“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ …” အပိုင်း (၄)

True FaithJuly 10, 20101min410
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်

ရေးသူ – မင်းဟန်

အခန်း (၁၄)

၁၉၆ရ ခုနှစ်တွင် အောက်စဖို့တက္ကသိုလ် ဟူးချ်ကောလိပ်မှ ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ဖံ၊ စီးပွားရေး ဘောဂဗေဒ ဘာသာရပ်တို့နှင့် ဝိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့ ရရှိခဲ့၏။ ထိုစဉ်က…. ဒေါ်အောင်ဆန်းစုကြည် အသက်သည် ၂၂ နှစ် ရှိပြီ။ ဘွဲ့ရပြီးနောက်….. ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာန လက်အောက်ရှိ နိုင်ငံရေးသိပ္ပံဌာနတွင် သုတေသနလက်ထောက်အဖြစ် အလုပ်ဝင်၏။ သမိုင်းပါမောက္ခ ဟယူးတင်ကာ (Hugh Tinker) ၏ လက်ထောက်အဖြစ် ဝင်လုပ်ခြင်းဖြစ်၏။ ၂ နှစ်ခန့် လုပ်ပြီးနောက်….. သုတေသန လက်ထောက်အဖြစ်မှ ဒေါ်အောင်ဆန်းစုကြည် နုတ်ထွက်ခဲ့၏။ အလုပ်မှထွက်ပြီးနောက်….. အမေရိကန်ပြည်ထောင်စု နယူးယောက်သို့သွားရန် ဆုံးဖြတ်လိုက်၏။

နယူးယောက်တွင်က…. ဒိုရာသန်းအေး ရှိ၏။ ဒိုရာသန်းအေးက အယ်ဂျီးရီးယားတွင် ကုလသမဂ္ဂပြန်ကြားရေး အရာရှိအဖြစ် ၄ နှစ်ခန့် တာဝန်ထမ်းခဲ့ပြီးနောက်….. နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်သို့ ပြန်ရောက်နေသည်။ မိခင်ဒေါ်ခင်ကြည်မှာလည်း အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးရာထူးမှ အငြိမ်းစားယူခဲ့ပြီး ရန်ကုန်ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ပြန်ရောက်နေပြီ။ ရန်ကုန်သို့ ပြန်ပြီး တော်လှန်ရေးကောင်စီ လက်အောက်၌ ဒေါ်အောင်ဆန်းစုကြည် ပြန်၍မနေလို…။ သူ့အတွက် အလုပ်လည်းရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည် မထင်မှတ်….။ ပြီးလျှင် …. ဗိုလ်နေဝင်းမှလည်း ဗိုလ်ချုပ်၏ မျိုးဆက်အား မြန်မာပြည်အတွင်း၌ နေထိုင်အခြေချစေလိုဟန် မရှိ…..။ ဤအတွက်ပင် ….. နယူးယောက်သို့သွားရန် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

နယူးယောက်သို့ ရောက်ပြီးနောက် …. ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုးံဖြတ်ရသည်မှာ …. နယူးယောက် တက္ကသိုလ်တွင် ဘွဲ့လွန်ဆက်၍ တက်မည်လား…။ ကုလသမဂ္ဂဌာနချုပ်တွင် အလုပ်ဝင်မည်လား….။ နယူးယောက် တက္ကသိုလ်တွင် ဘွဲ့လွန်ဆက်တက်နိုင်ရေးအတွက်က …. နယူးယောက်တက္ကသိုလ်တွင် အပြည်ပြည်ဆိုင်ရာရေးရာ ပါမောက္ခအဖြစ် ဆောင်ရွက်နေသည့် ပါမောက္ခ ဖရင့်ထရေဂါ (Dr Frank Trager) က ကူညီပေးနိုင်၏။ ပြဿနာက နေ့စဉ်ကျောင်းသို့ သွားလားရေးအခက်အခဲ ဖြစ်သည်။ ဒိုရာသန်းအေးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေထိုင်သည့် “မန်ဟတ်တင်” (Midtown Manhatten) က မြို့လယ်တွင် ရှိ၏။ “မန်ဟတ်တင်” မှ နယူးယောက်တက္ကသိုလ်သို့ ဘတ်(စ်)ကားနှင့် သွားရမည်။ ခရီးက ဝေး၏။ ကားမူးတတ်သည့် ဒေါ်အောင်ဆန်းစုကြည်အဖို့ အခက်တွေ့နေ၏။ ပြီးလျှင် …. ဘတ်(စ်)ကားမှတ်တိုင်မှတဆင့် နယူးယောက်တက္ကသိုလ်သို့ လမ်းလျှောက်၍ ဆက်သွားရမည်။ ပန်းခြံတခုအား ဖြတ်ရမည်။ ထိုပန်းခြံတွင်က ….. လမ်းသရဲလူကြမ်းများ ကျက်စား၏။ ထိုခရီးက ….တနေ့တရက် ခရီးမဟုတ်…။ တခါတရံ ခရီးမဟုတ်….။ နေ့စဉ် အချိန်မှန်သွားရမည့် ခရီးဖြစ်သည်။ မလွယ်…..။ နောက်ဆုံး …. ဘွဲ့လွန်သင်တန်း ဆက်တက်ရေးအား လောလောဆယ်ဆယ်တွင် ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်၏။ ပြီးနောက်….ကုလသမဂ္ဂတွင် အလုပ်ဝင်လျှောက်၏။ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရုံး အုပ်ချုပ်ရေးနှင့် ဘဏ္ဍရေးဆိုင်ရာ အကြံပေးကော်မီတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ်နှင့် အလုပ်ဝင်ရ၏။

