ကလင်…. ကလင်…. ကလင်…. စားပွဲပေါ်မှဖုန်းလေးမြည်လာသည်…

ထုံးစံအတိုင်းဖြစ်နေကြ ကွန်ပျူတာပြသနာများအတွက် မေးမြန်းမှုပင်ဟု တွက်ထင်ပြီး ဖုန်းအားကောက်ကိုင်လိုက်သည်…

“ အခွန်ဆောင်ထားတဲ့စာရွက်တွေ HR အခန်းမှာလာပြီးယူလို့ရပြီနော်… ”

“ အော်… အင်း လာခဲ့မယ်… ခဏလေးပါ… ”

လုပ်လက်စလေးကို လက်စသပ်… အောက်ထပ်ကိုပြေးဆင်းသွားပြီး… ၀င်ငွေခွန်ပြေစာယူရန် HR အခန်းထဲသို့ တံခါးလေးခေါက်ပြီးဝင်သွားလိုက်သည်…

HR Officer အနားတွင် ရုံးမှအရာရှိတစ်ယောက် ပြေစာထုတ်ယူရင်းစကားစမြည်ပြောနေသည်… သူ့ကိစ္စပြီးပါစေလို့

ခဏစောင့်ရင်း… ကိုယ့်အလှည့်ရောက်လို့ လက်မှတ်လေးထိုးနေတုန်း… သူက စကားစ၏…

“ ဘယ်လိုတုန်းဗျ… ကိုအိုင်တီရ… ကျွန်တော်အခုပဲပြောနေတာဗျ…”

“ ဟုတ်… ဘာကိုလဲအစ်ကို…”

“ ဒီလိုဗျာ… အစိုးရက တစ်နှစ်ကို တစ်ဆယ့်လေးသိန်းနဲ့အထက်ဝင်တဲ့လူတွေကို အခွန်ဆောင်ခိုင်းတယ်…”

“ အင်း…” ခေါင်းတစ်ချက်ညိတ်ပြီး ထောက်ခံလိုက်သည်…

“ တစ်ဆယ့်လေးသိန်းနဲ့အောက်ဝင်ငွေရှိတဲ့လူတွေကိုတော့ သူတို့ဝင်ငွေက သူတို့အသုံးစရိတ်နဲ့ လောက်ငရုံပဲရှိတာကြောင့် အခွန်ကင်းလွတ်ခွင့်ရှိတယ်… အဲဒီတော့ ကျွန်တော်တို့ကလဲ ၁၄သိန်းနဲ့အထက်ပိုတဲ့ဝင်ငွေအပေါ် မှာပဲ အခွန်ဆောင်ခွင့်ရှိသင့်တယ်လို့ ပြောနေတာပါဗျာ… ဟဲ..ဟဲ..”

“အင်း…” ခေါင်းတစ်ချက်မယောင်မလည်ညိတ်လိုက်မိတယ်…

ပြီးတော့ အပေါ်ထပ်ကို စာရွက်လေးကိုင်ပြန်တက်လာပြီး… အလုပ်စားပွဲမှာထိုင်ရင်းအထပ်ထပ်တွေးမိတယ်…

ဘာအတွက် ကျွန်တော်တို့အခွန်ဆောင်ရတာလဲ… တိုင်းပြည်တစ်ခုမှာနေတဲ့ လူသားတစ်ဦးအတွက်… ထိုတိုင်းပြည်ရဲ့မြေပေါ်မှာရှင်သန်ရင်းရှာဖွေရသမျှရဲ့ အချို့တစ်ဝက်ကို တိုင်းပြည်ထူထောင်ရေးလုပ်ငန်းအတွက် အခွန်ဆောင်ရတာသဘာဝကျပါတယ်…

ဒါဆိုရင် ကျွန်တော်တို့ အခွန်ဘာလို့မဆောင်ချင်သလဲ… တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့သောသူများက ရသမျှငွေအားလုံး ကျောက်ခဲအရည်ညှစ် သူတို့မိသားစု အိတ်ထဲကို ထည့်…

