“စိုးထိတ်မိပါသည် နွေရာသီ”

ကို သာSeptember 18, 20121min1173

ကျွန်တော်သည် အင်းစိန်မြို့နယ်တွင် နေထိုင်ပါသည်။ ယခင်က အင်းစိန်သည် မြို့တော်မဟာရန်ကုန်၏ အစွန်ကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။ ယခုအချိန်တွင်မူ လှိုင်သာယာ၊ ရွှေပြည်သာ စသောမြို့သစ်များ၏ ဖွံ့ဖြိုးလာမှု လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ပန်း၊ သာဓုကန်စက်မှုဇုန်များ၏ ဖွံ့ဖြိုးလာမှု၊ ဧရာဝတီတိုင်းဒေသကြီး၏ ရန်ကုန်သို့ဝင်ပေါက်ကြီးအဖြစ် ဝင်ထွက်မှု များပြားလာခြင်းကြောင့် မြို့တွင်းမြို့နယ်တစ်ခု ဖြစ်လာပါသည်။ အင်းစိန်ကိုဖြတ်၍ မြို့တွင်းသို့သွားသော အဓိကလမ်းမကြီး
(၄)ခုရှိပါသည်။ ပြည်လမ်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ ဗဟိုလမ်းတို့ဖြစ်ပါသည်။ ယင်းတို့အနက် ဘုရင့်နောင်လမ်းမကြီးမှာ အသွားအလာအများဆုံးဟု ဆိုနိုင်ပါသည်။
အမှန်တစ်ကယ်မှာ ဘုရင့်နောင်လမ်းမသည် များစွာမရှည်လျားပါ။ ကမာရွတ်ဆင်မလိုက်လမ်းဆုံမှ အင်းစိန်ရွာမ ပြည်တော်သာအထိသာ ရှည်ပါသည်။ သို့သော်မော်တော်ယာဉ်စက်ပစ္စည်း အပိုမျိုးစုံ စုံလင်လှသော ဘုရင့်နောင်ဈေး၊ ပြည်မာပြည်အနှံ့ ကုန်စည်ဖြန့်ဝေ ဝင်ထွက်ရာ ဘုရင့်နောင် ပွဲရုံတန်းများ၊ ကုန်စိမ်းသီးနှံဖြန့်ဝေရာ သီရိမင်္ဂလာဈေးသစ်ကြီးတို့ တည်ရှိနေသဖြင့် ကုန်တင်ယာဉ်ကြီးများရော ကားလတ်ကားငယ်များပါ မပြတ်သွားလာနေပါသည်။ ထိုအထဲတွင် စက်မှုနှင့် ကုန်သွယ်မှုများ တိုးတက်လာသော ကာလတွင် ပြည်ပပို့ကုန်နှင့် သွင်းကုန်များသယ်ဆောင်သော ကွန်တိတ်နာယာဉ်ကြီးများသည် စက်မှုဇုန်များနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတို့ကြား၌ အဓိကဆက်သွယ်ရာလမ်းမကြီး ဖြစ်နေပြန်ပါသည်။ ထို့ကြောင့် ဘုရင့်နောင်လမ်းမကြီးသည် သီရိမင်္ဂလာဈေးသစ်မှသည် ဘုရင့်နောင်လမ်းနှင့် အောက်မဂ်လာဒုံလမ်းဆုံရာဆီအထိ ယာဉ်ကြောပိ်တ်ဆို့မှု များလာပါသည်။ ညနေပိုင်းတွင် ကွန်တိန်နာယာဉ်ကြီးများ တန်းစီပြီးထွက်လာလေ့ရှိသဖြင့် ပိုမိုပိတ်ဆို့တတ်သည်။ တနင်္လာနေ့ ညနေ၊ သောကြာနေ့ညနေ၊ စနေနေ့ညနေများဆိုလျှင် ကားတန်းပိတ်ဆို့မှုက ကြပ်တောက်နေ တတ်သည်။ ထိုပိတ်ဆို့မှုနှင့် ဆက်စပ်၍ အောင်ဇေယျကြိုးတံတားမှသည် အင်းစိန်လမ်းသစ် အလယ်လောက်ထိလည်း ပိတ်ဆို့သွားတတ်သည်။ အင်းစိန်မီးရထားခုံးကျော်တံတား တစ်စင်းကိုဖြတ်သန်းချိန်မှာ မိနစ်သုံးဆယ်ဝန်းကျင်ကြာမြင့်တတ်ပါသည်။ ဆက်စပ်နေသော မင်းကြီးလမ်းနှင့် ဗဟိုလမ်းမှာလည်း ပြည့်ကျပ်သွားပါသည်။ ဘုရင့်နောင်လမ်းနှင့် ဗဟိုလမ်းကို ဆက်စပ်ထားသော ဆေးဝါးစက်ရုံလမ်းလည်း ပြည့်ကျပ်သွားပါသည်။
