နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ် အပိုင်း(၆)


ကားနားတွင် ဝေ့လည် ဝေ့လည်ဖြစ်နေသော သူတို့အဖွဲ့ အူကြွနေကြပြီ။ ခုချိန်ထိ ဇော်သန့်နှင့် ဘဂျမ်းမှာ ပေါ်မလာသေးသဖြင့် စိတ်အပူလုံးက ကြွလာလေပြီ။ တစ်ခုခုဖြစ်နေမလားဟူသော အတွေးက လူကို ခြေမကိုင်မိ လက်မကိုင်မိဖြစ်စေ၏။ မြင့်ဇော်ဦးက နောက်တစ်ခေါက်ပြန်သွားကြည့်ရမလားဟုမေးသော်လည်း လမ်းက ပိတ်ချေပြီ။ နောက်ထပ် ဘယ်သူ့ကိုမှ မသွားစေချင်တော့။ ဇော်သန့်နှင့် ဘဂျမ်းသည် တစ်နေရာရာမှာများ အခက်အခဲတွေ့နေရော့လား။ သူသည် သူငယ်ချင်းများကို သူ့အတွက်နှင့် တစ်ခုခုဖြစ်သွားမည်ကို အတော်လေး စိုးရိမ်သည်။ ထိုစဉ်တွင်ပင် သူ့နောက်ကျောကို တစ်ယောက်ယောက်က လှမ်းပုတ်ခြင်းကိုခံလိုက်ရသည်။ သူ့လှည့်ကြည့်တော့

“ဟာ ဇော်သန့်”

ဇော်သန့်နှင့် ဘဂျမ်းဖြစ်နေသည်။ ဒီကောင့်တစ်ကိုယ်လုံး ဗွက်တွေနှင့် ပေရာ ဗလပွဖြစ်နေသည်။

“ဟာကွာ စိုးရိမ်နေကြတာကွ ။ မင်းတို့ဘာလုပ်နေကြတာလဲ။ ဒီမှာ ကိုသော်က တော်တော်လေးကို မျက်နှာပျက်နေပြီ။”

မြင့်ဇော်ဦးက စီးပြောနေသဖြင့် သူက ကြားဝင်ရသည်။

“ငါပြောမယ် မြင့်ဇော်ဦး။ နေနေ။ငါတို့ဒီကိုရောက်နေတာကြာပြီ ဇော်သန့်။ မက်လင်ချောင်ကို ဆက်တက်မလို့လမ်းမှာ မြင့်ဇော်ဦးက ပြန်လှည့်ခိုင်းလို့ပြန်လှည့်လာခဲ့ကြတာ။ မင်းတို့လည်း နောက်မှာ ပါတယ်လို့ပြောတော့ စိတ်ချလက်ချပြန်လှည့်လာခဲ့တာ။ နောက်တော့ ပါမလာဘူး။ ဒီမှာစောင့်နေတာတင် တော်တော်ကြာသွားခဲ့တာ။ မင်းတို့တစ်ခုခုဖြစ်ပြီလို့ကိုထင်နေတာ။ ဘာဖြစ်နေတာလဲ။”

“ဘာမှတော့မဖြစ်ဘူး ကိုသော်။ကိုသော့် ပစ္စည်းတွေ ပြန်ရလို ရညားလိုက်ရှာနေတာ။နောက် ကျွန်တော်က ကုမ္ပဏီထဲကနေ နောက်ဆုံးထွက်တဲ့သူဖြစ်နေလို့ ကျန်ခဲ့တာ”

“ဟုတ်တယ်ဗျာ ဇော်သန့်နဲ့ ကျွန်တော်ကနောက်ဆုံးပဲ။ နောက်မှာ ဘယ်သူ့ကိုမှ မတွေ့ရတော့ဘူး။ခုတောင် တော်တော်လေးကို နောက်ကျနေပြီဆိုတာ သိတယ်။ ဒါကြောင့် မြန်မြန်လေး လာခဲ့တာ။”

“ကဲ ကဲ လုပ်လုပ် ဇော်သန့် ကားနဲ့ လိုက်ခဲ့ ။ မြင့်ဇော်ဦးနဲ့ ဘဂျမ်းကတော့ ဆိုင်ကယ်နဲ့ပဲ ပြန်ခဲ့တော့။ သွားတော့ မယ် တော်ကြာ လူကြီးတွေ စိတ်ပူနေလိမ့်မယ်။ ”

