ဒီရက်ပိုင်း မှာ K-Wave လို့ တင်စားကြတဲ့
ကိုရီးယားရဲ့ အနုပညာလှိုင်း ရိုက်ခတ်မှုက အတော်လေးကို
အဟုန်ပြင်းလာတာတွေ့မိတယ်။ လတ်တလော အနောက်ကမ္ဘာမှာပါ hit ဖြစ်သွားတဲ့
Psy ရဲ့ Gangnam style သီချင်းကို ဂီတကြယ်ပွင့်တွေဖြစ်တဲ့
Chris Brown အစ Taylor Swift အလယ် Britney အဆုံး အစရှိတဲ့
သူတွေတောင် မလွန်ဆန်နိုင်ကြရှာပါဘူး ။
၂၀၁၂ ရဲ့ MTV ဆုပေးပွဲမှာ အုတ်အော်သောင်းနင်း အားပေးကြပါတယ်။

ကြည့်ရတာ Wonder Girl ရဲ့ Nobody But You ဆိုတဲ့
သီချင်းထက်တောင် ပေါက်သွားပုံရပါတယ်။ စလုံးကလည်း Gangnam style ကို
သူ့နည်းသူ့ဟန်နဲ့ ပြန်လည်ဆန်းသစ်သလို
မလေးကလည်း မလေးအလျောက် ထိုင်ဝမ်ကလည်း ထိုင်ဝမ်အလျောက် ပြန်ပြီး ဆိုကြပါတယ်။

Psy

အွန်လိုင်းမှာတောင် ထွန်းထွန်းက အဲ့ဒီ စတိုင်အတိုင်း ကနေတဲ့
Youtube movie လေး ကြည့်လိုက်ရပါသေးတယ်။
မြန်မာစာပေါက်ကရ အသံထွက်တွေနဲ့ ဟာသလုပ်ထားတဲ့ Gangnam style ကလည်း ခါတော်မှီပါ။

ကျမအဲ့ဒီ Psy ဆိုတဲ့ သူကို ရင်းနှီးမိတာကတော့
ခုလောလောဆယ်မှာ ကျင်းပနေတဲ့ Superstar K-4 ဆိုတဲ့
အစီအစဉ်မှာ ဒိုင်လုပ်နေတဲ့အတွက်ကြောင့်ပါ။
အမှန်က Psy ထက် ကျမကို ပိုပြီး ဆွဲဆောင်နိုင်တာက အဲ့ဒီ ပြိုင်ပွဲပါ။
American Idol လိုမျိုး နှစ်စဉ်နှစ်တိုင်း အနုပညာရှင်
ရွက်ပုန်းသီးလေးတွေကို မွေးထုတ်ပေးနေတဲ့ ကမ္ဘာ့ အဆင့်မှီ ပြိုင်ပွဲတခုပါ။
ခုဆိုရင် ၄ ကြိမ်မြောက် ပြိုင်ပွဲပါ။

ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သိန်းအထိပေးတဲ့
ပွဲဖြစ်သလို စိတ်လှုပ်ရှားစရာ ထူးခြားမှုတွေ အံ့အားသင့်စရာ
စိန်ခေါ်မှုတွေနဲ့ လူတွေရဲ့ နှလုံးသားဝိဥာဉ်တွေကို ကိုင်လှုပ်နိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။
လူတချို့ရဲ့ အနာဂတ်ကို တောက်ပစေတဲ့ လူတိုင်းရဲ့ အိမ်မက်တွေ မျှော်လင့်ခြင်းတွေကို
ရှင်သန်ထမြောက်လာအောင် စွမ်းဆောင်ပေးနိုင်တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။

ကျမက ဒီ Superstar K ကို များမကြာမှီမှာ
American Idol ကို အမှီလိုက်လာနိုင်မယ်ထင်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ သူက ပိုပြီး သက်ဝင်လှုပ်ရှားတယ်လို့ ခံစားမိလို့ပါ။

