နင့်နင့်…နဲနဲ..နွမ်း

အောင် မိုးသူSeptember 18, 20121min22015

“လှည်းတန်း…လှည်းတန်း” လို့ အော်နေတဲ့ နံပါတ်(၃)ကားပေါ်ဆီ ကျွန်တော်ပြေးတက်လိုက်သည်။ ကြပ်ညပ်လွန်းတဲ့ ဒိုင်နာကားပေါ်မှာ ခေါင်းခန်းကမစီးနိုင်တော့လည်း ကားနောက်ကပဲ တွယ်လိုက်ရတော့သည်။ နေညိုချိန်တိမ်တောက်တဲ့ အကျည်းတန်းလှချိန်လေးမှာ အိမ်ကိုပြန်မယ့် အလုပ်သမား အများအပြားနဲ့ ကားလေးက မဆန့်အောင်ပါပဲ။ အားလုံးလိုလို အိမ်ပြန်ချင်နေကြပြီလေ..။ ကျွန်တော်ကတော့ ဘောင်းဘီအိတ်ကပ်ထဲမှာ ပါလာတဲ့ ပိုက်ဆံ(၁၂၀၀)ကို အသာစမ်းကြည့်ရင်း လက်တစ်ဖက်ကလည်း ကားနောက်တန်းလမ်းရမ်းကိုကိုင်ပြီး ရင်တမမနဲ့… ရန်ကုန်မြို့ရဲ့ စည်ကားလွန်းတဲ့ ကိုရွှေလှည်းတန်းဆီကိုပေါ့….။

” လှည်းတန်းလမ်းဆုံ…ရောက်ပြီနော်…”

ယာဉ်အကူရဲ့ အော်ဟစ်သံနဲ့အတူ ကျွန်တော်လည်း တန်းကိုကိုင်ထားတဲ့လက်ကိုဖြုတ်ကာ… အမြန်ခုန်ဆင်းရတော့တယ်…။ ရန်ကုန်သားဆိုတော့လည်း ရန်ကုန်ကကားအကြောင်းတွေ နောကျေနေပြီးသား လေ။ စဉ်းစားနေရင်းနဲ့မှ ဘောင်းဘီအိတ်ကပ်ကို ကပျာကယာစမ်းကြည့်မိတယ်…။ ဟူး….တော်သေးတာပေါ့.. လှည်းတန်းကို လာသာလာရတာ..လက်ထဲမှာရှိတာက ငွေ (၁၂၀၀)တည်း…။ သူငယ်ချင်းတစ်ယောက်က အလုပ်ကိစ္စအကူအညီတောင်းလို့သာ လာရတယ်…။ လှည်းတန်းကို မရောက်တာ ခြောက်လစွန်းစွန်းတောင် ရှိရော့မယ်…။ ကိုရွှေလှည်းတန်းက အရင်အတိုင်းစည်ကားတုန်းပါပဲ…။ ကျောင်းသား ၊ အလုပ်သမား ၊ ဈေးသည် ပေါင်းစုံနဲ့ လှည်းတန်းပတ်ဝန်းကျင်ကို ကျွန်ခြေချမိပြန်ပြီ။

