အနော့်ရဲ့ ဘဝကလေး ချာချာလည်

သူရႆဝါSeptember 18, 20121min18511

အနော့်ရဲ့ ဘဝကလေး ချာချာလည်
– သူရဿဝါ –

ဒီက ပရိသတ် ကြီးက ကိုရီးယား လူမျိုးတွေ ထက်တောင် ကိုရီးယား ကားတွေကို ကြိုက်ကြ သူများ ဆိုတော့ ကိုရီးယားက နာမည်ကြီး F4 ကားကို သိကြမှာ သေချာတယ်။ အဲ .. အဲဒီလိုပဲ ဂျပန်မှာလည်း F4 ဆိုတဲ့ အဆိုတော် အဖွဲ့ ရှိသေးတယ်။ အနော် ကတော့ အဲဒီ ဂျပန် အက်ဖိုးတွေ၊ ကိုရီးယား အက်ဖိုး တွေထက် တစ်ပွင့် ပိုကြီးတယ်။ ဘာလို့ ဆိုတော့ သားက အက်ဖိုက်လေ။ သူတို့က တစ်ဖွဲ့လုံး လေး ငါးယောက် ပေါင်းမှ အက်ဖိုးတွေ ဘာတွေ ဖြစ်တာ။ အနော် ကတော့ တစ်ယောက် ထဲနဲ့ အက်ဖိုက် ဖြစ်တာ ဆိုတော့ သူတို့ထက် သာတာပေါ့။ တစ်ခုတည်း .. ဒါပေမယ့် အက်ဖိုက် လို့ ပြောလို့ ရသပေါ့လေ .. ဟဲဟဲ။ အက်ဖိုးထက် သာတဲ့ အက်ဖိုက် ဆိုလို့ ဘယ်က ရုပ်ရှင် မင်းသားလဲ၊ ဘယ်က အဆိုတော် ချောချောလေး လဲလို့ စဉ်းစား နေကြ ပြီလား။ တစ်ခုမှ မဟုတ်ပါဘူး။ အနော့် နာမည်က အက်ဖိုက်။ ကွန်ပျူတာမှာ သုံးရတဲ့ ကီးဘုတ်မှာ ပါတဲ့ ခလုတ် တွေ အများကြီး ထဲက တစ်ခုပေါ့။

အခုတော့ အခွင့်အရေး ရတုန်း အနော် ခံစားရတဲ့ ဒုက္ခတွေ အကြောင်းကို ပြောပြ ချင်တာပဲ။ အနော့်ကို ပိုင်တဲ့ ပိုင်ရှင်က ဟို .. ကလော်စာ ဆိုလား ဘာဆိုလားတွေ ရေးတဲ့ မောင်ဝါဝါ ဆိုတဲ့ လူကြီးပေါ့။ သူ အနော့်ကို သိပ်နှိပ်စက် တာပဲ။ သူ ကွန်ပျူတာ ဖွင့်တော့မယ်၊ အင်တာနက် သုံးတော့မယ် ဆိုရင် အနော် အားကြီး စိတ်ညစ်တယ်။ အရင်တုန်း ကတော့ အနော့်ရဲ့ ပိုင်ရှင် မောင်ဝါဝါက အခုလို မဆိုး ပါဘူး။ ခပ်အေးအေး နေရှာတယ်။ သူ ဆိုးသွား တာက သူ့ကို အမြဲတမ်း မြှောက်ပေးတဲ့ သူ့ရဲ့ သူငယ်ချင်း စိုးမိုး ဆိုတဲ့ လူကြီးကြောင့်။ အနော့်ရဲ့ ပိုင်ရှင် မောင်ဝါဝါက စာတွေ ဘာတွေသာ သေချာ ရေးတတ်တာ .. ကွန်ပျူတာ အကြောင်းကို သိပ်ပြီး သိတာ မဟုတ်ဘူး။ သုံးတတ်တယ် ဆိုရုံလောက် တတ်တာ။ ကွန်ပျူတာထဲ စာတွေ၊ ကဗျာတွေ ရေးမယ်၊ ကွန်ပျူတာနဲ့ စာအုပ်တွေ ဖတ်မယ်၊ ဒီလောက်ပဲ အရင်က သိတာဗျ။ အဲဒီ စိုးမိုး ဆိုတဲ့ လူကြီးနဲ့ တွေ့မှ ကွန်ပျူတာနဲ့ ဂိမ်းတွေ ဘာတွေဆော့၊ ဟိုကလိ ဒီကလိ၊ အင်တာနက်သုံး ဆိုတာတွေ လုပ်တတ် လာတာ။ အနော် စပြီး ဒုက္ခ ရောက်ခဲ့ တာကလည်း အဲဒီ စိုးမိုးကြီး ကြောင့်ပဲ။ တစ်ခါသား .. စိုးမိုး ကြီးက မောင်ဝါဝါကို သင်ပေးတယ်။

