လျှပ်စစ်သုတ- ၂ ( ဖြန့်ဖြူးခြင်း )

Swal Taw YwetSeptember 20, 20122min2469

လျှပ်စစ်သုတ- ၁ ကိုအားပေးကြတဲ့အတွက် ကျေးဇူးအကြီးကြီးတင်ပါတယ်။အခု လျှပ်စစ်သုတ- ၂ အဖြစ်ဆက်ရေးလိုက်ပါပြီနော။ ဝိုင်းပြီးဖြည့်စွက်ပေးကြပါအုံး။

လျှပ်စစ်သုတ- ၁ မှာ  The Best ရေးပေးခဲ့တဲ့ အောက် က မန့်ထားတာလေးကို အခြေပြုပြီး သုတ-၂ ကို ဆက်ပါရစေ။

( The Best ရေ စုပြီးဆောင်းပြီး အသင့်လုပ်ပေးလိုက်တဲ့ ဇယားလေးကို Print ထုတ်ပြီး ကျနော့် သင်တန်းကျောင်းလေးရဲ့ နံရံ မှာ ကပ်ထားလိုက်ပါပြီနော၊ကျေးကျေးပါ။)

the best says:

နိုင်ငံအလိုက် သုံးစွဲတဲ့ အိမ်သုံး ဗို့ နဲ့ Frequency တွေ ကို
လေ့လာနိုင်ဘို့ အတွက် ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

Region Voltage Frequency
Australia 230 V 50 Hz
Brunei 240 V 50 Hz
China (mainland only) 220 V 50 Hz
Canada 120 V 60 Hz

France 230 V 50 Hz
Germany 230 V 50 Hz
India 230 V 50 Hz
Indonesia 127 V / 230 V 50 Hz
Japan 100 V 50 Hz & 60 Hz
Korea, South 220 V 60 Hz
Malaysia 240 V 50 Hz
Mozambique 220 V 50 Hz
Myanmar/Burma 230 V 50 Hz
New Zealand 230 V 50 Hz
Singapore 230 V 50 Hz
Thailand 220 V 50 Hz
United Arab Emirates 220 V 50 Hz
United Kingdom 230 V 50 Hz
United States of America 120 V 60 Hz

 

ကျနော်တို့ မြန်မာနိုင်ငံမှာ 230 Volt, 50 Hertz A.C ဗို့အားကို အိမ်သုံးအဖြစ်ဖြန့်ဖြူးပေးနေပါတယ်။

အများအားဖြင့် Two Twenty ( 220 )လို့ခေါ်ကြပေမယ့် ကိုထူးဆန်းမေးထားခဲ့သလို 160Volt  ဖြစ်နေတာကတော့….တော့……..လို့ပေါ့ခင်ဗျာ၊ စက်ရုံတွေအတွက် တြိသွင်စနစ်ကတော့ 3 Phase, 440 Volt, 50 Hertz ပါ။ အဲဒီလျှပ်စစ်စွမ်းအင်တွေကိုဖြန့်ဝေပေးတဲ့နေရာတွေထဲမှာ အများပြည်သူနဲ့အနီးဆုံးဖြစ်တဲ့ ရပ်ကွက်ထရန်စဖေါ်မာ က စပါ့မယ်။

ရပ်ကွက်ထရန်စဖေါ်မာ အများစုဟာ 11 KV/440 V Step Down Transformer တွေ ဖြစ်ကြပါတယ်။ ရန်ကုန်မြို့နေရာအနည်းငယ်မှာတော့ အင်္ဂလိပ်လက်ထက်ကတည်းကသုံးခဲ့တဲ့6.6 KV / 440 V  Transformer နဲနဲ ကျန်နေပါသေးတယ်။ ကျန် တစ်နိုင်ငံလုံးလိုလို ရပ်ကွက်ကျေးရွာတွေကို ဖြန့်တာကတော့ 11 KV တွေပါ။ကျနော့်အရင်ပို့စ် “ A. G. T. I တစ်ယောက်ရဲ့အမြင် ” မှာရေးဖူးသလို လျပ်စစ်စွမ်းအင်တွေကို တစ်နေရာ က တစ်နေရာ ပေးပို့ဖြန့်ဖြူးတဲ့ အခါ အရေးပါတာက စီးဆင်းမည့်လျပ်စစ်စီးကြောင်း အမ်ပီယာ ပမာဏပါ၊ အဲဒါကြောင့် စွမ်းအင်များများကို နေရာဝေးဝေးပို့ရတော့မယ်ဆိုရင် ဗို့အားမြင့်မြင့်နဲ့ ပေးပို့ခြင်းကိုလုပ်ဆောင်နေရတာဖြစ်ပါတယ်။ ယနေ့မြန်မာနိုင်ငံမှာသုံးနေတဲ့ အမြင့်ဆုံး ပို့လွှတ် ဗို့အား ကတော့ 230 KV ဖြစ်ပါတယ်၊ 500 KV ပို့လွှတ်လိုင်းစီမံကိန်းတစ်ခုလည်း စတင်နေပါပြီ။