***************************************

အမှန်ပြောရရင်တော့ လှည်းတန်းပတ်ဝန်းကျင်နဲ့ ကျွန်တော်မရင်းနှီးပါဘူး။ ဒါကြောင့်လည်း မရောက်ဖြစ်တာပေါ့…။ လှည်းတန်းမှာ အဆာပြေတစ်ခုခုစားမယ်ဆိုရင်တောင်… အနည်းဆုံး ” ငါးရာ” တော့ ပြေးမလွတ်ဘူး။ ညနေစောင်းပြီဆိုရင် လမ်းမဘေးမှာ မုန့်ဆိုင်တန်းတွေက တစ်ပုံကြီး….။ ရှမ်းခေါက်ဆွဲ ၊ မြီးရှည် ၊ အကင် ၊ မုန့်ဟင်းခါး ၊ ငါးကင်ကအစ အကုန်အစုံပဲ…။ နယ်ကလာပြီး ကျောင်းတက်သူတွေ ၊ အလုပ်လုပ်သူတွေ ၊ အဆောင်နေတဲ့သူတွေ ပေါလွန်းပြီး… နေ့တိုင်းလိုလို ပျားပန်းခတ်နေတဲ့ လှည်းတန်းကို ကျွန်တော်သိပ်မနှစ်သက်ခဲ့တာတော့ အမှန်ပဲ….။ အဓိကအကြောင်းရင်းက ငွေကြေးတတ်နိုင်တဲ့သူတွေအဖို့ လှည်းတန်းက နေပျော်စရာကောင်းနေတော့တာ…. ကြည့်လိုက်ရင် ခုခေတ်ပြောသလိုလို အလန်း..အလန်း တွေချည်းလေ…။ တကယ်နွမ်းပါးတဲ့သူတွေအတွက်တော့ လှည်းတန်းဆိုတာ သူတို့အတွက် သရော်လှောင်ပြောင်နေတဲ့ သတ္တဝါတစ်ကောင်းလိုပဲ…။ အခုတော့…အဲသည်မျက်နှာချင်းမဆိုင်ချင်တဲ့ သတ္တဝါ တစ်ကောင်လှဲလျောင်းရာနေရာကို ကျွန်တော်ရောက်လာရပြန်ပြီ…။

လက်ထဲကနာရီကြည့်မိတော့… ချိန်ထားတဲ့အချိန်ထက် ကျွန်တော်နည်းနည်း စောရောက်သေးတာပဲ..။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်ကိစ္စဆိုတော့လည်း စောင့်ရမှာပေါ့…။ အမြဲတမ်းစောစောရောက်တတ်တဲ့ ကျွန်တော် ရောက်တဲ့နေရာတိုင်းလိုလိုမှာ… အရသာကောင်းပြီး ဈေးနှုန်းချိုသာတဲ့ စားသောက်ဆိုင်လေးတွေကို သိထားရဖို့လည်းလိုတယ်လေ..။ ဒါမှပဲ ကျွန်တော်တို့လို ငွေကြေးတိုင်းထွာသုံးရသော သူတွေအတွက် အိန္ဒြေရနိုင်မှာမဟုတ်လား…။ ” တစ်ခါသေးဖူး ပျဉ်ဘိုးနားလည်” ဆိုသလိုပဲ မုန့်ဆိုင်တစ်ဆိုင်မှာ ငွေရှင်းကာနီးမှ အရမ်းဈေးကြီးတဲ့ဆိုင်နဲ့တွေ့လို့ အရှက်ကွဲမလိုလိုတောင်ဖြစ်ဖူးသေးတာ… အဲတုန်းက ကံကောင်းတော့ တူတူထိုင်တဲ့သူငယ်ချင်းက နားလည်တာနဲ့ အဆင်ပြေသွားတယ်…။ ဘယ်လိုဆိုင် ဘယ်လိုနေရာ ရွေးရမယ်ကို တဖြည်းဖြည်းအချိန်ကသင်ပေးသွားတာပေါ့…။ ကိုယ်မသိတဲ့ဆိုင်ထိုင်မယ်ဆိုရင် လည်း ဈေးနှုန်းအရင်မေးတတ်တဲ့အကျင့်က ခုဆိုစွဲနေပြီ…။

လှည်းတန်းရောက်ရင်တော့ ကျွန်တော်ဒီဆိုင်ေးလကိုပဲ ထိုင်ဖြစ်တယ်လေ…။ ဈေးနှုန်းသင့်တယ်။ မြင်ကွင်းကောင်းတယ်။ သူငယ်ချင်းကိုလည်း “ice berry” မှာစောင့်နေမယ်လို့ ပြောလိုက်ပြီးသားဆိုတော့ အိုကေတာပဲ…။ ဒီလိုဆိုင်တွေမှာလဲ များများစားမစားသောက်တတ်ဘူး အအေးတစ်ခွက်လောက်နဲ့ ဆိုင်အပြင်ဘက်ခင်းထားတဲ့ ထိုင်ခုံမှာ အေးဆေးထိုင်လို့ရတယ်ဆိုတော့လည်း ကောင်းချက်ပေါ့…။ အအေးတစ်ခွက် “၃၀၀” နဲ့…. လှည်းတန်းရဲ့ အရောင်စုံရှုပ်ထွေးနေတဲ့ အလှကိုလည်း ခံစားလို့ရတယ်..။ တွေးနေရင်းနဲ့ သူငယ်ချင်းကရောက်လာပြီ…။

