဂါတွေ ဗလပွ နဲ့မို့ Quality Life ဆိုတာ ရဖို့ ခဲယဉ်း မှာပါ။
    အဓိကကတော့ ပညာ ဉာဏ် အသိ လေးနဲ့ တွဲ နေနိုင်ရင်တော့ သေမှ သေရော Quality Life ဆိုတာ နဲ့ နေသွားရမယ် ထင်ပါတယ်။

    ဆင်ခြင် နိုင်မယ် ဆိုရင်တော့ ဆင်ခြင်စရာပါ။
    ကိုယ်ကြိုက်တာ စားရင်း သေမယ် လို့ ကြိမ်းဝါးသူတွေ လဲ သူတို့ ဆန္ဒ္ဒဘဲပေါ့။

    ဒီ Post ရဲ့ ခေါင်းစဉ်လေးကိုတော့
    “ကံဖြတ်ချိန်”
    လို့ ဘဲ ပေးလိုက်ချင်ပါတယ် ကိုခင်ခ ရေ။

  • ကိုခင်ခ

    September 17, 2012 at 3:00 pm

    အရီးပေးတာ ကဗျာဆန်ဆန် ခေါင်းစဉ်လေးဘဲနော်။

  • Hnin Hnin

    September 17, 2012 at 3:45 pm

    ‘အမုန်းဆွဲတော့ ခွဲရတယ်’ လို့ပဲ တွေးမိပါတယ်။
    သွေးသားရင်းတစ်ယောက် မလွှဲမသွေခွဲခွာရတော့မယ်ဆိုတာ ကြိုသိလိုက်ရတဲ့ခံစားချက်က
    ဘယ်လိုခံစားချက်မှန်း ရှင်းပြလို့မရပါဘူး။ ကြိတ်ပြီးတော့ခံစားရပါတယ်။ စိတ်ကို အတော်
    ဖြေနိုင်အောင်လည်း ကြိုးစားရတယ်။ အခုလည်း ဘယ်တော့ဘယ်အချိန်မှန်းမသိပေမယ့်
    နောက်ထပ်တစ်ခါ မကြာခင်မှာ ထပ်ရင်ဆိုင်ကြုံတွေ့ရဦးမှာပါ။ နှုတ်မဆက်ဘဲ ရုတ်တရက်
    ခွဲခွာသွားကြသူတွေအတွက် ကျန်ခဲ့တဲ့သူတွေက ပေးဆပ်မှုတွေမရှိလိုက်ဘဲ ရုတ်တရက်မို့
    တော်တော်အပူကြီးရပေမယ့် သွားတော့မယ်ဆိုတာကြိုသိထားရပြီး လူအား၊ငွေအား၊
    အချိန်အား၊စိတ်ဓာတ်အားတွေနဲ့ ရင်းပေးလိုက်ရပြီးမှ ခွဲခွာသွားကြတော့ ပိုပြီးတော့
    အပူကြီးတယ်လို့ ထင်ပါတယ်။