သူ မြန်မြန်လေးလောဆော်လိုက်သည်နှင့် ကားပေါ်တက်ကာ မရှီကထောင်ရပ်ကွက်ကို ပြန်လာခဲ့တော့သည်။ သူတို့ကုမ္ပဏီရှိရာ မက်လင်ချောင်နှင့် ကပ်လျှက်ဖြစ်သော အလယ်ကုန်းရွာနှင့် ရှမ်းစုရွာသည် စစ်ရှောင်ရန်အတွက် သည်ကနေ့ မနက် ၁ဝနာရီ ခွဲသည် နောက်ဆုံးဖြစ်သည်။ အထက်မက်လင်ချောင်တွင်လည်း ရွာသားတွေ သိပ်မရှိတော့ကြောင်းသိရသည်။ ထိုနေ့နောက်ပိုင်းတွင် ညအချိန်များ၌ အမြှောက်ပစ်သံများကို ညတိုင်းနီးနီးလို ကြားနေရသည်။ မရှီကထောင်တွင်မူ သူတို့ သူငယ်ချင်းများသည် အလုပ်မရှိ အကိုင်မရှိသဖြင့် အိပ်၊စား ကာ ပျင်းပျင်းရိရိ နေနေရသည်။ ကုမ္ပဏီလုံခြုံရေးအတွက် ကင်းတာဝန်များချထားရာတွင် သူတို့ သူငယ်ချင်းတွေ နာမည်ပါလာသည်။ ချွင်းချက်အနေနှင့် သူ့နာမည်သည် လုံးဝမပါလာပေ။

အောက်ပိုင်းရှိ (ကချင်ပြည်နယ်မှလွန်၍ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဘက်အပိုင်းနောက်ပိုင်းကို အောက်ပိုင်းဟု အလွယ်ခေါ်ဆိုခြင်းဖြစ်သည်) သူငယ်ချင်းများကလည်း ပြန်လာရန် တကျီကျီခေါ်နေကြသည်။ လက်ရှိတွင် ဘဝတူ ဒုက္ခရောက်နေသော သူငယ်ချင်းများနှင့်လည်း ခွဲခွာရန် ဆန္ဒမရှိသေးပေ။ ရုတ်တရက်ကြီး ခွဲခွာရန်လည်း အဆင်သင့်မဖြစ်သေး။ သူသည် အောက်ပိုင်းသို့ပြန်ရန်အတွက် နေနေ၊ ဇော်သန့်၊ မြင့်ဇော်ဦး၊ ဘဂျမ်းနှင့် အင်ဒြူးတို့အား တိုင်ပင်ရတော့သည်။ ထိုအထဲတွင် သူနှင့်အတူ ပြန်လိုက်မည့်သူသည် မြင့်ဇော်ဦးတစ်ယောက်တည်း။ ကျန်သည့်သူများက အခြေအနေ အကြောင်းကြောင်းကြောင့် ပြန်မလိုက်နိုင်သေးပေ။ သူ့စိတ်ထဲတွင် ကိုယ်လွတ်ရုန်းသလိုဖြစ်နေမှာကိုလည်း စိုးနေမိသည်။ သူငယ်ချင်းများကတော့

“ကိုသော်ပြန်ချင်ပြန်လေ ။ကျွန်တော်တို့ကတော့ နောက်မှပဲ ပြန်ခဲ့တော့မယ်။ ခုလောလောဆယ်တော့ မပြန်နိုင်သေးဘူး။”

“ဟိုကွာပြောရခက်တယ်။ ငါတစ်ယောက်တည်းများ ကိုယ်လွတ်ရုန်းထွက်သလိုဖြစ်နေမလားလို့”

“ဟာ ကိုသော်ကလည်း ကျွန်တော်တို့မတွေးမိပါဘူး။ စိတ်ချလက်ချပြန်။ ခုလည်း မြင့်ဇော်ဦးပါနေတာပဲ။ အဖော်လည်းရှိတုန်း ပြန်လိုက်ပေါ့။ လမ်းကြောင်းအခြေအနေရောကောင်းရဲ့လား။ ကိုသော် ဘာကြားမိသေးလဲ”

“အင်း မိုးနိုင်နဲ့မတွေ့ရသေးဘူး။ တွေ့မှမေးကြည့်မယ်လေ။ဒီကောင်က မှော်ဝမ်းမှာနေတာဆိုတော့ သတင်းစုံလောက်တယ်။ ”