သူတို့တွေချည်း နေ့ချင်းညချင်းကြီးပွားသွားတော့ ပြည်သူလူထုကလဲအစိုးရကို ကိုယ့်အကြောင်း မရှိဘဲ ငွေဆိုလို့ ချူးတစ်ပြားမှမပေးချင်တာကနေ… ပြသနာကစတာပဲ…

ကျွန်တော်တို့အားလုံး လူတန်းစေ့နေချင်ကြတယ်… ရေပုံမှန်လာစေချင်တယ်…

မီးပုံမှန်လာတာကိုကြိုက်တယ်.. Bus ကားတွေချောင်စေချင်တယ်…

လမ်းတွေကောင်းစေချင်တယ်… အရောင်းအ၀ယ်စီးပွားရေးတွေကောင်းစေချင်တယ်…

ဝန်ထမ်းတွေလုံလောက်ပိုလျှံတဲ့လစာတွေလိုချင်တယ်…

အဲဒါဆိုတော့ ပြန်တွေးလိုက်ရင် ဒီမိုကရေစီရတာနဲ့ အဲဒီဟာတွေအကုန်လုံးက နတ်ရေကန်ထဲကျသလို… ဖြစ်လာမှာလား…

ဘယ်သူကရော ဂတိပေးမှာတုန်း…

ကျွန်တော်တို့သေချာပြန်စဉ်းစားရင်… ဒီနိုင်ငံကြီးတိုးတက်ဖို့အတွက် လည်ပတ်ငွေလိုတယ်… အဲဒီလိုပဲ… အစိုးရဘက်ကလဲ ယုံကြည်မှုကို သေသေချာချာပြန်တည်ဆောက်ဖို့လိုလာတယ်…

အခုအချိန်မှ သမ္မတကြီးဆို ချစ်ပြနေကြသူတွေ… ထောက်ခံနေကြသူတွေ… အခွန်ဆောင်ကြလားလို့မေးရင်… တတ်နိုင်သမျှရှောင်ကြပါတယ်… ၀င်ငွေနည်းပါးတဲ့မြန်မာနိုင်ငံ၊ ရှိသမျှသယံဇာတတွေကို ကုန်ကြမ်းဈေးနဲု့ထုတ်ရောင်းရတဲ့ မြန်မာနိုင်ငံမှာ…

ရေမီတာခိုးသုံးကြတယ်… လျှပ်စစ်မီတာခိုးသုံးကြတယ်…

အဲဒီတော့ လိုအပ်သလောက် ပြန်ရတဲ့ဝင်ငွေမရှိဘူး… အဲဒီတော့ ပြုပြင်ထိန်းသိမ်းမှုကို မလုပ်နိုင်ဘူး…

အဲဒီကြားထဲရတဲ့မလောက်မင၀င်ငွေကို အလွဲသုံးစားအနည်းနဲ့ အများလုပ်ကြသေးတော့ ဒီပြာပုံထဲက မထွက်နိုင်ဖြစ်ရပြန်ရော…

အဲဒီအနေအထားမှာ ပြုပြင်ရမယ့်သူတွေက ကျွန်တော်တို့အားလုံးကလဲ… ပေးဆောင်ရမယ့်အခွန်အားလုံးကို မပျက်မကွက်ပေးဆောင်စေချင်ပါတယ်…

အဲဒီလိုပဲ နိုင်ငံတော်အစိုးရဘက်ကလဲ ပြည်သူပြည်သားများရဲ့ ချွေးနည်းစာများ၊ ယုံကြည်မှု၊ မျှော်လင့်မှုကို တစ်ကိုယ်ကောင်းစိတ်ထားကိုယ်စီမထားဘဲ နိုင်ငံတိုးတက်မှု အတွက် ရှေ့တန်းတင်စေလိုပါကြောင်း….

ခင်မင်လျက်-

ကြောင်ဝတုတ်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...