အမေတွေ မျှော်နေတယ် – ခင်မမမျိုး

kaiSeptember 20, 20121min18422

အမေတွေ မျှော်နေတယ်

(၁)

လွယ်အိတ်နီလေး

စလွယ်သိုင်းလို့

တော်လှန်ရေးလုပ်ဖို့

ထွက်သွားတဲ့

သားငယ်လေး၊

မုန်တိုင်းစဲလို့

အိမ်ပြန်အလာကို

မိခင်အိုကြီးက

စောင့်မျှော်နေရှာတယ်။

(၂)

ဒီမိုကရေရမှ

အိမ်ပြန်လာမယ် ဆိုတဲ့

သမီးငယ်လေး၊

မျှော်လင့်ချက်တွေ

ပြည့်ဝလို့

ဆန္ဒပြည့်ချိန်ကို

မိခင်တယောက်က

စောင့်မျှော်နေရှာတယ်။

(၃)

စာသင်ကျောင်းကနေ

သံတိုင်တွေကြားထဲ

ရောက်သွားရတဲ့

သားငယ်လေး၊

တောင်ပံကျိုး

ငှက်ငယ်ဘဝက

လွတ်မြောက်လာမယ့်နေ့ကို

အမေတယောက်က

စောင့်မျှော်နေရှာတယ်။

(၄)

စစ်ဗိုလ်ကြီးလုပ်ချင်လို့

စစ်တက္ကသိုလ်

တက်ခဲ့တဲ့

သားငယ်လေး၊

ရှေ့တန်းကနေ

ဘေးမသီ၊ ရန်မခပဲ

ခွင့်ပြန်လာမယ့်နေ့ကို

မိခင်အိုကြီးက

စောင့်မျှော်နေရှာတယ်။

(၅)

မုဆိုးမအမေကို

လုပ်ကျွေးဖို့ဆိုပြီး

စစ်ထဲဝင်သွားတဲ့

သားငယ်လေး၊

စစ်မြေပြင်က

ပြန်လာမယ့်နေ့ကို

အမေတယောက်က

စောင့်မျှော်နေရှာတယ်။

(၆)

စစ်ပွဲတွေကြားမှာ

ပြေးရင်းလွှားရင်း

ပျောက်သွားခဲ့ရတဲ့

သမီးငယ်လေး၊

စစ်ကြီးပြီးလို့

ပြန်ဆုံရမယ့်ရက်ကို

အမေတယောက်က

စောင့်မျှော်နေရှာတယ်။

(၇)

စစ်မြေပြင်မှာ

ပဋိပက္ခတွေမှာ

အမြင်မတူလို့

အတွေးအခေါ်မတူလို့

ဆန့်ကျင်ဘက်ရန်သူလို့

သတ်မှတ်ထားကြပေမယ့်၊

တူညီချက်တခုကတော့

စစ်မြေမဟုတ်သော

တနေရာက

အသက်ရှင်နေဆဲ

အမေတွေရဲ့

စောင့်မျှော်တမ်းတမှုတွေပါပဲ။

(၈)

မိတ်ဆွေတို့ရယ်-

စစ်ပွဲတွေကို

ရပ်ကြပါတော့၊

ပဋိပက္ခတွေကို

ငြိမ်းချမ်းစွာ

ဖြေရှင်းကြပါတော့၊

အမေတွေမျှော်နေတယ်။

ခင်မမမျိုး (၁၉၊ ၉၊ ၂၀၁၂)

22 comments

  • ကိုခင်ခ

    September 20, 2012 at 6:28 am

    ရင်ပူစွာနဲ့
    စောင့်ခဲ့ရအမေ၊
    ရင်အေးစေဖို့
    ငြိမ်းချမ်းကြပါလေ။

  • အိမ်လွမ်းသူ

    September 20, 2012 at 7:27 am

    ပြည်တွင်းစစ်တွေ အမြန်ရပ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကြီးကို အမြန်ဆုံးရောက်ပါစေ။

  • ကြည်ဆောင်း

    September 20, 2012 at 8:48 am

    သားသမီးတွေနဲ့ ရှင်ကွဲသေကွဲ မသိကြရတဲ့ အမေတွေအားလုံး အတွက်ကိုယ်စားပြု ကဗျာလေးပါဘဲ…
    မျှော်နေတဲ့ အမေတွေ မျှော်လင့်ခြင်းတွေ ပြည့်ဝကြပါစေ….

