“ဒါဆိုလဲမယ်ဆရာရယ်…   အဲဒီပင်နယံ(gear)တွေကိုအကုန်လဲပစ်မယ်၊ ဟိုတစ်ခါကပိုက်ဆံမလောက်လို့ ပြန်သုံးထားတာ……. ဒီတခါဂျင်ဒေါင်းအော်ဒဂျင်(original)တွေဝယ်လဲလိုက်တော့မယ်……”

“ဟ….မောင်ကြောင်ရဲ့ မင်းပင်နယံအစုံလိုက်လဲလိုက်ရုံနဲ့ အင်းအင်ဂျင်ကောင်းသွားမယ်ထင်လို့လားကွ..”

“ဟင်…..စက်ဆရာပြောတော့ ကော်ပရေးရှင်းကောင်းတယ်၊  ရိန်းနဲ့စလစ်ကောင်းသေးတယ်ဆို……မိန်းဘယ်ရင်လဲသုံးလို့ရနိုင်သေးတယ်ဆိုတော့ ဒီဂီယာတစ်စုံလဲလိုက်ရင်မကောင်းနိုင်ဘူးလား………”

“ခဏတော့ကောင်းမှာပေါ့…….ဒီပင်နယံတွေ ဘာလို့ ဒီလောက်စားသွားသလဲဆိုတဲ့အပစ်ကို မရှာတော့ဘူးလား……..ဒီတိုင်းပြန်လဲထည့်လိုက်ရင် ဒီပင်နယံတွေ ဒီလိုပဲပြန်စားမှာပေါ့……”

“ဟင်…….ဒါဆိုဘယ်လိုလုပ်ရမလဲ….”

“မင်း ပင်နယံတွေနဲ့ ကာဗာထဲကိုသေချာကြည့်စမ်း…..ဘာထူးသလဲလို့”

“ဘာထူးသလဲဆရာ၊ ဘာကိုကြည့်ရမှာလဲ….ကျနော်တော့မသိဘူး……”

“ပင်နယံနဲ့ ကာဘာထဲမှာ ဆီက ရွှဲမနေဘူး၊ နဲနဲပဲရှိတယ်၊ ဆီခြောက်နေတယ်လို့ပြောလို့ရတယ်……”

“ဒီဇယ်ကိုပြောတာလားဆရာ……”

“မဟုတ်ဘူးကွ…..ဒီနေရာမှာ ဆီဆိုတာ ချောဆီ၊ အင်ဂျင်ဝိုင်(engine oil) ကိုပြောတာ၊ အလွယ်တကူ ဆီတို့၊ဆီလိုင်းတို့ ဆီပိုက်တို့၊ဆီပန့်တို့ အဲလိုပဲပြောမယ်……..အင်ဂျင်တစ်လုံးမှာရှိတဲ့ အစိတ်အပိုင်းတွေဟာ သံကိုသံခြင်း ကြိတ်ပြီးလည်နေကြတာကွ…ဟုတ်တယ်မလား”

“ဟုတ်ကဲ့စက်ဆရာ”

“အဲဒီတော့ သံအချင်းချင်းပွတ်လည်တဲ့အခါမှာ ကြာလာရင် အပူတွေထွက်လာမယ်၊ ပွတ်တိုက်မှုကြောင့် သံတွေစားလာမယ်၊ပါးလာမယ်ကွာ၊ အဲဒီတော့ ရေရှည်လည်နိုင်အောင် ချောဆီထည့်ပေးရတယ်လေ..လူတွေတောင် ချောဆီကြိုထွက်ပေးရတာ မင်းသိတယ်မလားဟဲဟဲ……”

“သိပြီဆရာ သိပြီ…..”

“လိုအပ်တဲ့နေရာတွေကိုချောဆီတွေရောက်ဖို့လိုတယ်….အဲဒီတော့ သံ သံချင်းပွတ်တိုက်နေတဲ့နေရာတွေ ဂီယာစွယ်တွေပေါ်ကို ချောဆီရောက်ဖို့ အင်ဂျင်အောက်ဖက်မှာရှိတဲ့ ကရိုင်းကစ်ထဲက ဆီတွေကိုဆီပန့် (oil pump) ကနေစုပ်ယူပြီး ဆီလမ်းကြောင်းတွေကနေ ပို့ပေးတယ်၊ အဲဒီဆီလမ်းကြောင်းတွေက ပိတောက်အိုး(cylinder block)ထဲကနေသွားတယ် အင်ဂျင်အမျိုးအစားနဲ့တည်ဆောက်ပုံပေါ်မူတည်ပြီး တချို့နေရာတွေကို ပိုက်တွေနဲ့သွားတာလည်းရှိတယ်။ လိုအပ်တဲ့နေရာကိုလိုအပ်သလို အချိုးအစားနဲ့ မျှမျှတတရောက်ဖို့လိုတယ်။ သေးသေးလည်းသေးသေးအလျှောက်၊ကြီးကြီးလည်း ကြီးကြီးအလျှောက် လိုအပ်ကြတာပဲ… အေးဆီပန့်မကောင်းရင်ဖြစ်ဖြစ်၊ ဆီပို့တဲ့လမ်းကြောင်းတွေ မကောင်းရင်ဖြစ်ဖြစ် ဆီပို့စံနစ်မှာကြားထဲမှာတစ်ခုခုအားနည်းချက်ရှိနေရင်…..ဆီရောက်သင့်တဲ့နေရာကိုရောက်သင့်သလောက်မရောက်ပဲ သံအချင်းချင်း ကြိတ်ပြီး စားကြမှာပဲ….. အဲဒီတော့ မင်းအင်ဂျင်ဆီပို့တဲ့စံနစ်ကိုပြန်စစ်ဆေးဖို့လိုလိမ့်မယ်……”

“ဟုတ်ကဲ့စက်ဆရာ…..”

