”ချစ်ဇနီး မြရင်သို့ပေးစာ ”

ထွန်း ပြောင်September 18, 20121min25030

သို့
ချစ်လှစွာသော မြရင် သတိရစွာဖြင့် ဝေးတစ်မြေမှ ကျုပ်စာရေးလိုက်ပါတယ်….
မြရင်နဲ့တကွ ကလေးနှစ်ယောက်လုံးနေကောင်းပါစေလို့ အိပ်ရာဝင်ဘုရားရှိခိုးတိုင်း ကျုပ်ဆုတောင်းနေပါတယ်.
ကျုပ်ရေးတဲ့စာထဲမှာ မြရင်နားမလည်တာ မဖတ်တက်တာရှိရင် ရွာဦးကျောင်းက ဆရာတော် ဦးသောဘိတ ဒါမှမဟုတ် မြို့မှာတက္ကသိုလ်တက်ပြီး ပြန်လာတဲ့ မောင်ချစ်စိန်ကိုအကူညီတောင်းပြီးဖတ်ပြခိုင်းပါ မြရင်ရေ……

ဘာလိုလိုနဲ့ ကျုပ်ချစ်တဲ့မြရင် နဲ့ ကလေးနှစ်ယောက်ရယ် ကိုထားခဲ့ပြီး ပြည်ပမှာ အလုပ်လာလုပ်တာ တစ်နှစ်ပြည့်ခဲ့ပြီ မြရင်ရေ…..
ရောက်ခါစမှာတော့ ကျုပ်ရဲ့ဖြစ်နေကျထုံးစံတိုင်း အိုးနင်းခွက်နင်းနဲ့စခဲ့တာကို မြရင် အသိဆုံးဖြစ်မှာပါ…
အိမ်လွမ်းတဲ့ဝေဒနာကိုလဲ တော်တော်ကြိတ်မှိတ်ခံစားခဲ့ရတယ်မြရင်……နောက်ပိုင်းတော့ ကျုပ်လိုလူတွေအများကြီးပါလား ဆိုတဲ့အတွေးလေး
ရလာတော့ နည်းနည်း ဖြေသာနိုင်ခဲ့တယ်. ရံဖန်ရံခါ ကိုတိုးကြီး ဆိုထားတဲ့” ကြိုးမဲ့ချည်တိုင်”  သီချင်းလေးလေနားထောင်ပြီးအားတင်းနေမိတယ်လေ .
..မြရင်မှတ်မိအုံးမလား မသိဘူး….(လူ့ဘဝတွက် ရုန်းကန်ရင်ဆိုင်ဖို့ ခရီးထွက်မယ့်လောက အိုလူသား လွမ်းရေးထက် ဝမ်းရေးခက်တယ်ပြောလို့အားတင်းကာကျောခိုင်းထွက်လာစဉ်……..

.သတိတရနဲ့မှတ်ရနေလေတော့ ဇနီးမယားရဲ့ရင်ခွင်ဆူနေမလား …..အားတင်းလို့ ခရီးကြမ်းဆက်ခါလှမ်းစဉ်…)
တစ်ခါတစ်လေလဲ ကျုပ်သူငယ်ချင်းရဲ့သင်ပုန်းကွန်ပျူတာထဲမှာထည့်ထားတဲ့  ဆရာတင်မိုးရဲ့ ကဗျာလေးကို တစ်ကိုယ်တည်းရေရွတ်နေမိတယ် မြရင်ရေ…
အရင်တစ်ခါ ကျုပ်ဖုံးဆက်တုန်းကတောင်ရွတ်ပြခဲ့သေးတဲ့ကဗျာလေးပေါ့.
ရွှေပြည်တော်ရောက်နိုးနိုးနဲ့

                 တစ်မိုးတော့သောက်ပြန်ပြီ
ရှေ့ဆက်လက်ချီ
အရှေ့ဆီရောင်နီကပြေးပြေး
ပန်းတရုံ လွမ်းပုံဆင့်
                ပန်းပွင့်ကမွှေးမွှေး (တင်မိုး)

အဲလိုသီချင်းလေး နားထောင်လိုက် ကဗျာလေးဖတ်လိုက်နဲ့ ဘဝတူတွေအချင်းချင်း အားတင်း ကျားကန်နေရတယ် မြရင်ရေ…..