  • ကိုခင်ခ

    September 17, 2012 at 7:14 pm

    ဖတ်ပြီးကွန်မန့်လေးပေးခဲ့တဲ့ နှင်းနှင်းရေ ကျေးဇူးပါနော်။

  • ရွှေ ကြည်

    September 17, 2012 at 8:15 pm

    လေးခင်ခရေ “အသက်အရွယ်ဆင်ခြင်ဖွယ်” လို့ပဲခေါင်းစဉ်ပေးဖတ်သွားပါတယ်။

    ကျန်ရစ်သူမိသားစုအတွက်ဝမ်းနည်းမိပါတယ်။ ရုတ်တရက်ဆိုတော့လည်း………..။
    သူငယ်ချင်းတွေငယ်ရွယ်တုန်းပြန်ဆုံကြတဲ့အခါ ဘယ်သူတွေအိမ်ထောင်ကျကုန်ပြီလဲဘာတွေလုပ်နေလဲ။
    အသက်လတ်တုန်းတွေ့ဆုံကြတော့ သားရေးသမီးရေး။
    အသက်လည်းကြီးလာရော ဘယ်ကောင်ကြီးတော့သွားရှာပြီကွာ ဘယ်သူကတော့ ဘယ်ရောဂါတဲ့ကွ
    ငါကတော့ဘာဆေးတွေသောက်နေတယ် ဘယ်ဆရာဝန်နဲ့ပြတယ် အဲလိုလေးတွေပြောကြတယ် နောက်တော့ဘုရားတရားအကြောင်းရောက်သွာကြပါလေရော။
    (အသက်ကြီးသူတွေဆုံလို့ပြောကြတာကတော့ ရွှေကြည့်အဖေတို့သူငယ်ချင်းတွေဆုံကြရင်ပြောကြတာလေးတွေကြားထားတာပါ။)

  • TTNU

    September 17, 2012 at 9:49 pm

    ကိုခ ရေ..
    ဖတ်ရင်းနဲ့ တီချာတောင် သွေးနည်းနည်းတိုးလာသလိုပဲ။
    ဟိုတလောက ၁၆၀/၁၀ဝ လောက် မြောက်သွားသေးတယ်။
    တပည့်ဆရာဝန်လေးက တီချာ သောက်နေတဲ့ ဆေးကို
    မေးတော့ တီချာက တစ်ဝက်ချသောက်နေကြောင်းပြောတော့
    တီချာမလုပ်နဲ့ မူလ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း (5) အပြည့်
    သောက်ပါလို့ ထပ်တိုးတင်ပေး၊ သွေးခဏခဏချိန်ပြီးစောင့်ကြည့်တော့မှ
    အဆင်ပြေသွားတယ်။
    သွေတိုးရှိတဲ့သူတွေအများစုဟာ (မတည့်တာကိုမှ သေပစေ ရဲတဲ့ဇာနည်)လုပ်ပြီး
    စားတတ်လေ့ရှိတာတွေ့ရတယ်။ဝက်သားနဲ့ မတည့်ဘူးဆိုတာကို
    ဝက်သားမပါတဲ့နေ့ စားရသောက်ရတာ ဟာတာတာနဲ့။ 😛

  • padonmar

    September 17, 2012 at 10:05 pm

    အသက်ကို စောင့်ရှောက်ဖို့ရာ ကံစိတ်ဥတုအာဟာရ ဆိုတဲ့ အကြောင်းလေးပါလုံး စုံညီရမယ်ဆိုတော့ အုန်းနို့ခေါက်ဆွဲ တစ်ခုတည်းတော့ အပြစ်ပုံမချစေချင်ပါဘူး။
    အင်မတန် အနေအစားဆင်ခြင်တဲ့ (ကယ်မီကယ်ပါတာတွေ လုံးဝမစား၊သကြားတောင် brown sugar ပဲစားတဲ့၊)Taiwanese
    ပညာတတ် Phd (Music) တစ်ယောက် အသက် ၄ဝ မှာတင် Taiwan မှာ အိမ်ကနေ ကျောင်းကိုအသွား လမ်းပေါ်မှာ ဦးနှောက်သွေးကြောပေါက်ပြီး သေသွားတာသိခဲ့ဖူးပါတယ်။(အကြောင်းရင်း သေချာမသိခဲ့ရပေမယ့် ဖြစ်နိုင်ခြေကတော့ aneurysm ခေါ်တဲ့ သွေးကြောမှာ ပါးပြီး ဘူဖောင်းလေးတွေ ပါလာတဲ့ ရောဂါကြောင့်ဖြစ်မယ်ထင်ပါတယ်)
    ဆိုတော့ အစားတစ်ခုတည်းကြောင့်တော့မဟုတ်။
    ခေါင်းစဉ်လေးကိုတော့ “အမုန်းဆွဲရင် မပြုံးပဲခွဲရတတ်တယ်`လို့ပေးချင်ပါတယ်။