“ဒီမယ် .. ဝါဝါ၊ ရှော့ကပ်တွေ သုံးစမ်း ပါကွ၊ နေရာတကာ မောက်စ်ကြီး တကားကားနဲ့ တုံးလိုက်တာ၊ ကွန်ပျူတာ ကျွမ်းတဲ့ ဆရာကြီးတွေ ဆိုတာ မောက်စ်တွေ ဘာတွေကို သိပ် ဂရုစိုက်တာ မဟုတ်ဘူး၊ ရှော့ကပ် နဲ့ပဲ အလုပ် လုပ်ကြတာ .. အလုပ် လည်း ပိုတွင် တာပေါ့ကွာ .. အဟင်းဟင်း” တဲ့။ သူပြောတဲ့ ရှော့ကပ် ဆိုတာက ကွန်ပျူတာတို့ အင်တာနက်တို့ သုံးရင် မောက်စ်နဲ့ လှမ်းပြီး လက်ဖ် ကလစ်တွေ၊ ဝရိုက် ကလစ်တွေ မနှိပ်ဘဲ ကွန်ပျူတာ ကီးဘုတ်မှာ ပါတဲ့ ခလုပ် တွေကို မောက်စ် အစား တွဲသုံးတဲ့ အတိုကောက် အလွယ်နည်းကို ပြောတာ။ ပြီးတော့ စိုးမိုးကြီးက မောင်ဝါဝါကို သူသိထား သမျှ ဝင်းဒိုး ရှော့ကပ်တွေ၊ အင်တာနက် ရှော့ကပ်တွေ သင်တန်း ပို့ချ တော့တာပဲ။ အဲဒီ ကတည်းက အနော် ကတော့ လန့် နေပြီ။ အနော့် ပိုင်ရှင် မောင်ဝါဝါ အကြောင်း အနော်က သိပ် သိတာပေါ့။ “လူကြည့်တော့ အနူ၊ စားချင် တာက တူနဲ့” ဆိုသလိုပဲ။ ဘာမှသာ မတတ်တာ၊ ဆရာကြီး လုပ်ပြီး တအား ကြွားချင် တာလေ။

အဲဒီ နေ့က စပြီး မောင်ဝါဝါ တစ်ယောက် ရှော့ကပ် တွေကို ရေရေ လည်လည် သုံးပါ လေရောလား။ ကွန်ပျူတာလေး လော့ချမယ် ဆိုရင် ဝင်းဒိုးကီး လေးနဲ့ အယ်လ် လေးနဲ့ တွဲနှိပ် လိုက်ရမှ၊ ကွန်ပျူတာ ပိတ်မယ် ဆိုရင် အောလ်တားနဲ့ အက်ဖိုး လေးနဲ့ တွဲနှိပ် လိုက်ရမှ ကျေနပ်တာ။ တစ်ခါ တလေ မေ့ပြီးတော့ မောက်စ်နဲ့ ရှပ်ဒေါင်း ခလုပ်ကို နှိပ်မိရင်တောင် သူ့နဖူး သူရိုက်ပြီး “အောင်မလေး .. မေ့တော့မလို့ …” ဆို အော်ပြီး ကန်ဆယ်လ် ပြန်လုပ်၊ ပြီးမှ အောလ်တားနဲ့ အက်ဖိုးကို နောက်တစ်ခေါက် ပြန်နှိပ် တော့တာရယ်။ မောင်ဝါဝါ အင်တာနက် မသုံးခင် အချိန် အထိတော့ သူ့ရဲ့ ရှော့ကပ် ရောဂါက အနော့်ကို သိပ်မထိခိုက် လှပါဘူး။ တစ်ခါတလေ စက်တွေ ဘာတွေ ဟမ်းလို့ နမ်းလော့ခ် (Num Lock) တွေ လျှောက်နှိပ်၊ ရီဖရက်ရှ် လုပ်ချင်ရင် အက်ဖိုက် ဆိုတဲ့ အနော့်ကို တဂျောင်းဂျောင်း လာနှိပ်။ ဒီလောက်ပဲ။ ဒါတောင် ကွန်ပျူတာကို ကောင်းတာ မဝယ်ဘဲ ကပ်စေးနည်းပြီး ဈေ းပေါတာ ဝယ်ထားတာ ဆိုတော့ စက်ကလည်း အခုနောက်ပိုင်း ခဏခဏ ဟမ်းတယ်။ ဟမ်းရင်လည်း သူက ခပ်တည်တည် ဆရာကြီး ဂိုက်နဲ့ မျက်မှောင်ကြီး ကြုံ့ပြီး အနော့်ကို တဗြင်းဗြင်း နှိပ်လို့ ရီဖရက်ရှ် လုပ်တာပဲ။