တကယ်လို့များ အခုလိုလုပ်ခလစာမျိုးနဲ့ ကျုပ်တို့နိုင်ငံတွင်းမှာပဲ မိသားစုနဲ့အိုးမကွာအိမ်မကွာ လုပ်နေရရင်ဘယ်လောက်ကောင်းလိမ့်မလဲလို့ကျုပ်ဦးနှောက်သေးသေးလေးနဲ့ တွေးနေမိတာလဲ အခါခါပါမြရင်….
ကျုပ်တို့နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်သူချစ်တဲ့အမေစုတို့ ပူးပေါင်းပြီး အမြန်ဆုံးအကောင်ထည်ဖော်နိုင်ပါစေလို့ပဲ  ကျုပ်ကိုယ်စား ရွာဦးကဆုတောင်းပြည့်စေတီမှာ ဆုတောင်းပေးပါ မြရင်…
ဆုတောင်းနေရုံနဲ့ မပြည့်နိုင်မှန်းသိနေပေမယ့်လဲ ……………မျှော်လင့်နေမိတာတော့ အမှန်ပါမြရင်
အချို့ဆရာတွေကတော့ ဦးနှောက်ယိုစီးမှုလို့ ခေါင်းစဉ် တပ်ကြလေရဲ့  …မြရင်နားလည်အောင်ပြောရမယ်ဆိုရင်တော့ ကျုပ်တို့တိုင်းပြည်ရဲ့ ပညာတက်လူတန်းစား အလုပ်သမားလူတန်းစားတွေရဲ့
အတက်ပညာ အသိပညာ လုပ်အားတွေကို အခြားနိုင်ငံကိုရောင်းစားနေရတာကို တွေးမိတိုင်း စိတ်မကောင်းဖြစ်မိတယ်မြရင်………
အော် ဒါနဲ့ မြရင်ရေ…..ကျုပ်တို့မင်္ဂလာဦးတုန်းက ကျုပ်မိဘတွေလက်ဖွဲ့တဲ့ နွားမသားအမိနှစ်ကောင်ကိုလဲသေချာ ဂရုစိုက်ကျွေးမွေးပါနော်……..
ကျုပ်တို့နိုင်ငံကို လက်မှုလယ်ယာကနေ စက်မှုလယ်ယာခေတ်ပြောင်းမယ်လို့ ကြွေးကြော်ထားခဲ့တာတော့ကြာပါပြီ……..ဒါပေမယ့် မြရင်သိတဲ့တိုင်းပဲလေ
ထွန်စက်လေးတစ်စီးတောင်မဝယ်နီုင်သေးတဲ့ ကျုပ်တို့တွက်တော့ ဒီနွားတွေနဲ့ဖက်ရုန်းနေရအုံးမှာပဲလေ……အဲတော့သူတို့ကိုလဲကျေးဇူးရှင်နေရာမှာထားပြီး
ညအိပ်ရာဝင်တိုင်း သတိရတိုင်းမေတ္တာပိုဖို့ကိုလဲ မမေ့နဲ့မြရင်ရေ……. ဒီနှစ်မိုးရာသီမှာ ကျုပ်တို့ဒေသမှာ  မိုးခေါင်နေတာတွေလဲ သတင်းတွေထဲကနေတစ်ဆင့်သိရလို့
ကျုပ်လဲစိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတက်နိုင်ခဲ့ဘူး…

နောက်တစ်ခုမှာချင်တာတော့ မင်းသားအကြီးကောင်ကိုလဲ စာကြိုးစားဖို့တိုက်တွန်းပါ……… ဒို့လိုနွားနဲ့ဖက်မရုန်းရအောင် …မပင်ပန်း မဆင်းရဲအောင်
ပညာတက်ကြီးတစ်ယောက်ဖြစ်အောင် စတဲ့ အကြောင်းတွေကိုလဲ မြရင်သဘောပေါက်ညဏ်မှီသလောက် ပြောပြ ဆုံးမပါနော်…………..ခုလိုပညာခေတ်မှာ
ကျုပ်တို့ အစိုးရချထားတဲ့ ပညာရေးပေါ်လစီက ဘယ်လိုပဲနေနေ  ကျုပ်တို့သားနှစ်ယာက်ကို ကျောင်းကောင်းကောင်းမှာထားချင်မိတာ အမှန်ပါ……..
ဒီနှစ် ၁ဝတန်းအောင်ရင် သူလိုချင်တဲ့ မော်တော်ဆိုင်ကယ်ကိုလည်း ကျုပ်ဝယ်ပေးပါမယ်လို့ပြောလိုက်ပါ..မြရင်ရေ…
နောက်ပြီးညအိပ်ရာဝင်တိုင်း မြရင်ပြောနေကျဖြစ်တဲ့ ”ကျုပ်တို့သားနှစ်ယာက်ကိုလဲ ခမ်းခမ်းနားနား ရှင်ပြုပေးချင်တယ် ” ဆိုတဲ့ မြရင်စကားလေးကိုလဲ
ကျုပ်နေ့တိုင်း ကြားယောင်ပြီး အလုပ်ကို ကြိုးစားလုပ်နေပါတယ်လေ..

နောက်ဆုံးအနေနဲ့ ကျုပ်မိခင်ကြီးကိုလည်း မြရင်ရဲ့အမေလိုပဲသဘောထားပြီး ပြုစုစောင့်ရှောက်ပါနော်…….ဒီကုသိုလ်တွေကလဲ မြရင်ကိုပြန်အကျိုးပေးမှာပါ..
ဒီလလူကြုံရှိရင် မြရင်ရဲ့လက်ရာလေးဖြစ်တဲ့ ချဉ်ပေါင်ရွက်ကြော်နဲ့ ငရုတ်သီးကြော်(အစပ်လျော့) တစ်ဗူးစီလောက်ထည့်ပေးလိုက်အုံးနော်………
ရွာဦးကျောင်းဆရာတော်ကိုလဲ  ကျောင်းမှာမီးထွန်းဖို့  ဆိုလာပြားတစ်စုံ ကျုပ်ပြန်လာရင် ဝယ်လာခဲ့ပြီးလှူပါမယ်လို့ လျှောက်ထားလိုက်ပါအုံး မြရင်ရေ..