K -1 ကစလိုက်တာ ခု 4 ရောက်တဲ့အထိ သူ့ကြည့်နှုန်းက နှစ်စဉ်
ကြောက်ခမန်းလိလိတက်လာပါတယ်။ စပွန်ဆာတွေ အများကြီးနဲ့ငွေသားအပြင်
တခြားသောဆုတွေကလည်း မက်မောလောက်စရာ ပါ။

K က အရှေ့က နေကျော်ပြီး အနောက်ကမ္ဘာကိုသွားနှိုးပါတယ်။
လမ်းတလျှောက်တိုင်းပြည်များကိုလည်း ၀င်နှုတ်ဆက်ပါတယ်။
ဒါနဲ့တင် အားမရသေးပဲ အာရပ်ကမ္ဘာကိုတောင် အလည်ရောက်လို့သွားပါပြီ။

သူတို့ရဲ့ ပထမအဆင့် လူရွေးပွဲကို ပြည်နယ်အလိုက် ခွဲပြီး လုပ်ပေးပါတယ်။
ခုလက်ရှိနာမည်ကြီး အရည်အချင်းပြည့်သော ၀ါရင့်သမ္ဘာရင့် ဂီတအမျိုးအစားအလိုက်
နယ်ပယ်အသီးသီးက ပရိုသမားတွေကို ဒိုင်အဖြစ်ခေါ်ပြီး လူစစ်တာပါ။

ပညာပိုင်းဆိုင်ရာ စည်းကမ်းတွေ တင်းကျပ်သလို တကယ်အရည်အချင်းရှိသူများကိုသာ
မျက်နှာမလိုက် စစ်ထုတ်တတ်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဒိုင်တွေပါ။
Super Week ကိုတက်လှမ်းနိုင်ရင်တော့ အိမ်မက်တချို့ မက်လို့ရပါပြီ။

ဒီတခေါက် ပထမအဆင့်လူရွေးပွဲက ပြိုင်ပွဲဝင်တွေရဲ့ အကြောင်းနည်းနည်းပြောချင်ပါတယ်။
ပြီးခဲ့တဲ့ အပတ်ကမှကြည့်ဖြစ်တာလေးပါ။ တယောက်က အသက် ၇၉ နှစ်ရှိတဲ့ နယ်ကလာတဲ့ အဖိုးအိုတယောက်ပါ။
Rapper စတိုင် အကျီ င်္ဘောင်းဘီ ဦးထုပ် ၀တ်လာပြီး တကိုယ်တော် ချီတက်လာတာပါ။

သူဝင်မပြိုင်ခင် အိမ်က ဖွားဖွားကို ဖုန်းဆက်ပြီး သူခုဝင်သွားရတော့မယ်
ငါတော့ နာမည်ကြီးတော့မယ်လို့ ပြောပြီး ပျော်ပျော်ကြီး ၀င်သွားပါတယ်။
ဒိုင်တွေခုံက ထပြီး အလေးပြုရတဲ့ တယောက်ထဲသောပြိုင်ပွဲဝင်သူဆိုရင်လည်း မမှားပါဘူး။

ဟုတ်ကဲ့ သူတို့ဆီကခေတ်ဦး Rap သီချင်းကို အကနဲ့တွဲပြီး အဆိုပြိုင်သွားတဲ့ အဖိုးရဲ့ လှုပ်ရှားမှုဟာ
ကြည့်သူတွေကို လက်ခုပ်လက်ဝါးတီးပြီး အားပေးချင်စရာကောင်းလောက်အောင် ဆွဲဆောင်သွားပါတယ်။
ဒါပေမဲ့ ဒိုင်တွေက အကျပေးပြီး အိမ်ပြန်အဖွားနဲ့ အချိန်ပေးပြီး ပျော်ပျော်နေပါလို့ ပြောခဲ့ပါတယ်။
သူကလည်း မချင့်မရဲနဲ့ပဲ ပြန်သွားခဲ့ပါတယ်။