  • htet way

    September 20, 2012 at 8:50 am

    ကောင်းလိုက်တဲ့ အတွေးပါ
    သတိရခြင်းတွေ ယှက်ဖွဲ့ ထားတဲ့ မိခင်ရဲ့ မေတ္တာ
    ဟုတ်ကဲ့ ….အမေ မျှော်နေတယ် ။
    အမေကိုလည်း မျှော်နေကြပါတယ်။

  • Mon Kit

    September 20, 2012 at 8:53 am

    အမေတွေ မျှော်နေရတဲ့နေ့တွေ.. ကုန်ဆုံးလွန်မြောက်ပါစေ….
    🙁

  • P chogyi

    September 20, 2012 at 9:12 am

    မျှော်သာမျှော် ပေါ်မလာသူရယ်စိမ်းကား……
    ပြန်လာချင်ပေမဲ့ မပြန်လာနိုင်သေးဘူး၊
    ပြန်လာချင်ပေမဲ့ ပြန်မလာနိုင်တော့ဘူး၊
    ပြန်လာချင်ပေမဲ့ ပြန်မလာတော့ဘူး…… စသည်ဖြင့်
    အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာသူတွေကို အမေတွေတင်မကပါဘူး
    ဇနီး၊ သားသမီး၊ ညီအစ်ကိုမောင်နှမ မိသားစု များစွာကမျှော်နေတာပါ။

  • mayjuly

    September 20, 2012 at 1:00 pm

    ဘာအကြောင်းကြောင့်.. ဘယ်နေရာတွေ ပဲရောက်နေရောက်နေ …

    အချိန်တွေဘယ်လောက်ပဲကြာကြာ … အဆုံးမသတ်နိုင်တဲ့ မေတ္တာ ဂရုဏာတွေ အပြည့် နဲ့ ..

    စောင့်မျှော်နေကြတာ .. အမေတွေ ပါ …

  • Novy

    September 20, 2012 at 1:36 pm

    သားရည်ရွယ်ချက်
    အောင်မြင်ပြည့်ဝ တနေ့ကျရင်
    အမေ့ရင်ခွင် အပြေးလာပြီ
    ဝင်ခဲ့မယ်
    မွေးကျေးဇူးတွေ
    ဆက်ခွင့် ကြုံအောင်
    သားပြန်အလာကို
    စောင့်အုံးနော်၊

    နိုဗွီရဲ့ ခံစားမှု့

  • လုံမလေး မွန်မွန်

    September 20, 2012 at 1:42 pm

    ိကိုယ်ကျိုးအတွက် သားကောင်ချနင်းနေတဲ့ တစ်ခြားသားသမီးတွေကြားက နိုင်ငံ့အကျိုး ဆောင်သယ်ပိုးတဲ့ အမေ့ရဲ့သားသမီးတွေအတွက် ဂုဏ်ယူပေးပါ အမေ….

  • အရီးခင်လတ်

    September 20, 2012 at 2:15 pm

    ခံစားချက် အပြည့်နဲ့ ဖတ်သွားပါတယ်။

    အမေတွေ မျှော်နေတာ အသေအချာပါဘဲ။
    စစ်ပွဲ တွေရပ်လို့၊ အမုန်းတွေကွာပြီး အတ္တတွေ နဲ သွားမဲ့ နေ့ မှာ တိုင်းပြည် ကို ပြန်လာချင်သူ တွေ အများကြီးပါ။
    လောဘ တွေ နဲ့ အေးဓားမြ တိုက်သူတွေ ရှားပြီး အပြောအဆို အဖားမှ မတတ် ရင် အလုပ်မဖြစ် တဲ့ ဘဝ က လွတ် သွားမဲ့ နေ့ မှာ တိုင်းပြည် ကို ပြန်လာချင်သူ တွေ အများကြီးပါ။
    ဘယ်သူမဆို ကိုယ့်မြေ ကိုယ့်ရေ မှာ ဘဲ နေချင်ကြမှာပါ။

