http://www.news-eleven.com/….မှာဖတ်လိုက်ရတာ..

နိုင်ငံတော်သမ္မတက စတုတ္ထ အကြိမ်မြောက် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အဖြစ် နောက်ထပ်အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုMonday, 17 September 2012 17:21

ဒီသတင်းကိုဖတ်လိုက်ရတော့ တော်တော်ဝမ်းသာမိပါတယ်…စိတ်ထဲကလည်း ပြန်လွတ်လာသူတွေနဲ့ သူတို့ရဲ့မိသားစုတွေ ဘယ်လောက်ဝမ်းသာကြလေမလဲ

လို့လည်းတွေးမိပါရဲ့…တွေးနေရင်း စိတ်ထဲမှာဖြတ်ကနဲ…ကြီးမိုက်ရဲ့ အတိတ်က

ပုံရိပ်ဟောင်းလေးတွေ…တရွေ့ရွေ့…အစီအရီပေါ်လာပါတော့တယ်….

***************************************************************

ကြီးမိုက်ငယ်ငယ် အလယ်တန်းနဲ့အထက်တန်းကျောင်းသားဘ၀က မန်းလေးမြို့ တံခွန်တိုင် နဲ့ အမရပူရကြားက တောင်သမံအင်းစောင်းပေါ်က ပလစ-၂ လို့ခေါ်တဲ့

အမှတ်-၂ ပင်မအလုပ်ရုံ( လျှပ်/စက်) တပ်ထဲမှာနေခဲ့ပါတယ်..အဖေက အဲဒီတပ်က စစ်သားကိုး..တပ်ဆိုလို့ ပြောရအုံးမယ်..အဲဒီအချိန်တုံးက အမရပူရနဲ့ တံခွန်တိုင်တစ်ဝိုက်မှာ

ပလစ-၂ ကနာမည်ကြီးတယ်..ဘာကြောင့်လဲဆိုတော့ တစ်ပါတ်ကို ရုပ်ရှင် သုံးခါပြတယ်

သံစူးကြိုးခတ်ကာထားတဲ့ ၀န်းကြီးထဲမှာ ပိတ်ကားထောင်ပြီးပြတာပါ..ရုပ်ရှင်ရုံလိုခေတ်မမှီပေမဲ့

တပ်ပါတ်ဝန်းကျင်မှာရှိတဲ့ ပါတ်ဝန်းကျင်ကအခြားစစ်တပ်တွေ ၊ ရွာနီးချုပ်စပ် တံခွန်တိုင်ရွာ၊ ကျည်ကုန်းရွာ၊ နန်းတော်ရာစံပြကွက်သစ်၊ ရဲဘော်ကွက်သစ်၊ တမ်ပ၀တီ၊ အမရပူရမြို့နယ်အတွင်းမှာရှိတဲ့ တပ်နဲ့မလှမ်းမကမ်းက ရပ်ကွက်ကျေးရွာတွေ ကလူတွေဟာ

ဒီရုပ်ရှင်ရုံကိုပဲ အားကိုးပီး တကူးတက လာကြည့်ကြရတာ..ရုံဝင်ခကလဲ ကလေးတစ်မတ်၊ လူကြီးငါးမူး ဆိုတော့ သက်သာတယ်လေ…နောက်ထပ်နာမည်ကြီးတဲ့အကြောင်းကတော့ ခေတ်မှီရေကူးကန်တစ်ခုရှိတယ်..အပြင်ကလူတွေလာကူးရင်တော့ ပိုက်ဆံနဲ့ပေါ့..တပ်မိသားစု

ဝင်တွေကတော့ဖရီး..ကြီးမိုက်နဲ့ အပေါင်းအသင်းတစ်စုဆို အားချိန်တိုင်း ရေကူးကန်မှာချည်းပဲ

နောက်တစ်ခုထူးတာရှိသေးတယ်…အဲဒါကတော့ တပ်တည်နေရာက ဟိုးရှေးရှေးတုန်းက မန်းလေးနန်းတော်ကြီးမတည်ဆောက်ခင် ကုန်းဘောင်မင်းဆက်