  • Kyaw Myo Thet

    September 18, 2012 at 3:46 am

    နောက်ကျမှပို့လိုက်ရတဲ့အတွက် အရမ်းပဲမျက်နှာငယ်မိပါသည်
    “အသွားမတော်တစ်လှမ်း အစားမတော်နှစ်ပန်ကန်”
    သားသားကတော့ နှစ်ရက်တိတ်စဉ်းစားလိုက်ရာမှအဖြေထွက်လာခြင်း

    • ကိုခင်ခ

      September 18, 2012 at 6:42 am

      မရွှေကြည်ရေ အရွယ်နဲ့လိုက်ပြီး စကားပြောဆိုဆွေးနွေးမှုတွေက ပြောင်းတယ်ဆိုတာ ဟုတ်နိုင်ပါတယ်၊ ဒါသဘာဝဘဲလေ၊ ကျွန်တော်တို့တောင် တစ်ခါတလေ လူငယ်လေးတွေ နဲ့ဝိုင်းဖွဲ့ပြောဖြစ်ရင် ကိုယ်ကသူတို့ပြောတာကို လိုက်နားလည်ပေးပြီး အဆင်ပြေအောင်ပြောရတယ်လေ။

      ကိုအလင်းဆက်ရေ ကျေးဇူးပါ ကွန်မန့်အတွက်ပေါ့။

      တီချယ်ကြီးရေ သွေးတိုးသက်သာပျောက်ဆေးကတော့ ဆရာဝန်သတ်မှတ်ချက်
      အတိုင်းသောက်တာမမှားဘူးထင်ပါတယ်၊ ကျွန်တော်လည်းသွေးတိုးတတ်လို့ မနက်အစာစားပြီး ဆေးသောက်ရတယ်လေ၊ ဆရာဝန်ပြောတဲ့အတိုင်းဘဲ
      သောက်နေလို့ လားမသိဘူး အခုတော့ပုံမှန်ဖြစ်နေတာကြာလှပေမယ်
      ဆေးတော့မရပ်ဖြစ်ပါ၊ သွေးတက် သွေးကျ တာဟာ ဒီအတိုင်းမြင်ကြားရတာ
      မဟုတ်လို့လေ။

      မပဒုမ္မာရေ မှန်ပါ၏၊ အုန်းနီု့ခေါက်ဆွဲတစ်ခုထဲနဲ့မဟုတ်နိုင်ပါ သွေးတိုင်းတုန်း ပြတဲ့ ၁၈၀/၁၁ဝ ဟာအရင်ရက်တွေရဲ့ အကြောင်းကြောင့်တိုးတာဖြစ်နိုင်ပါတယ်
      သွေးတက်စာတစ်ခုကို စားပြီးချက်ခြင်းသွေးတိုးမှုမရောက်သေးပါဘူး အစာချက်မှု ဇီဝပြောင်းလဲတဲ့ အချိန်ရှိပြီးမှ သွေးတိုးစေတာမို အရင်သွေးတက်ထားတားကို
      ဆေးသောက်တော့ သွေးကအကျဖက်ဦးတည်နေချိန် ခုနအုံးနို့ခေါက်ဆွဲသွေး တက်စာရဲ့ဇီဝပြောင်းလဲမှုပြီး သွေတိုးချိန် သွေးအတက်အကျကြမ်းပြီးရှော့သဘော
      မျိုးဖြစ်တာလို့ ကျွန်တော်ကတော့ ဖတ်ဖူးတဲ့စာတွေအရ အဲလိုသုံးသပ်ပါတယ်။

