သုံးပင်လိမ် အရှုပ်တော် နှစ်

သုံးပင်လိမ် အရှုပ်တော် နှစ်
+++++++++++++++++++

သုံးပင်လိမ် အရှုပ်တော် တစ်ကို ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ …

တစ်နေ့သ၌ ဖားခုန် ဟူ၍ အမည်ရသော ကျေးရွာလေး၏ တောင်စူးစူးအရပ်တွင် ရှိသည့် ထုံးဖြူဖြူ စေတီလေး တစ်ဆူ၏အနီး လွန်စွာ ကြီးမားသည့် ညောင်ပင်ကြီးတစ်ပင်အောက်တွင် အဖြူရောင် ဝတ်စုံအား ဝတ်ဆင်ထားသည့် ယောဂီတစ်ဦးဟူ၍ ယူဆဟန်ရှိသော လူကြီးတစ်ဦးအား မြေပြင်ပေါ်တွင် ရှုပ်ပွနေသည့် ညောင်ရွက်ကြွေများအား တံမြက်စည်းဖြင့် လှည်းကျင်းလျက် ရှိနေသည်ကို တွေ့ရလေ၏။

ထိုလူကြီးသည် ၎င်း၏ ဆံပင်တို့အား သျှောင်ပုံစံ ထုံးထားလေ၏။ ၎င်း၏ မျက်နှာတွင်လည်း အဖြူရောင် မှုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ပေါက်ရောက်လျက် ရှိသည်ကို တွေ့ရလေသည်။ ယင်းကြောင့်ပင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုလူကြီးမှာ ဥပဓိရုပ်အားဖြင့် လူတစ်ဖက်သား ကြည်ညိုဖွယ် အသွင်သဏ္ဍာန်ကို ဆောင်နေလေတော့၏။

ထိုလူကြီးအား ဖားခုန်ရွာမှ လူများမှာ “ဘဝတ်ဖြူ” ဟူ၍ ခေါ်ဝေါ် သုံးစွဲလေ့ ရှိကြ၏။ ထုံးဖြူဖြူ စေတီလေး၏ ဘွဲ့တော်မှာမူကား “ဆုတောင်းပြည့်စေတီ” ဟူ၍ တွင်လေသည်။ ထိုစေတီလေး၏ ညာဘက်အခြမ်းတွင် ညောင်ပင်ကြီး တစ်ပင်ရှိပြီး အနောက်ဘက်တွင်မူ ဥပုသ်သည် ဇရပ်လေးတစ်ဆောင် ရှိလေ၏။

ဘဝတ်ဖြူ ဟူသည့် လူကြီးမှာ စေတီ အနောက်ဘက်ရှိ ဇရပ်လေးတွင် နေထိုင်ကာ ဆုတောင်းပြည့်စေတီ၌ တရား လာရောက် အားထုတ်နေသူ တစ်ဦး ဖြစ်လေ၏။ အဆိုပါ စေတီသို့ ၎င်းရောက်ရှိနေသည်မှာ သုံးလဝန်းကျင်ခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ တစ်ရံတစ်ခါတွင် ရွာထဲမှ လူကြီးအချို့သည် ထိုလူကြီးထံ လာရောက်၍ တရားနှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးလေ့ ရှိကြလေသည်။

ဆုတောင်းပြည့် စေတီ၏ မြောက်ဘက်၊ ညောင်ပင်ကြီးနှင့် အတန်ငယ်လှမ်းသော နေရာတွင် ဖားခုန်ရွာသူကြီးဖြစ်သူ ဦးလူမောင်၏ ယာခင်း ရှိလေသည်။ ဦးလူမောင်မှာ ၎င်း၏ ယာခင်းထံ သွားရောက်သည့် နေ့ရက်များ၌ အဆိုပါ ယာခင်းမှ အပြန်တွင် ဘဝတ်ဖြူ ဟူသည့် လူကြီးထံ ဝင်ရောက်၍ စကားစမြည် ပြောလေ့ ရှိတတ်လေသည်။