ယာယီ နန်းစိုက်ခဲ့တဲ့ အမရပူရ နန်းနေရာတဲ့တဲ့မှာ တည်ထားတာပဲ..ဒါကြောင့် ရန်ကုန်မန်းလေး လမ်းမကြီးဘက်က EPC မရောက်ခင်…(ကိုပေါက်(မန်း) တစ်ခါဓါတ်ပုံရိုက်တင်ဖူးတဲ့ ) “တမာတန်း”က၀င်လာခဲ့ရင်..တပ်အ၀င်ဂိတ်နားရောက်တာနဲ့..

မြို့ပါတ်ကျုံးဟောင်းကြီးကိုတွေ့နိုင်တယ်ဗျာ..အကျယ်က ပေတစ်ရာလောက်တော့ရှိတယ်…

အခုအခါမှာတော့ အဲဒီမြို့ပါတ်ကျုံးရိုးကို တစ်ဖြတ်စီ တာပိတ်ပီး တပ်တွင်းသက်သာချောင်ချိရေးအတွက် ငါးမွေးမြူရေးကန်တွေလုပ်ထားတယ်ဗျာ…

တစ်နှစ်တစ်ခါ ငါးကန်တွေဖေါ်တယ်..တပ်မိသားစုတွေကိုလည်း ဈေးနှုံးသက်သာစွာနဲ့..

အကြွေး ရောင်းချပေးတယ်ဗျာ…ဒီနေရာမှာ..၀ယ်စားနိုင်သူတွေဝယ်စားပေါ့..သက်သာပါတယ်

ကြီးမိုက်တို့မိသားစုကတော့ မိသားစုကများ..အဖေ့ ၀င်ငွေကနဲတော့ ဘယ်တော့မှ ၀ယ်မစားဘူး…ဘာလို့လဲဆိုတော့…ငါးကန်တွေဖေါ်ပီဆိုရင်…တပ်ထဲက ရှိသမျှကလေးတွေ

မနက်မိုးမလင်းခင်ထဲက ငါးကန်ဘောင်ပေါ်ေ၇ာက်နေပြီ…ငါးကန်ဖေါ်တဲ့ လူတွေကလဲ

ငါးကန်ထဲ ပိုက်လေး ငါးခါ ဆွဲ လို့ ကျေနပ်ပြီဆိုရင် “ဖမ်းကြတော့ဟေ့”လို့ အော်လိုက်တာနဲ့

ကန်ဘောင်ပေါ်ရောက်နှင့်ပီးသားကလေးတွေအားလုံး ရေဒူးစပ်ပဲ ကျန်တော့တဲ့

ငါးကန်ထဲကို စက္ကန့် ပိုင်းအတွင်းဒိုင်ဗင်ထိုးပြီး ရောက်ကုန်ပါလေရော…

လူဦးရေနဲ့ ကန်ပမာဏ မမျှတော့ ခဏလေး ဗွက်အိုင်ကြီးဖြစ်သွားတော့တာပဲ…

မိနစ်၂၀ လောက်အတွင်း ဖမ်းနိုင်သမျှဖမ်းလိုက်ကြတာ…ငါးကန်ကြီးထဲဗွက်ပဲကျန်တယ်…

ဒီနေရာမှာနှိင်းယှဉ်ရမယ်ဆိုရင်တော့…ကြီးမိုက်ကိုဘယ်ကောင်မှမယှဉ်နိုင်ဘူး..