    တကယ်တော့
    အမေ မှ မဟုတ် အဖေ တွေ လဲ (စိတ်မာသယောင် နဲ့ ) အဝေးက ကိုယ့်သားသမီး တွေ အပြန်ကို တိတ်တိတ်လေး မျှော်နေတာ။
    သမ္မတကြီး က အဝေးရောက်သူ တွေလဲ တိုင်းပြည်ပြန်လည်ထူထောင်ရေး အတွက် ပြန်လာကြပါ လို့ ဖိတ်ခေါ်တဲ့ နေ့ အပြီး ကျွန်မ အဖေ က အားတက်သရော နဲ့
    သမီးရေ ဘယ်တော့ပြန်လာ မလဲ တဲ့။

    ကျွန်မ အနေနဲ့ ကတော့ ရုပ်ဝတ္တု မမက်ပါဘူး။
    ဒါပေမဲ့ အလကားနေရင်း သွားဖြီးပြ နေရတဲ့ ဘဝ နဲ့ အဲဒီလို ဖြစ်နေရတဲ့ အသိုင်းအဝိုင်း ကို မုန်းတယ်။
    အခုတော့ ကျွန်မ မှာ အဖြေမရှိသေး။ 😥

    • kai

      September 20, 2012 at 3:16 pm

      ခုနတင် .. အသိတချို့နဲ့စကားပြောဖြစ်နေတယ်..
      ဒေါ်အောင်ဆန်းစုကြည်က.. ပြန်ခဲ့ပါလို့ခေါ်ရင်. အားလုံးပစ်ချပြီး.. . ပြန်မယ့်သူတွေရှိတယ်..

      ဒေါ်စုသိစေချင်ကြောင်း… :mrgreen:

      (အရီးလတ်ရော… ဟင်င်.. ) :harr:

      • pooch

        September 20, 2012 at 4:04 pm

        အော် ဒါဆို သူကြီးက နောက်နှစ်လာမလို့လား :mrgreen:
        အနော်မေးခိုင်းတာ မေးလိုက်အုန်းနော် မေ့မနေနဲ့။

      • အရီးခင်လတ်

        September 21, 2012 at 3:32 am

        သူကြီးရှင့်

        အကယ်၍
        ကျွန်မ လုပ်တတ်သော အလုပ်ဟာ မြန်မာပြည်မှာ အတော်ရှားပါးပါက ပြန်ပါမည်။
        အကယ်၍
        ကျွန်မ သာ မြန်မာပြည် တောနယ် တွေသွား၍ ခလေးငယ်များ ကို စာပြ ပေးရန် ငွေကြေး လုံလောက် ပါက ပြန်ပါမည်။

        လောလောဆယ်မှာ
        ကျွန်မ ထက်တောင် တော်သော ပြည်တွင်းဖြစ် အိုင်တီ သမားများ ရွာထဲ မှာတောင် အများကြီး။
        လောလောဆယ်မှာ
        ကိုယ့်ဝမ်းနာကိုယ်သာသိသော ဘဏ္ဍာရေး က လဲ တမှောင့်။

        ထို့ကြောင့် အဖြေမှာ ထူးအိမ်သင် ရဲ့ အမေ့အိမ် ကို ဘဲ ဆက်ပြီး ညည်းနေမိဦး မှာပါဘဲ။

        မှတ်ချက် –
        ယူကေမှာ ဒေါ်အောင်ဆန်းစုကြည် က
        ဘယ်သူ့ကိုမှ ပြန်လာဖို့ အတင်းခေါ်မှာ မဟုတ်ဘဲ ကိုယ့်အခြေအနေ ကိုယ့်ဟာကို ကြည့်ပြီး တကယ် အနစ်နာခံ နိုင်တယ် ဆိုမှ ပြန်လာပါ။
        ဆိုလားဘဲ။

