ဟောင်းနွမ်းသွားသော တံတိုင်းများ

အောင် မိုးသူSeptember 22, 20121min803
ဖဖေတေဲ့………………………………။ ဘောလ်ပင်နဲ့စာရွက်အကွာအဝေးကပဲ ကျွန်မအတွက် ကမ္ဘာခြားလွန်းနေ သလိုလို။ ဆို့နင့်လာတဲ့လည်ချောင်းဝကနေ ကျွန်မအားတင်းပြီး ခေါ်ကြည့်မိသည်။ “ဖေဖေ……….”။ ထိုနာမ်စားအား ကျွန်မနှုတ်ဖျားက ခေါ်ခွင့်မရခဲ့တာ နှစ်ပေါင်း(၂၁)နှစ်ရှိတော့မယ်။ စာရွက်ပေါ်မှာရေးမိတဲ့ စာသားတွေက ဝတ္တုတစ်ပုဒ်မဟုတ်ဘဲ ဖေဖေဆိုတဲ့စာသားတွေဖြစ်နေမိတာ ကျွန်မ မမှားပေ။ တစ်ချက်သာ ရှိုက်ပြီး မျက်ဝန်းထောင့်က မျက်ရည်တစ်စသာ စာရွက်ပေါ်ကို ဖောက်ကနဲ ကျသွားသည်။ စာရေးဖို့ ဘော်လ်ပင်ကိုင်ထားတဲ့ ကျွန်မလက်ဖျားတွေက တုန်ခါလို့ စားပွဲခုံပေါ်သာ ကျွန်မခေါင်းငိုက်စိုက် ကျသွား၏။ နောက်နေ့အမေ့ကို အဖေ့အကြောင်းသေချာ မေးရဦးမည်။
စာရေးဝါသနာပါသောကျွန်မ အွန်လိုင်းပေါ်ကဆိုရှယ်ဝက်ဆိုက်ဒ်များမှာ ဝါသနာရှင်ကလောင်လေးကို သွေးရင်း သွေးရင်း စာများကိုအနည်းငယ် ရေးဖြစ်ခဲ့သည်။ တစ်ရက်တော့ သတင်းတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်မဆီ ရောက်လို့လာခဲ့သည်။
“ဟေးးးးးးးးးး….ဆူး”
“ဟေးးးးးးးးးးးးးးးးဖြူ”
“နေကောင်းလား…ဆူး ငါနင့်ကိုသတင်းတစ်ခုပေးမလို့”
“အင်း..ကောင်းပါတယ်.. ဘာသတင်းလဲဟ”
“အော်….. ဆိုရှယ်ဆိုက်ဒ်တစ်ခုမှာ ဝတ္တုပြိုင်ပွဲတစ်ခုရှိတယ် နင်ဝင်ပြိုင်ကြည့်ပါလား”
“အင်း…စိတ်ဝင်စားတယ် လင့်ခ်ပေးလိုက်လေ ဖြူ”
“အေး…….နင်ဝင်ကြည့်လိုက်လေ ဆူး”