အမြဲတန်း အားလုံးထက်ငါးပိုရတယ်..ရတဲ့ငါးကလည်း ရှယ်ကြီးတွေပဲ…

ငါးမြစ်ချင်း  လေးငါးကောင်လောက်တော့အသာလေး ရပီးသား..ကျန်သူတွေကတော့

ငါးဖြင်းသလက်ပါမကျန်အလုအယက် ဖမ်းနေကြတာ ကြီးမိုက်က ကန်ပေါင်ပေါ်က

မိန့်မိန့်ကြီး ထိုင်ကြည့်နေခဲ့တာ…ကျွမ်းတယ်လေ…တောင်သမံအင်းလို ငါးမွေးကန်

မဟုတ်တဲ့အင်းကျယ်ကြီးထဲ ကငါးတောင် နည်းမျိုးစုံနဲ့ဖမ်းစားလာတဲ့ကောင်ပဲ…..

 

**************************************************************

 

ကြီးမိုက်တို့ ငယ်ငယ်ကတော်တော်ချို့ငဲ့ခဲ့ပါတယ်…ကျောင်းကပြန်လာပြီ

ဆိုတာနဲ့ ငွေရမဲ့ အလုပ်တစ်ခုမဟုတ်တစ်ခု လုပ်ရပါတယ်၊ များသောအားဖြင့်တော့ အနီးနား

မှာရှိနေတဲ့ တောင်သမန်အင်းကြီးကိုပဲ အားကိုးနေခဲ့ရတာပေါ့…အဲဒီအချိန်အခါတုန်းက

တောင်သမန်အင်းကြီးက ငါးမျိုးစုံတော်တော်ပေါတဲ့အင်းကြီးပါ..ကြီးမိုက်တို့လို ဆင်းရဲတဲ့

မိသားစုတွေ အဖို့တော့ တကယ့် ရိက္ခာအင်းကြီးပေါ့…နေ့စဉ် နည်းလမ်းမျိုးစုံသုံးပီး ငါးရှာကြတာပဲ…ငါးမျှားတာရယ် လက်နဲ့ဒီတိုင်းစမ်းဖမ်းတာရယ်က တရားဝင်ခွင့်ပြုထားတာ

ဆိုလိုတာက အင်းလေလံရထားတဲ့ အင်းသူကြီးက ခွင့်ပြုထားတာ..အဲဒီနည်းတွေက ဟင်းစား

လောက်ပဲရှာလို့ရတဲ့နည်းတွေကိုး…အဲ..ငါးမွေထိုးချိတ်တာတို့ ပိုက်ဆင်းတန်းတာတို့တော့

ခွင့်မပြုဘူး..တွေ့ရင် လိုက်ဖမ်းပီး ပိုက်ရော ငါးရောသိမ်းသွားရော..ငါးမွေထိုးချိတ်ရင်လည်း

ချိတ်ရော မိထားတဲ့ငါးရောသိမ်းတာပဲ..ဒါပေမဲ့ ကြီးမိုက်တို့ကလည်း ငါးပိုရချင်တယ်၊ အိမ်စားဖို့

ချန်ပီးကျန်တာ မြို့ဟောင်းဈေးမှာသွားသွင်းရင် ဆန်ဖိုးလေး ဆီဖိုးလေးရတော့ ညနေညနေ

ဆို ငါမွေထိုးသွားချိတ်တာပဲ၊ ညနေလေးနာရီလောက်ကနေ ညနေ ခြောက်နာရီ

လောက်ထိချိတ်လိုက်ရင်တပိသာခွဲတော့အသာလေးပဲ..ဒါကြောင့်လည်း အင်းသူကြီးတွေက

ခွင့်မပြုတာပေါ့…ငါးမွေထိုးချိတ်ရင်း မျက်လုံးကလည်း ကျီးကန်းတောင်းမှောက်

ကြည့်နေရတယ် အင်းထဲလှေနဲ့ပါတ်ပါတ်လာတတ်တဲ့ အင်းစောင့်တွေကိုပေါ့…

ခပ်လှမ်းလှမ်းမှာလှေတွေ့တာနဲ့ ငါးမွေထိုးချိတ်နဲ့ ငါးသီတံကို ကို နုံးထဲနှစ်ထား

ပီးမရောင်မလည်နဲ့ ရေထဲထိုင်ပီး ငါးစမ်းချင်ရောင်ဆောင်နေလိုက်ကြတာပဲ..