နောက်တယောက် က တော့ သူ့ရဲ့ တဦးတည်းသောသား အော်တစ်ဇင်
ရောဂါသည်ကလေး (လူပျိုပေါက်အရွယ်)အတွက် လာပြိုင်တဲ့ ၅၄ နှစ်အရွယ် ဖခင်တဦးပါ။
သာမာန်လက်လုပ်လက်စား ဆေးသုတ်သမားတဦးပါ။
သူဆေးသုတ်တဲ့နေရာကို သူ့ကိုယ်ပိုင်ကားလေးနဲ့သွားပြီး တကိုယ်တော်ဆေးသုတ်လေ့ရှိသလို
သူ့သားက အမြဲလိုက်ကူလေ့ရှိပါတယ်။

ဆေးမသုတ်တတ်ပေမဲ့ ပစ္စည်းတွေကိုတော့ ကောင်းကောင်းကူသိမ်းပေးတတ်ပါတယ်။
သူတို့သားအဖတွေအားလပ်ချိန်မှာ ဂီတကို မျှဝေခံစားတတ်ပြီး သူသီချင်းဆိုတာကို
သူ့သားက နှစ်သက်တဲ့အတွက် သူ့သားရဲ့ ဘ၀မှာ အမြဲအမှတ်ရစေမဲ့ လက်ဆောင်ပေးချင်လို့
ဒီနေရာကိုရောက်လာတာလို့ ဆိုပါတယ်။

ပြိုင်ပွဲဝင်သွားတဲ့ သီချင်းက ဒိုင်တွေကို ငြိမ်ကျသွားအောင် ခံစားချက်အပြည့်နဲ့ ဆိုပြသွားနိုင်သလို
သူ့သားလေးအတွက်ပါ လက်ဆောင်အကျီ င်္ပေးလိုက်တဲ့အထိပါ။
super week ကို တက်သွားပါတယ်။ အပြင်မှာစောင့်နေတဲ့ သူ့မိန်းမနဲ့သားလေးရဲ့ ဟန်ပန်က မြင်ရသူကို ၀မ်းနည်းဝမ်းသာပါ။

နောက်အဖွဲ့က ၃ ယောက်ပါတဲ့ အဖွဲ့လေးပါ။
အဲ့ဒီထဲက တယောက်က မွေးကတည်းက အောက်ပိုင်းသေနေတဲ့ သူတယောက်ပါ။
အဖွဲ့ဝင်လည်း ဖြစ် သူငယ်ချင်းလည်း ဖြစ်တဲ့ သူငယ်ချင်း ၂ ယောက်နဲ့ ပေါင်းပြီး ကြုံရာ ကျပန်း အလုပ်များကို လုပ်ပါတယ်။
အောက်ပိုင်းသေနေတဲ့ သူက သူ့ဘ၀ထဲမှာ ဂီတကို ရှာဖွေတွေ့ရှိခဲ့တဲ့ အချိန်က စပြီး သူ့ဘ၀က အဓိပ္ပါယ်ရှိလာသလို ခံစားရတယ် ။
အသက်ဝင်လာပါတယ်တဲ့။ ဒါကြောင့်မို့ သူက ဂီတကနေ သူ့ဘ၀ကို ရှာဖွေချင်တယ်လို့ ဆိုပါတယ်။

သူတို့ ၀င်ပြိုင်တဲ့သီချင်းက 2AM အဖွဲ့ ရဲ့ This Song ဆိုတဲ့ သီချင်းပါ။
အဲ့ဒီသီချင်းရဲ့ အဓိပ္ပါယ်က ပါးပါးလေးနဲ့ ထိထိရှရှဖွဲ့ထားပြီး ကိုယ်တိုင်လည်း နှစ်သက်လို့ မကြာမကြာနားထောင်မိတဲ့ သီချင်းပါ။
သီချင်းဆိုတဲ့ အချိန်မှာ ဆိုတဲ့သူရော ဒိုင်တွေပါ မျက်ရည်ကျပြီး မှ အအောင်ပေးခံလိုက်ရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