“ကရိုင်းနဲ့ဘယ်ရင်တွေကြားမှာ အင်ဂျင်ဝိုင်တစ်ထုစာပဲခြားထားတာ၊ အင်ဂျင်ဝိုင်ကလည်းသတ်မှတ်တဲ့ အပစ်နှုန်းအတိုင်းရှိနေဖို့လိုတယ်…..ဆီပန့်ကလည်းလိုအပ်တဲ့ပရက်ရှာအတိုင်းတွန်းနိုင်ရမယ်…… ပန့်ကတွန်းပေးနေတာကလည်းနဲ…..အင်ဂျင်ဝိုင်ကလည်း ကျဲ……ဘယ်ရင်နဲ့ကရိုင်းကြားမှာလည်းလိုအပ်တာထက်ပိုချောင်နေတော့ အဲဒီမှာလျှံထွက်တာများပြီး ဆီပရက်ရှာကကျ၊ ဟိုအဖျားအနားက ပင်နယံတွေ ဆီအရောက်နည်းတော့ ပင်နယံတွေ စားတာပေါ့ကွာ……”

“ပင်နယံတွေစားတော့ တိုင်မင်ကမမှန်……တိုင်မင်မမှန်တော့ နော်ဇယ်က ပန်းပေးတဲ့ဒီဇယ်ဆီက အကုန်မလောင်၊ မလောင်တော့ စလစ်နဲ့ ရိန်းကြားမှာ ဒီဇယ်ရောက်ပြီး ကြာရင်စလစ်တွေ ရိန်းတွေပါစားလာမယ်၊ ကော်ပရေးရှင်းတွေကျပြီး ဆွဲအားလည်းကျလာလိမ့်မယ်……

မင်းအင်ဂျင်ကပဲ့ထောင်မှာတင်ပြီးမောင်းတာဆိုတော့စက်ကိုတခြမ်းစောင်းမောင်းရတော့ပင်နယံတွေပေါ်ကိုဆီရောက်ဖို့ ပိုခက်တယ်”

“စက်ဆရာရယ် ကျနော်က ပိုက်ဆံသိပ်မပြေလည်တော့ အင်ဂျင်ဝိုင်ကောင်းကောင်းလည်းမသုံးနိုင်ဘူး၊ ဟိုတခါစက်ကိုင်တုန်းကလည်း ပိုင်ရှင်နဲ့ ညှိမရလို့ ဆီပန့်(oil pump)နဲ့ ဘယ်ရင်တွေ မလဲလိုက်မိဘူး…..”

“အေး အဲဒီကောင်တွေမကောင်းရင်တော့ ဆီလိုအပ်တဲ့နေရာကိုလိုအပ်သလို မှန်မှန်ကန်ကန်မရောက်နိုင်ဘူး၊ပိုက်ဆံမရှိလို့ဆိုပြီး သုံးသင့်တာကိုမသုံးရင် ရေရှည်ခံမှာမဟုတ်ဘူး၊ စက်ထဲမှာရှိတဲ့အစိပ်အပိုင်းတိုင်း သူတို့ထမ်းနေရတဲ့ဝန်နဲ့ အချိုးညီတဲ့ ဆီရဖို့တော့လိုတယ်ကွ အဲလိုမရရင်တော့ ဟိုကပျက်လိုက်၊ဒီကပျက်လိုက်၊ ဟိုတစ်ခုလဲလိုက်၊ ဒီတစ်ခုလဲလိုက်နဲ့ အစသတ်မှာကိုမဟုတ်ဘူး…ဒီဟာကောင်းတော့ ဟိုကလို၊ဟိုကကောင်းတော့ဒီကမကောင်းနဲ့ စက်ရုန်းအားလည်းကောင်းမှာမဟုတ်ဘူး၊ မင်းပဲ့ထောင်လည်း ရှေ့ကိုတက်မှာမဟုတ်ဘူးကွ….. စက်ပြင်ရလို့ငွေကုန်တဲ့အပြင် အော်ဒါမလိုက်ရတော့ဝင်ငွေလည်း ဆုံးရှုံးတာပေါ့ကွာ”

“သဘောပေါက်ပါပြီဆရာရယ်……ဆရာပြောတဲ့အတိုင်းပဲ ဒီနေ့ အော်ဒါတစ်ခုလွတ်သွားတယ်ဆရာ…… မောင်းမယ်ဆိုရသေးပေမဲ့  ဒီရက်စက်မကိုင်ဖြစ်ရင် ပုံမှန်ဖောက်သည်တွေပျက်မှာစိုးလို့ ဇွတ်မှိတ်ပြီး ပြင်ရတော့မယ်……စက်ဆရာလိုအပ်မယ်ထင်တဲ့ဟာတွေသာလုပ်ပါတော့ ဆရာ…… ကောင်းဖို့ပဲအရေးကြီးပါတယ်ဆရာရယ်”။       ။

 

 

 

 

အားလုံးကို

ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။

 

About ကြောင်လေး

has written 70 post in this Website..

ကြောင်မဟုတ်သောငကြောင်