သူတို့လည်းသိပါတယ်လေ..အတင်းကြီးလိုက်မဖမ်းပါဘူး ..ဗျောင်ကျကျမလုပ်အောင်

ဟန့်တဲ့သဘောနဲ့ အင်းကိုပါတ်နေတာပါ…လှေဝေးသွားမှ ချိတ်နဲ့ ငါးသီတံပြန်စမ်းရှာရတယ်

တစ်ခါတော့ ကိုယ့်ငါးသီတံ ကိုယ်ပြန်ရှာမတွေ့ တော့လို့ စိတ်ပျက်ပီး လက်ချည်းဗလာပြန်

ခဲ့ရဖူးတယ်. ငါးသီတံဆိုလို့ပြောရအုံးမယ်ဗျ..ငါးမွေထိုးသီဖို့အကောင်းဆုံးကတော့ ဂီတာနံပါတ်သုံးကြိုးပဲ အောက်ဆုံးမှာ ဖေါ့တုံးလေးခံပီးထုံးထားလိုက်ရင်ပြီးပီ..

.ငါးချိတ်ထဲမိလာပီဆို တဆတ်ဆတ်လူးခါနေတာ…လက်မနဲ့ ချိတ်အရင်းဘက်ကို ဖိပေးထားပီး ခါးလယ်ကို ဂီတာကြိုးနဲ့ စွပ်ဆိုထိုးပီးသီလိုက်တာပဲ…ခုနေခါပြန်စဉ်းစားတော့ စိတ်မကောင်းပါဘူး..ငါ့ဝမ်းပူဆာမနေသာလို့ပဲပြောရမှာပဲဗျ…

သူတို့ကိုမှအဲလိုဖမ်းမစားရင် ကြီးမိုက်တို့မိသားစု အဟာရပြတ်ပီးသေမှာလေ…

အင်းလုပ်သားတွေကတော့ ငါးမွေထိုးချိတ်ရင် ငါးထည့်ဖို့ ညောင်ရေအိုး လိုအိုးလေးကို လယ်ပင်းကြိုးချည် ခါးမှာချိတ်ပီးမျှောထားလိုက်တာပဲ…

.အဲ တစ်ခါတော့တော်တော်ကံဆိုးတဲ့နေ့ရောက်လာပါလေရော…

အဲနေ့က ငါးကလည်းချိတ်လို့ကောင်းနေတာနဲ့ နဲနဲမှောင်တဲ့အထိ လောဘ တက်ပီးချိတ်နေမိတယ်… အာရုံက ငါးချိတ်တဲ့ဆီပဲရောက်နေတော့ နောက်နားကို

အင်းပါတ်လှေ အသာလေးကပ်လာတာမသိလိုက်ဖူး…အနားရောက်မှ ဟေ့ကောင်လေးဆိုပီး

ချိတ်ကိုလက်ထဲကဖမ်းဆွဲတာခံလိုက်ရမှ လူလည်းလန့်ပီးလှည့်ကြည်မိတော့တယ်..

အတန်တန်တောင်းပန်သေးပေမဲ့ မိပီးပြီဆိုတော့ မရတော့ဘူးဗျို့…ချိတ်ကော ရှာထားပီးသား ငါးတပိသာကျော်ကျော်လောက် ရှိတဲ့ ငါးတွဲပါ သိမ်းသွားပါလေရော…

အဲဒီနေ့အိမ်အပြန်ကတော့ လက်ချည်းဗလာနဲ့ ကြီးမိုက်တစ်ယောက်

စိတ်မကောင်းခြင်းကြီးစွာနဲ့ ပြန်ခဲ့ရတယ်..မှောင်နေပီ လက်ထဲငါးလည်းမပါ ချိတ်လည်းမပါလာ ဆိုတော့ အိမ်ရောက်တော့ အဖေ့အဆူခံလိုက်ရသေးတယ်..