“ဘဝတ်ဖြူရေ၊ ဘာတွေများ လုပ်နေတာတုံးဗျ”

“ဪ … သူကြီးပါလား၊ ကျုပ် တံမြက်စည်း လှည်းနေတာပါ၊ ခဏနေ ပြီးပါတော့မယ်”

“ကျုပ်လည်း ကူလုပ်ပေးမယ်”

ဟူ၍ သူကြီးဖြစ်သူမှ ပြောဆိုပြီးနောက် ဘဝတ်ဖြူ ဟူသည့် လူကြီး လှည်းကျင်းစုပုံထားသည့် ညောင်ရွက်ခြောက်များအား တောင်းကြီးထဲသို့ ထည့်လေတော့သည်။ ညောင်ရွက် အမှိုက်များအား လှည်းကျင်း၍ ပြီးစီးသောအခါတွင် ဘဝတ်ဖြူနှင့် ဦးလူမောင်တို့သည် ဇရပ်ကလေးဆီသို့ လျှောက်လှမ်းသွားကြလေ၏။

“ဘဝတ်ဖြူ ကျုပ်တို့ရွာ ရောက်တာ တော်တော်တော့ ကြာပြီနော်”

သူကြီး ဖြစ်သူမှ ရေနွေးကြမ်းငှဲ့ရင်းဖြင့် မေးလိုက်လေ၏။ ထိုအခါ ဘဝတ်ဖြူမှ –

“ဟုတ်တယ် သူကြီး၊ ကျုပ်ရောက်တာ ဒီနေ့ရောပါဆိုရင် ရက်ပေါင်း ၈၂ ရက် ရှိပြီ သူကြီးရဲ့၊ ကျုပ်လည်း အဓိဋ္ဌာန် ပြီးမြောက်ဖို့ ရက်သိပ်မလိုတော့ဘူး”

ဟူ၍ ဘဝတ်ဖြူ မှ ပြောလေရာ သူကြီးဖြစ်သူမှာ မျက်မှောင်တစ်ချက် ကျုံ့လိုက်ပြီးနောက် –

“ဘဝတ်ဖြူ အဓိဋ္ဌာန်က ဘယ်တော့ ပြည့်မှာလဲဗျ”
“ဒီလို သူကြီးရေ၊ ကျုပ်က ဘုရားတစ်ဆူမှာ ရက်ပေါင်း ၉၉ ရက် အဓိဋ္ဌာန်နဲ့ တရားရှုမှတ်လေ့ ရှိတယ်ဗျ”
“အင်း … ဒါဆိုရင် .. ဘဝတ်ဖြူက နောက်ထပ် ၁ရ ရက်ပဲ နေတော့မှာပေါ့နော်”
“ဟုတ်တယ် သူကြီး၊ နောက်ထပ် ၁ရ ရက်ပြည့်ပြီးရင်တော့ဖြင့် ကျုပ်လည်း ခရီးထပ်ဆက်ရလိမ့်ဦးမယ်ဗျို့”

ဟူ၍ ဘဝတ်ဖြူ ဟူသည့် လူကြီးမှ ပြောလိုက်လေရာ ဖားခုန်ရွာသူကြီးဖြစ်သူ ဦးလူမောင်မှာ အတန်ငယ် အေးသွားပြီဖြစ်သည့် ရေနွေးကြမ်းခွက်အား ကောက်ယူ၍ မော့သောက်လိုက်ပြီးနောက် ကြည်နူးဖွယ်ကောင်းသည့် ဆည်းလည်းသံလေးများ လွှင့်ပျံလျှက်ရှိသော ထုံးဖြူဖြူ ဆုတောင်းပြည့် စေတီလေးဆီသို့ တစ်ချက် ငေး၍ ကြည့်ရှုလိုက်သည်ကို တွေ့ရလေတော့၏။