“မေးကြည့်ပါဦး။ လမ်းမှာ ကိုသော် တစ်ခုခုဖြစ်မှာဖြစ်မှာ စိုးတယ်ဗျာ”

“အေးပါကွာ မေးကြည့်လိုက်မယ်လေ”

သူပြောပြောဆိုဆိုနှင့် မိုးနိုင်ဆီကိုဖုန်းခေါ်လိုက်သည်။ မိုးနိုင်နှင့် ချက်ချင်းတွေ့သဖြင့်

“မိုးနိုင်လား”

“အေး သားကြီးပြော”

“မင်းခုဘာလုပ်နေလဲ”

“အေး သားကြီး ငါအိမ်မှာ…မင်းတို့ကုမ္ပဏီ မီးရှို့ခံရလို့ဆို”

“ဟုတ်တယ် သူငယ်ချင်း.. ”

“မင်းပစ္စည်းတွေရော”

“ကုန်ပြီ သူငယ်ချင်း ခု မရှီကထောင်မှာ ဟိုကောင်တွေရောရှိတယ်”

“အေး ငါအခုလာခဲ့မယ်.မင်းတို့ မရှီကထောင်ကုန်းဆင်းဒီဘက်က ပြည်ချစ်လက်ဖက်ရည်ဆိုင်မှာစောင့်နေ”

(မမုံ မီးသတ်ရုံးရှေ့ရှိ ပြည်ချစ်လက်ဖက်ရည်ဆိုင်နှင့် နာမည်တူနေခြင်းဖြစ်သည်)

ပြောပြေဆိုဆို ဖုန်းချသွားသဖြင့် သူနှင့် သူငယ်ချင်းများ မရှီကထောင် ကုန်ဆင်း ပြည်ချစ်လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့တော့သည်။ လက်ဖက်ရည်ဆိုင်ရောက်ပြီး ငါးမိနစ်အကြာမှာပင် မိုးနိုင်ရောက်လာသည်။သူ့ကိုတွေ့တော့

“ကြားရတာ စိတ်မကောင်းလိုက်တာ သူငယ်ချင်းရာ။ ငါအစက  မယုံဘူးကွ။နောက်မှ မင်းတို့ ကုမ္ပဏီနာမည်ထွက်လာမှ ယုံတာ။ ဘယ်လိုဖြစ်ရတာတဲ့လဲ။ ခုရော မင်းတို့အဆင်ပြေလား။ ငါ ဘာကူညီရမလဲ”

သူ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။

“အဲဒီတော့ မင်းဘာလုပ်မယ် စဉ်းစားထားလဲ”

“မသိသေးဘူး။ ဘာမှကို မစဉ်းစားရသေးတာ။ ဘာလုပ်ရမှန်းလည်းမသိဘူး။ လောလောဆယ်တော့ မရှီကထောင်မှာ အဆင်ပြေနေတယ်။ ”

“အေးကွာ တကယ်ပဲ စိတ်မကောင်းပါဘူး။ ”

“ကိုမိုးနိုင် ကိုသော်က ပြန်မှာ အဲဒါ လမ်းကြောအခြေအနေ ဘယ်လိုရှိလဲ သိချင်လို့”

ဇော်သန့်က ဝင်မေးသည်။

“ဟင် မင်းပြန်မလို့လား သားကြီး”

“စဉ်းစားတုန်းပါ။ လမ်းကြောရောကောင်းရဲ့လား”

“နေဦး မင်းမပြန်သေးနဲ့ဦး ငါ့ကားနဲ့မှ မိုးကောင်းကိုဆင်း”

“ဟင် မင်း ကား”

“ဟုတ်တယ် ငါ့ယောက္ခမလေ အရေးအကြောင်းဆို မြစ်ကြီးနားကိုပြေးလို့ရအောင် အရင် နှစ်ပတ်လောက်ကမှ အောက်ကားတစ်စီးဝယ်လိုက်တာ။ မင်းဆီကိုမရောက်ဖြစ်လို့မပြောဖြစ်တာ။ ခု ဝပ်ရှော့မှ ထိုးထားတယ်။ မိုးကောင်းကို တစ်ခေါက်ဆင်းပြီးပြီ။”

“ဘယ်နေ့လောက်ရမလဲ”