ဟုတ်တယ်လေ..အဲဒီငါးမွေထိုးချိတ်က အဖေကိုယ်တိုင်

လေးသံကိုထုပီး တပ်က၀ပ်ရှော့ထဲမှာလုပ်ပေးထားတာကလား…ခုတော့ ကြီးမိုက်တစ်ယောက်

လက်နက်မဲ့ ဘ၀ရောက်သွားပီပေါ့……..

ရေကြီးနေတဲ့ အချိန်ဆို ဒီလိုရေထဲဆင်းစိမ်ပြီး မျှားရတာပေါ့

ဒါနဲ့ပဲ နောက်နေ့ကစပြီး ထုံးစံအတိုင်း ငါးမျှားတံပြန်ကိုင်ငါးရှာရတော့တာပေါ့…

ဒါပေမဲ့သိတဲ့အတိုင်း ငါးကအိမ်စားဖို့တောင်အနိုင်နိုင်ရယ်…အင်းရေတက်နေတဲ့

အချိန်တွေမှာဆိုရင်တော့ အင်းထဲကို ခါးလယ်လောက်ထိဆင်းပီး မျှားရတယ်..

.အင်း.အခုလို ငါးမွေထိုးချိတ်ချိန်(အင်းရေအကျဆုံးအချိန်)ဆိုတော့ ငါးမျှားချင်ရင်

အင်းအလယ်ကောင်မှာကန့်လန့်ဖြတ် စီးဝင်နေတဲ့ ချောင်းကိုသွားမျှားရတယ်…

ဒီလိုရာသီဆိုတာ လူနိုင်သွားပြီးချိန်ဆိုတော့ ငါးသိပ်မရပဲ ပြန်ရတာများတယ်..

တစ်ရက်တော့ အင်းကပြန်တက်လာတဲ့အချိန်

ငါးကလည်းမရခဲ့ ၊ စိတ်ကလဲညစ် ၊ အိမ်ပြန်မျက်နှာပန်းလဲလှချင်..

အချိန်ကလည်းမှောင်ရီဖြိုးဖျ..တပ်နားလည်းရောက်ရော..စိတ်ကူးတစ်မျိုးပေါ်လာတယ်

ငါးတော့ ပါသွားမှဖြစ်မယ်လို့တွေးမိပြီး..တပ်က မွေမြူရေးကန်နား ခြုံစပ်အသာခိုပြီး

မျှားပါတော့တယ်..သိတဲ့အတိုင်း မွေးမြူရေးကန်ဆိုတော့ ငါးကလည်းချဆွဲပဲ..ငါးမိနစ်လောက်မှာကို လူကြီးလက်တစ်ဝါးလောက်ရှိတဲ့ တီလားဗီးယား

နှစ်ကောင်ရလိုက်တယ်..အဲလိုနဲ့ ငါးကိုအာရုံစိုက်မျှားနေတုံး တပ်ကို လမ်းလျှောက်ပါတ်နေတဲ့

တပ်ရင်းအရာခံဗိုလ်ကြီး နောက်ကိုရောက်လာပီး ဂုတ်ကိုဆွဲပါလေရော…အဲဒီပုဂ္ဂိုလ်ကလည်း

တပ်ကိုပြောင်းလာတာမကြာသေးဘူး..ကြီးမိုက်ကိုလည်းမသိဘူး..အတန်တန်ရှင်းပြတောင်း

ပန်တယ်..မရဘူးဗျို့..ကန်တစ်ဖက်ထောင့်မှာရှိတဲ့ ကန်စောင့် ရဲဘော်ကိုလှမ်းအော်ခေါ်ပြီး

ကျုပ်ကို ကွာတားလို့ခေါ်တဲ့ (တပ်တွင်းအချုပ်ခန်း)ထဲထည့်ခိုင်းတော့တာပဲ..