“အောင်ကြီး…ကြာပြီလားကွ.. စောင့်နေတာ ငါသင်တန်းဆင်းတာ နောက်နေလို့ကွာ”

“ရပါတယ်..ငါမျိုးရာ..မကြာသေးပါဘူး။ နေပါဦး…မင်းက ဘာသင်တန်းတွေတက်နေတာလဲ..”

“ အင်ဂျင်နီယာ ဒီပလိုမာယူမလို့ပါကွာ.”
“သင်တန်းကြေးက ဘယ်လောက်လဲကွ….”

“၂၅၀၀၀၀-၃၀၀၀၀ဝ တော့ပေးရတယ်…စာမေးပွဲကြေးပါ ပါတာပေါ့ကွာ..”

သူငယ်ချင်းပြောလိုက်တဲ့ သင်တန်းကြေးကြောင့် မျက်ခုံးပင့်သွားရတာကျွန်တော်….။ သူနဲ့ကျွန်တော်ဟာ ငယ်သူငယ်ချင်းတွေပဲ.. အသက်တူရွယ်တူတွေ…။ ဒါပေမယ့် ဘဝတွေက အနည်းငယ် ကွာဟနေသလားလို့ ကျွန်တော်ထင်မိနေတယ်..။ ငမျိုးမိသားစုက ငွေကြေးတတ်နိုင်တဲ့အခြေအနေမှာ အခုထိ သင်တန်းတွေတက်လို့ကောင်းတုန်း…။ ကျွန်တော်ကတော့ မိသားစုအရေး ဒို့အရေးလေ… မိသားစုကြားမှာ ကျောင်းမပြီးခင်ကတည်းက လုံးလည်ချာလည်လိုက်နေရတာဆိုတော့… သင်တန်းတွေဘာတွေနဲ့တောင် အဆက်ပြတ်ချင်နေပြီ…။ တစ်နေ့တစ်နေ့…. မိသားစု စား..ဝတ်..နေ…ရေး ဆိုတာက ခေါင်းထဲမှာ ပြည့်နှက်နေခဲ့တာကိုး…။ ဒီလိုနဲ့ ငမျိုးနဲ့ အလုပ်ကိစ္စတွေပြော…. သူကတော့ စရန်ဆိုပြီး… အလုပ်လုပ်ဖို့ ငွေနည်းနည်း ကျွန်တော့်ကိုထုတ်ပေးခဲ့သား….။ ငယ်သူငယ်ချင်းတွေဆိုတော့လည်း အတွင်းသိ အဆင်းသိတွေလေ….။

“ငါဒိုးလိုက်ဦးမယ်…အောင်ကြီးရေ… ကိစ္စလေးတွေရှိသေးတယ်….”
“အေးအေး…သားကြီး… တတာကွာ…”

***************************************

သူငယ်ချင်းပြန်သွားပြီးတဲ့အချိန်ထိကို…. ထိုင်ခုံပေါ်မှာ ကျွန်တော်အတွေးတွေလွန်နေတုန်းပဲ…။

“မုန့်ဖိုးလေးပေးပါ…..”

