နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ် အပိုင်း(၇)


 

“ကိုသော် ကိုမိုးနိုင် ကားပြီးပြီထင်တယ် ဝင်ကြည့်မလား”

ဇော်သန့်က သူ့ကို မေးသည်။

“အေးဝင်ကြည့်တာပေါ့။ ”

သူတို့ဝင်လာသည်ကို မိုးနိုင်လှမ်းမြင်သည် ထင်ပါ၏။ သူ့အား လှမ်းပြီးအော်ပြောနေသည်။

“လာ သားကြီး။ မင်းဆီကိုခုပဲ ဖုန်းဆက်တော့မလို့။ ငါ့ကားကတော့ရပြီ။ မင်းတို့ဘက်က ဘယ်နှစ်ယောက်လောက်လိုက်မလဲဆိုတာကို  သိချင်လို့”

“လိုက်မယ့်လူကတော့ လေးငါးယောက်လောက်ရှိတယ်ကွာ ။နေပါဦး မင်းက ဘယ်နေ့ထွက်မလို့လဲ”

“မနက်ဖြန်ဖြစ်မလားပဲ”

“ဟေ”

“ဟုတ်တယ်။ ဒီကနေ့ညနေ မင်းဆီကိုဖုန်းပြန်ဆက်လိုက်မယ်လေ။ မင်းတို့လိုက်မယ့်လူ အတိအကျ ဘယ်နှစ်ယောက်လောက်ရှိမလဲ မေးထားလိုက်ပေါ့။”

မနက်ဖြန်ဟု ဆိုလာပြီ။ သူ ဘာကိုမှ မပြင်ဆင်ရသေး။ တကယ်တမ်းပြန်ရမည်ဆိုတော့လည်း စိတ်ထဲတွင် တစ်မျိုးတစ်မည်ခံစားနေရသည်။

“အေးဆက်လာလိုက်လေ။ ငါမေးထားလိုက်မယ်”

“မင်းတို့ဘာနဲ့လာတာလဲ”

“လမ်းလျှောက်ပေါ့။ပြန်တော့မှာ”

“နေဦးပြန်မယ်ဆိုရင် ခဏစောင့် ငါလည်း မရှီကထောင်ဘက်ကိုသွားမှာ လမ်းကြုံတယ်”

သို့နှင့် သူတို့ မိုးနိုင်အိမ်တွင်ခဏနေပြီ မရှီကထောင်သို့ပြန်လာခဲ့တော့သည်။ ကုမ္ပဏီကိုရောက်သည်နှင့် ပြန်လိုက်မည့်သူ ဘယ်နှစ်ယောက်ရှိသလဲဆိုသည်ကို ချက်ချင်းမေးရသည်။ စုစုပေါင်း ပြန်လိုက်မည့်သူ သူအပါအဝင် လေးယောက်တည်းသာ ရှိ၏။ညနေ လေးနာရီတွင် မိုးနိုင်ဆီမှ ဖုန်းလာသောအခါတွင် မနက်ဖြန် ကားထွက်မည့်အကြောင်းဆိုလာသည်။ မနက် ရနာရီတွင်လာခေါ်မည်ဟုပြောသည်။ ထို့ကြောင့်သူသည်ပင် မြင့်ဇော်ဦးကိုခေါ်ကာ ပြန်ရသည့်ပစ္စည်း တစ်မျိုးနှစ်မျိုးကို ထုပ်ပိုးရန်အတွက် အိတ်ဝယ်ထွက်ခဲ့တော့သည်။