သူငယ်ချင်းမလေး ပေးလိုက်တဲ့လင့်ကို ကျွန်မဖွင့်လိုက်တာနဲ့ပဲ ပြိုင်ပွဲအတွက် စည်းကမ်းချက်တွေနဲ့ အချက်အလက်တွေ ရေးထားတဲ့စာမျက်နှာဟာ တန်းပေါ်လာတော့သည်။ စာတွေလိုက်ဖတ်ရင်းနဲ့ သစ်ရွက်ကလေးတွေ တဖျတ်ဖျတ်ခတ်သလိုပဲ ကျွန်မရဲ့နားနှစ်ဖက်ဟာ နွေးသွားသလိုခံစားလိုက်ရသည်။ ကျွန်မ နှုတ်ကနေရုတ်တရက်ရေရွတ်မိလိုက်တဲ့စကားလုံးက မထင်မှတ်ဘဲ ကျွန်မရှေ့ကို ကြွေဆင်းသွားသည်။
“ဖေဖေ…………………”
အမြဲတမ်းစိတ်ထဲမှာရှိတဲ့ ရသတစ်ခုကိုဖော်ထုတ်ပြသနေတဲ့ကျွန်မ ဒီဝတ္တုပြိုင်ပွဲမှာ အဖေနဲ့ပတ်သက်တဲ့ ဝတ္တုလေးရေးရမည်ဆိုတဲ့ စာသားကြောင့် တစ်ခဏဆွံ့အသွားခဲ့ရသည်။ ဖေဖေနဲ့ပတ်သက်လို့ အရိပ်အမြွက်တောင် မမှတ်မိတဲ့ ကျွန်မဘဝမှာ ဖေဖေအကြောင်းကို ရသတစ်ခုအဖြစ် သီကုံးဖွဲ့နွဲ့ဖို့ဆိုတာ မဖြစ်နိုင်သလိုလို။ ရသမြောက်ဝတ္တုတစ်ပုဒ်ဖြစ်လာဖို့ အမှန်တကယ်တွေ့ကြုံခံစားဖူးမှသာ ဒီစာဟာ ပိုအသက် ဝင်ပြီး လှပလာနိုင်တယ်ဆိုတာ စာရေးနေသောသူတော်တော်များများ လက်ခံယုံကြည့်ထားကြမည်ဟု ကျွန်မထင်သည်။ ဖေဖေအကြောင်းကို အသေအချာသိနိုင်သူမှာ မေမေသာဖြစ်မည်ဟု ကျွန်အသေအချာ သိလိုက်၏။
                   ————————————————————————-
ကျွန်မပြောလိုက်တဲ့စကားတစ်ခွန်းဟာ မေမေ့အတွက် လွမ်းမောစရာများဖြစ်သွားသလားဟု ကျွန်မထင်မိသည်။ မေမေ့ရဲ့အပြုံးတစ်ချက်ကို ကျွန်မတွေ့လိုက်ရချိန်မှာတော့ မဟုတ်လောက်ပါဘူးဟု ကျွန်မသက်ပြင်းတစ်ချက် ချမိလိုက်သည်။ ညနေခင်း နေဝင်ခါနီး အလင်းဖျော့ဖျော့အချို့က မေမေ့မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။ မေမေ့မျက်ဝန်းထဲတွင် အရောင်တစ်ချို့ ရောယှက်ကာဖြတ်သန်းသွားကြသည်။ ဆံပင်တစ်ချက်သပ်ကာ ကျွန်မ ဖက်သို့လှည့်၍ စကားတစ်ခွန်းဆိုသည်။
“သမီး…….. သမီးဖေဖေအကြောင်းသိချင်လို့လား…….”
မေမေ့အမေးအား ကျွန်မခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။ တစ်ဖက်သို့လှည့်ရင်း ခြံခတ်ထားသော အုတ်တံတိုင်းကို လှမ်းကြည့်ကာ မေမေ့ရဲ့နှုတ်ခမ်းများ အနည်းငယ်ပြုံးရောင်သမ်းသွားသည်။
“သမီးဖေဖေအကြောင်း ပြောစရာသိပ်မရှိပါဘူး သမီးရယ် မေမေတောင် သမီးဖေဖေအကြောင်းကို သိပ်မှမသိဘဲ…..။ သမီးရဲ့ ပတ်သက်ရင်တော့ သမီးဖေဖေအကြောင်းကို သမီးပဲ ပိုသိလိမ့်မယ်လို့ မေမေထင်တယ်။”
“ရှင်………”
မေမပြောလိုက်တဲ့စကားကို ကျွန်မသိပ်နားမလည်ပေမယ့် မေမေပြောတဲ့ “သမီးနဲ့ ပတ်သက်ရင်တော့ သမီးဖေဖေအကြောင်းကို သမီးပဲ ပိုသိလိမ့်မယ်လို့ မေမေထင်တယ်” ဆိုတဲ့စကားက ကျွန်မရင်ထဲကို လှိုက်ခနဲ ဖြစ်သွားစေသည်။ ကျွန်မအသက် ငါးနှစ်မပြည်မီ အရွယ်မှာ ဖေဖေဆုံးပါသွားတာ မေမေများ မသိရော့သလား။ အလိုလိုနေရင် ကျွန်မမျက်ဝန်းထဲက မျက်ရည်တွေက ဝိုင်းလာ၏။