အဲ .. အနော် ဒုက္ခ တွင်တွင် ရောက်တာ ကတော့ သူ အင်တာနက် သုံးတတ် လာတဲ့ အချိန်မှာဗျို့။ တစ်နေ့သား မောင်ဝါဝါ အင်တာနက် သုံးနေရင်း တန်းလန်း ကော်နက်ရှင် ကျပါ လေရော။ ဖြစ်ချင်တော့ မောင်ဝါဝါ ကြီးက ဖွတ်ဘုတ် ဆိုလား ဘာဆိုလား ကြီးထဲ ကောင်မလေး တစ်ယောက်နဲ့ ချက်နေတဲ့ အချိန်ပေါ့။ ကော်နက်ရှင် ကျသွားတော့ စကား ပြောနေရင်း တန်းလန်းနဲ့ မောင်ဝါဝါကြီး ဖီးလ်ငုပ် သွားတယ် ထင်ပါရဲ့။ အနော့်ကို ဆယ်စက္ကန့်ခြား တစ်ခါလောက် နှိပ်တော့တာပဲ။ ပထမတော့ အသာတကြည် အေးအေး ဆေးဆေး နှိပ်တာ ပါပဲ။ ငါးမိနစ် ဆယ်မိနစ် လောက် ကြာတဲ့ အထိ ကော်နက်ရှင် ကလည်း ပြန်တက် မလာ၊ ကောင်မလေး နဲ့လည်း စကား ဆက်ပြောလို့ မရတော့ စိတ်တွေ တိုလာပြီး …

“ဒီကော်နက်ရှင် ကျပြန်တော့ ကုန်ဈေ းနှုန်းနဲ့ ပြောင်းပြန်၊ သူ့မလဲ ကျချည်း ကျနေတော့တာပဲ၊ ကြာတော့ စိတ်က မရှည်ချင် တော့ဘူး တကယ် ..” ဆိုပြီး တစ်ယောက်တည်း အော်ဟစ်ပြီး အနော့်ကို “ရီဖရက်ရှ်.. ရီဖရက်ရှ်” နဲ့ နာမည်ကြီး တ,တပြီး နှိပ်တော့တာပဲ။ ကော်နက်ရှင် ဆိုတာ ကလည်း သူနှိပ်မှ သူ့ကို အမြင်ကပ် လို့လား မသိ၊ ပြန်ကို တက်မလာ ဘူး။ အဲဒီ ကော်နက်ရှင် မတက်လေ၊ မောင်ဝါဝါကြီး ဒေါသတွေ ထွက်လေ၊ အနော့်ကို စွပ်နှိပ်လေပဲ။ ဒေါသ ထွက်တော့ လက်ကပါ ကြမ်းလာ တာပေါ့။