        တကယ်တော့ မြန်မာပြည်ထဲမှာလဲ တကယ်တော်တဲ့ သူတွေ အများကြီးပါ။
        တော်ကြာ ကျွန်မတို့ ပြန်မှ ပေါ့စေလိုကြောင်ရုပ်ထိုး ဆေးအတွက် လေး ဆိုတာဖြစ်နေမှာ။
        ပြည်တော်ပြန်တာ ကောင်းကောင်း မပြန်ဘဲ ကိုယ်ကို ဘယ်လောက် ပေးမှာလဲ မေးပြီး ပြန်ကြ မယ် ဆိုရင်တော့ မပြန်တာဘဲ ကောင်းမယ်ထင်ရဲ့။ :kwi:

        • kai

          September 21, 2012 at 5:14 am

          အရီးလတ်ကလည်း… ပရိုဖက်ရှင်နယ်ပါဆိုနေမှ..
          ထိုက်သင့်တဲ့ကြေးမရ.. ထိုက်သင့်တဲ့.. Respect မရ..

          ပြန်ကြဖို့တွေးကြမယ်တောင်… မထင်..။ :kwi:

        • အရီးခင်လတ်

          September 22, 2012 at 3:35 am

          စစ်ပွဲ ဆိုတာ အဲဒီလိုက စတာဘဲ သူကြီးရေ။
          ငါ့လိုလူ ကို နေရာပေးရမယ် ဆိုကထဲ က တစ်ခုခု တော့ လွဲနေပြီ။
          တကယ်လုပ်ပေးလာသူ ဟာ သူများနေရာပေးမှ၊ ရိုသေပြ မှ မဟုတ်ပါ။
          တကယ်စေတနာ ကောင်းရှိရင် သူ့ဟာသူ နေရာရနေမှာပါဘဲ။
          နေရာ အတွက်၊ Respect ရဖို့ အတွက် တော့ ကျွန်မ ဆို မပြန်ပါဘူး။
          တကယ်တော့ ပြောချင်တာတော့ အများကြီးဘဲ။
          ကျွန်မ အတွေးလဲ မှားနိုင်ပါတယ်။ :kwi:

          အချုပ်ကိုတော့ ဘပု ရွေးထားတဲ့ အများသဘောကျ ထူးအိမ်သင် ရဲ့ စာသားလေး။
          ပိုင်ဆိုင်မှု့တွက်စစ်မက်များ
          ပိုင်ဆိုင်မှု့တွက်စစ်မက်များ
          ပိုင်ဆိုင်မှု့တွက်စစ်မက်များ

        • kai

          September 22, 2012 at 4:39 am

          ဒီကမ္ဘာပေါ်မှာ.. ဒေသဆိုင်ရာ conflict ..စစ်ပွဲ.. တွေက. ပိုင်ဆိုင်ရယူလိုမှုကစတာပါတဲ့..
          ကျုပ်တကြိမ်မကပြောခဲ့ဖူးတယ်..
          ( ကိုရင်အောင်ဘုကို.. ထပ်ပြီးရွှေချလိုက်ပါတယ်..။) :kwi:
          တကယ်တော့..အဲဒါက.. ယူအက်စ်ရဲ့.. ဒေသဆိုင်ရာပြဿနာတွေ..ဖြေရှင်းအဖြေရှာရာမှာ သုံးတဲ့ပေါ်လစီ.. Key လေးပါ..။

          ဆိုတော့..
          “ပိုင်ဆိုင်မှုအတွက်… စစ်မက်များ”ပါ..

          မြန်မာပြည်အနောက်ကမ်းအရေးလည်း.. အဲဒါပါပဲ..။
          မြန်မာ့မြောက်ပိုင်းဒေသလည်း..အဲဒါပါပဲ..။
          “ပိုင်ဆိုင်မှုအတွက်… စစ်မက်များ”ပါ..