နောက် ၂ ယောက်အဖွဲ့ကထဲက တယောက်ကတော့ သူ့ကိုယ်သူ ဘာဆိုဘာမှ အသုံးကျသူမဟုတ်ဖူးလို့ မိတ်ဆက်ပါတယ်။ လက်မောင်းနှစ်ဖက်မှာ ဆေးမင်ကြောင်အပြည့်ထိုးထားပြီး
ဝနေတဲ့ခန္ဓာ မျက်လုံးမှေးမှေးနဲ့ အသက် ၃၀ ထိရောက်နေတာတောင်
ဘ၀မှာ ပညာရေးကစလို့ ဘာတခုမှ ဖြစ်မြောက်အောင် မလုပ်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ဂီတနဲ့တွေ့ချိန်မှာတော့ သူ့ကိုယ်သူရှာဖွေ တွေ့ရှိခဲ့တယ်လို့ ပြောတဲ့
သူက Rap စာသားတွေ ဌာန်ကရိုဏ်းကျကျရွတ်လို့ Super Week ကိုတက်သွားပါတယ်။

နောက်တယောက်က တော့ အထက်တန်းကျောင်းသားလေးပါ။
သူက သူများတွေထက် ပိုသေးပိုညက်သလို အရပ်လည်း ပုပါတယ်။
အဲ့ဒီအတွက် သူငယ်ချင်းတွေရဲ့ လှောင်ပြောင်မှုကို အမြဲခံရလေ့ရှိပါတယ်တဲ့။
ဒါကြောင့်မို့ သူတို့ထက်သာတာတခုခု လုပ်ပြမယ်ဆိုပြီး ဂီတကို လိုက်စားခဲ့ပါတယ်။
အဲ့ဒီအသက်အရွယ်နဲ့ သူ့ဂစ်တာသံကို ကြားတဲ့ဒိုင်တွေ မေးပြုတ်ခဲ့ရပါတယ်။
Super Week ကိုလွတ်လွတ်ကျွတ်ကျွတ်ကြီး တက်သွားနိုင်တဲ့သူလည်း ဖြစ်ပါတယ်။

နောက်တယောက်ကတော့ တက္ကသိုလ်ကျောင်းသားပါ။
မိဘက စီးပွားရေးအဆင်မပြေတဲ့အတွက် လမ်းဆုံလမ်းခွတွေမှာ
ဂစ်တာတီး သီချင်းဆိုပြီး စရိတ်ရှာလို့ ကျောင်းတက်နေတဲ့သူပါ။
ပိုကောင်းတဲ့ဘ၀ကို လိုချင်သူ အောင်မြင်ချင်သူရဲ့လက်သံ ဆိုဟန်တွေက ပရိုတယောက်နဲ့ နင်လားငါလားပါ။
သူလည်း Pass ပါ။

နောက်တယောက်ကတော့ အွန်လိုင်းကနေ အသံစစ်ပြီးမှ လူတွေ့ပဏာမကို တက်လာတဲ့
အာရပ်တိုင်းပြည်က ၁၉ နှစ်အရွယ် ကျောင်းသူတယောက်ပါ။
အင်္ဂလိပ်စကား အလွန်ကောင်းပြီး ကိုးရီးယားသီချင်းနဲ့ စကားကို ဆရာမပါပဲ ကိုယ်တိုင်လေ့လာသင်ယူခဲ့တဲ့
သူ့ရဲ့ လေယူလေသိမ်းနဲ့ ဆိုဟန်က ဒိုင်တွေကို ကျော်သွားနိုင်ပါတယ်။