“ဒီတစ်ပတ် ကြာသပတေးနေ့မဟုတ်ရင် သောကြာနေ့ပဲ။ ပြန်မယ့်လူရှိရင် ဘယ်နှစ်ယောက်လဲဆိုတာ မင်းမေးကြည့်ထားလိုက်လေ။ ငါ့ကားက လူဆယ်ယောက်လောက်တော့တင်တယ်။”

“ကားခကရော”

“သားကြီးရာမင်းတို့ကိုတော့ ငါလျှော့ယူပါမယ်။ ငါက အရင်မင်းတို့ကုမ္ပဏီမှာလုပ်ခဲ့ဖူးတော့ အချင်းချင်းတွေပဲ လျှော့ယူတာပေါ့ သူများတွေတော့ သုံးသောင်းခွဲ လေးသောင်းယူတာ။ မင်းတို့ကိုတော့ သုံးသောင်းပဲယူပါ့မယ်။ မင်းတစ်ယောက်တည်းမဟုတ်ဘူးနော်။ လိုက်မယ့်လူအားလုံးကိုပြောတာ”

“အေးပါကွာ ကျေးဇူးတင်ပါတယ်။ဒါနဲ့ အစစ်အဆေး များတယ်ဆို”

“ဟုတ်တယ်။ လမ်းမှာ ကိုးဂိတ်လောက်ရှိတယ်။ အားလုံး ကချင်တွေချည်းပဲ။”

“ဟင်…”

“ဒါပေမယ့် မပူပါနဲ့ သူတို့စစ်တာက ကျောက်ပါလား မပါလား။ အစိုးရဘက်ကလား ဒါပဲ။ ကျန်တာတော့ အေးဆေးပါတယ်။”

“လူတွေခေါ်ပြီး သတ်ပစ်တယ်ဆိုတာရော”

“မဟုတ်ပါဘူး။ နောက်ငါက ကချင်မ ယောကျာ်းဆိုတော့ ကချင်လိုလည်း နည်းနည်းပါးပါးပြောတတ်တော့ အဆင်ပြေပါတယ်”

“အေးကွာ မင်းနဲ့လိုက်မှ စိတ်ချရမှာပဲ။ မင်းကားရရင် ငါ့ဖုန်းကိုဆက်ပေး။ ဟုတ်လား သူငယ်ချင်း”

သူ စိတ်တော့ နည်းနည်းအေးသွားသည်။ ဇော်သန့်နှင့် နေနေကလည်း အခြေအနေကိုသိရပြီဖြစ်၍ စိတ်ချသွားပုံရသည်။ လက်ဖက်ရည်တစ်ယောက်တစ်ခွက်ဆီမှာပြီး ထွေရာလေးပါးပြောဆိုကြပြီနောက် မိုးနိုင်က ပြန်ရန် နုတ်ဆက်သည်။

“သူငယ်ချင်း ရော့မင်းလောလောဆယ် သုံးဖို့”

သူ မငြင်းမိတော့။ မိုးနိုင်ပေးသော ငွေနှစ်သောင်းသည် လောလောဆယ် သူ့နှင့် သူ့သူငယ်ချင်းများအတွက် အသက်လို့ရသေးသည်။ မိုးနိုင်ပြန်သွားပြီးချိန်တွင် မြင့်ဇော်ဦးက

“ကိုသော် ပြန်ရင် ငါလည်း လိုက်ပြန်မယ်ကွာ”

အားလုံး၏ မျက်နှာတွင် စိတ်မကောင်းသည် အမူအယာများ ပေါ်လာကြသည်။ သူတို့ သူငယ်ချင်းတတွေ ခွဲခွာရတော့မှာပါလား။ ဩဂုတ်လ လလယ်ပိုင်းလောက်တုန်းကတော့ ကုမ္ပဏီတွင် ပျော်ပျော်ပါးပါးဖြင့် စလိုက်နောက်လိုက်နေနေလာကြသော သူငယ်ချင်းများသည် ထင်မှတ်မထားသော အချိန်တွင် ရုတ်တရက်ကြီးခွဲခွာရတော့မည်ကို သိလိုက်ကြသည်။ အေးဆေးငြိမ်သက်သော အသွင်ကိုဆောင်ခဲ့သော ဩဂုတ်လသည် မုန်တိုင်းဝင်တိုက်ခဲ့ပြီးနောက် ဖရိုဖရဲဖြစ်လျှက် ဘဝတွေ ပျက်သုဉ်းစေခဲ့ပြီဖြစ်သည်။