စာလဲရှည်သွားပြီမို့ တော်သေးပြီမြရင်ရေ………..
ချစ်သော မြရင်နဲ့တကွ ရွာသူ/သား အားလုံးကျန်းမာ ချမ်းသာကြပါစေ …………
ဝေးတစ်မြေမှ
ထွန်းပြောင်

မှတ်ချက်။              ။မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသော သူငယ်ချင်းတစ်ယောက်၏ အဖြစ်ပျက်ကိုအခြေခံရေးသားဖြင်းဖြစ်ပါသည်။

30 comments

  • ထွန်း ပြောင်

    September 18, 2012 at 5:24 am

    စာရှုသူ လူဂျီးမင်းများ ခင်ဗျား……………
    ကျုပ်တို့တိုင်းပြည်ရဲ့ လူမှုရေး စီးပွားရေး ပညာရေး ကျန်းမာရေး
    စတဲ့အချက်တွေကို အလျဉ်းသင့်သလို ဝေဖန် အကြံပြုကြပါရန်………..

    ……. လေးစားစွာဖြင့် ….
    ထွန်းပြောင်

  • kai

    September 18, 2012 at 6:19 am

    အိပ်ရာဝင်ဘုရားရှိခိုးတိုင်း ကျုပ်ဆုတောင်းနေပါတယ်.

    ကျုပ်တို့နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်သူချစ်တဲ့အမေစုတို့ ပူးပေါင်းပြီး အမြန်ဆုံးအကောင်ထည်ဖော်နိုင်ပါစေလို့ပဲ ကျုပ်ကိုယ်စား ရွာဦးကဆုတောင်းပြည့်စေတီမှာ ဆုတောင်းပေးပါ မြရင်…

    အဲတော့သူတို့ကိုလဲကျေးဇူးရှင်နေရာမှာထားပြီး ညအိပ်ရာဝင်တိုင်း သတိရတိုင်းမေတ္တာပိုဖို့ကိုလဲ မမေ့နဲ့မြရင်ရေ…

    ”ကျုပ်တို့သားနှစ်ယာက်ကိုလဲ ခမ်းခမ်းနားနား ရှင်ပြုပေးချင်တယ် ” ဆိုတဲ့ မြရင်စကားလေးကိုလဲ ကျုပ်နေ့တိုင်း ကြားယောင်ပြီး အလုပ်ကို ကြိုးစားလုပ်နေပါတယ်လေ..

    ရွာဦးကျောင်းဆရာတော်ကိုလဲ ကျောင်းမှာမီးထွန်းဖို့ ဆိုလာပြားတစ်စုံ ကျုပ်ပြန်လာရင် ဝယ်လာခဲ့ပြီးလှူပါမယ်လို့ လျှောက်ထားလိုက်ပါအုံး မြရင်ရေ..

    ကဲ..
    တိုင်းပြည်တိုးတက်ဖို့လား..
    ဆု.. ဆက်တောင်းလိုက်ပါဦး.. နောက်အနှစ် ၁၀၀၀.. :mrgreen:

    (ဝေဖန်တာပါနော.. စိတ်မဆိုးနဲ့…. ကိုရင်ပြောင်.. )

  • ဒီမယ်ဒဂျီး

    နှစ်တစ်ထောင်စာ မှိုင်းမိနေတာ ဒဂျီးပဲရှိတယ်… ကျုပ်တို့လို တစ်မြေရပ်ခြားမှာ ကလေကဝ အလုပ်သမားတွေဘွနဲ့ နေနေရသူတွေရဲ့ ခံစားချက်လေးတွေကိုတော့ ဗလ္လကာယမလုပ်ပါနဲ့.. ရင်ဘတ်တစ်ခြမ်းအောင့်လာတုန်းရှိသေးတယ်… ဒဂျီးပြောတာဖတ်လိုက်တာ အောင့်နေတာက နာလာတယ်..

    စကားမစပ်ကိုထွန်းပြောင်၊ ကိုယ်တွေ့ခံစားချက်ဆို ပိုခံစားမိမယ်ထင်ပါကြောင်း… ခုတောင်တော်တော်လေး အရှိန်ပြင်းပြင်းနဲ့ ရင်ကိုဝင်ဆောင့်သွားပါကြောင်း…

    • pooch

      September 18, 2012 at 11:32 am

      ပြောပစ်လိုက်စမ်းပါ အဲ့ဒီ လူကြီးကို အားရင်နှစ်တထောင် ကြိမ်စာပဲအော်နေတာ :mrgreen:

      ကြိုးစားနေသမျှ တနေ့တော့လည်း ကိုယ်မျှော်လင့်တာတွေ ဖြစ်လာတဲ့အချိန်ရောက်လာမှာပါ။

      • kai

        September 18, 2012 at 11:46 am

        စာမျက်နှာ ၁မျက်နှာလောက်လေးစာရေးထားတာ…
        ဘာသာရေးနွယ်နေတာ.. အဓိကအချက်.. ၅ချက်အနေနဲ့ပါနေတယ်..
        အခက်အခဲတွေကို.. လက်တွေ့ဖြေရှင်းနည်း..တခုမှမပါဘူး..
        ဒါကို ကောက်နှုတ်ပြထားတာ…
        ဒီစာတခုမှမဟုတ.်..
        မြန်မာပြည်ရဲ့.. ကြိုက်တဲ့မဂ္ဂဇင်း.. ဂျာနယ်.. ဆွဲဖတ်ပြီး.. အဲခုလို လိုက်ကောက်နှုတ်ကြည့်…

        အဲဒါမျိုးကို… ဘာသာရေးအစွန်းရောက်နေတယ်..မခေါ်ရင်.. ဘယ်လိုလူမျိုးခေါ်မလည်း.. နော..