  • ရွှေ ကြည်

    September 20, 2012 at 2:30 pm

    အရီးပြန်လာရင်ရွှေကြည်လာကြိုမယ်နော်…။ တွေ့ချင်တယ်အရီးရေ။

  • စိန်ဗိုက်ဗိုက်

    September 20, 2012 at 3:04 pm

    ကျနော်လဲ….
    ဒေါ်ခင်မမမျိုးနဲ ့ အားလုံးနည်းတူပဲ
    စစ်ပွဲနဲ ့ ပဋိပက္ခ တွေ ရပ်ပေးကြရန် အော်ဟစ် တောင်းဆို စာရင်းသွင်းသွားပါတယ်ခင်ဗျား..

    နံပတ် (၂ ) မှာ
    ဒီမိုကရေစီရမှ အစား ဒီမိုကရေရမှ ဆိုပြီးဖြစ်နေတာ တမင်ရေးတာလား မှားတာလားမသိဘူး ဦးခိုင်

    • kai

      September 20, 2012 at 3:51 pm

      ဒီမိုကရေစီဖြစ်မယ်ထင်တာပဲ..
      ဟုတ်တယ်နော… ဆရာမ.. 🙂

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 20, 2012 at 6:04 pm

    မျိုးချစ်စိတ်တွေလေ မျိုးချစ်စိတ်တွေ
    ခင်ဗျားတို့ဘဲပြောတယ်ဟုတ်ဘူးလား မျိုးချစ်စိတ်ရှိရမယ်ဆို
    ကိုယ့်လူမျိုးကိုယ့်ဘာသာကိုစောင့်ရှောက်ရမယ်ဆို
    ကိုယ့်ရေကိုယ့်မြေကိုကာကွယ်ရမယ်ဆို
    ထူးအိမ်သင် ( ကိုငှက်ကြီး ) သီချင်းလေးသွားသတိရတယ် ဘာတဲ့
    ပိုင်ဆိုင်မှု့တွက်စစ်မက်များဆိုလား
    ဒီနေ့စစ်ပွဲတွေက ဒီမိုကရေစီတွက်လို့ ယောင်လို့တောင်မတွေးလိုက်ပါနဲ့
    ကျေးဇူးပြုပြီးဘယ်တော့မှ နောက်ထပ်မပြောကြပါနဲ့
    တိုင်းရင်းသားနယ်မြေပိုင်ဆိုင်မှု့ကိုအကြောင်းပြုပြီးဖြစ်နေတဲ့စစ်ပွဲတွေပါ
    ဒီမိုကရေစီဘက်တော်သားတွေစစ်တိုက်တယ်ဆိုတာကို အောင်ပုတို့က လက်မခံ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ပိုင်ဆိုင်မှု့တွက်စစ်မက်များ
    ( ရိုးရိုးလေးတွေးကြည့်ဘို့တိုက်တွန်းပါတယ် )
    ဘာရယ်တော့မဟုတ်ပါဘူး မတူတဲ့အတွေးတွေပါနော :mrgreen:

  • မဟာရာဇာ အံစာတုံး

    September 20, 2012 at 9:39 pm

    ဂေဇက်ကြီး
    တိုက်ခိုက်ခံရတုန်းက
    သူကြီး မြန်မြန်ပြန်ပြင်နိုင်ပါစေ
    မြန်မြန် ပြန်ပြင်နိုင်ပါစေ ဆိုပြီး
    ဆုတောင်း ထောပနာမူတွေနဲ့
    ဂေဇက်ကြီး ဝုန်းခနဲ
    ပွင့်လာတဲ့အချိန်ကို
    မျှော်လင့်ခဲ့သူတွေ
    အများကြီး ရှိနေခဲ့တယ် …

    ဒါကြောင့် အမောင်တို့
    မကောင်းတဲ့ တိုက်ခိုက်မှု ဟူသမျှ
    ဘာတစ်ခုမျှ မကောင်းဟူ၍ မှတ်ယူကြကုန်လော့ …
    :harr:

  • kyeemite

    September 21, 2012 at 9:49 am

    ဘာပဲပြောပြော..ဆြာပုနောက်လိုက်တယ်ဗျာ…ဘာတဲ့..
    “ပိုင်ဆိုင်မှု့တွက်စစ်မက်များ” :harr:

Leave a Reply