ဖားကန့်သည် အရင်ကလောက် မစည်တော့။

ဒုက္ခသယ်တွေ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ကျောင်းများတွင် ပြည့်နေသည်ဟု သိရသည်။ ဖားကန့်မြို့အနီးအနားဝန်းကျင်ရှိရွာများမှ ဒုက္ခသယ်များသည် မြို့ပေါ်သို့ အလုံးအရင်းလိုက် ပြေးလာကြသည်။ သူတို့ ကုမ္ပဏီမပြေးရခင်က အထက်မက်လင်ချောင်နားရှိ ဆိုင်းကြာဘုံရွာအနီးရှိ ကုမ္ပဏီဝန်ထမ်းတွေ အယောက် ရှစ်ဆယ်နီးပါး ပြေးရသည့်ကိုတွေ့ရသည်။ နောက် မျောက်ဖြူ၊ရှရော်ခဘက်မှလည်း အရင်ရက်တွေတုန်းက ပြေးနေကြသည်။ သူတို့သာ ကုမ္ပဏီအနားသို့မရောက်လာသေးသဖြင့် ဘာသိ ဘာသာနေနေမိခဲ့ခြင်းဖြစ်သည်။

သူတို့လို လူပျို လူလွတ်တွေအတွက် ပြေးရလွှားရသည်မှာ သိပ်ပြီး ဒုက္ခရောက်စရာအကြောင်းမရှိသော်လည်း အိမ်ထောင်သည်များအဖို့ ကလေးတစ်ဖက်နှင့် ကသီလင်တ ဖြစ်ရသည်။ ယာဉ်ကြီးမှူးတွင် ကလေးသုံးယောက်ရှိသည့်အနက် သမီးနှစ်ယောက်မှာ ကျောင်းသူကလေးတွေဖြစ်သည်။ ကျောင်းနေသည်ကလည်း ရှမ်းစုရွာတွင်ပင်။ ခုတော့ ရွာလည်းပြေး ကုမ္ပဏီလည်း ပြေးရသဖြင့် ကလေးများ၏ ပညာရေးအတွက် တစ်ပိုင်းတစ်စဖြစ်ရမည်ကို စိုးရိမ်ပူပန်လျှက်ရှိနေသည်။

ဖားကန့်မြို့ပေါ်ရှိ ကျောင်းများ လူပြည့်နေသဖြင့် နောက်ဆုံးတွင် မိဘမဲ့ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့သာ ပို့ရတော့သည်။ ခုချိန်တွင် အောက်ပိုင်းဆင်း၍ ကျောင်းပြန်ထားလျှင်လည်း ကလေးများ၏ ပညာရေးသည် ဟိုတစ်စ သည်တစ်စနှင့် အဆင်ပြေမည်မဟုတ်။ ကလေးများ၏ စိတ်ပိုင်းအခြေအနေသည်လည်း ယှိုင်နဲ့သွားနိုင်သည်။ ထို့ကြောင့်ရရာ ကျောင်းတွင်သာ အပ်နှံလျှက် နေ့နေ့ကျောင်းသွားချိန်တွင် ယာဉ်ကြီးမှူး၏ မိန်းမမှာ အပစ်အခတ်အသံများကိုနားစွင့်ရင်း နေ့စဉ် ရင်တက်မအေးဖြစ်နေရသည်။

မိုးနိုင်ပြောထားခဲ့သော ကြာသပတေးနေ့သည် တဖြည်းဖြည်းနီးကပ်စွာရောက်လာခဲ့သည်။ သို့သော် မိုးနိုင်နှင့်တွေ့သောအခါ

“သားကြီး မင်းနောက်တစ်ပတ်စောင့်နိုင်ဦးမလား။ စောင့်နိုင်ရင်စောင့်ကွာ ကား အလဲအထပ်လုပ်ထားလို့ကွ”

“အေးကွာ စောင့်ရတာပေါ့။ တခြားကားနဲ့လည်း ငါမလိုက်ချင်ဘူး။ ”

“အေးကွာ စောင့်လိုက်ဦး”