မြို့ထဲသို့သွားရာတွင် မိုးမချုပ်စေရန်အတွက် မြန်မြန်သွား မြန်မြန်ပြန်ခဲ့ပြီး ညရနာရီတွင် သူ အလုပ်ရှုပ်တော့သည်။ သူငယ်ချင်းတွေကလည်း ဝိုင်းဝန်းထုပ်ပိုးပေးသဖြင့် ည ၁ဝနာရီလောက်တွင် အထုပ်အပိုးပြင်ဆင်ခြင်းကိစ္စ ပြီးလေသည်။ အပြန်အလှန် လိပ်စာများပေးကြပြီး တစ်ဦးတစ်ယောက်က အဆင်ပြေလျှင် တစ်ဦးတစ်ယောက်ကို ကူညီရန်လည်း အပြန်အလှန်ကတိထားခဲ့ကြသည်။ အလျှင်ပြန်သူက  အောက်ပိုင်းတွင် အလုပ်ရခဲ့ပါက အဆက်အသွယ်ပြုရန်က အဓိကဖြစ်သည်။ သူသည်ပင် သူ့နေရပ်မြို့ကလေးဖြစ်သော လွိုင်ကော်ကိုပြန်ရောက်လျှင်ပင် ရောက်ချင်း အလုပ်ရှာရမည်။ အကယ်၍ရခဲ့ပါက သူငယ်ချင်းတွေကိုလည်း ချိတ်ဆက်ပေးရမည်ဖြစ်သည်။ သူ့ဘက်မှ အကူအညီသည်လည်း ခုလို ချိန်မျိုးတွင် ခွန်အားတစ်ခုဖြစ်စေမည်ဟု ယုံကြည်လေသည်။

ထိုနေ့ညသည် သူအိပ်မပျော်သော ညတစ်ညဖြစ်သည်။ အတွေးများဖြင့် တောင်တောင်အီအီလျှောက် စဉ်းစားရင်း ရှေ့ဆက်ရမည့်ခရီးကိုတွေးမျှော်က သက်ပြင်းတွေ ချနေမိပြန်သည်။ ဘဝက အစကနေ ပြန်စရမည့်အနေအထားဖြစ်သဖြင့် လက်လွတ်ဆုံးရှုံးလိုက်ရသော လက်ရှိအနေအထားကို နှမြောနေမိသည်။ အေးဆေးငြိမ်သက်ခြင်း၏ နောက်ကွယ်တွင် ယခုလို ကြမ်းတမ်းသည့် လှိုင်းကြီးတွေ လာရောက်ရိုက်ခတ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးတောမိခဲ့ချေ။

စစ်ဆိုသည်မှာ အဘက်ဘက်ကကြည့်လျှင်ပင် ကျေနပ်စရာမကောင်း။ တစ်ဦးတစ်ဘက်ကသာလျှင် တစ်ဦးတစ်ဘက် ရှုံးမည်။ အနိုင်အရှုံး၏နောက်ကွယ်တွင် အမုန်းသည်သာ စိုးမိုးနေသည်။ တစ်ဘက်နှင့်တစ်ဘက် ညှိနှိုင်း၍မရနိုင်လောက်အောင် မည်သည့်အရာက အဓိကကျသလဲဆိုသည်ကို သေသေချာချာတွေးကြည့်ရမည်ဖြစ်သည်။

တကယ်တမ်းတွင်မူ သူအပါအဝင် ဖားကန့်ဒေသရှိ ရွာသူရွာသား၊ ကျောင်းသူ ကျောင်းသား၊ ဝန်ထမ်းများသည် မြေစာပင်များဖြစ်နေခဲ့ရသည်။ လက်နက်များနှင့် ပစ်ခတ်နေမည့်အစား အေးဆေးငြိမ်သက်စွာ ညှိနှိုင်းအဖြေရှာလျှင် ပြည်သူဖြစ်သော သူအပါအဝင် မည်သူမျှ မည်သည့်အရာကိုမျှ ဆုံးရှုံးလိမ့်မည်မဟုတ်ပေ။ သောကပရိဒေဝ အပူမီးသည်လည်း တောက်လောင်စရာအကြောင်းမရှိပေ။ ယခုတွင်မူ ပေါက္ခရဝဿမိုး လို စွတ်စိုစေလိုသူကိုသာ ကွက်ပြီး ရွာသောမိုးလို သူတို့စိုစွတ်ခဲ့ရပြီ။ သတ္ထန္တရကပ် ဟုပြောလျှင်ပင်ရသော လက်နက်ဘေးကြောင့် သေကျေပျက်စီးရသော အဖြစ်အဆိုးတစ်ခု ယခုပင်ဖြစ်နေလေသည်။ ပစ္စည်းဥစ္စာ အိုးအိမ်များကို ပစ်ခွာရှောင်ပြေးရခြင်းသည် စစ်ကြောင့်ဖြစ်သည်။ စစ်နှင့် သက်ဆိုင်ခြင်းမရှိပါပဲလျှက် အသက်ဆုံးရှုံးရသော သာဓကရှိသည်။ သက်သေရှိသည်။ တစ်နှစ်ပြီးတစ်နှစ် ချွေးနှဲစာနှင့် စုဆောင်းခဲ့ရသော မိမိတို့ပိုင် အိုးအိမ်စည်းစိမ်များကို မည်သူက ပစ်စလက်ခတ် ထားခဲ့ရက်မည်နည်း။ ဘဝသည်ပျက်စီးဆုံးရှုံးသည်မှာလွယ်သလောက် ပြန်လည်တည်ဆောက်ရာတွင် ခက်ခဲပင်ပန်းကြမ်းတမ်းသည်။ အသစ်ဟူသည်မှာ အမြင်တွင်ကောင်းသော်လည်း တကယ်တမ်း အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်းသည် မလွယ်ကူပေ။