ကုလသမဂ္ဂ ဝန်ထမ်းများက ညနေရုံးဆင်းပြီး အချိန်များနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပရဟိတလုပ်ငန်းများတွင် လုပ်အားပေးကြရ၏။ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် “မန်ဟတ်တင်” နေအိမ်အနီးတွင် ဘဲ(လ်)ဗယူး (Belleview) အမည်ရှိ ဆေးရုံတရုံ ရှိ၏။ ဆေးရုံက နယူးယောက်ဆေးရုံကြီး၏ အခွဲတခုဟု ဆိုရမည်။ ဆေးရုံရှိ လူနာများက ….. အမေရိကန်ရှိ ဆင်းရဲမွဲတေဆုံးလူနာများ….။ ကင်ဆာကဲ့သို့ ကုသ၍ မပျောက်ကင်းနိုင်တော့သည့် ဝေဒနာသည်များ၊ ခိုကိုးရာမဲ့များနှင့် ဘဝအား ရင်မဆိုင်နိုင်တော့သည့် လူမမာများဖြစ်၏။ ထိုဆေးရုံတွင် ဒေါ်အောင်ဆန်းစုကြည်သည် အပတ်တိုင်း အားလပ်ရက်များတွင် နာရီပေါင်းများစွာ သွားရောက်၍ လူနာများအား ပြုစု၏။ ပြုစုသည်ဆိုရာ၌ လူမမာများအား စိတ်ပိုင်းဆိုင်ရာ ဖေးမပေးခြင်း….။ သူတို့အားစာဖတ်ပြခြင်း၊ သူတို့၏ အခက်အခဲများအား စာနာမှုပေးခြင်းတို့ ဖြစ်၏။

အခန်း (၁၅)

ကုလသမဂ္ဂဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် အလုပ်ဝင်နေသည့်အချိန်၌ ကုလ အထွေထွေအတွင်းရေးမှူးချုပ်က ဦးသန့် ဖြစ်သည်။ ဦးသန့်၏ နေအိမ်က “ရီးဗားဒေး(လ်)” (Riverdale)တွင် ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်တို့၏ နေအိမ်နှင့်မူ ကားနှင့် တနာရီခန့် သွားရမည်။ “ရီးဗားဒေး(လ်)တွင်ပင် ….. တော်လှန်ရေးကောင်စီ၏ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးစိုးတင်၏ နေအိမ်လည်း ရှိ၏။ ဦးစိုးတင်က အမေရိကန်ရှိ မြန်မာများအား “သိုးများ၊ ဆိတ်များ” ဟူ၍ မခွဲခြား….။ အားလုံးအား တန်းတူပင် ဆက်ဆံ၏။ “သိုးများ၊ ဆိတ်များ” ဟူသည်က ….. ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီအား ထောက်ခံပြီး တော်လှန်ရေးကောင်စီ၏ အောက်တွင် ငြိမ်ဝပ်နေသူများအား “သိုးများ” ဟု ခေါ်ပြီး၊ တော်လှန်ရေးကောင်စီအား ဆန့်ကျင်ဝေဖန်သူများကိုမူ ….ဆိတ်များဟု ခေါ်ကြ၏။

