မီးတောက်သစ်ပင်

အောင် မိုးသူSeptember 21, 20122min842
၁။
အရိုးတွေ ပြိုင်းထနေတဲ့
မအီမသာနေ့တွေထဲမှာပဲ
စိုက်နေကျ ငါတို့သစ်ပင်တွေဟာ
မီးညွှန့်တွေ တစ်စစ ဖူးပွင့်ဝေခဲ့တယ်။
တိမ်တွေကလည်း ဝါရီဝေ
တေလေဖူးတဲ့ မမှည့်သေး အသီးတွေကလည်း
အကွေ့အကောက် တန်းမညီစွာ ကြွေကျ
မလှပမှုဟာ အမြစ်ကို စုန်ဆန်ရင်း
အလင်းတွေ ရှိုက်သံဝေနေခဲ့။
၂။
ဘာမှမထူးဘူး
ငါတို့ဟာ….ဘာမှ မထူးခဲ့ကြဘူး
မီးညွန့်မီးလျှံတွေကို ပန်းငုံပန်းပွင့်တွေလို နမ်းခဲ့ကြ..။
ငရဲပွက်တဲ့ကာလတွေပါပဲ
ကာဗွန်ဒိုက်အောက်ဆိုဒ်တွေ များလျှံနေတဲ့ကမာ္ဘ
ငါတို့ထုတ်ပေးနိုင်တဲ့ အောက်စီဂျင်အရေအတွက်ဟာ ပါးလျလာ…။
ငါတို့သည် မူလကသစ်ပင်များဖြစ်လေသည်။
ယခုအခါ
လိမ်ညာလှည့်ဖျား ကြောက်မက်ဖွယ်အသွားအောက်
ပြားပြားမှောက်ရသော သစ်တုံး၊ထင်းတုံးများပမာဖြစ်ခဲ့ကြပြီ။
ထို့ကြောင့် မီးညွန့်တို့ကို နမ်းကြခဲ့၏
တရားသောစစ်သည်လည်းကောင်း
မတရားသောစစ်သည်လည်းကောင်း….
ငါတို့ကို အလောင်းပေါင်းများစွာထပ်စေခဲ့၏
ထို့ကြောင့် ငါတို့သည် မီးတောက်ကိုမုန်းခဲ့ကြလေပြီ ။
အမှန်စင်စစ်…..
ငါတို့သည် စိမ်းစိုသောတောများပမာရှင်သန်ချင်ကြသည်
သို့သော်………
နတ်သူရူးတို့၏အိပ်မက်များ၌ ငါတို့ရင့်ရော်ခဲ့ကြပြီ
ကမာ္ဘမြေသာယာပါစေကွယ်
ကမာ္ဘမြေသာယာပါစေတော့……။
မီးတောက် မီးညွန့်တွေ ဖွာဆန်ကြဲ
လေဆန်မှာ အမှားတွေဟာ ချင်းချင်းနီနေအောင်ဝေ့ဝဲလို့
ငါတို့တစ်ယောက်ကို တစ်ယောက်မမြင်နိုင်ကြ
တစ်ယောက်ကို တစ်ယောက် မီးညွန့်တွေနဲ့ပစ်ပေါက်ကြလို့
အရွက်လွင့်သွားတဲ့သစ်ပင်တွေ…
ဒုက္ခတွေဟာ မြင့်သထက်မြင့်ခဲ့……။
(၃)
ပျိုးထောင်ခဲ့တဲ့ အမြစ် ပင်စည် အခက် အလက်တွေဟာ
တဖြည်းဖြည်း ကြွေကာကျနေတယ်
ပေးလှည့်ပါ အရိပ်အခက်အလက်တွေ
တောင့်တတဲ့ ပင်စည်ကြီးတောင်
မီးတွေ တောက်လောင်လို့
မီးတောက် မီးခက်တွေကြားမှာ
အံကိုကြိတ် အသက်ဆက်ခဲ့ရတယ်။
တောက်လောင်နေတဲ့ အခက်အလက်တွေကြား
သီချင်းတစ်ပုဒ်ကို ငါတို့အော်ဆိုနေမိတယ်။
We’re the world.We’re the CHILDREN…….
တို့ချစ်တဲ့ကမ္ဘာxxxxxxxxxတို့ချစ်တဲ့ကလေးတွေxxxxx
တို့လက်တွေxxxတွဲကာလှမ်းယူနိုင်ကြမယ့်xxအနာဂတ်နေ့ရက်တွေxx
သီဆိုရင်း မီးညွှန့်တွေရဲ့ဝါးမျိုးခြင်းကို ငါတို့ခံခဲ့ကြတယ်။
ပူတယ်……ပူတယ်……ပူလောင်တယ်
အော်ဟစ်နေတဲ့ အသံတွေကြားထဲ ကျယ်လောင်တဲ့အသံတစ်သံနဲ့
အော်လိုက်ကြ..အော်လိုက်ကြဟေ့…………..
မီးတောက်တွေအောက်က ဟစ်အော်သံက
ခံနိုင်ရည်ရှိဖို့ အားဖြည့်ပေးနေသလိုလိုနဲ့
ရေသောက်မြစ်ကအစ ပင်စည်ကအလယ် အကိုင်းအခက်အရွက်ကအဆုံး
ပူလောင်တဲ့မီးတွေကြားထဲမှာ တိုးဝှေ့ရုန်းကန်းနေကြတယ်။
(၄)
ကောင်းကင်တစ်စင်း၊ ကြယ်တစ်စင်းနဲ့
ကောင်းရာသုဂတိလားပါစေ
ဘုရားသခင်လက်ဖဝါးမှာ ပန်းတစ်ပွင့်..ပွင့်ပါစေ… ဂျာဆိုင်းအိန်
ကူကယ်ရာမဲ့ လက်ဖဝါးတွေထက်
သံလွင်ခက်နဲ့ ရေးထိုးဖို့ အက္ခရာ
ဘယ်မှာလဲ.. ရှာဖွေရင်း