အဲဒီရဲဘော်လက်ထဲပါသွားပြီးတော့လည်း  ကြီးမိုက် ငိုယိုပီးတောင်းပန်သေးတယ်…

သူက ကျုပ်ကိုတောင်အပြစ်တင်နေသေး…

“မင်းကိုကညံ့တာ…ဟိုကအဖိုးကြီးပဲကွာ..တစ်ချက်ဆောင့်တွန်းပီးထွက်ပြေးရင်မင်းလွတ်တာ

ပေါ့ကွ…တခြားတပ်က ကလေးတွေ နေ့တိုင်းခိုးမျှားနေကြတာပဲ..မင်းကျမှ မိရတယ်လို့ကွာ

..မင်းအဖေ ငါ့ဆရာကြီးကိုငါတောင် ဘယ်လိုပြောရမှန်းမသိတော့ဘူး..တောက်”

ဒီလိုနဲ့ပဲ ကြီးမိုက်တစ်ယောက် တပ်ရင်းအချုပ်ခန်းထဲရောက်ခဲ့ရပါတော့တယ်..

ရောက်တော့လည်း အဲဒီ တပ်ရင်းဂတ်မှာ ဂျုတီကျနေသူအားလုံးက ကြီးမိုက်

ကိုရော အဖေ့ကိုပါ သိနေသူချည်းပဲ…အားလုံးကပြုံးစိစိနဲ့ ကြည့်ပီး“စိတ်မညစ်ပါနဲ့ကလေးရာ…

ဒီ တပ်ရင်းအရာခံဗိုလ်ကြီးက လူသစ်မို့ပါကွာ…မင်းကိုတော်နေကြာပြန်လွှတ်မှာပါ..

အေးအေးဆေးဆေးနားနေကလေးရေ..” တဲ့…

ကျုပ်မှာတော့ မျက်ရေတွေတွေကျပြီး အကြီးအကျယ်စိတ်ဆင်းရဲနေရတာပေါ့..

အဖေကသိပ်စိတ်ကြီးတာ..ခုနေသတင်းကြားပီးအရှက်ရ ဒေါသထွက်နေလောက်ပြီ..

ငါအိမ်ပြန်လို့ကတော့ငါ့ကိုမုချသတ်တော့မှာပဲ…အဖေက သားသမီးများလို့ဆင်းရဲပေမဲ့

အကျင့်စာရိတ္တနဲ့ပါတ်သက်ရင် နဲနဲမှချွင်းချက်မပေးဘူး…အပြင်းအထန်ဆုံးမထားတာ..

ရိုးသားစွာရှာစားတာမရှက်ဖို့…မရိုးသားတဲ့နည်းလမ်းနဲ့ ၀မ်းစာမရှာဖို့..ဆုံးမထားတဲ့ကြားက

ကျုပ်ဒီလိုအမှု့ နဲ့ တစ်တပ်လုံးဟိုးလေးတကျော်ကျော် ဖြစ်ရတယ်ဆိုတော့….ကျုပ်ဆက်မစဉ်းစားရဲတော့ဘူး…အချုပ်ခန်းထဲကထောင့်မှာထိုင်ပီး

ငိုနေမိတော့တာပါပဲ…အပြင်ကရဲဘော်တွေက သံတံခါးလဲပိတ်မထားပါဘူး..ကျုပ်ကိုတောင်ချော့မော့ပီး အပြင်လာထိုင်နေဖို့၊ လဘက်ရည်

သောက်ဖို့ခေါ်နေကြပါသေးတယ်..ကျုပ်ဆိုတဲ့ အမိုက်ကောင်မှာသာ…

ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို …ရင်ဆိုင်ရမဲ့ အဖေနဲ့ မိသားစုတွေအကြောင်းတွေးပီး..

အမှောင်ထောင့်မှာငိုနေခဲ့မိတယ်…

သိပ်မကြာပါဘူး..ကြီးမိုက် ရဲ့အစ်ကိုလတ်နဲ့ အိမ်ဘေးအိမ်က အဖေ့ တပည့်ရောက်လာပါတယ်…ထမင်းချိုင့်နဲ့ အိပ်ရာလိပ်လာပို့တာပါ…

ကျုပ်ကိုခေါ်တော့ ကျုပ်နေရာကတုတ်တုတ်မှမလှုပ်ပါဘူး…ထွက်လဲမတွေ့ရဲပါဘူး..