      သားသားရေ စဉ်စားပြီးရေးပေးလိုက်တဲ့အတွက် ကျေးဇူးတင်မိပါတယ်ဗျာ။

  • ကြောင်ကြီး

    September 18, 2012 at 8:46 am

    အမုန်းဆွဲ
    ဗုံးကြဲ
    အတုံးလဲ
    ပြုံးဆဲ
    ပိတုန်းဖြဲ
    ငုံးဘဲ
    စုန်းသရဲ
    ဝုန်းခဲ…။

  • surmi

    September 18, 2012 at 8:50 am

    တခါပြန်၍ဆုံပါစေ
    ဒီလိုလေးးပေးကြည် ့မယ်ဗျာ

  • ကိုခင်ခ

    September 18, 2012 at 10:01 am

    ကိုကြောင်ကြီး နဲ့ ကိုဆာမိ တို့ရေ ကွန်မန့်လေးအတွက်ကျေးဇူးနော်။

  • ရန်ကုန်သား

    September 18, 2012 at 10:31 am

    နောက်ဆုံးတော့ အားလုံး ရဲ့ နိဂုံးဟာ ဒါပါပဲဗျာ…
    လူတွေအားလုံးက သိသိကြီးနဲ့ မသိချင်ယောင်ဆောင်ထားကြတာပါ…
    တစ်နေ့တစ်နေ့ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ မွန်းကျပ်နေ ကြတာ ဘယ်တော့မှ မသေတော့မဲ့အတိုင်းပဲ။
    ဒါပေမဲ့ ကျွန်တော်လည်း လူပီသစွာနဲ့ မသိချင်ယောင်ဆောင်ထားပါတယ် ခင်ဗျာ…

  • pooch

    September 18, 2012 at 11:13 am

    မီးစာကုန် ဆီခန်းမဟုတ်ပဲ ဘေးပယောဂကြောင့် မီးတောက်ငြိမ်းသွားရရှာတယ်။ ဦးလေး အရင်းတယောက်ကိုလည်း ဒီလိုနည်းနဲ့ ဆုံးရှုံးခဲ့ရဖူးတယ်။

  • ကြည်ဆောင်း

    September 18, 2012 at 3:11 pm

    ကြည်ဆောင်းကတော့ ” ခွဲခွာရချိန် ” လို့ဘဲအမည်ရိုးရိုးလေးပေးလိုက်ချင်တယ်..
    ဘယ်သူမဆို ဘာအကြောင်းနဲ့ဘဲခွဲခွဲ ( နောက်ဆုံးပြန်မဆုံနိုင်အောင်ဘဲခွဲခွဲ၊ နောင်တချိန်ပြန်ဆုံကြဖို့ဘဲခွဲခွဲ )
    တကယ်ခွဲရတဲ့အချိန်မို့လို့လေ ….

  • may flowers

    September 18, 2012 at 5:42 pm

    လူုရယ်လို့ဖြစ်လာမှတော့ ဒီလမ်းကို အားလုံးလိုက်ကြရမှာပါပဲလေ အနှေး၊အမြန်ပဲ ကွာမှာပါ။

    ဒီပိုစ့်လေးကိုဖတ်ပြီး ခေါင်းစဉ်ကို ဘယ်လိုပေးရမလဲအကြံမပေးတတ်ပေမဲ့ ကွေးသောလက်မဆန့်မီ၊ ဆန့်

    သောလက်မကွေးမီ သေနိုင်ပါလားဆိုပြီးတော့ အသိတစ်ခုတော့ရသွားလေရဲ့..။ကျေးဇူးပါ ကိုခင်ခရေ။

  • ကိုခင်ခ

    September 18, 2012 at 7:35 pm

    ဖတ်ရှု့ပြီး ကွန်မန့်ပေးကြသူအားလုံးကို ခင်ခမှ အထူးကျေးဇူးပါဗျာ။

    “အသက်အရွယ်ဆင်ခြင်ဖွယ်” ဆိုတဲ့ခေါင်းစဉ်လေးတော့ ဒီပိုစ့်အတွက် ကြိုက်မိပါတယ်။

Leave a Reply