မြို့နယ်အလိုက် လျှပ်စစ်ဓါတ်အားခွဲရုံ (Sub Station ) တွေကနေ ရပ်ကွက်တွေအထိ  11 KV (ဗို့အား တစ်သောင်းတစ်ထောင်) ကို  3 phase လိုင်းနဲ့ဖြန့်ဖြူးပါတယ်။

ရပ်ကွက်ထိပ်ရောက်မှ အဲဒီ့ 11 KV 3 phase  ကို  440 Volt, 3 Phase အဖြစ် ဗို့အားနှိမ့်ချ လျှပ်တာပြောင်း ( Step-Down Transformer) နဲ့ပြောင်းပေးပါတယ်။  ကြုံခဲ့ရင် နီးစပ်ရာရပ်ကွက် ထရန်စဖေါ်မာတစ်ခုကို ကြည့်ရင်း အောက်ကရေးပြထားတာလေးတွေကို သတိရပေးလိုက်ပါနော်……

၁။ အဝင်ဖက်သည် ကြိုး (၃) ချောင်းသာ ရှိပါမယ်။  3 Phase, 3 Wire System 11 KV ဖြစ်လို့ပါ။ ထရန်စဖေါ်မာအတွင်းက အစပြုခွေ (Primary Winding) ၃ ခုကို တြိဂံပုံ (Delta Connection) ဆက်သွယ်ပြီး ဓါတ်အားပေးသွင်းတာဖြစ်ပါတယ်။

၂။ တဆင့်ခံခွေ (Secondary Winding )မှာတော့ Phase ၃ ခုဖြစ်လို့ ကွိုင် ၃ ခွေရှိသော်လည်း Y ပုံစံ (အင်ဂျင်နီယာအခေါ် Star Connection) ဆက်သွယ်ထားပါတယ်။ အစ ၃ စ ဆုံရာ အလယ်ပွိုင့်ကနေ Neutral လို့ခေါ်တဲ့ အအေးကြိုးထုတ်ယူဖို့ပါ။ Y ပုံစံ (Star Connection) ဆက်သွယ်မှုမှာ အလယ်ကောင် ကြိုး ၃ စ ဆုံရာကနေပြီး Neutral Wire ၁ချောင်း၊ ကျန်တဲ့အပြင်စ ၃  စကနေပြီး 3 Phase (ဝါယာ ၃ ချောင်း) စုစုပေါင်း ဝါယာ ၄ ချောင်းသည် ရပ်ကွက်အိမ်များအတွက် ထွက်သွားမှာဖြစ်ပါတယ်။

ရပ်ကွက်အတွင်း 3 phase , 4 Wire system (R , Y , B + N) (OR) (L1 , L2 , L3 + N) နဲ့ ဖြန့်ဝေပေးတော့မှာဖြစ်ပါတယ်။

ရပ်ကွက် ထရန်စဖေါ်မာမှာ ကြိုး ၃ ချောင်းသည် အဝင်ဘက် (11 KV)၊ ကြိုး ၄ ချောင်းသည် အထွက်ဘက် (440 V) ဆိုတာသိပြီနော်.. တကယ်ကြည့်ရင် အထွက်ဘက်မှာ ကြိုး ၅ ချောင်း ရှိတယ်ဗျ။ သေသေချာချာကြည့်.. Neutral ခေါ်တဲ့ အအေးကြိုးရဲ့ ငုတ်မှာ ကြေးကြိုး ၁ ချောင်း ထပ်ဆက်ပြီး မြေကြီးထဲကို ချထားပေးရတယ်။ အအေးကြိုးအဖြစ် အန္တရာယ်ကင်းစွာ (သန့်သန့်ကလေး) တည်ရှိနေအောင်လို့ မြေဓါတ်ချခြင်း၊ (Earthing) လုပ်ပေးထားတာပါ။

RYB ဆိုတာက Red, Yellow, Blue လို့ခေါ်တဲ့  Phase ကြိုး ၃ ချောင်းရဲ့ အရောင် သင်္ကေတ အတိုကောက်တွေပါ။ အခုနောက်ပိုင်းမှာ (L1 , L2 , L3 ) လို့ လည်းခေါ်ဝေါ်လာကြပါပြီ။ အဲဒီ့ ၃ကြိုးသည် ဓါတ်လိုက်နိုင်သောကြိုး တနည်း အပူကြိုးများဖြစ်ကြပါတယ်။ Neutral အအေးကြိုးကတော့ ဓါတ်လိုက်နိုင်ခြင်းမရှိပါဘူး။

Line 1 (or) Line 2 (or) Line 3 တစ်ခုခုနဲ့ Neutral အကြားမှာ လျှပ်စစ်တွန်းအား ၂၂ဝ ဗို့ ရှိနေပါမယ်။ Line 1 နဲ့ Line 2 အကြား (သို့မဟုတ်) Line 2 နဲ့ Line 3 အကြား (သို့မဟုတ်)

Line 3 နဲ့ Line 1 အကြားမှာ လျှပ်စစ်တွန်းအား 440 V ရှိနေပါမယ်။ အဲဒါကြောင့် ရပ်ကွက်အတွင်း သွယ်တန်းထားတဲ့ 3 Phase 4 Wire ဖြန့်ဖြူးရေးလိုင်းတွေကို  0.4 KV လိုင်းတွေလို့ ခေါ်ကြတာပါ။