ရင်တမမနှင့် နေနေရသော မှော်ဒေသရှိ ဒေသခံများ နေ့နေ့ညည စိတ်မပျော်ကြ။ သူက နေရပ်သို့ပြန်ပြီးလျှင် စစ်၏ အနိဌာရုံသည် မြင်ကွင်းမှ၊ သောတမှ ပျောက်ကွယ်နေနိုင်သည်။ ဒေသခံများအဖို့ ရှောင်ပြေးစရာမြေသည် ယခင်က အတူသောက်၊ အတူစား၊ အတူနေထိုင်ခဲ့သော မြေမှလွဲ၍ ပြေးစရာမရှိ၊ ပုန်းလိုစရာမရှိ။ ချမ်းသာ၍ စံသော်လည်း သည်မြေ၊ ဆင်းရဲ၍ ခံသော်လည်း သည်မြေသည်သာ။

ပြန်လည်ထူထောင်ရေးဟူသည်မှာ အပြောလွယ်သလောက် လက်တွေ့တွင် နေ့ချင်းညချင်း မပြီးစီးနိုင်။ စစ်ဘေးရှောင် ဒုက္ခသယ်များ ဖားကန့်တွင် တစ်သောင်းကျော်ရှိလာပြီ။ စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေး အားလုံး ကူညီမှုတွေ လိုအပ်သည်။ အချို့က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ၊ အချို့က ခရစ်ယာန် ဘုန်းကြီးကျောင်းတွေမှာ စုပြုံနေသည်။ ထိုသည်ကိုကြည့်၍ အကောင်းဆုံး ဘာလုပ်ပေးလျှင်ကောင်းမည်လည်းဟု စဉ်းစားသင့်ပြီဟုထင်သည်။ စားနပ်ရိက္ခာထောက်ပံ့ရုံနှင့် တစ်သက်လုံး ငြိမ်းချမ်းမသွားနိုင်ပေ။ နေစရာထိုင်စရာ စီစဉ်ပေးရုံနှင့် အရိပ်လုံပြီဟု မတွေးသင့်ပေ။ ဘဝတစ်လျှောက်လုံး သေတပန် သက်တဆုံးအထိ အေးအေးချမ်းချမ်းဖြစ်အောင် နှစ်ဘက်လုံး ဘာလုပ်သင့်သလဲဟု သေသေချာချာ စဉ်းစားဆုံးဖြတ်ရန်ဖြစ်သည်။ ဒေသခံတွေ ထမင်းကြမ်းကို အေးအေးဆေးဆေး စားနိုင်သောက်နိုင်အောင် မစီစဉ်ပေးနိုင်သမျှ ဘာလုပ်ပေးမည်၊ ဘာကူညီမည်ဆိုသည်မှ ထိရောက်သော လုပ်ဆောင်မှုမဟုတ်သည်ကိုလည်း သိရမည်ဖြစ်သည်။

တနယ်တကျေးမှ မှော်ဒေသသို့လာရောက်လုပ်ကိုင်မှီခိုနေသော ကုမ္ပဏီ ဝန်ထမ်းများ၊ ရေမဆေးများ၊ ဈေးသယ် ကုန်သယ်များ၊ စသောသူများသည် ကျောက်စိမ်း မှော်ကြီးကိုမှီခိုကာ လုပ်ကိုင် စားသောက် နေကြသူများဖြစ်သည်။ ရုတ်တရက် ကုမ္ပဏီအလုပ်နားလိုက်ရသဖြင့် ဝန်ထမ်းတွေ ပြန်ကြရသည်။ အလုပ်လက်မဲ့ဖြစ်ကြရသည်။ ဒါသည်ပင် စစ် ဆိုသော ဝေါဟာရသည် လက်ကိုင်ရန်မဖြစ်နိုင်မှန်း သိသင့်ပေသည်။