ဘယ်လိုမျက်နှာပြရမှန်းလည်းမသိပါဘူး…နာရီဝက်လောက်ကြာတော့ ကိုလတ်က

ကျနော့နားလာပီး..“ဟေ့ကောင်..မင်းကြောက်နေတာငါသိပါတယ်..ဖြစ်ပီးတော့မှ

ဘာတတ်နိုင်မလဲ…ငါတို့ပြန်မယ်..မင်းတော်ကြာရင် ထမင်းထွက်စားပီး

အိပ်လိုက်ကွာ..မနက်ကျ မင်းကိုပြန်လွှတ်မယ်လို့ပြောလိုက်တယ်..

ကျန်တဲ့တပ်ထဲကကလေးတွေ မလုပ်ရဲအောင်စံပြလုပ်ပြတာတဲ့ဟေ့..

မင်းကံဆိုးတာပေါ့ကွာ…သွားပီဟေ့.” ဆိုပီး ကျောတစ်ချက်ပုတ်ပီးပြန်သွား

ပါတော့တယ်…

ကျနော့ဘ၀မှာ အဲဒီညဟာအရှည်ကြာဆုံးနဲ့ စိတ်အဆင်းရဲရဆုံးညတစ်ညပါပဲ

ဒီနေ့အထိလဲမမေ့နိုင်သေးတဲ့ သင်္ခန်းစာ ကြီးစွာရသောနေ့တစ်နေ့ပါ…

…ကျနော့ရဲ့ ဖျောက်ဖျက်လို့မရတဲ့ တစ်သက်စာအမာရွတ်ကြီးနှလုံးသား

ပေါ်ထင်ခဲ့ရတဲ့နေ့ပါပဲ …အဲဒီအချိန်က ကျနော့အသက် ၁၄နှစ်ပါ ရှစ်တန်းစာမေးပွဲဖြေထားပီးသားပူပူနွေးနွေးပါ ………ကျနော်နောက်ဆုံးတော့…ဆုံးဖြတ်ချက်ချလိုက်

ပါတယ်..မနက်ဒီကလွှတ်တာနဲ့ အိမ်မပြန်တော့ပဲ..ခြေဦးတဲ့ရာ

ထွက်သွားလိုက်တော့မယ်လို့..ဖြစ်ချင်ရာဖြစ်စေတော့ …..

တပ်ထဲကဘယ်သူ့မျက်နှာမှလဲမကြည့်လိုတော့ပါ….

စဉ်းစားရင်း ငိုရင်းနဲ့ ..ဘယ်အချိန်တွေရှိနေပြီလဲမသိ…ကျနော်မှေးကနဲ

အိပ်ပျော်သွားတယ်ထင်ပါတယ်…….

စစ်သားကြီးတစ်ယောက်ကျနော့ကိုလာပွေ့မှ လန့်ပီးမျက်လုံးဖွင့်ကြည့်မိတော့..

“မင်းပင်ပန်းသွားပီ ကလေးရ..အိမ်ပြန်ကြရအောင်..”

ကျနော်အလန့်တကြားအော်ပြောမိပါတယ်….

“ဦး..ကျနော့ကိုအိမ်ပြန်မပို့ပါနဲ့ဗျာ…ကျနော့်ဖါသာသွားပါရစေ..”

“မဟုတ်ဘူးကလေးရ..မကြောက်ပါနဲ့ကွာ…မင်းကိုလာခေါ်တာ မင်းအဖေကိုယ်တိုင်ပါ..”

“ဗျာ”…ကျနော်ခေါင်းမွှေးတွေထောင်သွားသလို..အရမ်းလန့်သွားတယ်..