အိမ်တစ်အိမ်အတွက်ဆိုရင်- ဓါတ်လိုက်နိုင်တဲ့ ကြိုး ၃ချောင်းထဲက တစ်ချောင်းချောင်း (အပူကြိုး တစ်ချောင်း) နဲ့ အအေးကြိုး တစ်ချောင်း ပေါင်း ၂ ချောင်းဆက်သွယ်ရပါတယ်။ အပူကြိုးမှ လျှပ်စစ်စီးဝင် အိမ်မှာလျှပ်စစ်ပစ္စည်းတွေ အသုံးပြုပြီး အအေးကြိုးကနေ ဓါတ်တိုင်ပေါ်ပြန်တက်သွားတဲ့ ပါတ်လမ်းပြည့်အဖြစ် စီးဆင်းသွားတာပါ။

ရပ်ကွက်ထဲကို ဖြန့်ဖြူးတဲ့နေရာမှာ အဲဒီ့ထရန်စဖေါ်မာရဲ့ အထွက် အပူကြိုးလိုင်း၃လိုင်းမှာ

အမ်ပီယာ ညီနိုင်သမျှ ညီအောင်လို့ MEPE က ကြိုးတွေချိတ်ပေးရပါတယ်။ “မီး လိုင်းအောက်သွားပြီဟေ့၊ ကြိုးပြောင်းချိတ်လိုက်အုံးမှ ” ဆိုပြီး ဝါးလုံးတွေကိုင်ပြီး လိုင်းပြောင်းချိတ်ချင်ကြသူများ သိစေချင်လို့ပါ။

3 Phase Transformer တွေအတွက် လိုင်းကြိုးတွေထဲမှာ စီးနေတဲ့ အမ်ပီယာ တဖက်စောင်းနင်းဖြစ်မှုဟာ အန္တရာယ်ပါ။ လောင်သွားတတ်ပါတယ်။ မြင်အောင် ဥပမာထပ်ပေးပါဦးမယ်. .. Transformer တစ်လုံးကနေ ရပ်ကွက်ကိုပေးထားတဲ့အခါ Line 1 မှာ ၁၀ဝ အမ်ပီယာ Line 2 မှာ ၇ဝ အမ်ပီယာ Line 3 မှာ ၁ဝ အမ်ပီယာ ဆိုပြီး ၁၀ဝ နဲ့ ၁ဝ အထိ ကွာခြားနေမှု မဖြစ်သင့်တာပါ။ MEPE ကဝန်ထမ်းတွေကလည်း အဲဒါကိုသိပါတယ်။ လိုင်းကြိုးအသစ်ချိတ်ပြီဆိုရင် အမ်ပီယာ အနည်းဆုံးလိုင်း၊ တိုင်းကြည့်ရင် ဗို့အားအများဆုံးရှိနေတဲ့ လိုင်းကိုပဲ ချိတ်ပေးရတာပါခင်ဗျ။ တစ်အိမ်နဲ့ တစ်အိမ် လျှပ်စစ်ပစ္စည်းအသုံးပြုမှု မတူနိုင်လို့ လိုင်း ၃လိုင်းလုံး ကွက်တိ တူညီနေအောင်လို့ ဘယ်လိုမှ လုပ်လို့မရနိုင်ပါ။ အတတ်နိုင်ဆုံး မျှခြေ ရှိနေအောင်ပဲ သူတို့ခင်ဗျာ ကြိုးစားနေရတာပါ။

ကန့်လန့်ကာနောက်ကွယ်က မြုပ်ကွက်လေးတစ်ခု ရေးပြပါမယ်။ ရပ်ကွက် ထရန်စဖေါ်မာ Neutral Wire ကို ဘာ့ကြောင့်မြေဓါတ် ချထားရတယ်ဆိုတာလေးလေ.. ခုနက ဥပမာပေးထားသလို လိုင်း၃လိုင်းထဲမှာ လျှပ်စီး စီးဆင်းနေမှု တဖက်စောင်းနင်း မညီမမျှဖြစ်လာခဲ့ရင်  3 phase, Unbalance Load တွေမှာ ဖြစ်တတ်တဲ့ Neutral မသန့်မှု ဖြစ်လာပါ့မယ်ခင်ဗျ။ မြင်အောင်ပြောရရင် အအေးကြိုး Neutral မှာ ဗို့အားတစ်ခု ရောက်လာ၊ ရှိလာ၊ ဖြစ်ပေါ်လာတာပါ။ Neutral မသန့်တော့ဘူးလို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ အဲဒီ့မသန့်တော့တဲ့ Neutral Voltage ကို ပျောက်ကွယ်သွားအောင်လို့ မြေဓါတ်ချခြင်း လုပ်ပေးထားရတာ ဖြစ်ပါကြောင်း ………….။