        ဆိုတော့..
        အောက်မှတ်ချက်အရ..

        မှတ်ချက်။ ။မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသော သူငယ်ချင်းတစ်ယောက်၏ အဖြစ်ပျက်ကိုအခြေခံရေးသားဖြင်းဖြစ်ပါသည်။

        ကိုရင်ထွန်းပြောင်ကိုပြောနေခြင်းမဟုတ်… သူ့ရဲ့.. သူငယ်ချင်းကို.. တိုင်တည်ပြောနေတာဖြစ်ကြောင်း….

        ကွိကွိ.. :mrgreen:

        • ထွန်း ပြောင်

          September 18, 2012 at 12:17 pm

          သို့
          kai
          ခုလိုထောက်ပြဝေဖန်တဲ့တွက် ကျေးဇူးတင်ပါတယ်.ဒါပေမယ့် ကျုပ်ပေးချင်တဲ့
          message ကတစ်မျိုးဗျ……လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဟာတွေ ၊ ကျေးလက်
          တောရွာတွေမှာ ဖြစ်နေတာတွေ နဲနဲလောက်မြင်အောင်ကြည့်လိုက်ပါလားဗျာ…….
          ဥပမာ..ဒီထဲမှာဆို မြရင်က စာသိပ်မဖတ်တက်ဘူး..၊ ရွာတစ်ရွာမှာ သူတို့ကိုးကွယ်နေတဲ့
          ဘုန်းကြီးကျောင်းမှာတောင် မီးမရှိဘူး၊ ကျွဲလိုနွားလို ရုန်းနေရတဲ့အဖြစ်တွေ၊
          ပညာရေးမှာ နိမ့်ကျနေတာတွေ …….အဲဒါလေးတွေကို ချပြချင်တာပါ
          လက်တွေ့ဖြေရှင်းဖို့ အကြံဉာဏ် နဲ့ လုပ်ဆောင်ချက်တွေကိုတော့လူဂျီးမင်းများက ပိုပြီး သိနားလည် စွမ်းဆောင်နိုင်မှာဖြစ်လို့ ကျုပ်အနေနဲ့ ဘာမှမတင်ပြရခြင်းပါဗျာ…..

          ဟူးးးးးးး….ထီ ပေါက်မှ kai ကိုတစ်ခေါက်လောက်အလည်ခေါ်သွားချင်တယ်ဗျာ..

          ကျုပ်ရေးတဲ့ထဲမှာ အခြားဘာသာကိုထိခိုက်စေနိုင်လောက်တဲ့ အချက် ဘယ်ဟာများပါနေလို့လဲဗျာ…. ကျုပ်တို့နိုင်ငံမှာ ကိုယ်ယုံကြည်တဲ့ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့် ရှိတယ်လို့တော့ ဖတ်ဖူး မှတ်ဖူးပါရဲ့ဗျာ……….

        • ဒဿ ဖွတ်ကျား

          September 18, 2012 at 12:20 pm

          အဟိ …
          ကိုရင်ထွန်းပြောင် ..တော့ ..သဂျီးရဲ့ မာယာ မှာ မျောဘီ…
          ခုပဲ ကြည့် ..သူပြောစေချင်နေတဲ့ key word လေး ထွက်ကျသွားဘီ..

          ကျုပ်တို့နိုင်ငံမှာ ကိုယ်ယုံကြည်တဲ့ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့် ရှိတယ်

          စနစ်ကြောင့် မဟုတ် ….စနစ်ကြောင့် မဟုတ် ….

          ဒက်ဂလောက်…ဒက်ဂလောက်…

        • San Hla Gyi

          September 18, 2012 at 3:52 pm

          သဂျီးရေ
          ကျနော် သိပ်မဆိုင်ပေမယ့် နည်းနည်းလောက် ဝင်ပြောအုံးမယ်။ စာရေးထားတဲ့ အနေအထားကို ဖတ်ရတာက ရသစာ သဘောမျိုး ရေးထားတာပါ။ သဂျီးအကြိုက် ပြဿနာ ဖြေရှင်းနည်းတို့ အတွေးအခေါ်တို့ မဟုတ်ပါဘူး။ ဒါကြောင့်မို့ မြန်မာလူမျိုးတွေရဲ့ လူနေမှုဘဝလေးတွေကို ပါအောင်ရေးထားလို့ ဘာသာရေး နွယ်နေတာပါ။ အမှန်လည်း ဗုဒ္ဓဘာသာဆိုတာ မြန်မာတွေရဲ့ လူနေမှု ဘဝထဲမှာ ပါနေတာကိုး။ ရသစာကို ရသစာအနေနဲ့ ဖတ်ပေးပါ သဂျီး။
          သဂျီးအကြိုက် အတွေးအခေါ်ကတော့ ကျနော် ဆောင်းပါးရှင် ကိုပါကြီးရေးတဲ့ ဆောင်းပါးထဲမှာ နည်းနည်း မေးထားပါတယ်။ ဒါပေမယ့် ဒီပုဂ္ဂိုလ် အင်တာနက် မသုံးဖြစ်သေးဘူး ထင်တယ်။ ပြန်မဖြေသေးဘူး။ သူပြန်ဖြေတာကို စောင့်နေပါတယ်။ သူ့ပို့စ်မို့ပါ။