ဦးစိုးတင်၏ အိမ်တွင်က …..သိုးများဖြစ်ဖြစ်၊ ဆိတ်များဖြစ်ဖြစ် ဝင်ထွက်၍ ပွင့်ပွင့်လင်းလင်း ငြင်းခုန်၍ ရ၏။ အခြေအတင် ဆွေးနွေး၍ ရ၏။ တခါတရံတွင် ပြင်းပြင်းထန်ထန်အထိ ဖြစ်၏။ သို့သော်…. ပြဿနာမရှိ။ ဗွေမယူ…..။ အခင်အမင်မပျက်ကြ……။ ဦးစိုးတင်က တော်လှန်ရေးကော်စီနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်ချက်များက “ရဲလွန်း” သည်ဟု ဆိုသည့်အခါများတွင်၊ ဒေါ်အောင်ဆန်းစုကြည်က…

“ယုံကြည်ချက်အရ သတ္တိရှိရုံမက …. အဆက်အနွယ်အရလည်း သတ္တိရှိတာကိုး” ဟု နောက်ပြောင်ပြီး ပြန်ပြောလေ့ရှိ၏။

(၁၆)

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးသည့်နောက်တွင် ဗိုလ်နေဝင်းသည် စစ်ဗိုလ် ၁ရ ဦးနှင့် တော်လှန်ရေးကောင်စီအား ဖွဲ့၏။ တော်လှန်ရေးကောင်စီဝင်များ အတွင်းမှ သူ့အား ခြေရာတိုင်းလာမည့်သူ…..။ သူ့အား ဆန့်ကျင်ရန် အလားအလာရှိသည့် သူများအား ဗိုလ်နေဝင်းသည် တယောက်ပြီးတယောက် ဖယ်ရှားပစ်ခဲ့၏။ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးကြည်မောင်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးတင်ယုဆိုင် …. စသဖြင့် တယောက်ပြီးတယောက် ဖြုတ်၊ ထုတ်ပစ်ခဲ့၏။ နောက်ဆုံး ဖြုတ်ထုတ်ပစ်ခြင်းခံရသည်က ….. ဗိုလ်မှူးချုပ်တင်ဖေဟု ဆိုရမည်။ ဖြုတ်၊ ထုတ်ပစ်ခဲ့သည့် တော်လှန်ရေး ကောင်စီဝင်များ၏ နေရာများတွင် ….ဗိုလ်မှူးကြီးလွန်းတင်၊ ဗိုလ်မှူးကြီးသောင်းဒန်(လေ)၊ ဗိုလ်မှူးကြီးမောင်လွင်၊ ဗိုလ်မှူးကြီး တင်ဦး….. စသည့်တပ်မှူးများနှင့် အစားထိုး၏။ တစ်ဖက်တွင်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ.ဆ.လ)အား “အမြုတေပါတီမှ ပြည်သူ့ပါတီသို့” ဟူ၍ ကြွေးကြော်သံအား အော်ဟစ်ရင်း ကူးပြောင်းနိုင်ရန် လုံ့လထုတ်၍ နေသည်။ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းမှသည်….. မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းသို့….။

၁၉၇၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မ.ဆ.လ ပါတီ၏ ပထမဆုံးအကြိမ် ပါတီညီလာခံအား ကျင်းပ၏။ မ.ဆ.လ ညီလာခံက စီးပွားရေးစီမံကိန်းများအား ချ၏။ နှစ်တို….နှစ်ရှည် စီမံကိန်းများ ဖြစ်သည်။ ထိုထိုသော စီမံကိန်းများအား ဗိုလ်မှူးကြီးမောင်လွင်က တာဝန်ယူဆောင်ရွက်ရ၏။ ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် “နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် (မူကြမ်း) ရေးဆွဲရေးကော်မရှင်” ကို ဖွဲ့စည်း၏။ ဗိုလ်မှူးချုပ်စန်းယုအား ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြန်သည်။ စစ်ဗိုလ်ကြီးများ ဘောင်းဘီချွတ်ချရန် တဖြည်းဖြည်း ပြင်ဆင်နေကြ၏။ ဗိုလ်မှူးကြီးမောင်လွင်သည် ကုလ အထွေထွေညီလာခံသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့အား ခေါင်းဆောင်၍ နယူးယောက်တွင် ရောက်ရှိနေသည်။ နယူးယောက်ရှိ ကုလသမဂ္ဂ အမြဲတမ်းကို်ယ်စားလှယ် ဦးစိုးတင်၏ နေအိမ်က နှစ်စဉ် …. စက်တင်ဘာလမှ ဒီဇင်ဘာလလယ် ရက်များတွင် ဧည့်ခံပွဲများနှင့် လူစည်မြဲဖြစ်သည်။ ထိုရက်များက …. ကုလသမဂ္ဂ၏ အထွေထွေညီလာခံကြီးအား ကျင်းပသည့် ရက်များဖြစ်၍ …. မြန်မာပြည်မှ အထွေထွေညီလာခံသို့ လာရောက်၍ တက်ရောက်ကြသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် စည်ကား၍ နေတတ်သည်။