တစ်ညလုံး တွေးတွေးတောတောနှင့် မနက် ၅နာရီထိုးလေပြီ။ မြင့်ဇော်ဦးက နိုးစရာမလိုပါပဲ အဆင့်သင့်နိုးနေခဲ့သည်။ သူ မေးကြည့်တော့ အိပ်မပျော်သဖြင့် လူးလူးလိမ့်လိမ့်နှင့်သာ ညတစ်ညလုံး ကုန်ဆုံးခဲ့သည်ဟု ဆိုလေသည်။ သူတို့နှင့်အတူ လိုက်ပါမည့် လူနှစ်ဦးကို နိုးရန် ထွက်လာခဲ့သော်လည်း သူတို့နီးတူ နိုးနေနှင့်ခဲ့ပြီးဖြစ်၏။

နံနက်ခြောက်နာရီခွဲတွင် မိုးနိုင်ကားရောက်လာသည်။ နုတ်ဆက်မည့်သူ လိုက်ပါပို့ဆောင်မည့် သူများကလည်း စုရုန်းနေကြပြီ။ ယခုချိန်တွင် သူမည်သူ့မျက်နှာကိုမှ မကြည့်ချင်ပါ။ ဝမ်းနည်းနေမည့်သူများကို နုတ်ဆက်ပြီးပြန်ရသည်မှာ အဘယ်မှာ ပျော်ပါလိမ့်မည်နည်း။ နေနေ၊ ဘဂျမ်း၊ အင်ဒြူး၊ နိုင်နိုင် အားလုံးစုံပြီ။ပြီးတော့ ဇော်သန့်..သူကတော့ တစ်ယောက်ချင်းဆီကိုနုတ်ဆက်သည်။

ပစ္စည်းတွေ ကားပေါ်သို့တင်လေပြီ။ မိုးနိုင်သည်လည်း ခရီးဆက်ရမည့်ဖြစ်သဖြင့် မြန်မြန်တင်နေလေသည်။ မှော်ဝမ်းကားဂိတ်ကိုသွားချိန်တွင် ဇော်သန့်က သူတို့ကားနောက်မှနေ၍ ဆိုင်ကယ်နှင့်လိုက်လာခဲ့သည်။ သူတို့လေးဦးက မှော်ဝမ်းရပ်ကွက်ရှိ ပေါ်ဦးလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ရန် ဆင်းနေခဲ့လိုက်သည်။ ဇော်သန့်တို့ရောက်လာချိန်တွင် စားရင်းသောက်ရင်းဖြစ် စကားတွေ ဖောင်ဖွဲ့ ပြောနေကြသေးသည်။ အချိန်သည် ရနာရီခွဲကို ရောက်လာသော်လည်း မိုးနိုင်မှာပေါ်မလာသေး။ တစ်အောင့်လောက်အကြာတွင် မိုးနိုင်ရောက်လာပြီး ကားမထွက်နိုင်သေးကြောင်း၊ နောက်ထပ် ခရီးသယ် ငါးယောက်လောက်လိုနေသေးကြောင်းပြောလာသဖြင့် သူတို့လိုက်ပါစီးနင်းမည့် ကားသည် နံနက် ၁၁နာရီတွင် ထွက်နိုင်လျှင် ကံကောင်းဟု တွေးမိကြသည်။ လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီး ဂျိမ်းဖောမြေကားဂိတ်တွင် မိုးနိုင်က ကားထိုးထားသည်။ မိုးနိုင်လည်း ဟိုရပ်သည်ရပ်နှင့် ခရီးသည် မျှေုာ်နေရသည်မှာ လည်ပင်း ညောင်ရေအိုးပင်ဖြစ်နေရသည်။ မိုးနိုင်က သူ့တို့အား အားနာ နေသည်လားတော့မသိ။ သို့သော် မိုးနိုင်လည်း လူမှမရလျှင် စရိတ်မကိုက်ဖြစ်နိုင်သည်မို့ သူတို့ နားလည်ပေးပါသည်။ ခုချိန်ထိ လူက မရသေး။ သူတို့လေးဦးသာ ကားဂိတ်မှာထိုင်လျှက် နောက်ထပ် မိုးကောင်းသို့လိုက်ပါစီးနင်းမည့် ခရီးသည်  ငါးဦးကို မိုးနိုင်နှင့်အတူ ထိုင်မျှော်ရင်း အချိန်သည် နံနက် ၁ဝနာရီကိုပြနေလေသည်။