ထိုဖြစ်စဉ်ကိုကြည့်ပါက ဗဟိုလမ်းမနှင့် လှိုင်မြစ်တို့ကြားရှိ အင်းစိန်မြို့နယ်၏ အစိတ်အပိုင်းသည် ညနေတိုင်းယာဉ်ကြောပိတ်ဆို့မှုကြောင့် ပြည့်နေသော ကားတံတိုင်းကြီးနှင့် ပိတ်ဆို့ကာရံထားသကဲ့သို့ ဖြစ်နေပါသည်။ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးကုန်းရပ်ကွက်၊ ပိန္နဲကုန်းရပ်ကွက်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ပေါက်တောရပ်ကွက်၊ ကွက်သစ်ရပ်ကွက်၊ ကမ်းနားရပ်ကွက်၊ ကြို့ကုန်းအနောက်ရပ်ကွက် တို့သည် ရပ်တန့်သကဲ့သို့ ဖြစ်နေသော ကားတန်းများကြားတွင် ရောက်ရှိနေပါသည်။ ထိုအထဲတွင် အထကကျောင်း(၂)ကျောင်း၊ အလကကျောင်း(၂)ကျောင်း၊ အမကကျောင်း(၄)ကျောင်းခန့်ရှိနေပြီး မီးရထားစက်ခေါင်းစက်ရုံနှင့် မြန်မာဆေးဝါးစက်ရုံ၊ မီးရထားဆေးရုံတို့လည်း ထိုဧရိယာထဲတွင် ပါဝင်နေပါသည်။ အရေးကြီးသော အင်းစိန်အကျဉ်းထောင်နှင့် အင်းစိန်မီးသတ်စခန်းတို့လည်းပါဝင်ပါသည်။
ထိုရပ်ကွက်ဧရိယာများထဲသို့ အငှားယာဉ်ခေါ်ပါက အကြောင်းသိဖြစ်နေသဖြင့် အငြင်းခံရတတ်ပါသည်။ ရံဖန်ရံခါဆိုူသလို လိုင်းကားများပေါ်မှဆင်းကာ နွမ်းလျစွာ လမ်းလျှောက်ပြန်လာသူများက ကားနှင့်လာသည်ထက် ပိုမြန်တတ်ပါသည်။ ထိုရပ်ကွက်များမှ အရေးပေါ်လူနာများရှိပါက မည်သို့မည်ပုံထွက်ပြီး ဆေးရုံဆေးခန်းပြရမည်ကို မသိနိုင်လောက်အောင် ပိတ်ဆို့နေတတ်ပါသည်။
“ဘုရင့်နောင်လမ်းအခြေအနေဆိုးလွန်းပါတယ်ကွာ၊ လမ်းတစ်ဖက်ကို ကူးဖို့တောင်မှ လှုပ်တုတ်လှုပ်တုတ်ဖြစ်နေတဲ့ ကားတွေကြားမှာ မသွားနိုင်လို့ ဆယ်မိနစ်လောက် ကြာတတ်တယ်၊ တို့ရပ်ကွက်ကလူနာတွေ အသည်းအသန်ဖြစ်ခဲ့ယင် ဒီအတိုင်း အသေခံရမယ့်ကိန်းပဲ”
“တော်ပါသေးတယ်ကွာ၊ နွေပေါက်လာလို့ ဒီရပ်ကွက်မှာ မီးလန့်ယင် ဘယ်လို လုပ်ကြမလဲ၊ မီးသတ်ကားက ဘယ်လိုလာမှာလဲ”
ရပ်ကွက်နေပြည်သူများ၏ အသံဖြစ်ပါသည်။ မှန်ပါသည်။ ထိုရပ်ကွက်များထဲတွင် မီးဘေးများဖြစ်ခဲ့ပါက လမ်းပိတ်ဆို့မှုနှင့် ကြုံနေလျှင် မည်သို့မည်ပုံပြောင်းကြမည်နည်း။ အနည်းကပ်ဆုံးအားထားရမည့် အင်းစိန်မီးသတ်စခန်းသည်ပင် လှိုင်မြစ်လမ်း၏ ကြပ်ညပ်နေသော ကားပင်လယ်ကြားသို့ မည်ပုံထိုးထွက်လာနိုင်မည်နည်း။ အခြားမီးသတ်စခန်းများမှ ယာဉ်များလည်း လာစရာလမ်းများ ပိတ်ဆို့နေသဖြင့် အခက်အခဲများစွာ ရှိနိုင်ပါသည်။
ထိုပြည်သူများထဲမှ က