နောက်တယောက်ကတော့ ဆယ်ကျော်သက်အရွယ်လောက်က ဂီတလောကမှာ အောင်မြင်ခဲ့ပြီး
အေဂျင်စီနဲ့ ပြသာနာတက်လို့ နေရပ်ကိုပြန်သွားပြီး မိသားစုစီးပွားရေး
အကျပ်အတည်းကို ရုန်းကန်ခဲ့ရတဲ့ တကျော့ပြန်အဆိုတော်ဟောင်းတယောက်ပါ။
သူ့ကို ဘယ်အေဂျင်စီကမှ လက်မခံတော့တဲ့အတွက် သူမရဲ့ ဂီတဘ၀ကို တကျော့ပြန်အသစ်က စချင်သူတယောက်ပါ။
တင်းကျပ်လှတဲ့ ဒိုင်တွေကြားကနေ ကံကောင်းခဲ့ပါတယ်။

နောက်တယောက်က ဆိုးလ်မြို့တော်ကြီးကို ခုမှ ရောက်ဖူးတဲ့ တောကနေ တက်လာတဲ့
မျက်နှာတခုလုံးကို ဆုရရင် ပလတ်စတစ်ဆာဂျရီ လုပ်မယ်ဆိုတဲ့ သူပါ။
တောကလာလို့ စကားဝဲပေမဲ့ ၀င်ပြိုင်တဲ့ သီချင်းက အင်္ဂလိပ်သီချင်းပါ။
အသံ အားကောင်းပြီး ပွဲစဉ်တလျောက် ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်မဲ့သူလို့ ကျမတော့ ခံစားမိပါတယ်။

နောက်ထပ်ထူးထူးခြားခြားတွေ့မိတဲ့ကလေးတယောက်က အနုပညာကျောင်းကပါ။
ပီိယာနိုကို ၄ နှစ်သားထဲက စတီးပြီး ခု ၁၅ နှစ်သားမှာ Mozart (မိုးစက်),
Beethoven (ဘီသိုဗင် )စတဲ့ တေးသွားတွေကို အရည်ကျိုသောက်ထားနိုင်တဲ့ ကလေးတယောက်ပါ။
အသံရော အတီးရော နားထောင်ပြီးတဲ့နောက်မှာတော့ ဒီကလေးဟာ လောကကို ဂီတနဲ့ အလှဆင်
ဖန်တီးပေးဖို့ ရောက်လာသူတယောက်လို့ ပြောလို့ရပါတယ်။

နောက်စစ်မှုထမ်းနေရတဲ့သူတွေအတွက် တပ်ထဲမှာလည်း လူရွေးပွဲလုပ်ပေးခဲ့ပါတယ်။ ။
သူတို့ ဆီက စစ်မှုထမ်းသက်က ၂ နှစ်ပါ။
စစ်ထဲ ၀င်ပြီးသိပ်မကြာခင်မှာ အမေလုပ်သူက ကင်ဆာဖြစ်ပြီး ဆေးရုံတက်လိုက်ရတဲ့အတွက်
ဘ၀ရဲ့ နောက်ဆုံးအချိန်တွေမှာ သားတယောက်အနေနဲ့ ရှိနေပေးမနေနိုင်တာမို့
ဖန်သားပြင်ပေါ်ကနေ အားပေးချင်တဲ့ အမေ့သားတစ်ယောက်ရယ် ချစ်သူကို သေခွဲခွဲလိုက်ရတဲ့ အတွက်
ဘ၀ခြားသွားသူကို အမှတ်တရအနေနဲ့ ကိုယ်တိုင်ရေး သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့သူတစ်ယောက်ရယ်ကတော့ မှတ်မှတ်ရရပါပဲ။
သူတို့ ၂ ယောက်လုံး အောင်သွားပါတယ်။ တခြားအတော်များများလည်း အောင်သွားပါတယ်။