ကောင်းကင်နဲ့ဝေးတဲ့ နေ့တွေတိုင်းအတွက်
ငါ့ရဲ့ဆုတောင်းမှာ အလင်းလက္ခဏာ ပျောက်ရှလို့…။
‘ငါတို့သည် လူသားများဖြစ်၏
 ထို့ကြောင့် လက်ဖဝါးမှာ အမှားလက္ခဏာ ပါကြလေ၏’ (တာရာမင်းဝေ)
လက်ပံပွင့်တွေလို တစ်တောလုံး တစ်တောင်လုံး
အမှောင်ဖုံးနေတဲ့ (ဆူကျိုက်နေတဲ့) အတ္တအမှားတွေကြားမှာ
သေနတ်သံတွေ မိုးလုံးပြည့်လျှံ
မြေလှန်ထိုးဖောက် ငါတို့ .. ငါတို့..
အိမ်အပြန်လမ်း ပျောက်ခဲ့ကြပြီ။
(အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာ)
အလင်းအိပ်မက်များ ဘယ်မှာ
နာရီတွေ ငှက်ဆိုးသံတွေနဲ့ ညံနေပြီ။
(၅)
လက်ညှိုးလေး အကွေးမှာ
မိဘနဲ့သား .. လင်နဲ့ မယား
ငြိမ်းချမ်းရေးနဲ့ အိပ်မက်များ၊ ပင်လယ်များနဲ့ တိမ်တိုက်များလို
ဆွေးမြေ့ ကွာဝေးခဲ့ရ။
လက်ညှိုးလေးအကွေးမှာ
နှလုံးသားတွေ ကျပျောက်ခဲ့ရ။
(နှမလေး မယ်တို့မောင်မှာ
စစ်သံကြားရင် နာဖျားဥပါဒ် ခိုကြတယ်)
ငါတို့မယ် အဲလို စစ်သားမျိုးတွေ အလိုရှိတယ်။
ငါတို့မယ် စားပွဲဝိုင်းပေါ်ရောက်လာမယ့် ဖြစ်တည်ခြင်းတွေ အလိုရှိတယ်။
သစ်တောတွေ စိမ်းစိုဖို့အတွက်
မိုးပေါက်တွေရေ……………
ရှိုက်ကြီးတငင် ငိုချပါတော့..။
ဒါဟာ
မြန်မာပြည်ရဲ့ နေရာပေါင်းများစွာက
လူပေါင်းများစွာရဲ့ ဆုတောင်းသံတွေနဲ့ လျှံဝေ….။
(၆)
ညတွေ…..နေ့တွေ
တစ်ညထက်တစ်ည အိပ်မက်တွေနိုးထပါစေ
ငါတို့ချစ်သောကမာ္ဘမြေ
ငါတို့ချစ်သော မြန်မာပြည်
ငြိမ်းချမ်းရေးမြေ စိုပြည်လွန့်လူးပါစေ..
နတ်ဆိုးတို့ထံ ခယဝပ်တွားလို့
ဒုက္ခကို သီချင်းလုပ်ပြီး ဆိုကြည့်တယ်
ဘယ်လိုမှ မညီညာတဲ့သံစဉ်တွေမို့
ဒီကဗျာရှည်တစ်ပုဒ် နှလုံးသားများစွာကို အန်ထုတ်ပြီး
မွဲခြောက်စွာ ချရေးလိုက်ကြတယ်
တို့ကမ္ဘာမြေ….ပွင့်သောပန်းတို့ လန်းပါစေ……။                 ။
                                                                    မောင်ရေချမ်း၊ ရင်နင့်အောင်၊ လခြမ်းအိမ်၊ အောင်မိုးသူ
မှီငြမ်းကိုးကားစပ်ထည်များ…။
(၁)we are the world (Michael Jackson)
(၂) တို့ချစ်တဲ့ကမ္ဘာ .. တို့ချစ်တဲ့ကလေးတွေ (စာသား.. မင်းချစ်သူ)
(၃) သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့် (တာရာမင်းဝေ)
(၄) အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာ  (ဝတ္ထုတို- စံပယ်ဖြူနု)
(၅) စစ်မှာတမူ ( တောင်တွင်းရှင်ငြိမ်းမယ် )

2 comments

  • Mon Kit

    September 21, 2012 at 12:55 pm

    ငါတို့ချစ်သောကမာ္ဘမြေ
    ငါတို့ချစ်သော မြန်မာပြည်
    ငြိမ်းချမ်းရေးမြေ စိုပြည်လွန့်လူးပါစေ..
    တို့ကမ္ဘာမြေ….ပွင့်သောပန်းတို့ လန်းပါစေ……

    ထပ်တူထပ်မျှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်……

  • Kyaw Myo Thet

    September 21, 2012 at 7:07 pm

    စုပေါင်းထားမှုကတော့ အံမခန်းပါပဲ
    အရမ်းကို အရသာတွေ့မိပါတယ်

Leave a Reply