ဆိုသည်နှင့် သူ အေးအေးဆေးဆေးရှိနေရပြန်သည်။သို့နှင့် ကုမ္ပဏီရုံးချုပ်တွင် အိပ်လိုက်စားလိုက်ဖြင့် တစ်ချို့က  ကင်းစောင့်လျှက်၊ တစ်ချို့က အားလပ်လျှက် အချိန်များကို ကုန်လွန်စေခဲ့သည်။တစ်ရက် သူနှင့် ဇော်သန့်အပြင် နေနေသည် မှော်ဝမ်းဘက်သို့ လမ်းလျှောက်ရင်းရောက်သွားခဲ့သည်။

မိုးနိုင်တို့အိမ်သည် ပေါ်ဦးလက်ဖက်ရည်ဆိုင် အနောက်ဘက်နားတွင် ကပ်လျှက်ရှိသောကြောင့် ခဏဝင်ကြည့်ရန် အတွေးရသည်။

မိုးနိုင်ကိုခြံထဲတွင် ပါဂျဲရိုးကားတစ်စီးနှင့်တွေ့ရသောအခါ…….။

 

ရည်ညွှန်းချက်။          ။ www.thawzinloikaw.blogspot.com တွင်လည်း လာရောက်ဖတ်ရှုနိုင်ပါသည်။

ဆက်ပါမည်။

သော်ဇင်(လွိုင်ကော်)

20-Sept-2012

10;30Am

7 comments

  • Novy

    September 21, 2012 at 3:30 pm

    အပိုင်း၆ကို အရင်ဦးဆုံးဝင်ဖက်သွားတယ်

  • Shwe Ei

    September 21, 2012 at 4:29 pm

    စိတ်ဝင်စားစရာ အစလေးထုတ်ပီး ချန်ခဲ့သကိုး ကိုသော်ဇင်ရဲ့။ အမြန်ဆက်ပါအုံး။

  • ကြည်ဆောင်း

    September 21, 2012 at 4:30 pm

    စနေ တနင်္ဂနွေဆို အင်တာနက်ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတာ ဆိုတော့
    တနင်္လာမှဘဲ ဆက်ဖတ်ရတော့မယ် ….

  • etone

    September 22, 2012 at 11:40 am

    ရွာထဲမှာ ..ကိုသော်ဇင်ရေးတဲ့ စာအတော်များများကို မလွတ်တမ်းဖတ်ခဲ့ပေမယ့် … ဒီအပိုင်းဆက်ပို့စ်ကိုတော့ .. အစဆုံးတင်ပြီးမှပဲ .. ပြန်ဖတ်တော့မယ် …. ။ နောက်လည်း များများရေးပါလို့ … တောင်းဆိုပါတယ်နော် :gee:

  • athwe lay

    September 23, 2012 at 10:34 am

    ကိုသော်ဇင်ပြောမှသတိရမိတယ် ဗျာကျွန်တော်ရောကိုယ်လွတ်ရုန်းသလိုဖြစ်နေပြီလားမသိဘူးနော် ဒါပေမယ့်သူငယ်ချင်းတွေနဲ့ခွဲခဲ့ရတာကိုတော့ထပ်တူထပ်မျှဝမ်းနည်းမိပါတယ် အပိုင်းလေးနဲ့အပိုင်း6ပဲဖတ်ရသေးပေမဲ့စိတ်ဝင်စားစရာကောင်းပါတယ်။

  • မောင်ပေ

    September 23, 2012 at 9:57 pm

    ကျုပ်မှာ အရင်းအနှီးမရှိလို ့ပေါ့ဗျာ
    ဒီအချိန် အရင်းအနှီးရှိရင် ၊ စွန် ့စားရဲရင် သတိ္တရှိရင် မှော်ထဲဘက်မှာ ကျောက်သွားဝယ် ၊ လုံးဝ အောက်ဈေးနဲ ့ ကျောက်ကောင်းတွေ ရမှာ အသေအချာပဲဗျို ့
    ဈေးနှိမ်ဝယ်စရာကို မလိုဘူး
    မိုးတွင်းလဲဖြစ် ပြည်တွင်းစစ်လဲဖြစ်နေတာဆိုတော့ ၊ ရေမဆေးသမားတွေ လက်ထဲ ကိုင်ထားတဲ့ကျောက်ရှိသမျှ ကို သူရို ့ကိုယ်တိုင် အောက်ဈေးနဲ ့ထုတ်ရောင်းကြမှာ အသေအချာပဲ

Leave a Reply