“မငိုနဲ့လေ သမီးရဲ့… မေမေပြောတာ အခြားမဟုတ်ဘူး….. သမီးဖေဖေအကြောင်းကို မေမေကို မေးရင် မေမေသိတဲ့ မေမေ့အမျိုးသားအကြောင်းပဲ သမီးသိမှာပေါ့။ သမီးအသက် (၅)နှစ်နီးပါးအရွယ်မှာ ဆုံးပါးသွားပေမယ့်လည်း သမီးနဲ့ဖေဖေကြားမှာ ပတ်သက်ခဲ့တာ ငါးနှစ်နီးပါလေ သမီး… သမီးမှတ်မိတဲ့ သမီးတစ်ယောက်ရဲ့ ဖခင်အကြောင်းဆိုမှ ဖေဖေအကြောင်းဖြစ်မှာပေါ့……”
မေမေဆီက ထွက်လာတဲ့စကားတစ်ခွန်းကြောင့် ကျွန်မကိုယ်တိုင်ပင် ကျွန်မပြန်ဆန်းစစ်မိလိုက်သည်။ ကျွန်မနဲ့ပတ်သက်တဲ့ ဖေဖေ့ရဲ့အကြောင်း။ မေမေနဲ့ ပတ်သက်ရင်တော့ သူ့ခင်ပွန်းအကြောင်း။ မေမေပြော လိုက်မှပင် ကျွန်မနှင့်ဖေဖေ အမှတ်ရစရာများကို ပြန်လည်နောက်ပြန်ရစ်ကာ ကျွန်မစဉ်းစားမိတော့သည်။ မှုန်ရီ ဝေဝါး ပိတ်ကားတစ်ခုကို ကျွန်မအစဆွဲထုတ်နေဆဲပင် အစက ထွက်မလာဖြစ်နေ၏။
“သမီး……… သမီးကို ဖေဖေ မနက်မနက်ဆို အိပ်ရာဘယ်လိုနှိုးလဲ….”
မေမေပြောမှပင် ကျွန်မခေါင်းထဲ စာသားတစ်ချို့က ကပ်ငြိပါလာသည်။ ထိုစာသားအား ကျွန်မနှုတ်မှထွက်မည့် ဆဲဆဲတွင်…….
“မိုးလင်းလုပြီ*****ကိုကြီးသာရေ*****ထပါတော့******မိဆူးရေ*******အိမ်နောက်က*****ခြံမှာ နွားတွေအော်လို့နေ ဘွတ်အဲ…ဘွတ်အဲ….”
မေမေဆီက ထွက်လားတဲ့ သမီးကိုနှိုးတဲ့ ဖေဖေ့ရဲ့ ကိုယ်ပိုင်သီချင်းကို ကျွန်မကြားကြားချင်းပဲ ခန္ဓာကိုယ်တစ်ခု လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ ဒီသီချင်းလေးကို ကျွန်မခုထက်ထိ မှတ်မိနေဆဲပါ။ ဖေဖေနဲ့ပတ်သက်ရင် ကျွန်မအတွက် အမှတ်ရစရာအများကြီး မရှိပေမယ့် အမှတ်တမဲ့နဲ့ ဖေဖေဟာ ကျွန်မအတွက် အမှတ်တရတွေကို ပေးသွားဆဲပင်။ မေမေ့ကို ကျွန်မတစ်ချက်ကြည့်လိုက်တော့ ခြံဝကိုငေး ကြည့်နေရုံအပြင် မေမေ ဖေဖေ့ကိုသတိရနေလား ဆိုတာတော့ ကျွန်မ မသိနိုင်ပေ။
                   ***************************************************
“သမီးဖေဖေနဲ့ ပတ်သက်လို့ သမီးဘာမှတ်မိသေးလဲ သမီး…..”
မေမေ စမေးလိုက်သော မေးခွန်းကြောင့် ကျွန်မအတွေးမျှင်များပြတ်ကာ မေမေ့မေးခွန်းကို ဦးတည်လိုက်သည်။ ဖေဖေနဲ့ပတ်သက်လို့ ကျွန်မတွင်အမှတ်ရစရာများ စဉ်းစားမိသည်။ ဖေဖေသည် ပျော်စရာကောင်းသည်ဟု ကျွန်မသိသည်။ ကျွန်မစဉ်းစားနေချိန်တွင် မေမေသည် ဘောလ်ပင်တစ်ချောင်းနှင့် စာရွက်တစ်ရွက်ယူလာ သည်။
“သမီး မှတ်မိသေးလား….။ ဘုန်းကြီးကျောင်းမှာလေ..”
မေမေ စာရွက်နှင့်ဘောလ်ပင်ကိုပြမှ ကျွန်မ(၄)နှစ်သမီးအရွယ် ဖေဖေမဆုံးပါးခင်း (၃-၄)လ အလိုတွင် ဘုန်းကြီးကျောင်းသို့သွားစဉ် ဖေဖေပြုမူသော ရယ်စရာလေးတစ်ခုကို ကျွန်မသတိရမိသည်။ မေမေ့ဆီမှ ဘောလ်ပင်နှင့်စာရွက်အား လှမ်းယူ၍ မေမေ့အား ကျွန်မတစ်ချက်ပြုံးပြကာ။ ဘောလ်ပင်ကို ဟန်ပါပါနှင့်ကိုင်၍ ပုံတစ်ပုံဆွဲပလိုက်သည်။
“ဟော့်ဒီ ညာဘက်မှာ အလုံးတစ်လုံး…. ဟော့်ဒီ ဘယ်ဘက်မှာ အလုံးတစ်လုံး…. အလယ်မှာအချောင်း တစ်ချောင်း…………..”
ထိုအချိန်တွင် မေမေမှ ဘုန်းကြီးလို မာန်ပါပါဖြင့်……..
“ဒကာကြီး ဘာရေးနေတာတုန်းကွယ့်…………”
ထိုအခါကျွန်မက အလုံးနှစ်လုံးနှင့် အချောင်းတစ်ချောင်းကို ဗဟိုထား၍ စက်ဝိုင်းတစ်ခု ဝန်းရံကာဆွဲလိုက်သည်။ ကျွန်မနှုတ်မှလည်း…………။