တလက်စတည်း စာရှုသူစိတ်ထဲဖြစ်ချင်ဖြစ်လာမယ့် အတွေးမေးခွန်းလေးတစ်ခု မေးဖြေ.. ဖြေပေးလိုက်တယ်နော်။

ဓါတ်တိုင်ပေါ်က အပူကြိုး လိုင်းကြိုးတစ်လိုင်းတည်း ဆွဲယူ အိမ်မှာ အအေးကြိုးအဖြစ် ကိုယ်ပိုင် Earth ချပြီး သုံးလို့ရမရ? ဟုတ်ကဲ့ ……… သုံးမယ်ဆိုရင် ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် Neutral by Earthing ဆိုတာ အန္တရာယ်များပါတယ်။ ဥပဒေကလည်း အဲဒီ့လိုသုံးခွင့်မပြုပါ။ ကိုယ်ပိုင် Earth ကို Body Earth နဲ့ မိုးကြိုးလွှဲ အတွက်သာ ချခွင့်ပြုထားပါတယ်။

( ကိုထူးဆန်း ခနခန ထောက်ပြခဲ့၊မေးထားခဲ့တဲ့ မြေဓါတ်ချခြင်း Earthing အကြောင်း သတ်သတ်ရေးပါဦးမယ်။ )လျှပ်စစ်ပစ္စည်းများ အသုံးပြုရန် လိုအပ်တဲ့ Neutral ကို ဓါတ်တိုင်ပေါ်မှသာ ယူသင့်ပါတယ်ခင်ဗျ။ အိမ်ကနေ ဓါတ်တိုင်ပေါ်ပြန်တက်တဲ့ ကြိုးတစ်ချောင်းစာ ဗို့အားကျဆင်းမှုကို ရှောင်ကွင်းချင်လို့ ကိုယ်ပိုင် Earth ရိုက်ပြီး Neutral Wire အဖြစ်သုံးတာ မဖြစ်သင့်ပါ။ Service Main ကြိုးကို ပိုပြီးတုတ်တဲ့ ဝါယာနဲ့ အစားထိုးအသုံးပြု သွယ်တန်းလိုက်ယုံနဲ့တင် Line Drop Voltage ကို လျှော့ချလိုက်လို့ ရပါတယ်။

စက်ရုံ အလုပ်ရုံအတွက် သုံးစွဲဖို့ 3 Phase, 440 V လိုအပ်တယ်ဆိုရင်တော့ အဲဒီ ဓါတ်တိုင်ပေါ်က Phase ကြိုး ၃ချောင်းနဲ့ Neutral ကြိုး ( ပေါင်း ဝါယာ ၄ ချောင်း ) ကို ဆွဲယူသွယ်တန်း အသုံးပြုရမှာဖြစ်ပါတယ်။

အခုနောက်ပိုင်း စက်မှုဇုန်၊ စက်ရုံတွေအတွက် သီးသန့် ကိုယ်ပိုင် 11 KV ထရန်စဖေါ်မာတွေ တတ်ဆင်ခွင့်ပေးလာခဲ့တော့ ရပ်ကွက်လူနေအိမ်တွေအတွက်ပေးတဲ့ ရပ်ကွက်ထရန်စဖေါ်မာတွေ ပိုပြီးသက်သာခွင့်ရလာတာပေါ့ခင်ဗျာ၊စက်မှုလုပ်ငန်း အထူးသဖြင့် လျပ်စစ်ဂဟေဆက်လုပ်ငန်းက အမ်ပီယာ အတော်ဆွဲ၊ ဗို့အ တက် အကျ အတော်ကစားတာကလား? ကြုံဖူးသူများ ဖြည့်ပေးကြပါကုန်လော့။

ရွှင်လန်း ချမ်းမြေ့ကြပါစေ။ မီးပျက်ခြင်းဒုက္ခမှ ကင်းဝေးကြပါစေ။

With respect,

Swal Taw Ywet.

9 comments

  • MTY

    September 20, 2012 at 11:42 am

    ကျေးဇူးတင်တယ်…မြန်မာပြည် လျှပ်စစ်တိုးတက်ရရှိရေး..ကြိုးပမ်းမှုမှန်သမျှကြိုဆိုထောက်ခံတယ်ဗျို့။

  • ဒဿ ဖွတ်ကျား

    September 20, 2012 at 12:01 pm

    ရပ်ကွက်ထဲက အသေးစား အလတ်စား လုပ်ငန်းတွေ ဇုံထွက်ကုန်ပြီ ဆိုပေမယ့်
    အမြစ်မပြတ်သေးတာကတော့ .. သံပန်း နဲ့ စတီး လုပ်ငန်းတွေပါပဲဗျာ..
    ဂဟေတို့တဲ့ ဟာတွေပေါ့.. ..။
    ဆောက်လိုက်ကြတဲ့ ကန်ထရိုက်တိုက် … တို့လိုက်ကြတဲ့ ဂဟေ..
    ဗို့အား ဘယ်လောက်ဆွဲတယ် ဆိုတာကို မသိပေမယ့် .. မီးအား ဆောင့်ကြီးအောင့်ကြီး
    ပြုတ်ပြုတ် ကျတာကိုတော့ သတိထားမိတယ် ဗျို့ …