ကျွန်တော်ထိုင်ခုံရှေ့မှာ… ရှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်…. ။ လှည်းတန်းမှာ ဒီလိုကလေးတွေများလာတာ ကျွန်တော်ခုမှသိတော့တယ်…။ အိတ်ကပ်ထဲကြည့်တော့လည်း ကျွန်တော့်ဆီမှာ ပါလာတာ ငေတစ်ထောင်ပဲကျန်တော့တယ်….။ ကျွန်တော့စားပွဲရှေ့မှာ ငမျိုးစားသွားတဲ့ ကိတ်မုန့်တစ်ပိုင်းကို အဲသည်ကောင်လေးက ကြည့်နေတယ်…။
“ဒါစားလိုက်မယ်နော်….” တဲ့… ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်တယ်….။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့်ဘေးက စားပွဲမှာ မိသားစုတစ်ခု စားသောက်နေကြတယ်…။ အဲသည်ကလေးက အဲသည်ဝိုင်းကိုမျှော်နေလို့….. အဲသည်ကျမှ သူ့မျက်လုံးတွေဘယ်ရောက်နေမှန်း ကျွန်တော်သိလိုက်ရတယ်…။ အဲသည်ကလေးရဲ့မျက်လုံး… မျက်လုံးတွေက… ကျွန်တော့်ဘေးကစားနေတဲ့ မိသားစုရဲ့ စားပွဲအောက်ကိုရောက်နေတာလေ… အဲသည်စားပွဲအောက်မှာ ကြက်အူချောင်းကင်တွေ နှစ်ချောင်းလောက်…ကို မစားရသေးဘဲ ကျနေတာကိုး…။ စားပွဲဝိုင်းက ကလေးက လက်မနိုင်လို့ ကျကျသွားတဲ့ ကြက်အူချောင်းကင်တွေပေါ့…။ အဲသည်အချိန်မှာပဲ…. စားပွဲဝိုင်းက မိသားစုက ထွက်သွားကြပြီ။ အဲသည်ကလေးဘာလုပ်မလဲ…. ကျွန်တော့်ခေါင်းထဲမှာ အတွေးကိုယ်စီနဲ့…။ သူ့ရဲ့ခြေလှမ်းတွေက… အဲသည် စားပွဲဝိုင်းကို တစ်လှမ်းချင်းစီ….။ အို…… ကျွန်တော့နှုတ်က စကားလုံးတစ်လုံးသာ လွှတ်ကျသွားတယ်….။ အဲသည်မြင်ကွင်းကို ကျွန်တော်ဆက်မကြည့်နိုင်ပါဘူး….. ကျွန်တော်လှည်းတန်းလမ်းမပေါ်သာ မျက်နှာမူလိုက်ပါတယ်…။ လှည်းတန်းလမ်းမမှာတော့ ကျွန်တော်မြင်တဲ့မြင်ကွင်းနဲ့ တခြားစီ အရောင်တောက်တောက်လူတွေက အသံတသာသာ ဟန်းဖုန်းလေးတွေ တကိုင်ကိုင်နဲ့ပေါ့…..။

ကျွန်တော့်ဘဝဟာနွမ်းပါတယ်… ငမျိုးနဲ့ယှဉ်ရင် နွမ်းပါတယ်…။ ဒါပေမယ့် ထိုကလေးလေးရဲ့ဘဝက ကျွန်တော့်ထက်ပိုနွမ်းတယ်….။ ဘာလို့များ ဒီနေရာမှာ ဘဝအဆင့်အတန်းတွေ အဲသည်လောက် ကွဲပြားနေပါလိမ့်….ဆိုတဲ့မေးခွန်းကို ကျွန်တော်မေးနေမိတယ်…။ ကျွန်တော်ဟာ အခြေခံလူတန်းစားတစ်ရပ် ထဲမှာ ပါမယ်လို့ထင်တယ်လေ… ဒါဆို ဒီကလေးကရော…။ အခြေခံလူတန်းစားထက်ကို နွမ်းပါးတဲ့သူတွေ.. ကလေးလေးတွေ… အသက်ကြီးကြီးအဖိုးအဘွားတွေ… အဲသည်လိုမျိုးဖြစ်ရပ်တွေတွေ့တိုင်း.. အိမ်ကအမေနဲ့ ကျွန်တော် တူ ၊ တူမလေးတွေ သွားသွားပြေးမြင်မိတိုင်း ရင်ထဲမှာ တမျိုးကြီးဖြစ်ဆဲပဲ…။ ဆိုင်ထဲက ချက်ချင်းပဲ ကျွန်တော်ထွက်ဖို့ ထလိုက်တယ်… ခုနကကလေးက ကျွန်တော့်ရှေ့မှာ… သူ့လက်ထဲမှာ… ကြက်အူချောင်းကင်တွေ….။  ကြက်အူချောင်းကင်တွေကို ကျတော်ကြည့်ရင်… ဘောင်းဘီအိတ်ကပ်ထဲက ကျန်သေးတဲ့ တစ်ထောင်တန်ကို လက်နဲ့စမ်းမိလိုက်တယ်….။ လှည်းတန်းလမ်းမမှာတော့… အရောင်တောက်တောက်တွေ…၊ အကောင်းစားရေမွှေးနံ့တွေ ၊ ဈေးကြီးတဲ့ မုန့်ဆိုင်တွေ ၊ ဟန်းဖုန်းသံချိုချို လေးတွေ…..။ ကျွန်တော် နင့်နင့်….နဲနဲ…နွမ်းတဲ့ဘဝတွေထဲကနေ.. ရုန်းထွက်ဆဲပါပဲ…..။