“အား … မရတော့ဘူး၊ ဒေါသ ထွက်လာပြီ၊ ငါ သည်းမခံနိုင်တော့ဘူး၊ လုပ်လိုက်ရရင် ဒီကော်နက်ရှင်တော့ အတောင့်လိုက် အသက်ထွက် ကုန်တော့မယ်”
“ဗြောင်း ..”
အနော့် ခေါင်းတွေ ချာချာလည် သွားတယ်။ ဇက်လည်း အတော်ကို ပုပြီး ဝင်သွားတယ်။ ဘယ့်နှယ်ဗျာ .. သူ့ဟာသူ မတက်တဲ့ ကော်နက်ရှင်ကို ဒေါသထွက်ပြီး သတ်ချင်တာ .. အနော့်ကို ဘာမဆိုင် ညာမဆိုင် အားကြီးနဲ့ အတင်း ဖိရ သလားလို့။ အနော့်မှာ နာလွန်းလို့ မျက်ရည်တောင် ဝဲတယ် …. တကယ်။ ကျတာက ကော်နက်ရှင်၊ အထု ခံရတာက အနော် .. ဘာမှလည်း မဆိုင်ဘဲနဲ့။

အဲဒီ နောက်ပိုင်းတော့ ကော်နက်ရှင် ကပဲ ပိုပို ကျသလား၊ မောင်ဝါဝါပဲ အရင်ထက် ဒေါသကြီး လာသလား မသိပါဘူး။ အနော့်မှာ ခဏခဏ အဖိနှိပ် ခံနေရ တော့တာပဲ။ နှိပ်လိုက် တိုင်းလည်း ဒေါသကြီးနဲ့ အားကြီးနဲ့။ ရီဖရက်ရှ်တွေ စွပ်နှိပ်ရင် ကော်နက်ရှင် ပြန်တက် လာမယ် လို့များ စိုးမိုး ဆိုတဲ့ လူကြီး သင်ပေး သွားပြန် ပြီလား မသိပါဘူး .. ဘာမှလည်း မဆိုင် ဘဲနဲ့ ဟာကို။ မခံနိုင် လွန်းလို့ နာကျင် ညည်းညူပြီး “သူ့ ကွန်ပျူတာ ကြီးသာ တပ်စခွင် ဖြစ်လိုက် စမ်းပါတော့လား” လို့ မကြား တကြား ပြောမိ ပြန်တော့ ကွန်ပျူတာ မော်နီတာ ကြီးက အနော့်ကို မျက်စောင်း လှမ်းထိုးပြီး “ဘာကွ .. ဒီလောက် ကြမ်းတမ်းတဲ့ လက်ကြီး တွေနဲ့ တစ်ချိန်လုံး မင်းတို့ ခလုပ် တွေကို နှိပ်နေတာ ကြည့်ရ ကတည်းက ငါ ကြောက်နေတာ၊ တပ်စခွင်သာ ဖြစ်လို့ ကတော့ ငါ့မျက်နှာကြီး အခုလောက်ဆို ချိုင့်တွေ၊ ခွက်တွေနဲ့ ဖြစ်နေ တော့မှာပေါ့ .. တိုးတိုးနေ” လို့ ပြန်ဟောက်တယ်။ အနော်လည်း ဘာမှ မပြောရဲတော့ ပြန်ဘူး။

အခုတော့ အနော် တိတ်တိတ်လေး ဆုတွေ ပေါင်းစုံ တောင်းတတ် လာပြီ။ “မြန်မာ အင်တာနက် ယူဇာတွေရဲ့ ဆန္ဒနဲ့ အနော်နဲ့ အတူတူပါပဲ .. ကော်နက်ရှင်ကြီး ကျ, ကျ မနေပါ စေနဲ့တော့ ဘုရား”၊ “ကျမယ် ဆိုလည်း မောင်ဝါဝါကြီး အနော့်ကို ခဏခဏ မနှိပ် ပါစေနဲ့”။ ဒါမှမဟုတ် .. “ကော်နက်ရှင် ကျတဲ့ နေရာက လူရဲ့ ကွန်ပျူတာ ထဲက အက်ဖိုက် မဖြစ် ပါရစေနဲ့”။ ဒီလိုမှ မဟုတ်လည်း .. “ကော်နက်ရှင် ဘယ်လို ကျကျ .. ဘယ်လို လူရဲ့ လက်ထဲ ရောက်ရောက် ဖြစ်လေရာ ဘဝမှာ တခြား ခလုပ် ဖြစ်ရင် ဖြစ်ပါစေ၊ အက်ဖိုက် ဘဝကို ဘယ်တော့မှ မရောက် ပါစေနဲ့”။ အို .. ရှုပ်ပါတယ်လေ .. အားလုံးကို ပေါင်းပြီး တစ်ခါတည်း ဆုတောင်း လိုက်တော့မယ်။ “နောင် ဖြစ်လေရာ ဘဝမှာ .. ကော်နက်ရှင် ကျတဲ့ နေရာမှာ အင်တာနက် အမြဲတမ်း သုံးတဲ့ မောင်ဝါဝါရဲ့ ကွန်ပျူတာထဲက အက်ဖိုက် ဘဝကို မရောက် ပါရစေ .. စေ ..”