ကားဂိတ်မှ ဂိတ်မှူးက

“အောက်ပိုင်းဆင်းမယ်ဆိုရင်တော့ ခင်ဗျားတို့ မိုးကောင်းမှ စောင့်ရမယ်နဲ့တူတယ် မော်လူးနဲ့ ကာဒူ ဘူတာကြားမှာ ရထားလမ်း မိုင်းကွဲတယ်လို့သိရတယ်”

သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ခရီးအစသည် နမိတ်မကောင်းစွာနှင့် သူတို့ ရွှေနားတော်သို့ စတင် ချည်းနှင်းဝင်ရောက်လာချေပြီ။ရှေ့ခရီးသည် သာယာဖြောင့်ဖြူးပါစေဟုသာ ရင်ထဲတွင် ကျိတ်ဆုတောင်းရတော့သည်။

လမ်းသည် ကျင်းချိုင့်များနှင့်ဆိုးရွားနေသည်။ ကားဘီးတစ်လှိမ့်မဆုံးမီမှာပင် ချိုင့်ကြီး ချိုင့်ငယ်ဆို့က ကြိုနှင့်သည်။ မိုးနိုင်ခမြာမှာ လီဗာကိုဆုံးအောင်နင်းလိုက်ရသည်မရှိပဲ မျှင်းမောင်းနေရသည်ရှိသည်။ကားက ဝယ်ထားသည်ကလည်း မကြာသေးသဖြစ် သက်သက်ညှာညှာမောင်းနေရသည်လည်းပါမည်။

ပါဂျဲရိုးကားဖြင့် ဖားကန့် မိုးကောင်းလမ်းကိုသွားရသည်က လမ်းက ကားကိုအားနာရမည်လား၊ ကားလမ်းကို အားနာရမည်လား မသိဖြစ်နေရသည်။ မိုးကောင်းနှင့် ဖားကန့်သည် မိုင် (၇၀)သာသာ ဝေးသော်လည်း သည်လမ်းပုံစံ အတိုင်းဆိုလျှင် မိုးချုပ်မှ မိုးကောင်းကို ဝင်မည်ဖြစ်သည်။ အမှန်တွင် မိုးကောင်းကို သုံးနာရီသာ မောင်းရမည့် ခရီးဖြစ်သည်။ ခုတော့ ကားကောင်းကောင်းစီးလာရသဖြင့် လူသက်သာလှသော်လည်း ဟိုးယိမ်း သည်ယိမ်းနှင့် ကားတစ်ခါမှ မမူးတတ်သော သူသည်ပင် မူးနှောက်နှောက်ဖြစ်ချင်ချင်။ ဖိုးဝှီးဖြင့် မိုးကောင်းသို့ဆင်းသော ခရီးသည်များမှာ ဆန်ကောထဲသို့ ဇီးဖြူသီးထည့်လှိမ့်နေသည့်နှယ်ရှိချေမည်။

လမ်းတစ်လျှောက်တွင် အဆင်းကားများကိုသာတွေ့ရသဖြင့် မိုးနိုင်ကိုမေးကြည့်ရာ

“အတက်မရဘူးလေ သားကြီးရ။ ဖားကန့်ကိုတက်မယ်ဆိုရင် မိန်းကလေးနှင့်ကလေးပဲရမယ်။ ယောကျာ်းတွေဆိုလက်မခံဘူး။ ကြည့်လိုက်လေ ကားတိုင်းမှာ ဘယ်မှာ ယောကျာ်းပါလို့လဲ။ မိန်းမတွေမရှိရင် ကုန်တင်ရင်တင်၊ ကုန်မရရင် ခါလီသာ ဖားကန့်ကိုပြန်တက်ပေတော့ပဲ။ ဒါကြောင်းဖားကန့် မိုးကောင်း ကားခတွေ ၃၅၀၀၀၊ ၄၀၀၀ဝ တွေဖြစ်ကုန်တာပေါ့။ ကံကောင်းတဲ့သူများက ခရီးသည်ရော၊ကုန်ရောရတယ်။ ကံမကောင်းတဲ့ သူများကျတော့ ခရီးသည်မပြောနဲ့ လမ်းကြူံလိုက်စီးမယ့်လူကိုး မရှိတာ”