++++++++++++++++

တစ်နေ့သ၌ ပါးသိုင်းမွှေး မှုတ်ဆိတ်မွှေးများ ထူထဲစွာ ပေါက်ရောက်လျက် ရှိသော လူကြီးတစ်ဦးသည် ဖားခုန်ရွာ၏ တောင်စူးစူး အရပ်တွင်ရှိသော “ဆုတောင်းပြည့်” စေတီလေးဆီသို့ ဦးတည် လျှောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ထိုလူကြီးသည် အရပ်အမောင်းကောင်းသည့် အပြင် ခန္ဓာကိုယ် အချိုးအစားမှာလည်း လွန်စွာ ထွားကျိုင်းလေ၏။

ထိုလူကြီးသည် ဆုတောင်းပြည့် စေတီလေး၏ အနောက်ဘက်ရှိ ဥပုသ်သည် ဇရပ်လေးသို့ ရောက်သောအခါတွင် ဇရပ်၏ ရှေ့ရှိ ရေအိုးစင်မှ ရေတစ်ခွက်အား ခပ်ယူ သောက်လိုက်သည်ကို တွေ့ရလေ၏။ ထိုအချိန်မှာ ဘဝတ်ဖြူ ဟူသော လူကြီး တရားထိုင်နေသည့် အချိန်နှင့် တိုက်ဆိုင်နေလေသည်။ ထို မှုတ်ဆိတ်မွှေးနှင့် လူကြီးမှာ ရေသောက်ခြင်းကိစ္စ ပြီးသည့်နောက်တွင် ဆုတောင်းပြည့် စေတီအား သွားရောက်၍ ဖူးမြော်လေ၏။

ယင်းနောက်တွင် ထိုလူကြီးမှာ ဇရပ်လေးဆီသို့ ပြန်လည် လျောက်လှမ်းလာပြီးနောက် ၎င်းစလွယ်သိုင်းထားသော လွယ်အိတ်ကြီးအား ဇရပ်ပေါ်သို့ ဝုန်းခနဲ ပစ်ချလိုက်ပြီးနောက် ၎င်းသည်လည်း နှစ်ခြိုက်စွာ အိပ်စက် အနားယူလိုက်သည်ကို တွေ့ရလေတော့၏။

“ဘယ်က လူပါလိမ့်၊ ငါလည်း မမြင်ဖူးပါလား၊ သူ့ပုံစံကြည့်ရတာ သူခိုးဓားပြများ ဖြစ်နေမလားပဲ”

ဘဝတ်ဖြူ ဟူသည့် လူကြီးမှာ ၎င်း၏ တရားထိုင်ခြင်းကိစ္စ ပြီးစီး၍ ၎င်းနေထိုင်ရာ ဇရပ်ကလေးဆီသို့ ပြန်လည် ရောက်ရှိလာသည့် အခါတွင် မှုတ်ဆိတ်မွေးနှင့် လူကြီးအား တွေ့လိုက်ရ၍ တစ်ကိုယ်တည်း ရေရွက်လိုက်ခြင်းပင် ဖြစ်လေ၏။ ယင်းသို့ ဘဝတ်ဖြူ ဟူသည့် လူကြီး ရေရွက်၍ အပြီးတွင်ပင် –

“ကျုပ် သူခိုးလည်း ဟုတ်တယ်၊ ဓားပြလည်း ဟုတ်တယ်၊ ပြောရရင် ပင်လယ်ဓားပြ ဆိုတာက ပိုမှန်ပါလိမ့်မယ်”

ဟူ၍ အိပ်စက်လျက် ရှိနေသော မှုတ်ဆိတ်မွေးနှင့် လူကြီးမှ ပြောလိုက်သည်ကို တွေ့ရလေ၏။ အမှန်အားဖြင့်မူ ထိုလူကြီးမှာ အိပ်စက်နေခြင်း မဟုတ်ဘဲ မျက်စိအား မှေး၍ အနားယူနေဟန် ရှိလေသည်။ ယင်းသို့ လူကြီးမှ ပြောလိုက်သော အခါတွင် ဘဝတ်ဖြူ ဟူသည့် လူကြီးမှ အတန်ငယ် ဟာသနှောသော လေသံဖြင့် –