ပွဲက အခုမှ အစပဲ ရှိပါသေးတယ်။ နောက်ထပ်ရွေးရမဲ့သူတွေ အများကြီး ရှိပါသေးတယ်။
ခုလာမဲ့ ရက်မှာအနောက်ကမ္ဘာ အပါအ၀င် နိုင်ငံတော်တော်များများက
ပြိုင်ပွဲဝင်တွေကိုရော တွေ့ရအုန်းမှာပါ။
လူပေါင်း သန်းချီရွေးတဲ့ပွဲမို့ ပွဲစဉ်ပေါင်းများစွာကို စောင့်ကြည့် ရင်ခုန်ရအုန်းမှာပါ။

ကိုယ့်တိုင်းပြည်က ၀ါသနာရှင် ရွက်ပုန်းသီးလေးများကိုလည်း အခါအခွင့်ကြုံရင် ဒီလိုပွဲမျိုး ၀င်နွှဲစေချင်လှပါတယ်။

ပြီးခဲ့တဲ့ Superstar K-3 မှာ ပထမချိတ်သွားတဲ့အဖွဲ့က Ulala Session ဆိုတဲ့ အဖွဲ့ပါ။
အဲ့ဒီ ထဲက အဖွဲ့ဝင်တယောက်က အစာအိမ်ကင်ဆာရောဂါကို
ပြင်းပြင်းထန်ထန် ခံစားနေရပြီး စပြိုင်ပွဲဝင်တဲ့အချိန်က စလို့ ပွဲစဉ်တလျောက်လုံးမှာ
ဆေးရုံတက်ခွဲစိတ်လိုက် ဆင်းလိုက် ပြိုင်ပွဲဝင်လိုက်နဲ့ သေမင်းကို ကြံ့ကြံ့ခံ အန်တုပြီး အနိုင်ယူခဲ့သူပါ။
ခေါင်းတုံးဆံပင်နဲ့ ဆေးဒဏ်တွေနဲ့ဖြူဖျော့နေတဲ့ ကြားက
စံတင်လောက်တဲ့ ဖျော်ဖြေမှုတွေကို လုပ်ပြသွားနိုင်ခဲ့ပါတယ်။

အဲ့ဒီ အဖွဲ့က ပွဲစဉ်တလျောက်လုံး ကြည့်သူတွေအားလုံးကို ပေးသွားတဲ့အရာက
စံနမူနာပြုလောက်စရာ အသင်းအဖွဲ့စိတ်ဓာတ်၊
ရှောင်လွဲမရနိုင်တဲ့ သေမင်းကို အန်တုနိုင်ဖို့ လူကလည်း
ဘယ်လိုကြိုးစားရင်ဆိုင်နေထိုင်ရမယ် ဆိုတာရယ်၊ ဘ၀ကို ချစ်ခင်တန်ဖိုးထားတတ်ဖို့ရယ် ပါ။

ပြီးခဲ့တဲ့ အပတ်လူရွေးပွဲပြီးတော့ Psy ကပြောပါတယ်။
သူတို့ တိုင်းပြည်က တကယ့်ကိုပဲ Music Country ပါတဲ့။
ဘာလို့များ အဲ့လောက် ဂီတကို ခုံမင်ရူးသွပ်ပြီး တော်တဲ့သူတွေအများကြီး ရှိနိုင်ရတာလဲ မသိပါဘူး။
သူပြောမယ် မော်ကြွားမယ် ဆိုလည်း ပြောချင်စရာပါ။
K-wave အောက်မှာ ပြားပြားဝပ်နေတဲ့ တိုင်းပြည်တွေ တစထက်တစ များလာပါတယ်။

SM, JYP, YG, CUBE စတဲ့ အန်တာတိန်းမန့် အေဂျင်စီတွေက
စနစ်တကျ မွေးထုတ်ထားတဲ့ အနုပညာ သည်တွေ အုပ်စုလိုက်ရော
တကိုယ်တော်ရော မနည်းလှပါဘူး။ လျော့သွားတယ် မရှိ တိုးလာတာပဲ ရှိပါတယ်။