တနေ့…. ။

ဦးစိုးတင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုရာသန်းအေးတို့အား သူ၏အိမ်သို့ ထမင်းစားကြွရန် ဖိတ်၏။ ထိုစဉ်က…. နယူးယောက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးအား ကျင်းပနေစဉ်ကာလ ဖြစ်သည်။ ဗိုလ်မှူးကြီးမောင်လွင်တို့ အဖွဲ့ရောက်နေကြောင်းလည်း သိရ၏။ မြန်မာကိုယ်စားလှယ်အဖွဲ့က တွေ့လိုကြောင်းလည်း ဦးစိုးတင်က ပြော၏။

တခုခုတော့….တခုခုပဲဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုရာသန်းအေးတို့ စိတ်မှ တွေးထင်ထားလိုက်၏။

ဦးစိုးတင်၏ နေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုရာသန်းအေးတို့ နေ့လည်ခင်းအချိန်ခန့်တွင် ရောက်သွားကြ၏။ ပန်းများ၊ ရွက်လှပင်များ…။ အနက်နှင့် ရွှေအိုရောင် မြန်မာ့ယွန်းထည်များနှင့် အမြဲတမ်း ကိုယ်စားလှယ်သံတမန်ကြီး၏ အိမ်ဧည့်ခန်းသည် ခန့်ငြား၍ နေသည်။ လေးထောင့်စပ်စပ် ဧည့်ခန်းအတွင်း …. အထွေထွေညီလာခံကြီးသို့ တက်ရောက်ရန် ရောက်နေကြသည့် မြန်မာသံအမတ်ကြီးများအား တွေ့ရ၏။ ဒေါ်အောင်ဆန်းစုကြည်အား အခန်းတဖက်စွန်းရှိ ထိုင်ခုံပေါ်တွင် နေရာချပေး၏။ ဒေါ်အောင်ဆန်းစုကြည်၏ တဖက်စွန်းတွင်က…. ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် … ဗိုလ်မှူးကြီးမောင်လွင်….။ ဗိုလ်မှူးကြီးမောင်လွင်နှင့် ဒေါ်အောင်ဆန်းစုကြည်က မျက်နှာချင်းဆိုင်….၊ ဆိုင်လျက် အနေအထား….။

အိမ်ရှင်ဦးစိုးတင်သည် ယဉ်ကျေးစွာ ပြုံးရင်း ဧည့်ခံနေရသော်လည်း…. ကြိုတင်သိရှိပြီးသည့် အရေးကြောင့် အနေခက်သည့်ဟန် ပေါက်နေသည်။ အခင်းအကျင်းက…. မြန်မာအာဏာပိုင် သံတမန်ကြီးများက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ တစုံတခုသော စီရင်ချက်အား ချမှတ်ရန်စိုင်းပြင်းနေသည်ဟု ထင်မှတ်စရာ….။

ဘယ်လိုစီရင်ချက်မျိုးလဲ….။ တွေးမရ…..။ ဒေါ်အောင်ဆန်းစုကြည်ကမူ သူ၏ ဆိုဖာထိုင်ခုံပေါ်၌ သက်တောင့်သက်သာပင် ထိုင်နေ၏။

အလ္လာပ၊သလ္လာပ ….စကားများက ခဏပင်….။ အရေးတော်ပုံအား စ၏။ ဗိုလ်မှူးကြီးမောင်လွင်က ဒေါ်အောင်ဆန်းစုကြည်အား…..

“မည်သည့် နိုင်ငံကူးလက်မှတ်အား ကိုင်ဆောင်ထားပါသနည်း….” ဟူ၍ စ…စချင်းမေး၏။ ပြီးလျှင် … “မိခင်ဒေါ်ခင်ကြည်သည် သံအမတ်ကြီးတဦး မဟုတ်တော့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သံတမန်ဆိုင်ရာ နိုင်ငံကူးလက်မှတ်အား ပြန်အပ်ရမည်” ဟု ဆိုသည်။ “ယခုအထိ ပြန်မအပ်ရသေးသည်မှာ မှန်ပါသလား….” ဟူ၍ တရားသူကြီးတဦး၏ လေသံနှင့် တရားခံ မေး….မေးနေပြန်သည်။