ရင်နှင့်ရင်း၍

အောင်မိုးသူ

15 comments

  • Mon Kit

    September 18, 2012 at 4:09 pm

    ဘဝတွေ… ဘဝတွေ… ဘဝတွေ…
    အလွှာ အသီးသီးနဲ့ပေါ့…
    အထက်တန်းလွှာ လူတန်းစား…
    အလယ်တန်း…
    အောက်ခြေ……
    🙁

  • အိမ်လွမ်းသူ

    September 18, 2012 at 4:38 pm

    ရင်ဘတ်ကြီး ဖြင့်ဖတ်သွားပါသည်။ ဪ… ဘဝ…. တွေ.. ဘဝ… တွေ….. မြန်မာနိုင်ငံရဲ့ နေရာတော်တော်များမှာ ဒီလိုမြင်ကွင်းမျိုးတွေကို တွေ့နေရတာဆိုတော့ စိတ်မကောင်း ယုံကလွဲ ပြီး ဘာများ တတ်နှိုင်မှာလဲဗျာ။

  • may flowers

    September 18, 2012 at 5:10 pm

    ဖတ်ပြီး ခံစားသွားရပါတယ် ..ဆက်အားပေးနေပါ့မယ် ကိုအောင်မိုးသူရေ.။

  • kyeemite

    September 19, 2012 at 3:13 pm

    ဘဝသရုပ်ဖေါ်ရေးဖွဲ့ပုံလေးကို ကြိုက်တယ်ဗျာ..
    တစ်ဆက်တည်းပဲ..စက်တင်ဘာလအတွက်
    မန်းဂဇက် ချစ်သူများစာပေဆု ရွေးချယ်ခံရတဲ့အတွက်လည်း
    ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုလိုက်ပါတယ်ဗျာ..

  • ကြောင်ကြီး

    September 20, 2012 at 7:14 am

    နွားနှောက်နီ နုနုနယ်နား နင်နို့နှိုက်နယ်နေ၊ နောက်နောင် နင်နောက်နဲ့နော် နတ်နိုင်းနိုင်း…

    • aung moethu

      September 20, 2012 at 9:41 am

      ကိုကြောင်ကြီး ဘာကောမန့်ကြီးတုန်းဗျ… စသလိုလို နောက်သလိုလိုပဲနော်။

  • Myo Thant

    September 20, 2012 at 10:10 am

    နံပါတ် ၃ ကားဆိုတာ ဟိုင်းလက်တွေပါ ၊ လှည်းတန်းရောက်တဲ့ ဒိုင်နာဆိုရင် ၉ရ နဲ့ ၁၀၂ ပဲရှိပါတယ် ၊ ရေးထားတာကောင်းပေမယ့် နံပါတ် ၃ ဒိုင်နာ လို့ ဖတ်လိုက်ရကတည်းက . . .