3 comments

  • kai

    September 19, 2012 at 4:40 am

    ဆက်စရာရှိရင်.. ကော်မန့်မှာဆက်ရေးလိုက်ပါ…။
    အပေါ်မှာပေါင်းထည့်ပေးပါ့မယ်..။
    ==
    ဆိုတော့..
    ကားတွေလမ်းမှာရပ်တဲ့အခါ.. ကားရပ်စည်းကမ်းသေသေချာချာထားပြိး.. ကြပ်မတ်ဖို့လိုမယ်ထင်မိတယ်..
    ယူအက်စ်မှာတော့.. Tickets ပေးတဲ့စနစ်နဲ့သွားတာပဲ..
    ဘယ်လိုလုပ်သလည်းဆိုတော့.. စည်းကမ်းဖေါက်ထားတဲ့ကားကို.. တစ်ကက်ပေးတဲ့ရဲက.. ကားမှန်နဲ့ဝိုက်ပါကြား.. ချလံစက္ကုလေးညှပ်ပေးလိုက်တာပါ..
    ပိုင်ရှင်က.. ငွေပို့..တရားရုံးတက်ပေတော့ပဲ..
    အဲလိုလုပ်ရင်. ရဲလည်း.. လာဘ်စားငွေယူခက်သွားမယ်..

    မြန်မာပြည်မှာ.. အဲဒီစနစ်လုပ်ဖို့လိုတယ်.. ထင်မိတယ်..
    မလုပ်တတ်ရင်.. ယူအက်စ်ကိုမြန်မာသမ္မတလာတုံး… ပညာတော်သင်တွေ.. များများခေါ်ပေးဖို့.. အကူအညီတောင်းလိုက်ပေါ့.. :harr:

  • MaMa

    September 19, 2012 at 8:52 am

    လမ်းတကြောထဲ နေသူချင်းတွေ အတွေးတွေတော့ တူနေပြီ ကိုသာရေ။ 🙁

  • ကို သာ

    September 20, 2012 at 9:00 am

    ထိုပြည်သူများထဲမှ ကျွန်တော်လည်း စိုးထိတ်ိမိပါသည်။ ယခုမိုးများသောကာလအတွက် နည်းပါးသော မီးလောင်ကျွမ်းမှုကြောင့် မထိတ်သာလှသေးပါ။ လာမည့်ဆောင်းနှင့် နွေအတွက် ရင်အေးဖွယ်ရာ မရှိလှပါ။
    သက်ဆိုင်ရာတာဝန်ရှိသူများလည်း သိရှိပြီးဖြစ်ဟန်တူပါသည်။ ဖြေရှင်းမည့်နည်းလမ်းများပါ စဉ်းစားပြီးလည်း ဖြစ်ဟန်ရှိပါသည်။ သို့သော်ကျွန်တော်အပါအဝင် အင်းစိန်သားများ၏ ခြောက်သွေ့ပူပြင်းသည့် နွေရာသီအတွက် စိုးထိတ်မိသည့်သောကမှာမူ တိုးပွားစွာကိန်းအောင်းဆဲဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ။

    ကျန်ခဲ့တာ လေးကို Comment မှာထပ်ဖြည့်တာပါ။

Leave a Reply