အမှတ်တမဲ့ ဆူး

etoneJuly 10, 20101min431

တစ်နေ့က ကားကို သစ်ပင်တစ်ပင်အောက်မှာ ရပ်ထားမိတယ်။ သစ်ပင်မှာ တွယ်နေတဲ့
ဆူးနွယ်ခြောက်တွေက ကျိုးကျပြီး ကားပေါ် လာတင်နေတယ်။ ဆူးတွေကို လက်နဲ့
ယူမပစ်ချင်တော့ ကားထွက်ရင် သူ့အလိုလို လျှောကျသွားမယ်လို့ ထင်ပြီး
ဆူးတွေကို မဖယ်မိခဲ့ဘူး။

ဒီနေ့မှာ ခင်ပွန်းက ကားဘီး ဆူးစူးလို့ ပေါက်သွားတဲ့အကြောင်း လာပြောတော့
ကျွန်မ အံ့ဩသွားတယ်။ ခင်ပွန်းက ဆူးကိုပါ နှုတ်ပြီး ကျွန်မကို လာပြတယ်။
ဆူးက တကယ့်သေးသေးလေး… ကားဘီးရဲ့ အပါးဆုံးနေရာကို ကွက်တိပဲ စူးဝင်နေတယ်။

ဝပ်ရှော့သွားပြတော့ ကားပြင်ဆရာက အပါးဆုံးနေရာကို စူးမိလို့
ပြန်ဖာမရနိုင်တဲ့အကြောင်း၊ ပြန်ဖာရင်လဲ ဖိအားဒဏ်ကို မခံနိုင်ဘဲ
ဘီးပေါက်နိုင်ကြောင်း၊ ဘီးတစ်ခုလုံး လဲလိုက်ဖို့ သင့်ကြောင်း
အကြံပေးပါတယ်။

စင်တီမီတာ တစ်ဝက်တောင် မရှိတဲ့ ဆူးတစ်ခုက ထူထည်းတယ်လို့ ထင်ရတဲ့
ကားဘီးတစ်ခုကို ဖျက်ဆီးနိုင်ခဲ့တယ်။ ခင်ပွန်းက ဆူးကိုတွေ့တော့ အမှတ်တမဲ့
ဆွဲနှုတ်လိုက်တာနဲ့ ကားဘီးထဲက လေထွက်သံကို ကြားလိုက်ရသတဲ့။ လေယိုတာ
နှေးပေမဲ့ လေတွေ အကုန်ထွက်သွားရင် ကျွန်မတို့ ဒုက္ခရောက်တော့မယ်။
ဒါကြောင့် လေမလျှော့ခင် ဝပ်ရှော့ဆီ အမြန်မောင်းခဲ့ရတယ်။

အဲဒီ ဆူးလေးတစ်ချောင်းကို ကျွန်မ စိတ်ထဲ မှတ်ထားလိုက်ပြီး ဘယ်လောက်ပဲ
ခိုင်မြဲတဲ့ ခင်မင်မှု၊ ချစ်ခင်မှုပဲ ဖြစ်ပါစေ သူငယ်ချင်း၊
လင်မယားတွေကြားမှာ ဆူးစူးနိုင်တဲ့ ပျော့ညံ့တဲ့ နေရာတစ်နေရာတော့
ရှိနိုင်တယ်လို့ ကိုယ့်ကို သတိပေးလိုက်မိတယ်။ ကိုယ်ပြောလိုက်တဲ့ စကားက
ဘာမှ မဖြစ်ပါဘူးလို့ ထင်ပြီး ဆူးတစ်ချောင်းလို ပေါ့ပေါ့မထားသင့်ဘူး။ ဘာမှ
မဖြစ်လောက်ဘူးလို့ ထင်ထားတဲ့ ဆူးတစ်ချောင်းက ကားဘီးလို ထူထည်းတဲ့
ချစ်ခင်မှုကိုတောင် ပျက်ဆီးသွားစေနိုင်တယ်လေ။

လူလူချင်း ဆက်ဆံရာမှာ ကိုယ်က ပျော်တတ်၊ ခင်တတ်လို့ အမှတ်တမဲ့ပဲဖြစ်ဖြစ်၊
တမင်သက်သက်ပဲဖြစ်ဖြစ် နောက်ပြောင်လိုက်တဲ့ စကားတစ်ခွန်းက သူတစ်ပါးရဲ့
ပျော့ညံ့တဲ့နေရာ၊ အလေးထားတဲ့ အရာကို တိုက်ရိုက်သွားထိခိုက်တာနဲ့
တူနေတတ်တယ်။ အဲဒီအချိန်မှာ ချစ်ခင်မှုလေတွေ တဖြေးဖြေး လျှော့သွားပြီး
နောက်ဆုံး လုံးဝ မရင်းနှီးတော့တဲ့ သူစိမ်းအသွင် ပြောင်းသွားနိုင်တယ်။
ကားဘီးကို အသစ်တစ်ခုလဲလို့ ရသလို သူငယ်ချင်းကိုလဲ အသစ်လဲယူနိုင်ပါတယ်။
ဒါပေမဲ့ အဟောင်းနဲ့အသစ်က ဘယ်လိုမှ တူနိုင်တော့မှာ မဟုတ်ပါဘူး။

အနှစ်နှစ် အလလ တည်ဆောက်ခဲ့တဲ့ ချစ်ခင်မှု၊ ကြင်နာမှု တံတိုင်းကြီးကို
သေးငယ်တဲ့ ဆူးကြောင့်ဖြစ်ဖြစ်၊ ကြီးမားတဲ့ ဆူးကြောင့်ဖြစ်ဖြစ် မစူးမိစေတာ
အကောင်းဆုံးပါ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။
——–
(မူရင်းက နိုင်းနိုင်းစနေပါ )

One comment

  • kopauk mandalay

    July 10, 2010 at 4:45 pm

    မြန်မာစကားပုံ အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုတာပေါ့။
    ငယ်တာကြီးတာထက် အန္တရာယ်ပေးနိုင်တာကို သတိထားရမှာပါ။
    http://kopaukmdy.myanmarsarpay.info/

Leave a Reply