    • aung moethu

      September 20, 2012 at 11:39 am

      ဟုတ်တယ် ကိုမျိုးသန့်ရေ….. ကျတော်က (၃)ကား လေးတွေကို ဒိုင်နာလို့ နှုတ်က ခေါ်မိနေတုန်းပဲ။ အဲဒါကြောင့် ရေးမိသွားတာ။ ကိုမျိုးသန့် စိတ်ထဲ ဟိုင်းလတ်ဆိုပီး ပြင်ဖတ်လိုက်ရလို့။ ကျတော်တောင်းပန်ပါတယ်။ း)

      • Myo Thant

        September 20, 2012 at 3:01 pm

        ဟုတ်ပါပြီဗျာ

  • မောင်ပေ

    September 20, 2012 at 10:13 am

    I continue big cat’s comment !
    နွားနို့နှိုက်နေ နှင်းနှင်းနော် နင့်နို့နုနုနှိုက် နင်နာနော်။
    :eee:

  • ရွှေ ကြည်

    September 20, 2012 at 11:11 am

    ကိုအောင်မိုးသူရေ လက်ထဲကနာရီ ဆိုတာက လက်ပတ်နာရီဆိုရင် လက်ကနာရီကိုကြည့်မိတော့ ဆိုရင်ပိုကောင်းမယ်ထင်တယ်..။
    လှည်းတန်းကိုပို့စ်ထဲကကျွန်တော်လိုပဲရွှေကြည်လည်း မြင်မိတယ်..။
    အလွှာပေါင်းများစွာကွဲနေတာကိုလည်းသတိထားမိတယ်..။
    အရေးအသားကောင်းမို့ဖတ်လို့ကောင်းလိုက်တာ..။ ဖတ်နေရင်းလည်းနင့်နင့်နဲနဲခံစားမိပါတယ်။

  • နွယ်ပင်

    September 20, 2012 at 11:40 am

    နင့်နင့်နဲနဲ ခံစားဖတ်ရှူသွားပါတယ် …
    မတူညီတဲ့ ဘဝတွေ အလွှာတွေက ကွာခြားလွန်းပါတယ် ….
    တစ်ခါတစ်လေများ အဲလိုမြင်ကွင်းမျိုးနဲ့ ခပ်ဆင်ဆင်တူနေတာလေးတွေ
    မြင်ရတွေ့ရရင် စိတ်ထဲတစ်နုံနုံနဲ့ ခံစားနေမိတယ် …..

  • aemoshu

    September 20, 2012 at 2:42 pm

    ခံစားမှုအားကောင်းတယ့် ပို့စ်တစ်ခုပါပဲ…
    ကိုအောင်မိုးသူရေ … အဲမိုလည်း အဲ့လိုကလေးတွေနဲ့တွေ့တိုင်း အမြဲ ရောက်ရက်ခတ်တတ်ပါတယ်။
    ပေးလိုက်ရင်လည်း သူတို့ဒီလိုဘဝမှာ နေပျော်နေတာကို အားပေးအားမြောက်ပြုရာကျမလား … ဒါပေမယ့်သနားလို့ ကိုယ်တတ်နိုင်သလောက်လေးလည်းပေးချင်နဲ့ပေါ့ …

  • လုံမလေး မွန်မွန်

    September 20, 2012 at 4:15 pm

    ဟင်း…. သက်ပြင်းသာ ချလိုက်ပါတယ်နော်…
    ဒါနဲ့ စကားအတင်းစပ် (credit to သူကြီး) နောက်တစ်ခါ ice berry တွေ့ရင် လာခေါ်မယ်နော်.. :mrgreen:

  • candle .

    September 20, 2012 at 9:26 pm

    ပိုစ့်ကို ဇောနဲ ့ဖတ်အပြီး ရင်ဘတ်တနေရာက စစ်ကနဲကျင်သွားကာ
    နင့်နင့်..နဲနဲ..ခံစားရပါကြောင်း..
    အားပေးလျက်..

Leave a Reply