“ဘယ့်နှယ် မောင်ရင်က ပင်လယ်ဓားပြသာ ဆိုတယ်၊ ကုန်းပေါ် ရောက်နေပါလား”

ဟူ၍ ပြောလိုက်လေရာ မှုတ်ဆိတ်မွေးနှင့် လူကြီးမှာ လဲလျောင်းနေရာမှ ထ၍ ငုတ်တုတ် ထိုင်လိုက်လေ၏။ ပြီးနောက်တွင် ဘဝတ်ဖြူဟူသည့် လူကြီးအား သေချာစွာ ကြည့်လိုက်ပြီးနောက် –

“ဒီမယ် ဦးမင်း၊ ခင်ဗျားကို လိုက်ရှာနေရတာ ကျုပ်လည်း ခြေတိုနေပြီ၊ ခုလည်း ခင်ဗျား ဒီမယ် ရှိမယ်ဆိုတာကို သတင်းရလို့ လာကြည့်လိုက်တာပဲ၊ ခုတော့ ကျုပ် နောက်ထပ် ခြေတိုစရာ မလိုတော့ဘူး”

ဟူ၍ ပင်လယ်ဓားပြ ဟူသော စကားလုံးနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိသည့် စကားအား ဆိုလေရာ ဘဝတ်ဖြူ ဟူသည့် လူကြီးမှ မျက်မှောင်တစ်ချက် ကျုံ့လိုက်ပြီးနောက် –

“ဦးမင်း ဟုတ်လား၊ ဦးမင်း ဆိုတာ ဘယ်သူလဲ၊ ကျုပ်နာမည်က ဘဝတ်ဖြူ လို့ ခေါ်တယ်ဗျ”

ဟူ၍ ပြောဆိုလိုက်လေ၏။ ထိုအခါ မှုတ်ဆိတ်မွေးနှင့် လူကြီးမှာ ဟက်ဟက်ပက်ပက် ရီမောလိုက်ပြီးနောက် –

“ဟား … ဟား .. ဟား …၊ ဦးမင်းနှယ်ရောဗျာ၊ ကျန်တဲ့ လူတွေကိုသာ လိမ်လို့ရမယ် ကျော်မောင်ကို လိမ်လို့ ရမယ် ထင်နေသလားဗျ၊ အဟက် ခင်ဗျား ညာဖက် မျက်ခုံးအဆုံးနားက မှည့်လေးရာ လည်ဂုတ်က အမာရွက်ရယ်၊ ဒါတွေနဲ့တင် ခင်ဗျားဟာ ဦးမင်း ဖြစ်ကြောင်း ကျုပ် ကောင်းကောင်း သိပါတယ်”

ယင်းသို့ မှုတ်ဆိတ်မွေးနှင့် လူကြီးမှ ပြောလေရာ ဘဝတ်ဖြူ ဟူသည့် လူကြီးမှ –

“နာမည်တူ လူတူ မရှားတဲ့ မောင်ရင်ရဲ့၊ ခုလည်း ကျုပ်မှာ ရှိနေတဲ့ အဲ့ဒီ အမှတ်အသားတွေကလည်း မောင်ရင် ပြောတဲ့ ဦးမင်းဆိုတဲ့ လူနဲ့ တူနေလို့ နေမှာပေါ့ကွယ်”

ဟူ၍ ပြောဆိုလေရာ မှုတ်ဆိတ်မွေးနှင့် လူကြီးမှာ ဘဝတ်ဖြူ ဟူသည့် လူကြီးအား မကြည်ကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် –