    :bar:

    အိမ်တွေက မီးအားမြှင့်စက်တွေ ယူပီအက်စ်နဲ့ အခြား လျှပ်စစ် အသုံးအဆောင်တွေ
    သက်တမ်း တိုတဲ့ တရားခံတွေပေါ့ဗျာ…
    အနှီလုပ်ငန်းတွေကို ကိုယ်ပိုင်မီးစက်နဲ့သာ လုပ်ခွင့်ပေးသင့်တယ်မြင်မိပါတယ်။
    မီးလောင်မယ့် အန္တရာယ်ပါဗျို့ …။ ဘာမှမဖြစ်ရင်မဖြစ်ဘူး ဖြစ်ရင်တော့
    မီးခြစ်ဆုံပုံးလေးတွေ စီထားသလို ကျပ်ညပ်နေတဲ့ ရပ်ကွက်တွေ မို့
    တရပ်ကွက်လုံး ကုန်မယ့် သဘောပါဗျာ…

    👿

  • မောင်ပေ

    September 20, 2012 at 2:28 pm

    လောလောဆယ်အထိတော့ ကျုပ်တို့မြို့က လူနေအိမ်တွေ အတွက် လျှပ်စစ်လုံလောက်စွာရနေတယ်ဗျို့
    ဒါနဲ့ ရံဖန်ရံခါ (ရှားတော့ ရှားပါတယ်) ထရန်စဖော်မာအိုးကွဲတယ် ဆိုတာ ဘကြောင့်မှန်း မသိခဲ့ပါဘူး
    ဘယ်လိုအခြေအနေမှာ ကွဲတတ်သလဲဆိုတာ ရှင်းပြပေးပါဦး

  • kolumbus

    September 20, 2012 at 4:06 pm

    ဆရာရေ… နည်းနည်းမေးပါရစေ…

    အိမ်တိုင်းလိုလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ကိုင်ကြည့်ရင် အနည်းနဲ့အများ ဓါတ်လိုက်တာတွေ့ရတယ်… တစ်ချို့က အားပြင်းပြီး တစ်ချို့က အားပျော့တယ်… အဲဒီ ပစ္စည်းရဲ့ ဘော်ဒီကို တက်စတာ နဲ့ ထောက်ကြည့်ရင် မီးလင်းတာတောင်ရှိတယ်… လိုက်စစ်ကြည့်တော့ မိန်းခလုပ်ရဲ့ ဘော်ဒီမှာတောင် မီးလင်းတယ်… ကိုင်လိုက်ရင် ဓါတ်လိုက်တယ်…
    :bar:

    သိချင်တာက… ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာပါ။

    • Swal Taw Ywet

      September 26, 2012 at 11:31 am

      မင်္ဂလာပါ Kolumbus….ရေ
      မီးပူကိုယ်ထည်ကို ဓါတ်အားရောက် ရောက်နေတတ်တယ်ဆိုတာက အထဲက နိခရုမ်းဝါယာကို အပေါ်အောက်ညှပ်ပြီးကာပေးထားတဲ့ Insulation မိုက်ကာပြား( Mica ) ညံ့လို့ဖြစ်တတ်ပါတယ်၊ မိုက်ကာပြားအပိုထပ်ထည့်ပေးခြင်းနဲ့ပြုပြင်လို့ရနိုင်ပါတယ်။
      အခုနောက်ပိုင်းလာတဲ့ နိခရုမ်းဝါယာကို သတ္ထုပိုက်ထဲမှာ Insulation ခံပြီး
      ( စာအုပ်တစ်အုပ်ထဲမှာတော့ ကြွေမှုန့်လေးတွေကို Insulation အဖြစ်သုံးတယ်လို့ရေးထားတယ် ) အသေလောင်းထားတာတွေမှာတော့ အဲဒီပြသနာ နဲနဲလျော့သွားတယ်။
      ကျနော်ကြုံဖူးတာတစ်ခုကျတော့ မီးပူကြိုးထဲမှာ ဝါယာတွေပူးကုန်တာဗျ၊ မီးပူအဝင်မှာ မီးပူကြိုးကိုထိန်းပေးတဲ့ ရာဘာပိုက်လေးပြတ်သွားတာကို ဆက်သုံးနေတော့ အထဲက ဝါယာတွေအချင်းချင်းလိမ်ပြီး အနီကြိုး (Phase Wire ) နဲ့ အစိမ်းအဝါကြား မြေဓါတ်ချကြိုး (Earth Wire ) ထိနေတော့တာပေါ့ဗျာ၊ ခင်ဗျာ- ဖြူးစ် မပြတ်ဘူးလား? ဟုတ်ကဲ့ မပြတ်ပါဘူးခင်ဗျ၊ ပလပ်ပေါက်ကိုထိုးမဲ့ ပလပ်ခေါင်း က ပင် ၂ ချောင်းထဲပါတဲ့ 2 Pin Plug သုံးထားလို့ပါ၊ Earth ကြိုးဆက်စရာမရှိတော့ ပလပ်ခေါင်းထဲမှာဖြတ်ထားခဲ့တော့တာမို့ပါ Earth Wire ကို မီးပူကိုယ်ထည်မှာတော့ ဆက်ပေးထားပါတယ်။ ဝါယာပူးနေတဲ့အခါ အနီကြိုးမှာ ဓါတ်လိုက်နိုင်တဲ့အား ( Phase ) ရောက်တာနဲ့ မီးပူကိုယ်ထည် မှာပါ Earth Wire ကနေ ဓါတ်အားရောက်ပြီး ဓါတ်လိုက်နေတော့တာပေါ့၊ အဲ…ပလပ်ခေါင်းကိုပြောင်းပြန်လှည့်ထိုးလိုက်တော့ ပလပ်ပေါက်ထဲက Phase က အနက်ရောင်ဝါယာကြိုး တလျောက် မီးပူထဲကို စီးဝင် အနီရောင်ကြိုးက Neutral ဖြစ်သွားတော့ ဓါတ်မလိုက်တော့ဘူးပေါ့ဗျာ။
      Main Switch ( Iron Clad Switch )ရဲ့ ကိုယ်ထည်မှာပါ ဓါတ်လိုက်နေတယ်၊???? အဲဒီလို အသုံးပြုလျှပ်စစ်ပစ္စည်းတွေရဲ့ ကိုယ်ထည်တွေမှာနဲ့ Main Switch မှာပါ ဓါတ်အားရောက်နေတာ အိမ်တစ်အိမ်ထဲမှာဆိုရင်တော့ ရှင်းပါတယ်၊ မြေဓါတ်ချကြိုးပြတ်နေလို့ပါ၊ မြေကြီးထဲကိုရိုက်ထည့်ထားတဲ့ Earth Wire ရဲ့ ခုခံမှုကိုစစ်ဆေးသင့်ပါတယ်။ Megger ရိုက်ကြည့်ပေးပါ၊
      လျှပ်စစ်ဥပဒေအရ Earth Resistance သည် Body Earthအတွက် ၂ အုမ်းထက်မများစေရပါ။ ထရန်စဖေါ်မာ Neutral point မှာလည်း ၂ အုမ်းထက်မများစေရပါ။ မိုးကြိုးလွှဲစနစ်များရဲ့မြေဓါတ်ခုခံမှုမှာ ၁ဝ အုမ်း ထက်မပိုရပါ။ ( ကိုးကား= E I လျှပ်စစ်ကျွမ်းကျင်အခြေခံသင်တန်း သင်တန်းမှတ်စုစာအုပ် )
      အလွယ်နည်းကတော့ Main Switch ရဲ့ ကိုယ်ထည် မှာ ဆက်သွယ်ထားတဲ့ မြေဓါတ်ချကြိုး ကို ခဏဖြုတ်ပြီး Phase နဲ့ အဲဒီ Earth Wire ကြားမှာ မီးလုံးတစ်လုံး ထွန်းကြည့်လိုက်ပါ၊ Earth ကောင်းရင် မီးသီး အပြည့် အဝလင်းပါ့မယ်။
      ဗို့မီတာနဲ့ တိုင်းကြည့်မယ်ဆိုရင်လည်း Phase နဲ့ Earth အကြားဗို့အားသည် Phase နဲ့ Neutral အကြားဗို့အား နဲ့ တူညီနေရပါမယ်။
      အဲဒီ အိမ်က လျှပ်စစ်ပစ္စည်းတစ်ခုခု ရဲ့ ကိုယ်ထည်မှာဓါတ်အားရောက်နေရာက
      မြေကြီးထဲကိုဆင်းသွားရမဲ့လမ်းပြတ်တောက်နေလို့ Earth Wire ချိတ်ဆက်ထားသမျှ လျှပ်စစ်ပစ္စည်းအားလုံး Main Switch ပါမကျန် ဓါတ်လိုက်နေတာ ဖြစ်ပါလိမ့်မယ်။
      ကျနော်တို့ A.G.T.I တွေရဲ့ ဆရာကြီး ဦးမျိုးဆွေ ( အင်းစိန် GTI EP ဌာနမှုး ) ရဲ့ သင်ကြားပေးမှုလေး ထပ်မံ မျှဝေပါရစေနော–
      “To find SHORT – make BREAK, To find BREAK- make SHORT.”တဲ့။
      ဆက်လက်ဆွေးနွေးကြမယ်လေ။
      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