“သံတမန်များဆိုင်ရာ နိုင်ငံကူးလက်မှတ်အား ဆက်ပြီးကိုင်ထားခြင်းမှာ ဥပဒေနှင့်မညီ …. နည်းလမ်းမကျသည့် ကိစ္စဖြစ်သဖြင့် အမြန်ပြန်အပ်ရန် လိုသည်” ဟု ပြောရင်း စကားအား အဆုံးသတ်လိုက်၏။

ဧည့်ခန်းဆောင်အတွင်း အရာရာသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဒေါ်အောင်ဆန်းစုကြည်က…. တည်တည်ငြိမ်ငြိမ်ပင်….။ အားလုံးက ဒေါ်အောင်ဆန်းစုကြည်အား အာရုံစိုက်နေကြ၏။ မည်သို့ပြန်ပြောမည်နည်း….။ ဒေါ်အောင်ဆန်းစုကြည်က အေးဆေးတည်ငြိမ်သော လေသံနှင့် စကားစ၏။

“နိုင်ငံကူးလက်မှတ် အသစ်ရရန် … လန်ဒန်ရှိ မြန်မာသံရုံးတွင် လျှောက်ထားခဲ့သည်မှာ ကြာပါပြီ။ ယခုထိ သံရုံးမှ အကြောင်းမပြန်သေးပါ။ ….. မည်သည့်အတွက် ဤမျှ ကြန့်ကြာနေသည်ကို မသိရပါ။ ဤအတွက် နယူးယောက်သို့ လာခဲ့ရာတွင် ရှိလက်စ နိုင်ငံကူးလက်မှတ်ကိုပင် ကိုင်ဆောင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ကုလသမဂ္ဂတွင် အလုပ်ဝင်ရာတွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြရန် နိုင်ငံကူးလက်မှတ်တခု လိုအပ်ပါတယ်။ လပေါင်းများစွာကပင် လန်ဒန်သံရုံးမှ ပေးပို့လာမည်ကို စောင့်နေခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ်အသစ် ရရှိသည့်နှင့် အဟောင်းကို ဝမ်းသာစွာနဲ့ ပြန်ပြီး အပ်နှံပေးသွားပါမယ်။ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေထိုင်ရန်မှာ သံတမန်ဆိုင်ရာ နိုင်ငံကူးလက်မှတ်ပဲဖြစ်ဖြစ်၊ ရိုးရိုးနိုင်ငံကူးလက်မှတ်ပဲဖြစ်ဖြစ် ….. တခုခုတော့ လိုအပ်ပါတယ်။ ဒါကိုလည်း ဒီမှာရှိကြသူ “အန်ကယ်” တို့ အားလုံး သိပြီးဖြစ်ပါလိမ့်မယ်….” ဟူ၍ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားအား ယဉ်ယဉ်ကျေးကျေးနှင့် အဆုံးသတ်လိုက်၏။

ဒေါ်အောင်ဆန်းစုကြည်၏ စကားအဆုံးတွင် လန်ဒန်သံရုံးမှ သံအမတ်ကလည်း …. ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခဲ့သည်မှာ ကြာပြီ။ ရန်ကုန်သို့လည်း ပို့ထားခဲ့ပြီးဖြစ်သည်။ ရန်ကုန်မှ မည်သို့မျှ အကြောင်းမပြန်သေးခြင်းသာ ဖြစ်သည်ဟု ဆို၏။

ဗိုလ်မှူးကြီးမောင်လွင်၏ မျက်နှာ၌ ဇဝေဇဝါ၊ မတင်မကျ ဖြစ်နေသည့်ဟန်မှာ အထင်းသားပေါ်နေသည်။ ပြီးလျှင် …. ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်သည့်အသွင်နှင့် ….. အရင်က အခြေအနေကို လုံးစေ့ပတ်စေ့ မသိရှိခဲ့ရ…..၊ ယခုမူ သဘောပေါက်ပြီဖြစ်၍ ရန်ကုန်ပြန်ရောက်လျှင် …. ဤကိစ္စအား အမြန်ဆုံးဖြစ်အောင် စီစဉ်ပေးမည်ဟု ဆို၏။

ဧည့်ခန်းဆောင်အတွင်း…..လွတ်လပ်ပွင့်လင်းမှုများ ပြန်ရလာ၏။ ဦးစိုးတင်၏ မျက်နှာက ရွှင်ရွှင်ပြပြနှင့် ပြုံးနေ၏။

(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်။)