အနော့် ဆုတောင်း လေးတောင် မဆုံးလိုက် ပါဘူး။ ထုံးစံ အတိုင်း ကော်နက်ရှင် ကျလို့ စိတ်တို နေတဲ့ မောင်ဝါဝါရဲ့ အသံဝါကြီးနဲ့ ဒေါသ တကြီး အော်ဟစ်ကြိမ်းမောင်း သံကို သတိမလစ်ခင် နောက်ဆုံး ကြားလိုက်ရပြီး လောကကြီး တစ်ခုလုံး ချာချာလည် သွားပါတော့တယ်။

“တယ်လေ .. ကျနေပြန်ပြီ .. ဒေါသတွေ အချောင်းလိုက် ထွက်လာပြီကွာ .. ငါ စိတ်ရှိလက်ရှိ လုပ်ထည့် လိုက်တော့မယ်”
“ဗြောင်း ..”

၁ဝ – စက်တင်ဘာ -၂၀၁၂

11 comments

  • Mon Kit

    September 18, 2012 at 11:40 am

    ခိ..ခိ.. ခိ…
    ဖတ်ရင်းနဲ့ အသံထွက် ရယ်မိသွားတယ် အက်ဖ်ဖိုက်လေးရယ်…
    ဘာတဲ့…
    “ဒီကော်နက်ရှင် ကျပြန်တော့ ကုန်ဈေ းနှုန်းနဲ့ ပြောင်းပြန်၊ သူ့မလဲ ကျချည်း ကျနေတော့တာပဲ၊၊””
    😀

  • ကထူးဆန်း

    September 18, 2012 at 11:50 am

    မောင်ဝါဝါ ရဲ့ F5 လို ကထူးဆန်း F5 လည်းဒီနေ့ ကစပြီး နာပြီ..

  • pooch

    September 18, 2012 at 11:52 am

    သိသလောက်တော့ F4 ရဲ့ မူရင်းအစက တရုတ်ဖက် က ထိုင်ဝမ်မင်းသားတွေက စတာ။ နောက်မှ ဂျပန် နောက်မှ ကိုရီးယားကိုကူးသွားတာ။ တရုတ် F4 တုန်းကလည်း ဟုန်းဟုန်းတောက်နာမည်ကြီးသွားတာ။
    နောက်ပိုင်း ဂျပန်ကတော့ သိပ်မအောင်မြင်လှဘူး။ ကိုးရီးယားကတော့ အားလုံးကိုကျော်ပြီး တစ်ချိတ်သွားတယ်။ 😀

    F5 ကတော့ ရှော့ကတ်မသုံးလို့ သိပ်မနှိပ်ဖြစ်ပါဘူး။

  • Moe Z

    September 18, 2012 at 12:19 pm

    all in one keyboard ထဲက F5 လေးကတော့ စာလုံးတောင်ပျက်နေပြီ 😀

  • ဒဿ ဖွတ်ကျား

    September 18, 2012 at 12:52 pm

    သို့
    အက်ဖိုက်

    ညည်း ဘဂျီး ဖြစ်တဲ့ ကျုပ် ဦးအန်းတား မျက်နှာကိုမှ မထောက်
    ညည်းကပဲ ညည်းရတယ် ရှိသေး … ညည်းဒေါ်လေး
    စပေ့စ်ဘားကလည်း ပိန်ပိန်ရှည်ရှည် သူ့ ခန္ဒာကိုယ်လေးနဲ့မှမလိုက်
    လက်မဒဏ်တွေ ခံရရှာတာပါအေ… ညည်းကမှ တော်သေးတယ်..
    သူ့ခညာ ဘယ်ဘက် လက်မဂျီးဒွေနဲ့ ဒဂျောင်းဂျောင်း အဖိခံရရှာတာကလား..