ဟုတ်လောက်သည်။ ဖားကန့်ဘက်သို့ပြန်တက်လာသော ဗန်ကား၊ ဖိုးဝှီး၊ မှန်လုံ ခရီးသည်များများ စားစားမပါ။ ကုန်ပစ္စည်းလေး ခြောက်တိခြောက်ချက်နှင့် ခရီးသည် အမျိုးသမီးတစ်ယောက်စ နှစ်ယောက်စသာ ပါသည်။ အဆင်းကားတွေတော့များလှပါသည်။ သူတို့ကားကိုကျော်သူကျော်၊ သူတို့ကားက ပြန်ကျော်ချင်ကျော်နှင့် လမ်းတစ်လမ်းလုံး ဖုန်များတထောင်းထောင်းထလျှက်ကျန်ခဲ့သည်။

ကားဂိတ်မှာတုန်းက ခရီးသည် လေးယောက် ရှေ့ဆင့်နောက်ဆင့်ရလိုက်သဖြင့် သူတို့ကားပေါ်တွင် မိန်းကလေးသုံးယောက်နှင့်ယောကျာ်းလေး ပါလာခဲ့သည်။ ငါးယောက်ပြည့်အောင်တောင်မစောင့်တော့ပဲ ထွက်လာ၍သာ နံနက် ဆယ့်တစ်နာရီတွင်ထွက်လာနိုင်ခြင်းဖြစ်သည်။ သူကတော့ အိမ်အပြန်ခရီးတွင် မပျော်။ ရှေ့ဆက်၍လျှောက်ရမည့်လမ်းများအတွက် ရင်မောနေမိသည်။ မြင့်ဇော်ဦးကတော့ ကွမ်းကလေးတမြုံမြုဖြင့် ဘာကိုတွေးနေသည်မသိ ကားပေါ်တွင်တိတ်ဆိတ်လျှက်။ တစ်ခါတစ်လေမှသာ မိုးနိုင်ကိုမေးချင်တာ သိချင်တာများရှိမှ တစ်ခွန်း တစ်ခွန်း ထပြောမိရသည်။ လမ်းတွင်လျှင် အစစ်အဆေးတွေကရှိနေပြန်သည်။

ဟိုဘက်ဂိတ်ကိုတွေ့လျှင်  ကားကိုရပ်ပြီး အစစ်အဆေးခံရသည်။သို့သော်ခဏသာဖြစ်သည်။ သိပ်ပြီး စစ်လှ ဆေးလှသည်တော့မဟုတ်။ ပထမဆုံးဂိတ်တွင် မှတ်ပုံတင်စစ်တော့ သူတို့ ကားပေါ်မှ မိန်းကလေးတစ်ယောက်က မှတ်ပုံတင်ပါမလာချေ။ သို့ရာတွင် ပြဿနာ သိပ်မရှိ။ သူတို့ ဘာသာစကားနှင့် ဘာတွေပြောလိုက်သည်တော့မသိ ခေါင်းတငြိမ့်ငြိမ့်နှင့် ခွင့်ပြုပေးလိုက်သည်။ လမ်းတလျှောက်တွင် နောက်ထပ် စစ်ဆေးရေးဂိတ်များကိုဖြတ်ရသေးသော်လည်း ကြီးကြီးမားမား ပြဿနာ တစ်စုံတစ်ရာမရှိချေ။ သို့သော် သူတို့ကို ဒုက္ခပေးလာသော ပြဿနာသည်က နန့်ယားရွာအထွက်တွင်မှ စတင် လာခဲ့လေသည်။

ဆက်ပါမည်။

သော်ဇင်(လွိုင်ကော်)

 

22-Sept-2012

3:25PM

9 comments

  • Alpha Vanishing

    September 25, 2012 at 5:54 pm

    နောက်ဆုံး အပိုင်းထိ အားပေးသွား မှာပါ။
    စောင့်မျှော်နေမယ်

  • စနေ

    September 25, 2012 at 10:54 pm

    ကိုသော်ဇင်ရေ ….
    ကျန်တဲ့အပိုင်းတွေကို စောင့်မျှော်နေပါတယ် ….