  • naung

    September 20, 2012 at 4:11 pm

    ကျနော်သိချင်တာလေး တစ်ခုလောက်ကော မေးလို့ရမလားဗျ

    ကျနော်တို့ရပ်ကွက်ကိုပေးတဲ့ ထရန်စဖော်မာရှိရယ်ပေ့ါဗျာ
    အဲဒီထရန်စဖော်မာကနေ ထွက်လာတဲ့ကြိုးရှိတယ်ဗျ
    ဥပမာဗျာ၊ ထရန်စဖော်မာကနေ ထွက်လာတဲ့ ကြိုးလေးချောင်း၊ 3phase, 4 wires ပေ့ါဗျာ၊ အဲဒီကြိုးက အရှေ့အနောက် သွယ်တန်းထားတယ်ပေ့ါ၊ ကျနော်တို့လမ်းဖက်ကိုကျတော့ အဲဒီကြိုးနေ ပွားယူလိုက်တယ်။
    တောင်မြောက်ပေ့ါဗျာ။ အဲဒီမှာ ဘာဖြစ်လာသလဲဆိုတော့ အခုပွားယူထားတဲ့ တောင်မြောက်ကြိုးမှာ ချိတ်ပြီးတော့ မီးသွယ်းတန်းထားတဲ့ လိုင်းတွေက မီးအားတွေမငြိမ်ဘူးဖြစ်နေတယ်။
    မီးပျက်ပြီးသွားလို့ ပြန်လာလိုက်ရင် ဗို့အားက ၂၂ဝ ကို တစ်ခါတလေ ကျော်တောင်နေပါတယ်။
    အဲ.. ၅မိနစ်မပြည့်ခင်အတွင်းမှာဘဲ ဗို့အားက ၁၀ဝ ထိကို ပြန်ကျသွားပါတယ်။ အဲဒီနောက်တော့ ၅ဝ ကိုရောက်သွားလိုက်၊ ၁၃ဝကိုရောက်သွားလိုက်နဲ့ ဗို့အားတွေ အတက်အကျဖြစ်နေပါတော့တယ်။ တတ်တာကျတာကလည်း ဘယ်လိုပြောရမလဲ ဥပမာပေးရရင် မျောက်မီးခဲကိုင်မလို့ ဟိုပြေးဒီပြေးဖြစ်နေတဲ့ပုံဘဲ။
    အဲဒါပေမယ့် ထရန်စဖော်မာကနေ ထွက်လာတဲ့ အရှေ့အနောက်ကြိုးမှာ သုံးတဲ့သူတွေကတော့ ဘာမှမဖြစ်ဘူးဗျ.။
    ကျနော်လည်း နီးစပ်ရာလိုင်းမန်းတွေကို မေးကြည့်တော့ သူတို့လည်း မသိဘူးတဲ့။

    အဲဒီတော့ အစ်ကို့အနေနဲ့ အဲဒါဘာဖြစ်နိုင်သလဲလိုဆို ပြောပြပေးပါလားဗျာ။

    • Swal Taw Ywet

      September 26, 2012 at 11:34 am

      Naung…ခင်ဗျား။
      အင်တာနက် သုံးဘို့ နဲနဲ အခက်တွေ့သွားလို့ Reply နောက်ကျသွားတာ ခွင့်လွှတ်ပေးဗျာ၊
      တင်ပေးလိုက်တဲ့ ပြသနာအတွက်ကျေးဇူးပါ၊ ကျနော်မြင်မိတာလေးတွေထောက်ပြပါ့မယ်။
      ဗို့အားကျရခြင်းအကြောင်းရင်း ( မီးအား တက်-ကျ ကစားခြင်း)
      ၁။ တင်ပြခဲ့တဲ့ပြသနာဟာ မီးပျက်ပြီးပြန်လာတဲ့ အချိန်မှာဘဲဖြစ်တာဆိုရင် ဒီအချက်ကိုဖယ်ထားလိုက်လို့ရပါတယ်နော်၊ ပုံမှန် အချိန်တွေမှာပါ မီးကစားတာဆိုရင်တော့ ထည့်စဉ်းစားရပါတော့မယ်၊ မထိတထိဖြစ်ခြင်း ( Loose connection ) ပါ။
      အရှေ့ အနောက်လိုင်းကနေ တောင်မြောက်လိုင်းကိုကူးပေးတဲ့ အဆက်နေရာကိုစစ်ဆေးပါ၊
      ညဖက်မှောင်နေတဲ့အချိန် အဲဒီ ဝါယာအဆက်နဲ့ ကူးပေးတဲ့ဝါယာ ( Joints and Jumper wire ) နီရဲနေမယ်ဆိုရင် အဲ ဒါ Loose connection ပါ၊ ဝါယာအဆက်နေရာမှာ မထိတထိဖြစ်နေလို့ လျှပ်စစ်ခုန်ကူးနေရပြီး ဗို့အားကျဆင်းမှု မီး ကစားမှု ဖြစ်နေတာပါ။
      ၂။ မီးပျက်ပြီးပြန်လာတဲ့အချိန်တွေတိုင်းမှာဘဲ အဲဒီ ပြသနာဖြစ်တာဆိုရင်တော့ ကျနော်သံသယ ရှိတာသည် တောင်မြောက်လိုင်းကြိုး ပါဘဲ။ ကြိုးဆိုက်ဟာ ရှိသင့်တာထက်သေးနေသလားလို့ပါ။
      မီးပြန်လာ လာခြင်း ဗို့ အားပြည့်တယ်၊ ၅ မိနစ်လောက်နေရင် ထိုးကျသွားတယ် ဆို????
      “၅မိနစ်လောက်” ဆိုတာလေးက စိတ်ဝင်စားစရာကောင်းနေတာလေ၊ လေအေးစက် Air Con တွေ ရေခဲသေတ္တာ တွေ မီးပျက်ပြီးသွားရင်ပြန်လာလာခြင်း အလုပ်မလုပ်အောင် တတ်ဆင်ထားလေ့ရှိတဲ့ Safe Card တွေ ရဲ့ အချိန်ဆိုင်းကာလ ( Delay Time ) နဲ့ နီးစပ်နေလို့ပါ၊ လေအေးစက် ဆိုတာတွေ ကလည်း စလည်လည်ခြင်းဆို အမ်ပီယာ အများကြီးဆွဲ တာကလား၊ မီးပြန်လာပြီး ၅မိနစ်= Safe Card တွေ တစ်ပြိုင်နက်တည်းလိုလို အလုပ်လုပ်လိုက်တဲ့အချိန်= လေအေးစက်တွေ တပြိုင်နက်တည်းလိုလို စ လည် ကြမည့် အချိန် လိုင်းကြိုးထဲမှာ အမ်ပီယာအများကြီးစီးဆင်းသွားတဲ့အခါ….. လိုင်းကြိုးဆိုက်သေးနေခဲ့ရင်..
      ဗို့အားကျဆင်းမှုများစွာ ကြုံတွေ့ ရ တော့မှာ မို့လို့ပါ၊( လိုင်း အလျား ရှည်လွန်းနေရင် ပိုကျလိမ့်မယ် )
      အဆင်ပြေရင် သိတဲ့လိုင်းမင်းတွေကို အဲဒီတောင်မြောက်လိုင်းရဲ့ ဝါယာဆိုက်နဲ့ စီးဆင်းနေတဲ့ အမ်ပီယာ ကိုက်မကိုက် စစ်ခိုင်းကြည့်ပါလား၊Line Balance ဖြစ်မဖြစ်ရောပေါ့၊ ဟိုးအပေါ်မှာ ကို ဂီ မန့်ထားသလို လျှပ်စစ်ဂဟေဆော်နေရင်လည်း အဲဒီလို မီး ကစားတဲ့ပြသနာရှိနေမှာပါ၊
      လိုင်းမင်းတွေမရှင်းနိုင်ဘူးဆိုရင် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးကို တရားဝင် သတင်းပို့သင့်ပါတယ်၊
      အင်ဂျင်နီယာတွေရဲ့ မတူတဲ့အမြင်နဲ့ ပစ္စည်းကိရိယာဆိုင်ရာ အကူအညီရ နိုင်အောင်လို့ပါ။ အပ်နဲ့ထွင်းရမဲ့နေရာ ပုဆိန်နဲ့ မပေါက်မိအောင်လို့ပေါ့။
      ကျေးဇူးတင်ပါတယ်။
      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