        • San Hla Gyi

          September 18, 2012 at 6:01 pm

          ပထမကွန်မန့်တုန်းက ပို့စ်ပိုင်ရှင်ကို ပြောဖို့မေ့ခဲ့လို့ လာရောက်ပြီး ချီးကျူးပါကြောင်း။ ကျနော့်အမြင်တော့ ဒါက ရသစာကို ပေးစာအနေနဲ့ ရေးတယ်လို့ ထင်ပါကြောင်း။ လူသစ်အနေနဲ့ တော်တော် ရေးနိုင်တဲ့လူ ဖြစ်ပါကြောင်း။ ရသစာကို ပေးစာအနေနဲ့ ရေးဟန်ကလည်း အမှန်တော့ ခေတ်စားပါတယ်။ တကယ်လို့ ဒါကို ပေးစာအနေနဲ့ မရေးပဲ ဝတ္ထုအနေနဲ့ ရေးရင်တော့ အခန်းဆက် ရေးရတော့မှာပါ။ အခုလို ပေးစာအနေနဲ့ ဆိုတော့ တိုတိုတုတ်တုတ်နဲ့ ပြီးသွားတယ် ထင်ပါတယ်။ ရွာဦးစေတီမှာ ဆုတောင်းပေးပါတို့ သားနှစ်ယောက်ကို ရှင်ပြုပေးချင်တယ်တို့ ကတော့ ဒီပို့စ်ရဲ့ အနေအထားအရ ရေးကိုရေးရမှာပါ။ ဘာလို့လဲဆိုတော့ ဒါမှပဲ ဖတ်ရတဲ့ မြန်မာတွေက ဟာ ငါဆိုလည်း ဒီလိုပဲ ပြောမှာပါလားဆိုပြီး ခံစားရမှာပါ။ ဒါက ရသစာလို့ ကျနော်တော့ ထင်ပါတယ်။ အဲဒီနေရာမှာ ဒီကိစ္စကို ဘယ်လိုပြုပြင်ရမယ်တို့ ဘယ်လိုစီမံကိန်းဆွဲရမယ်တို့ အသေးစိတ်ရေးရင် ဒီပို့စ်ရဲ့ ရသပျက်သွားမယ် ထင်ပါတယ်။ မယုံရင် ပို့စ်ပိုင်ရှင်က အသေးစိတ်စီမံကိန်းတွေကို ကွန်မန့်နဲ့ ဆွေးနွေးကြည့်ပါ။ အပေါ်ကစာရဲ့ အရသာ ပျောက်သွားမယ် ထင်ပါတယ်။
          ခြုံပြောရရင် ရသစာပေကောင်းတခုလို့ ထင်ပါတယ်။ ရသစာပေသမားတွေ များလာတာ ကောင်းပါတယ်။

      • Shwe Tike Soe

        September 18, 2012 at 4:24 pm

        သူကြီးက အမြင့်ကားပဲ ကြည့်တတ်ပြီး အနိမ့်ကား မကြည့်တတ်တဲ့ ကားပွဲစားလို ဖြစ်နေပြီ ဟဟဟဟဟဟ

        • MaMa

          September 19, 2012 at 6:37 am

          ဟုတ်ပ့ါ ရွှေတိုက်ရေ။
          နှစ်၁၀၀ဝ ကျိန်စာကို ဘယ်လိုပြောရမယ်မှန်းမသိဖြစ်နေတာ
          ပုပုလေးက တိုတိုလေးပြောလိုက်တာ တော်တော်လေး ထိရောက်သွားတယ်။ 🙂

  • kyeemite

    September 18, 2012 at 11:31 am

    ကိုထွန်းပြောင်အရေးအသားက
    ကိုယ်တိုင်ခံစားချက်လားထင်ရတယ်ဗျာ..

  • သစ် တည်

    September 18, 2012 at 1:18 pm

    ကျုပ်ကတော့ ကိုုထွန်းပြောင် ပိတ်သတ် ဖြစ်တွားဘီ…

  • Novy

    September 18, 2012 at 1:34 pm

    အဝေးမြေကို ရောက်နေတဲ့ ဒါလင်နိုဗွီကိုတောင်
    သတိရသွားပြီ
    “တကယ်လို့များ အခုလိုလုပ်ခလစာမျိုးနဲ့ ကျုပ်တို့နိုင်ငံတွင်းမှာပဲ မိသားစုနဲ့အိုးမကွာအိမ်မကွာ လုပ်နေရရင်ဘယ်လောက်ကောင်းလိမ့်မလဲလို့ကျုပ်ဦးနှောက်သေးသေးလေးနဲ့ တွေးနေမိတာလဲ”

  • အရင့်ရောင်

    September 18, 2012 at 2:06 pm

    ထွန်းပြောင် တို့ လုပ်လိုက်မှဖြင့်
    ရွာဦးကျောင်းက ဆရာတော် ကိုတောင် အလွတ်မပေးဘူးနော်
    ဟိဟိ

