ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက တိုင်းဒေသကြီးအစိုးရအား စွပ်စွဲပြစ်တင်မည်ဟုဆို

ကို သာSeptember 24, 20121min1321

အောက်တိုဘာ ၈ ရက်တွင် ပြုလုပ်မည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအပေါ် စွပ်စွဲပြစ်တင်မှု ပြုလုပ်မည်ဖြစ်ကြောင်း ယခုလ ၂၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အထူးကိစ္စရပ်များဆိုင်ရာ အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်းဒေသကြီးအစိုးရနဲ့ ဌာနဆိုင်ရာအချို့က ပုဂ္ဂိုလ်တွေက အပြန်အလှန် ထိန်းကျောင်းမှုတွေ လုပ်မရအောင်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကြားမှာ ကင်းကွာမှုတွေဖြစ်အောင် လုပ်နေတယ်။ လွှတ်တော်က အတည်ပြုလိုက်တဲ့ အဆိုတွေကို အောက်ခြေမှာ လုပ်ဆောင်မှု တော်တော်အားနည်းတယ်။ နောက်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေ အလုပ်လုပ်ရတာ အင်မတန် ခက်ခဲလာတဲ့အတွက် ဒီလိုလုပ်လိုက်ရတာ”ဟု ဦးဆန်းဆင့်ကပြောသည်။

အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ လေးပုံတစ်ပုံက လက်မှတ်ရေးထိုးတင်ပြထားပြီဖြစ်ပြီး တင်သွင်းလွှာကို လာမည့်လွှတ်တော်တွင် ဖတ်ကြားတင်ပြမည်ဖြစ်ကြောင်း၊ စွပ်စွဲပြစ်တင်မှုတွင် မည်သည့်အချက်များ ပါဝင်သည်ဆိုခြင်းကို ဥပဒေအရ ယခုအခါ ပြောဆိုနိုင်မည် မဟုတ်ကြောင်း ၎င်းကပြောသည်။

တိုင်းဒေသကြီးအစိုးရ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များမှ တင်သွင်းသော မေးခွန်းများ၊ အဆိုများနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများ၊ တားဆီးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း၊ မိမိ ရေကြည်သို့သွားသော ခရီးစဉ်တစ်ခုတွင် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ တရားခံတစ်ဦးအလား နောက်ယောင်ခံ လိုက်လံစုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၃ တွင် ပြဋ္ဌာန်းထားသည့် မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီ တစ်ပါးသူ၏ အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရဆိုသည့်အချက်နှင့် ငြိစွန်းနေကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်မှုများ ပြုလုပ်ရန် ကိစ္စနှင့် ပတ်သက်၍ နောက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပါတီတွင်း လုပ်ငန်းစဉ်များကို ထိခိုက်မှုများရှိသည်ဟုဆိုကာ ဝင်ရောက်စွက်ဖက်မှုများ ပြုလာကြောင်း၊ စွပ်စွဲပြစ်တင်မှုအဆိုကို ဇူလိုင်လ ၆ ရက်က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ တင်ပြခဲ့ကြောင်း၊ ၎င်းတင်ပြချက်ကို သူရဦးရွှေမန်းက စွပ်စွဲပြစ်တင်မှု မလုပ်ရန် မေတ္တာရပ်ခံခဲ့သည့်အတွက် ပြည်ခိုင်ဖြိုးအလုပ်အမှုဆောင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး သဘောတူညီမှုလေးချက် ရရှိခဲ့ကြောင်း ဦးဆန်းဆင့်ကပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးရွှေမန်းကို စာပို့တော့ ဦးရွှေမန်းက ဒီလိုမလုပ်ဖို့ တားတယ်။ ကျွန်တော်တို့က ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်တဲ့အတွက် ပါတီဗဟိုရုံးမှာ ဗဟိုအလုပ်အမှုဆောင်တွေ အပါအဝင် ညှိကြတယ်။ ညှိပြီးတော့ ထွက်လာတဲ့ သဘောတူညီချက်လေးချက်ကို ကျွန်တော်တို့ဘက်က အတိအကျလိုက်နာတယ်။ အစိုးရအဖွဲ့နဲ့ ပါတီဗဟိုအလုပ်အမှုဆောင်တွေဘက်ကတော့ လုံးဝလိုက်နာခြင်း မရှိဘူး”ဟု ဦးဆန်းဆင့်ကပြောသည်။

၎င်းတို့မှ လိုက်နာမှုမရှိသည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များအား ဖိအားပေးခြင်း၊ စွပ်စွဲပြစ်တင်ရန် လက်မှတ်ထိုးသူများကို ဖော်ထုတ်ခြင်း၊ မူရင်းလက်မှတ်များကို အပ်နှံစေခြင်း စသည့် သဘောတူညီချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒကို
လေးစားသောအားဖြင့်လည်းကောင်း၊ လွှတ်တော်ဆိုင်ရာ လုပ်ငန်းရပ်များနှင့် အပြန်အလှန် ထိန်းကျောင်းခြင်း လုပ်ငန်းများကို ပြုလုပ်နိုင်ရန်အတွက်လည်းကောင်း ဥပဒေနှင့်အညီ စွပ်စွဲပြစ်တင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ယခုဖြစ်စဉ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့တစ်ခုအား သက်ဆိုင်ရာ လွှတ်တော်မှ စွပ်စွဲပြစ်တင်မှု ပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အားလုံကောင်းရန် ရည်ရွယ်ပါကစွပ်စွဲပြစ်တင်နေကြမည့်အစား မည်သို.စုပေါင်းပြီး ပိုကောင်းအောင်လုပ်ကြရန်လိုကြောင်း သုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်ကိုလည်း
ကြားရပါသည်။ ။

Ref ; 7 Daynews

One comment

  • maungmoenyo

    September 29, 2012 at 10:14 am

    အင်း… လွှတ်တော်အမတ်တွေ ကိုယ်ရှိန်သတ်ကြဘို့တော့လိုပြီ။ ကိုယ့်ကိုယ်ကို executives တွေလို့များယူဆနေကြလားမသိ။

Leave a Reply