ကျနော်လှမ်းကြည်လိုက်တော့…အဖေ ကျနော့ကိုပြုံးပြပါတယ်…အဖေက ယူနီဖေါင်းအပြည့်နဲ့

ကျနော်ချက်ချင်းပြေးသွားပြီး အဖေ့ ခြေဖမိုးပေါ် နဖူးနဲ့တိုက်ပြီး ငိုရင်းတောင်းပန်လိုက်ပါတယ်.

အဖေက “ကဲကဲ.. အဖေလည်း ရုံးတက်ရအုံးမယ်…သွားရအောင်သားရေ..”

အဖေနင်းတဲ့ စက်ဘီးနောက်မှာ အိပ်ယာလိပ် ဖက်ပီး ထိုင်လိုက်လာရင်း..လမ်းကျတော့..

အဖေက..“သတင်းကြားကြားချင်းတော့ အဖေတော်တော်ဒေါသထွက်သွားတယ်ကွ..

ဒါပေမဲ့ သားရယ် ပြသနာကဖြစ်ပီးနေပီ..ဒီပေါ်မှာဘယ်လိုဖြေရှင်းရမလဲ..ဒါပဲ..

သား…သားကလူကောင်းပါကွာ..အဖေသိပါတယ်…သားအိမ်အတွက်

စဉ်းစားပြီး မှားခဲ့တာလဲအဖေသိပါတယ်ကွ…အဖေလည်း သားအတွက်ပဲစဉ်းစားနေခဲ့တာ…

ညကတည်းက အဖေ တပ်ရင်းအရာခံဗိုလ်ကြီး နဲ့တွေ့ပီးပါပြီ…သူက သားကိုညကတည်းက

အဖေ့ကို ပြန်ခေါ်သွားခိုင်းပါတယ်…အပြစ်ကလည်း ဘာမှကြီးတာမှမဟုတ်တာ…

အဖေကတမင် ထားလိုက်တာ..ငါ့သားကိုတစ်သက်လုံးလူကောင်းဖြစ်စေချင်လို့

အခုလိုသေးငယ်တဲ့အမှား ၇ဲ့ဒဏ်တောင်ဘယ်လောက်စိတ်ဆင်းရဲရသလဲ…ဆိုတာ

သားကိုရင်ထဲအထိ မှတ်မှတ်သားသားရှိသွားအောင် အဖေထားလိုက်တာပါ..

သားကိုပြောရအုံးမယ်.. မနေ့က တာဝန်မှုးကျတဲ့ ဆရာနိုင်မန်းနဲ့ အဖေတွေ့ပီး

သေသေချာချာမှာထားခဲ့တယ်…မနက်ကို အဖေကိုယ်တိုင်လာခေါ်မှသားကိုလွှတ်ပါလို့…

သားစိတ်ထဲမှာ အကြောက်လွန်ပီး အိမ်ကိုဖြောင့်ဖြောင့် ပြန်မလာမှာစိုးလို့…ခုတော့ ပြီးသွားပါပြီ..” အဖေ့စကားဆုံးတော့…ကျနော်ထပ်ငိုမိပါတယ်…ဒီတစ်ခါကတော့..

အဖေ့ခွင့်လွှတ်မှု့ကြောင့် ၀မ်းသာလို့ပါ…….

အဲဒီကစလို့..အဖေ့ကိုပိုချစ်သွားပါတယ်…အဖေ့မေတ္တာစေတနာကိုလည်းသဘောပေါက်ခဲ့ရပါတယ်..

ကျနော်လည်း ငတ်လို့ လျှာပေါ်မျက်ပေါက်ပါစေ မကောင်းတဲ့အသက်မွေးမှု့မလုပ်ဘူး

ငါ့ဘ၀အောင်မြင်ရေးအတွက် ရိုးရိုးသားသားနဲ့အပြင်းအထန်ကြိုးစားမယ်လို့…..

 

စာဖတ်သူအားလုံးကိုလေးစားလျှက်…

လမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၁၈၊၉၊၁၂

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)