  • Kyaw Myo Thet

    September 21, 2012 at 3:09 am

    အခုလိုဖော်ပြပေးတဲ့အတွက် ကျေးဇူးအထူး
    တင်ရှိပါကြောင့် နှင့် နောက်တစ်ခါဖော်ပြမည်ဆိုပါက
    အိမ်သုံးနှင့်ဆိုင်သော လျှပ်စစ် ဗဟုသုတများကို ဦးစားပေး
    ဖော်ပြပေးပါရန် တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ . . . . .

  • kyeemite

    September 21, 2012 at 11:24 am

    ကန့်လန့်ကာနောက်ကွယ်က မြုပ်ကွက်လေးတစ်ခု ရေးပြပါမယ်။ ရပ်ကွက် ထရန်စဖေါ်မာ Neutral Wire ကို ဘာ့ကြောင့်မြေဓါတ် ချထားရတယ်ဆိုတာလေးလေ.. ခုနက ဥပမာပေးထားသလို လိုင်း၃လိုင်းထဲမှာ လျှပ်စီး စီးဆင်းနေမှု တဖက်စောင်းနင်း မညီမမျှဖြစ်လာခဲ့ရင် 3 phase, Unbalance Load တွေမှာ ဖြစ်တတ်တဲ့ Neutral မသန့်မှု ဖြစ်လာပါ့မယ်ခင်ဗျ။ မြင်အောင်ပြောရရင် အအေးကြိုး Neutral မှာ ဗို့အားတစ်ခု ရောက်လာ၊ ရှိလာ၊ ဖြစ်ပေါ်လာတာပါ။ Neutral မသန့်တော့ဘူးလို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ အဲဒီ့မသန့်တော့တဲ့ Neutral Voltage ကို ပျောက်ကွယ်သွားအောင်လို့ မြေဓါတ်ချခြင်း လုပ်ပေးထားရတာ ဖြစ်ပါကြောင်း ………….။

    ဒီအချက်က တကယ့်မြုပ်ကွက်ဗျ..တော်ရုံလျှပ်စစ်သမားတောင်မသိဘူး…
    စက်ရုံတွေမှာ စက်ပစ္စည်းတွေ သွယ်တန်းအသုံးပြုရင်လည်း ..3 phase, Unbalance Load မဖြစ်အောင်ကရုစိုက်ဖို့ လိုတာပေါ့နော….
    ကျေးဇူးတင်တယ်..ကိုစွယ်တော်ရေ…

Leave a Reply