နေ့စဉ်နေ့တိုင်း မရိုးနိုင်သော ဖန်တီးမှုတွေနဲ့ အသစ်အသစ်သော ကကွက်တွေ သံစဉ်အသစ်တွေကို
ဖန်တီးနိုင်မှုကလည်း အားကောင်းလှပါတယ်။
ဂီတလောကရဲ့ ဆာလောင်မှုတွေကို ရှာဖွေပြီး
ဖြည့်တင်းပေးဖို့ ကြိုးစားနေတဲ့ လူငယ်များကလည်း အင်နဲ့အားနဲ့ပါ။

K-wave ကနေ ရလာတဲ့ နိုင်ငံရေး ၊ စီးပွားရေး ဆိုင်ရာ အကျိုး အမြတ်တွေ
မသိလိုက်မသိဖာသာနဲ့ သြဇာလွှမ်းမိုးသွားမှုတွေဟာ ရှင်သန်ရပ်တည်ဖို့ ခက်ခဲလှတဲ့
ကျွန်းနိုင်ငံသားတွေရဲ့ ကြိုးစားအားထုတ်မှု အသီးအပွင့်တွေပါ ။
အလကားရခဲ့တာတော့ မဟုတ်ပါဘူး။

ကျမဖတ်ဖူးတာကတော့ အနုပညာသည်တွေရဲ့ အိုင်ကျူဟာ တခြားသော
သူများထက်စာရင် နည်းနည်းလေးတော့ မြင့်လေ့ရှိတယ်ဆိုပါတယ်။
အနုပညာသည်ဆိုတာ တနည်းအားဖြင့် ဆန်းသစ်တဲ့ ဖန်တီးမှုတွေ
ဈာန်ဝင်စားမှုတွေနဲ့ သူမတူအောင် ဖမ်းစားတတ်တာကိုး ။

ဆိုတော့ ဒီကျွန်းက လူတွေ အိုင်ကျုတွေလည်း ကောင်းပုံရပါတယ်။ အထင်ပါ။
(ဟုတ်ချင်မှလည်း ဟုတ်မှာပါ)

ဟိုဘက်အိမ် ပြတင်းပေါက်ကို ချောင်းကြည့်ပြီးတဲ့သကာလ ကိုယ့်အိမ်လေးကို ပြန်ကြည့်မိပါတယ်။
လူငယ်တွေရဲ့ ၀ါသနာတွေ ပါရမီတွေ အိမ်မက်တွေ မျှော်လင့်ခြင်းတွေကို
ရှင်သန်ထမြောက်အောင် ဖန်တီးပေးနိုင်တဲ့ ( ဂျုးစကားကို ငှားပြောရရင်)
ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တခု ကျမတို့ ဆီမှာ ရှိမနေခဲ့ပါဘူး။
မဖန်တီးနိုင်ခဲ့ပါဘူး။

ချောင်ပိတ်မိနေတဲ့ လူတချို့အတွက် ထွက်ပေါက်လေးတွေ အလင်းရောင်လေးတွေနဲ့တောင် လမ်းမပြနိုင်သေးပါဘူး။

K-Wave ဆိုတာ အပေါ်ယံထက်ပိုပြီး ဟိုးအတွင်းနက်နက်ထဲထိ ကြည့်လိုက်ရင်
သူတို့ရဲ့ ကြိုးစားအားထုတ်မှု အနှစ်သာရကို မြင်နိုင်ပါတယ်။
အဲ့ဒီထက်ပိုပြီး ကျော်ကြည့်လိုက်ရင် လူတွေရဲ့ စွမ်းဆောင်ရည်တွေဟာ
အကန့်သတ်မဲ့ပြီး ကြိုးစားရင် ကြိုးစားသလောက် ပေါက်မြောက်သွားနိုင်တယ် ဆိုတာလေးပါ။

pooch

About pooch

has written 28 post in this Website..

Be Happy !!! CJ# 5182011