  • manawphyulay

    September 18, 2012 at 3:37 pm

    ဒီမယ်ဦးထွန်းပြောင်…
    မြရင်ပဲ သတိရမနေနဲ့..ဂျီးဒေါ်ပုက မင်း မလေးရှားသွားဖို့ အိမ်တွေ၊ လယ်တွေ ပေါင်နှံ ရောင်းချပေးလိုက်တာကိုလည်း မမေ့ပဲ အကြွေးပြန်ဆပ်ဖို့ သတိရဦး…
    ဆရာတော်ကလည်းပြောနေတယ်။ မင်း ပို့မှာက ဘယ်ချိန်မှပြန်လာမယ်မှန်းမသိတဲ့အချိန်မှ ယူလာမယ်လုပ်နေတယ်တဲ့။ မင်းပို့ချင်ရင် လူကြုံနဲ့ထည့့်ပို့လိုက်တဲ့ တောင်ပိုင်းက ကိုရင်သာအေးက ဒီနှစ်မကုန်ခင်ပြန်လာမယ်ပြောသံကြားတယ်…. 😛

  • Shwe Tike Soe

    September 18, 2012 at 4:22 pm

    ကိုရင်ထွန်းပြောင်ရေ……. တကယ့်ကို ခံစားသွားရပါကြောင်း ပြောချင်ပါတယ်..
    ကျွန်တော် တို. လူငယ်တွေ ဘွဲ.ရရင် နိုင်ငံခြားသွား အလုပ်ကြမ်းလုပ် ကျောင်းတက် သူများနိုင်ငံမှာ အလုပ်လုပ် ကိုယ့်နိုင်ငံကိုပြန်လာတော့ရော ကြီးပွားလာသလားဆိုတော့ ကြီးပွားမလာ ဘာမှမလုပ်တတ် နိုင်ငံခြားပြန်သွားးးးးးးးးး ဒါတွေ တွေ.နေရတယ်လေ…..
    အဲဒါဘာလို.လဲ ဆိုတော့……………အင်းးးးးးးးးးးးးးးးးးးး

    မပြောတော့ဘူးးးးးးးးးးးး မပြောတော့ဘူးးးးးးးးးးး ပြောာာာာာာာာာာကိုးးးးးးးးးမပြောချင်ဘူး

  • may flowers

    September 18, 2012 at 6:10 pm

    အားပေးခံစားသွားပါတယ် ကိုထွန်းပြောင်ရေ..အော်ဒါနဲ့..သဂျီးကော့မန့်ကိုမကြိုက်လို့..နီပေးခဲ့တယ်..

    ဒီမိုရွာပဲ ဒီလောက်တော့ရပါတယ်နော်..။

  • Crystalline

    September 18, 2012 at 6:31 pm

    ကိုထွန်းပြောင် တယောက်ရွာပြန်တော့မယ်ဆိုပြီး မောင်ကြီးမပြန်နိုင်ဖြစ်နေပြန်ပေါ့.

  • မောင်ပေ

    September 18, 2012 at 7:32 pm

    ကိုထွန်းပြောင် နဲ ့မမြရင်တို ့အမြန်ဆုံး ပြန်ဆုံတွေ ့ပြီး ကိုယ့်ရပ်ကိုယ့်ရွာမှာ အခြေစိုက်နိုင်ကြပါစေဗျာ

    • ထွန်း ပြောင်

      September 18, 2012 at 8:27 pm

      ကို San Hla Gyi ရေ
      ခုလိုအားပေးတဲ့တွက် ကျေးဇူးလည်းတင်မိသလို
      သဂျီးရဲ့ ကွန်မန့်ကို ကူညီဖြေရှင်းပေးတဲ့အကို့စေတနာကိုလဲလေးစားမိပါတယ်ဗျာ……..
      ဒါပေမယ့် သူဂျီးရဲ့ ကွန်မန့်ကိုဖတ်ရတဲ့အချိန်မှာ ကျွန်တော့်လို လူသစ်တစ်ယောက်အနေနဲ့
      စိတ်ပျက် အားလျော့သွားမိတာတော့အမှန်ပဲဗျာ….သူ့စွပ်စွဲချက်တွေက ကျွန်တော့်အတွက်တော့ တစ်ဆိတ် ပြင်းထန်လွန်းနေသလားလို့ပါ.. အခါခွင့်သင့်ရင်တော့ ကျွန်တော်လဲ ထောက်ပြနိုင်ဖို့
      ကြိုးစားပါအုံးမယ်……

      • San Hla Gyi

        September 18, 2012 at 8:55 pm

        ကိုထွန်းပြောင်
        မဟုတ်ပါဘူးဗျ။ ကျနော်က သူကြီးရဲ့ ကွန်မန့်ကို ဖြေရှင်းတာ မဟုတ်ပါဘူး။ သူဒီလို ကွန်မန့်မျိုး မရေးလဲ ကျနော်က ဒီလိုပဲ ပြောမှာပါ။ ကျနော်ပြောတာ မယုံရင် ခင်ဗျားကိုယ့်ပို့စ်ကို ကိုယ်သတိထားပြီး ကြည့်ပါ။ စရေးတာမို့လို့ သတိမထားမိတာ ဖြစ်ပါလိမ့်မယ်။ ခင်ဗျားရေးတာ ရသပါဗျ။ သေချာပါတယ်။ အဲဒီနေရာမှာ ယောင်ပြီး တိုင်းပြည်ကို ဘယ်လိုပြောင်းလဲမယ်တို့ ဘာတို့ထည့်ရေးရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတော့ ခင်ဗျားဟာက အပေါ်က ခေါင်းပေါင်းနဲ့ တိုက်ပုံဝတ်ပြီး အောက်က ဂျင်းဘောင်းဘီ ဝတ်လာသလို ဖြစ်လိမ့်မယ်။ ဒါမှမဟုတ်လည်း အပေါ်က စပို့ရှပ်တွေ တီရှပ်တွေ ဝတ်ပြီး အောက်က ရခိုင်လုံချည်နဲ့ ကတ္တီပါဖိနပ်စီး လာသလို ဖြစ်သွားမယ် ထင်တယ်။ ယေဘူယျတော့ ပြောချင်ရင် ပြောနိုင်တယ်ပေါ့ဗျာ။
        ဒါမှမဟုတ်လည်း သီးသန့် ဒီစနစ်တွေကို ဘယ်လိုပြင်မလဲ ဆိုပြီး အတွေးအခေါ် ဆောင်းပါး သီးသန့်ရေးပေါ့ဗျာ။ အမှန်တော့ ကျနော်က ဒီပို့စ်ကို ကြုံလို့ပါ။ လောလောဆယ် ကျနော်က ဆွေးနွေးမလို့ စောင့်နေတာပါ။