  • MaMa

    September 26, 2012 at 6:55 am

    စစ်ဘေးစစ်ဒါဏ် စစ်ရဲ့အနိဌာရုံတွေကို ကိုယ်တိုင်ခံစားခဲ့ရသူတစ်ယောက်ရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ :eee:
    လက်ရှိအခြေအနေကတောင် အတော်လေး ခေတ်နောက်ကျကျန်ခဲ့တဲ့အခြေအနေမှာမှ….. အစကနေ ပြန်လည်ထူထောင်ရေးဆိုတာကြီးကို သွားရအုံးမှာဆိုတော့ကာ…..
    :byae: :byae: :byae:

  • athwe lay

    September 26, 2012 at 10:08 am

    ကိုသော်ဇင်ရေ အားပေးနေပါတယ်ဗျာ ဇာတ်သိမ်းလေးကို ရင်တမမနဲ့မျှော်နေလျှက်ပါ ။ဘဝတူချင်းတွေမို့ပိုပြီးခံစားလို့ရနေပါတယ်။ကိုသော်ဇင်ပြောသလိုကျွန်တော်တို့တွေမျှော်နေတဲ့ထူထောင်ရေးကာလဆိုတာကြီးကဘယ်တော့ရောက်လာမှာပါလိမ့်နော်။ထူထောင်ရေး ကာလကနေထုထောင်းရေးကာလဖြစ်မသွားဖို့ဘုရားမှာပဲဆုတောင်းရတော့မယ်ထင်ပါရဲ့ဗျာ။

  • kyeemite

    September 26, 2012 at 10:40 am

    စားနပ်ရိက္ခာထောက်ပံ့ရုံနှင့် တစ်သက်လုံး ငြိမ်းချမ်းမသွားနိုင်ပေ။ နေစရာထိုင်စရာ စီစဉ်ပေးရုံနှင့် အရိပ်လုံပြီဟု မတွေးသင့်ပေ။ ဘဝတစ်လျှောက်လုံး သေတပန် သက်တဆုံးအထိ အေးအေးချမ်းချမ်းဖြစ်အောင် နှစ်ဘက်လုံး ဘာလုပ်သင့်သလဲဟု သေသေချာချာ စဉ်းစားဆုံးဖြတ်ရန်ဖြစ်သည်။

    အမှန်ပေါ့ဗျာ…အမြန်ဆုံးငြိမ်ချမ်းရေးရစေချင်ပါပြီ…

  • ကြည်ဆောင်း

    September 26, 2012 at 12:37 pm

    ဖတ်ရတာတောင် ရင်တထိတ်ထိတ်နဲ့ လွတ်မယ်မှန်းသိပေမဲ့ ဘယ်လိုဒုက္ခတွေများလာအုန်းမလဲဆိုပြီး ….

  • aemoshu

    September 26, 2012 at 1:09 pm

    တိန် .. ရက်စက်တာအေ .. ဒီမှာ ရင်တထိတ်ထိတ်နဲ့ဖက်နေတာကို … ကောင်းခန်းရောက်မှ ဖြတ်ချလိုက်တယ် …
    ကိုသော်ရေ အားလုံးအတွက် စစ်နဲ့ ငြိမ်းချမ်းရေးအမြန်လဲလှယ်နိုင်ကြပါစေလို့ဆုတောင်းပါတယ်…

  • aemoshu

    September 27, 2012 at 11:13 am

    ကိုသော်ရေ ခုပဲ weekly eleven မှာဖတ်လိုက်ရတယ်.. ဖားကန့်-မိုးကောင်းလမ်းပိတ်လိုက်ပြီတဲ့ … ဖားကန့်ဘက်က kia ကအဆင်းပိတ်လိုက်တယ်။ အစိုးရဘက်က မိုးကောင်းကနေ အတက်ပိတ်လိုက်တယ်တဲ့… ကဲကောင်းကြရော…

  • မောင်ပေ

    September 27, 2012 at 3:25 pm

    နန့်ယားမှာ ဘယ်လိုတွေအခက်တွေ့ရတယ်ဆိုတာ စောင့်ဖတ်ရပြီ

Leave a Reply