“ဇီးးးးးးးးးးးးးးကွက် ပါ……..ဘုရားးးးးးးးးးး”
ပြီးသွားသောအခါ ကျွန်မနှင့်ကျွန်မမေမေသို့ မျက်နှာချင်းဆိုင် အားရပါးရရယ်မောလိုက်ကြသည်။ ကျွန်မငယ်ငယ်တုန်းက စောနကလိုပင် ဘုန်းကြီးကျောင်းပေါ်တွင် ဖေဖေဆွဲပြသောပုံကိုကြည့်၍ ပျော်ရွှင်ခဲ့ဖူး သည်။ ကျွန်မနှင့်မေမေ ရယ်မောချိန်တွင် ဖေဖေအနားမှရှိသလိုပင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။ ကျွန်မတို့ ရယ်မောသံများဆုံးသွားသောအခါ မေမေမှ ကျွန်မကိုသိုင်းကာဖက်လိုက်သည်။ ကျွန်မပုခုံးပေါ်တွင် ပူနွေးနွေးနှင့်စိုစွတ်စွတ် ခံစားမှုတစ်ခုဖြစ်ပေါ်သွားသည်။ မေမေလက်ဖြင့်ပုတ်ကာပုတ်ကာဖြင့် ကျွန်မ၏ ပါးတစ်ဖက်အား နမ်းရှိုက်လိုက်သည်။
“သမီးရယ် အဖေဆိုတာ မိသားစုတစ်ခုကို လုံခြုံအောင်ကာရံထားတဲ့ တံတိုင်းကြီးတစ်ခုလိုပါပဲ…..။ ဘယ်လိုပဲ နှစ်တွေကြာလာပါစေ သူ့ရဲ့အရှိန်အဝါနဲ့ လုံးခြုံအောင် သူကာကွယ်ပေးနေတုန်းပဲလေ…..။ အဖေဟာ အမေတို့လို သားသမီးတွေကို အနီးကပ်စောင့်ရှောက်ခွင့်မရပေမယ့် အမေတို့တွေလုံခြုံအောင် တံတိုင်းကြီး အဖြစ်ရှိနေတာပေါ့…….။ သမီးဖေဖေနဲ့ပတ်သက်လို့တော့ သမီးရဲ့ခံစားချက် ခံယူမှုအပေါ်မှာ သမီးဖေဖေရဲ့ ပုံရိပ်ဟာဖြစ်ပေါ်လာမှာပဲလေ…။ ကဲ…ကဲ… လုပ်စရာရှိတာ သွားလုပ်တော့…”
                   ************************************************
ကွန်ပျူတာရှေ့မှာ ကျွန်မထိုင်နေရင်းနဲ့ပဲ ပြတင်းပေါက်ကနေ ခြံထဲကို လှမ်းကြည့်လိုက်သည်။ ခြံပတ်ပတ်လည် လုံခြုံအောင်ခတ်ထားသော တံတိုင်းကြီးတွေ။ ဆယ်နှစ်ကျော်နီးပါးရှိသော တံတိုင်းကြီး ယခုတော့ အိုဟောင်းနေပြီ။ ခိုင်ခိုင်ခန့်ခန့်အရှိန်အဝါနှင့် ရှိနေဆဲပင်။ ကွန်ပျူတာကီးဘုတ်ပေါ် လက်အစုံကို တင်ထားသော်လည်း စာသားများထွက်မလာတော့ပေ။ တကယ်တော့ သားသမီးထဲ၏ ရင်ထဲတွင် ဖေဖေသည် တစ်ထောင့်တစ်နေရာတွင် ခိုင်ခန့်သော တံတိုင်းတစ်ခုအဖြစ် လုံခြုံနွေးထွေးမှုပေးနေဆဲပင်။ မနက်ဖြန်ကျလျှင် သူငယ်ချင်း “ဖြူ” အားပြောရဦးမည်။ ကျွန်မပြိုင်ပွဲ ဝင်မပြိုင်ဖြစ်တော့ချေ။ ကျွန်မဖေဖေရဲ့ အနည်းငယ်အမှတ်တ ရ အကြောင်းတော့ ကျွန်မရေးချင်ပါသေးသည်။ ကျွန်မကဲ့သို့ ဖေဖေရဲ့နွေးထွေးမှု မရခဲ့သော ကလေးငယ်များ အဖို့ အထောက်အကူဖြစ်ကောင်းဖြစ်နိုင်အောင် အနည ်းငယ်တော့ရေးချင်သေးသည်။
အမှတ်တရအနည်းငယ်နှင့် ဝတ္တုတစ်ပုဒ်ဖြစ်မလာမှန်း ကျွန်မသိသည်။ စဉ်းစားလို့မရသောကြောင့် အိပ်ရာပေါ် ကျွန်မပစ်လှဲလိုက်မိသည်။ ဖေဖေဆိုပြသော သီချင်းစာသားတစ်ပိုဒ် ကျွန်မနားထဲစီးဝင်လာသည်။ အခွင့်သာလျှင် ဟောင်းနွမ်းခိုင်ခံသော တံတိုင်းတစ်ခု၏ နွေးထွေးမှုကို ကျွန်မရချင်ပါသေးသည်။
                   ************************************************
ရင်နှင့်ရင်း၍
အောင်မိုးသူ
စက်တင်ဘာ ၁၃ရက် ၂၀၁၂ခုနှစ်
နေ့လည် ၂နာရီ ၁၅မိနစ်