        • ထွန်း ပြောင်

          September 18, 2012 at 9:56 pm

          အင်း ………………………..
          ဟုတ်ပါတယ်ဗျာ San Hla Gyi………..အကိုပြောတာမှန်တယ်ဗျ..
          ကျွန်တော့်ဇာတ်ကောင်တွေအခြေနေက ပြောင်းလဲဘို့
          ကိစ္စထည့်ပြောရနိုင်တဲ့ အခြေနေမှာလဲရှိမနေပါဘူး…သူတို့ဖြစ်နေတဲ့ ခံစားချက်
          ကြုံနေရတဲ့အခက်ခဲ နောက်ပြီး ကျေူးလက်ကလူငယ်တစ်ယောက်ရဲ့ အခြားနီုင်ငံ
          တစ်နီုင်ငံကိုရောက်သွားမှ မြင်တက်လာတဲ့ အမြင်လေးတွေ ……ဒီသဘောလေးလောက်ပါဘဲဗျာ….
          ခုလို ဆွေးနွေးပြတဲ့တွက်လဲ ထပ်ပြီးကျေးဇူးတင်ပါရစေဗျာ….

      • kai

        September 18, 2012 at 11:20 pm

        ကိုရင်ထွန်းပြောင်ခင်ဗျ..
        ချစ် ရွှင် သနား တည်ကြား ကြမ်းကြုတ် ရက်စက် ကြောက်ရွံ့ ရဲဝံ့ အံ့ဩ… ဆိုတဲ့ ရသ ကိုးပါး ရှိတယ်တဲ့ဗျ…
        အခု.. ကိုရင့်ရသစာက.. ဖတ်သူတွေကို.. တခုခုပေးနိုင်တယ်..။
        ကိုယ်တိုင်လည်း တခုခုရတယ်ဆို.. ကောင်းတဲ့ရသစာဖြစ်တာပေါ့..။ 🙂
        (အနည်းဆုံးတော့).. ကော်မန့်.. တော်တော်ရတယ်မဟုတ်လား..။

        ဆိုတော့..
        ကိုရင်စံလှကြီးရေ..
        ရသစာဟာ.. သုတစာထက် စာဖတ်သူကို.. လွှမ်းမိုးနိုင်တယ်…။
        ရသမှာ.. သုတလေးတွေညှပ်မထည့်ဖြစ်ခဲ့ရင်.. စာဖတ်သူတွေခမျာ.. သူတပါးတွေရေးနေကျ..ပုံမှန်အတိုင်းပဲ.. အတွေးအခေါ်တွေ.. ရှေးစွန်းစွဲပြီး.. သံသရာ(ချာလပါတ်) လည်နေတတ်လို့ပါ..။
        အဲဒါကို ထောက်ပြတာဖြစ်ကြောင်း..။
        ကျုပ်က…. ရေးသူ..ဖတ်သူတွေအတွက်.. အတွေးတခုရအောင်.. ဆွဲထုတ်ချပေးခြင်းသာဖြစ်ပါကြောင်း..ရယ်.. :mrgreen:

        • MaMa

          September 19, 2012 at 7:42 am

          ဒီရွာသဂျီးရဲ့ ထိန်းကျောင်းမောင်းနှင်မှုတွေကို ရွာထဲမှာ အနေကြာသွားရင် တန်ဖိုးသိလာပါလိမ့်မယ်။ :kwl:
          ကျမရဲ့ ပထမဦးဆုံးပိုစ့်မှာ သဂျီးမန့်တာကို ဖတ်ပြီး နောက်စာတစ်ပုဒ်မှ ရေးဖြစ်မှာ မဟုတ်တော့ဘူးလို့ ကိုယ့်ကိုယ်ကို ထင်ထားတာ….
          ဒါပေမယ့် အထင်နဲ့အမြင်တလွဲစီ ဖြစ်သွားပါကြောင်းးးးးးးးးးးး
          ကိုထွန်းပြောင်ရဲ့ နောင်လာလတ္တံသော စာများကိုလည်း စောင့်မျှော်အားပေးနေပါကြောင်းးးးးး :harr:

        • San Hla Gyi

          September 19, 2012 at 6:35 pm

          ဟုတ်ပါတယ် သူကြီးရဲ့
          ခင်ဗျား ထောက်ပြတာကို သိပါတယ်။ ဒါပေမယ့် ကျနော့်အမြင်အရ ရသစာထဲမှာ သုတထည့်နိုင်ပေမယ့် အပေါ်ယံ အခြေအနေကို အကြမ်းလောက်ပဲ ထည့်လို့ရလိမ့်မယ်လို့ ယုံတယ်။ ဥပမာ သူဒီပို့စ်မှာရေးတဲ့ တိုင်းပြည်အခြေအနေ ကောင်းလာအောင် ရွာဦးစေတီမှာ ဆုတောင်းပါဆိုတာကို သူကြီးမကြိုက်ရင် solution အနေနဲ့ မကြည့်ပါနဲ့။ ကျနော့် အမြင်အရ ရေးသူက solution အနေနဲ့ ရေးတာ မဟုတ်ပါဘူး။ သူကိုယ်တိုင်တော့ သတိထားမိချင်မှ သတိထားမိမယ်။ အဲဒီနေရာက ကျနော့်အမြင်အရ တကယ့်အသက်ပါ။
          ဘာလို့လဲဆိုတော့ သူဒီလိုရေးမှ ဖတ်ရတဲ့ မြန်မာတွေက ဟာ ဆိုပြီး ခံစားရမှာပါ။ ဘာလို့လဲဆိုတော့ အများစုက ဗုဒ္ဓဘာသာတွေ ဖြစ်ပြီး ကိုယ်နဲ့ ပက်သက်တဲ့ဒေသမှာ တန်ခိုးကြီး ဘုရားပုထိုးတွေ ရှိတတ်သလို ဆုတောင်းတာလည်း ရှိတတ်ပါတယ်။ သူက ရွာဦးစေတီလို့ ရေးပေမယ့် ရန်ကုန်သားတွေကို ရွှေတိဂုံစေတီကြီးမှာ ဆုတောင်းဖို့ ခံစားမိပြီး ပြည်ကလူက ပြည်ရွှေဆံတော်ဘုရားကို ပြေးမြင်ပြီး လွမ်းအောင ်လုပ်တဲ့နည်းပါ။ အခြား ဒေသသားတွေကလည်း ကိုယ်နဲ့ ဆိုင်ရာဆိုင်ရာ မြင်ကြမှာပေါ့။
          ကျနော်သိသလောက် ရသစာဆိုတာ လူတွေရဲ့ နှလုံးသားတွေကို ကိုင်လှုပ်ချင်လို့ သူ့တို့ နှလုံးသားထဲမှာ ရှိထားပြီးသား အခုအခံတွေကို ကိုင်လှုပ်တာပါ။ အဲဒါကို ရှေးစွန်းစွဲဝါဒ ဖြန့်ဖြူးတယ်လို့ မကြည့်ပါနဲ့။ စကားမစပ် သူကြီးရဲ့ တော်လှန်တဲ့ အတွေးအခေါ်ရှိတဲ့ ကိုပါကြီးဆိုတဲ့ ဆရာတော့ ဆွေးနွေးမလို့ဟာကို အခုထိ ပေါ်မလာသေးဘူး။

  • မဟာရာဇာ အံစာတုံး

    September 18, 2012 at 8:29 pm

    ဦးပြောင် ရေးပြတဲ့
    ဦးပြောင် သယ်ရင်းရဲ့ ဖီလင်ကို
    ကျုပ် အပြည့်အဝ ခံစားရဘာဒယ် ..
    အဲ .. ဒါပေမယ့် မိန်းမနဲ့ ကလေးဒွေတော့ ပါဘူးပေါ့ဗျာ ..
    အနော်က လူဂျိုလေးဂိုးဂျ .. :mrgreen:
    ကိုယ်တွေ့လည်း ကြုံခဲ့ရပါတယ် .. စိတ်လည်း နာမိတယ် …

  • အရီးခင်လတ်

    September 19, 2012 at 4:50 am

    ကိုထွန်းပြောင် ရယ်
    ဒီသူကြီး ကိုတော့ ဘေးမဲ့ ပေးလိုက်ပါ။
    သူက နှစ်၁၀၀ဝ ကြိမ်စာ မက နှစ် တစ်သောင်းကြိမ်စာကတောင် လွတ်နေသူမို့။

    Post ကို ကိုယ်ချင်းစာစိတ် နဲ့ ဖတ်ပြီး အားပေးသွားပါတယ်။ 🙂

  • Black Cloud

    September 19, 2012 at 9:05 am

    လေးလေးထွန်းပြောင်ရေ……

    ခံစားချက်နဲ ့ရသကိုဖော်ကျူးချက်ကတော့ လန်ထွက်နေတာပဲဗျာ……
    သဂျီးက လက်တွေ ့ဆန်သူဖြစ်လေတော့ ရသစာပေမှာ အသိမပါ ဆားမပါတဲ့ဟင်းလို ဟာတာတာဖြစ်တာ မကြိုက်ဖူးထင်ပါရဲ့…..
    ဒါကြောင့် ကော်မန် ့မိတာပါ………
    ကိုထွန်းပြောင်လည်း ဒါမျိုးကို လက်တွေ ့ကျကျ ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆောင်ပါး ရေးသား မှူလေးများ ရှိလာရင် ဆက်လက်အားပေးပါ့မယ်လို ့ မျှော်လင့်ရင်း……..

    တိမ်မည်း…..

Leave a Reply