    ဒက်ဗလော့ပါ ဆိုတဲ့ အူးလေးဂျီးတွေများပေါပါတယ်..
    အန်းတာ ဆိုတာ တိုက်ပင် လက်ကွက်အရ ညာဘက်လက်သန်းနဲ့ ဖိရတာလို့
    မှတ်မိတာပါပဲ … လူများ စီရင် ..ညာဘက် လက်ခလည်ဂျီးနဲ့ …ဂျောင်းကနဲ ဂျိုင်းကနဲ…
    တိုက်ပင် ကိုကိုမမ တွေလည်း ထိုနည်းလည်းကောင်းပါပဲအေ…
    ညည်းက ကျုပ်တို့ လင်မယားထက်စာရင် အတော်လေး သက်သာပါသေးဒယ်…
    နောက်မညည်းနဲ့စ်..
    ဒါဘဲစ့်…

    ပုံ
    ဦးအန်းတား ဒေါ်စပေ့စ်ဘား
    ကီးဘုတ် မြို့ ၊ ကွန်ပူတာ နိုင်ငံ။

    :mrgreen:

    😆

  • မောင်ပေ

    September 18, 2012 at 2:24 pm

    ကွန်နက်ရှင်နဲ ့ပတ်သက်ပြီး လျော်ကြေးတွေ ပေးတော့မှာ ဆိုလားပဲ
    အဲဒီအချိန်…. အဲဒီအချိန် အက်ဖ်ဖိုက်လဲ နားရတော့မှာပါနော

  • Ma Ei

    September 18, 2012 at 2:36 pm

    ကီးလေးတွေ စကားပြောတတ်ရင်
    အဲ့လိုတွေ ပြောမှာနော်…:D

  • လုံမလေး မွန်မွန်

    September 18, 2012 at 2:58 pm

    အနော့်ရဲ့ F5 ကတော့ send/receive လုပ်တိုင်း နှိပ်တယ်..တစ်နေ့ကို ဘယ်နှစ်ခါမှန်းတောင် မသိဘူး.. 🙂
    အဟဲ..နောက်တစ်ခုက backspace… သူကတော့ ခလုတ်တွေထဲမှာ အလုပ်လုပ်ရဆုံးပဲ… 😛

  • Shwe Tike Soe

    September 18, 2012 at 3:41 pm

    ကိုဝါဝါ ကီးဘုတ်က F5 ကီးက သူကို မကျေမနပ် ကြိမ်ဆဲနေတာ ကျွန်တော်တို. ကိုင်တဲ့ကီးဘုတ်ဆိုလို.ကတော့ နေတိုင်း ဆဲနေရတော့မှာ ပဲ Program ရေးပြီး run ရင် အဲဒီ F5 ကြီးပဲ နှိပ်နှိပ် run ရတာလေ………. အဟီးးးးးးးးးးးးးးးးးးးးး

    အခုဆို F5 စာလုံးတောင် မပေါ်တော့လို. ကော်ရက်ရှင်ပန်နဲ. ရေးထားရတယ်… ခိခိခိ

  • kotun winlatt

    September 18, 2012 at 3:47 pm

    ကွန်နက်ရှင်အကြောင်းပြောရရင် ပြောမဆုံးပေါင် တောသုံးတောင်ပါ…
    f5လေးကို တနားဘာဒယ်…

  • etone

    September 18, 2012 at 4:58 pm

    အနော့်လက်ပကျွတ်လေးဆို … F5 တင်မကဘူး .. ကီးအတော်များများ ခဏခဏကျွတ်တောင်ထွက်တယ် … ။ ဆယ့်နှစ်ရာသီတိုင်း စိတ်တိုလို့ ကိုင်စောင့်လိုက် ၊ ကီးကိုဖိလိုက်လို့ နိမ့်သွားလျှင် ခွာထုတ်လိုက်နဲ့ ခလုတ်လေးတွေ ခမျာ ခဏခဏကျွတ်ထွက်ကျရရှာတယ် ။ 😛 😛

Leave a Reply