3 comments

  • linnlinnn

    September 22, 2012 at 3:39 pm

    ဖခင်ဆုံးရှုံးသွားပေမဲ့မှတ်မိနိုင်တဲ့အရွယ်မှာမို့ ကိုယ့်အဖေဆိုတာ ဘယ်လိုမျိုးလဲလို့ သိနိုင်သေးတာကံအများကြီးကောင်းတယ်လို့ပြောရမယ်.. မမှတ်မိနိုင်တဲ့ ကလေးဘဝမှာ ဖခင်, မိခင်ဆုံးရှုံးသွားတဲ့ ကလေးများအဖို့ ပိုကံဆိုးတာပေါ့လေ…
    ဘယ်လိုပဲဖြစ်ဖြစ်လေ.. မိခင်,ဖခင် မဲ့တဲ့ဘဝနဲ့ကြိးပြင်းလာရတဲ့ ကလေးတွေအဖို့ဆွမျိုးသားချင်းတွေက ဘယ်လောက်ပဲ ချစ်ချစ်.. ကိုယ့်အဖေ အမေကိုယ့်ကိုချစ်တာနဲ့တော့ ဘယ်တူပါ့မလဲလေ…
    အဲဒါကြောင့် သူငယ်ချင်းတွေစုံရင် အမြဲပြောဖြစ်တယ်.. ငါတို့ ဒီအသက်အရွယ်ထိ အဖေအမေ သက်ရှိထင်ရှားရှိနေသေးတာ အရမ်းကံကောင်းတယ်လို့…

  • Mon Kit

    September 24, 2012 at 12:40 pm

    ခု ပို့စ်လေးကလည်း ရသ တစ်မျိုးလေးပါ….
    ရသ မျိုးစုံ ခံစားခွင့်ရလို့ ကျေးဇူးတင်ပါတယ် ကိုအောင်မိုးသူရှင့်…
    ဆက်လက်အားပေးနေပါတယ်…

Leave a Reply