“ဒီမှာ ဦးမင်း၊ ခင်ဗျားက ဦးမင်း မဟုတ်ဘူးပဲ ထားတော့၊ ကျုပ် ထပ်ပြီး သက်သေ မပြချင်တော့ဘူး၊ အခု ကျုပ် ခင်ဗျားဆီကို လာတဲ့ ကိစ္စက ဦးဖြူကောင်း ကိစ္စပဲ၊ သူက အခု ရန်ကုန်မှာ သူဋ္ဌေးကြီး လုပ်နေတယ်၊ အဲ့ဒါ ကျုပ် ခင်ဗျားကို အဖော်လာညှိတာပဲ၊ ကျန်တာ ခင်ဗျားကိစ္စပဲ”

ဟူ၍ ပြောဆိုပြီးနောက် ၎င်း၏ လွယ်အိတ်ကြီးအား ကောက်ယူကာ လွယ်လိုက်ပြီး ၎င်းလာရာ လမ်းဆီသို့ ခြေလှမ်းကျဲကြီးများနှင့် ပြန်လည် ထွက်ခွာသွားလေတော့၏။ ဘဝတ်ဖြူ ဟူသည့် လူကြီးမှာမူ အဆိုပါ လူကြီး၏ ကျောပြင်အား ငေးကြည့်နေရင်းဖြင့် သို့လောသို့လော တွေးတောလျက် ရှိနေသည်ကို ၎င်း၏ မျက်နှာ၌ အတိုင်းသား မြင်တွေ့ရလေတော့၏။

နောက်ရက်များတွင်မူ ဖားခုန်ရွာ၌ ဘဝတ်ဖြူ ဟူသော ဝတ်ရုံဖြူများကို ဝတ်ဆင်လေ့ရှိသည့် လူကြီးတစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားသည် ဟူသည့် သတင်းသည် ပျံ့နှံ့နေလေတော့၏။

++++++++++++++++++++

ကြိုးစားလျက် …
အံစာတုံး

+++++++++++++++++++++++++++++++++

စကားမစပ် .. အဲလေ .. ခုပို့စ်နဲ့ မစပ် ..
အောက်က ဟာလေးဂို တင်လိုက်ပါဒယ် …

ကြီးကြီး ကြည့်ချင်ရင် ပုံကို နှိပ်လိုက်ပါ။

27 comments

  • မောင်ပေ

    September 21, 2012 at 9:49 pm

    ဦးမင်းသာ သည်နေ ့ခေတ်မှာဆိုရင် ပလက်စတစ်ဆာဂျရီ လုပ်ပြီး မှဲ ့ရော အမာရွတ်ပါ ပျောက်နေလောက်ပြီ နော ။ ဥမပါ ကိုရီးယားမင်းသားပုံစံပြောင်းထားတဲ့ အံကြီး လို ပေါ့
    :kwi:

    • မဟာရာဇာ အံစာတုံး

      September 21, 2012 at 9:56 pm

      အဲ့ဒီ အံကြီး ဆိုတဲ့ လူက
      နဂိုချော ဆိုပဲဗျ …
      တောင်မလေးဒွေ ဝိုင်းဝိုင်းနေတာလည်း လွန်ရောဆိုပဲ ..
      :kwi:

  • အရီးခင်လတ်

    September 22, 2012 at 3:59 am

    ဟား
    နှစ်ပင်တော့လိမ်ပြီ။
    နောက်တစ်ပင်ကျန်သေးတယ်။ :eee:

    • မဟာရာဇာ အံစာတုံး

      September 22, 2012 at 9:19 am

      ဟုတ် .. အရီး
      နောက်တစ်ပင်တော့ ထပ်လိမ်ဦးမယ်နော် ..
      သုံးပင်လိမ် ဆိုတော့လေ ..
      အဲ့ထက်တော့ ပိုဘာဘူးလို့ ..
      :harr:

  • kyeemite

    September 22, 2012 at 8:38 am

    ဘယ်နှစ်ပင်လိမ်လဲတော့မသိဘူး…
    ၂ ကိုဖတ်တော့တစ်ကိုတောင်မေ့နေပီကွ..
    တော်တော်နောက်တဲ့ လေးထောင့်တုံး.. :mrgreen: :harr:

    • မဟာရာဇာ အံစာတုံး

      September 22, 2012 at 9:22 am

      ဟေ့လူဂျီး ..
      ဟိုတစ်နေ့က တစ် တင်တယ် ..
      မနေ့က ခုဟာ တင်ဒယ် ..
      ခညားဂျီးက ဒါတောင် မေ့နေဒယ်ဒဲ့ ..
      ပြောလိုက်ချင်ဘူး ..
      :harr:

  • Novy

    September 22, 2012 at 9:04 am

    ခြောက်မျက်နှာရေ…. မျော်နေမယ်နော်
    သုံးပင်လိမ် အရှုပ်တော် ပုံ၃ကို.. :harr:

  • ကိုရင်မောင်

    September 22, 2012 at 9:09 am

    ကိုအံစာတုန်းရေ…နှစ်ပင်တော့လိမ်သွားပြီ
    နောက်တပင်ထပ်စောင့်မျှော်နေပါတယ်…
    မြန်မြန်လေးရေးနော်..အလုပ်အားယင်ပြောပါတယ်……ဟဲဟဲ

    • မဟာရာဇာ အံစာတုံး

      September 22, 2012 at 9:25 am

      ကိုကိုရင်မောင်

      ဟုတ်ကဲ့ ခည ..
      မြန်မြန် ရေးနေဘာဒယ် ခည
      ခုလို တခုတ်တရ အားပေးတာ ကျေးဇူးပါပဲ ခည ..

      ++++++++++++++

      မနိုဗွီ

      ဟုတ် အမ ..
      ခုလို အားပေးသွားတာ ကျေးဇူးဘာနော့ ..

      +++++++++++++

      ခင်တဲ့ …
      အံစာတုံး

  • surmi

    September 22, 2012 at 9:09 am

    အတည်ပြောတာ မနောက်ဖူးနော်
    သေသေချာချာလေးတစ်ပုဒ်လောက်ရေးကြည် ့စမ်းပါလား
    ပြီးရင်ပုံနှိတ်ထုတ်ဝေဖို ့ကြိုးစားကြည် ့
    မင်းမြတ်သူရ လည်း မောင်ရင် ့ထက်ပိုမကောင်းလှဘူး
    လုပ်ရင်ဖြစ်နိုင်တယ်

    • မဟာရာဇာ အံစာတုံး

      September 22, 2012 at 9:15 am

      ဦးဆာမိဂျီးပြောမှ ..
      ဟို .. မရွှေကြည်ပေးထားတဲ့ နာမည်တောင် သတိရလိုက်မိသေး .
      ဘာတဲ့ .. အံစာသိင်္ခသူရ ဆိုပဲ ..
      :kwi:
      ခုလို အားပေးပြောကြားတာ ကျေးဇူးပါ ဦးဆာမိ ခင်ဗျာ ..
      ရည်ရွယ်ချက်တော့ ရှိပါရဲ့ဗျာ ..
      သို့ပေမယ့် .. သို့ပေမယ့် ပေါ့ဗျာ …

      • surmi

        September 22, 2012 at 9:53 am

        ကျုပ်တနေ ့ကြုံရင် စိတ်ဝင်စားစရာအလွန်ကောင်းတဲ ့
        အဖြစ်မှန်တစ်ခုပြောပြမယ်
        ဇတ်လမ်းစဉ်ကြည် ့ပေါ ့ ။

        • မဟာရာဇာ အံစာတုံး

          September 22, 2012 at 10:06 am

          ကြုံရင် လုပ်နေနဲ့ဗျာ ..
          ခုဘဲ ပြောပြ ..
          ကျုပ် ကာကာ တိုက်ပါ့မယ် ..
          :kwi:

  • Khaing Khaing

    September 22, 2012 at 11:14 am

    တော်သေးတာပေ့ါ … ဘဝတ်ဖြူဆိုတဲ့လူက ဘုရားကိုသိုက်မတူးသွားတာ …. ဒီလိုဇာတ်လမ်းမျိုးတွေက ကိုလိုနီခေတ်ကဇာတ်လမ်းတွေနဲ့ခပ်ဆင်ဆင်ပဲနော် …. နောက်တပုဒ်ဆိုပြီးပြီမှတ်လား ကိုကြီးအံ …. :chee:

    • မဟာရာဇာ အံစာတုံး

      September 22, 2012 at 11:35 am

      မာမီရေ ..
      နောက်တစ်ပုဒ်ဆို ပီးဘာဘီဗျာ ..
      လာမည့်ပို့စ်မှာ အစ/အဆုံး အကုန် တင်ပေးသွားပါမယ်လို့ …

  • စိန်ဗိုက်ဗိုက်

    September 22, 2012 at 12:01 pm

    နာတော့ ဘီအီး ဘီယာ ဝီစကီ သုံးပင်လိမ်လိုက်တာ ခုထိ ခေါင်းကိုက်တုန်း
    မထူးပါဘူး..နာမည်ပါပြောင်းလိုက်တော့
    အံစာသိင်္ခသူရ ဆိုပြီး..

  • pooch

    September 22, 2012 at 3:28 pm

    ပင်လယ်ဓားပြတွေရော ဝတ်ဖြူစင်ကြယ်တွေရော ပါလာပြီ … နောက်တပိုင်းဆို ဘိုးတော်တွေပါ လာတော့မယ် 😆

  • may flowers

    September 22, 2012 at 3:34 pm

    စိတ်ဝင်စားလာပြီ မြန်မြန်လေးတင်ပေးပါနော်…စောင့်နေမယ်
    ဘဝက်ဖြူကြီး ဘယ်ပျောက်သွားပါလိမ့်…. 🙄

  • mayjuly

    September 22, 2012 at 4:30 pm

    နောက်တလိမ် …နောက်တစ်လိမ် …

  • DEPARKO DEPARKO

    September 23, 2012 at 9:48 am

    ကျွန်တော်တော့လိမ်စရာမရှိလို့ ကိုယ့်လက်ကိုယ်လိမ်ချိုးလိုက်တယ် “ဖျောက်”

  • ညလေး

    September 23, 2012 at 5:51 pm

    သများတွေ….လိမ်သလို..လိုက်လိမ်ကြည့်အုံးမှပဲ…..
    :bar:

  • candle .

    September 23, 2012 at 7:42 pm

    ဟေးးးး…..ဇာတ်သိမ်းပိုင်းဆိုရင် ”သိကြားပုလင်း” နဲ ့ရဲတွေလာတော့မယ်ကွ..ကျော်ချာကြီး…

  • Mon Kit

    September 24, 2012 at 9:39 am

    နောက်တစ်လိမ်မှာ အစ အဆုံးတင်တော့မှ အားရပါးရ ဖတ်ရတော့မယ်…
    နော…… 🙂

  • ကြည်ဆောင်း

    September 24, 2012 at 10:16 am

    သုံးလွန်းတင်မှကြိုး တဲ့ ….
    သုံးပင်လိမ်တော့ :bar:

  • ရွှေ ကြည်

    September 25, 2012 at 2:43 pm

    နှစ်ပိုင်းစလုံးအဆုံးသတ်မှာ ပျောက်ခြင်းမလှပျောက်သွားကြတာနှစ်ယောက်တောင်ရှိသွားပြီ
    နောက်တပိုင်းမှာတော့ ထပ်မပျောက်တန်ရာ.. :hee:

    ဘာမှမဆိုင်သောဇယားလေးအတွက် ကျေးဇူးတင်ပါကြောင်း..။

  • ကြောင်ကြီး

    September 26, 2012 at 10:30 am

    သုံးပင်လိမ်
    ဗုံးခင်စိန်
    ဒုံးရှင်ချိန်
    အုန်းပင်ဇိမ်၊
    ပြုံးချင်ငြိမ်
    တုံးလျင်ဂိန်
    ဖုံးပြင်နှိမ်
    စုန်းမြင်တိမ်..။

Leave a Reply