မြတ်နိုးသော…….စာ၊ ချစ်သော……ဆရာမ

အောင် မိုးသူSeptember 26, 20121min1859

ကျွန်မ၏လက်များသည် ကျွန်မအလွန်မြတ်နိုးသည့် စာအုပ်ပေါ်မှ စာမျက်နှာအချို့ကို စုတ်ဖြဲရန် ကြိုးစားနေမိသည်။ စာအုပ်မှစာရွက်များသည် ခေါင်မှတဖြည်းဖြည်း စုတ်ပြဲစပြုလာ၏။ ကျွန်မ၏ အမြင်အာရုံ များသည်လည်း ဝေဝါး လျှက်ရှိသည်။ ကျွန်မ၏ မျက်ဝန်းအိမ်မှတဆင့် မျက်ရည်များသည် မျက်တောင်နှင့် မျက်ခမ်းစပ်အပေါ် တွင် အောက်သို့မကျဘဲ တွဲလဲခိုနေ၍ဖြစ်ပေလိမ့်မည်။ ရင်ထဲက ဆိုနင့်နင့်ခံစားမှုတစ်ခုက လည်ချောင်းအစပ်နားကို တစ်ချက်တစ်ချက် ရှိုက်ရှိုက်တက်လာသည်။ အခန်းအတွင်းရှိ စာအုပ်များပြန့်ကာကျဲလျက်ရှိ၏။

 

***                        ***                        ***                        ***

 

“ရွှေစင်….နင့်မှာလည်း… တစ်နေ့..တစ်နေ့… သည်စာအုပ်ပုံဘေးမှာပဲ… ဟိုကူးရေး..ဒီကူးရေးနဲ့ ဟိုနေ့က အလုပ်အင်တာဗျူးက အခြေအနေဘယ်လိုလဲ”

 

“ပြန်ဆက်သွယ်မယ်လို့ပြောတယ် အမေရဲ့…..”

 

“အေး..အေး… မြန်မြန်ဆက်သွယ်ပါစေတော်… ကျောင်းပြီးတော့ ကွန်ပျူတာသင်တန်းတက်… နောက်တော့ ညည်းဒီစာအုပ်ပုံကြားထဲ ပြန်ရောက်တာပဲ… ဟင်းးးး”

 

 

အမေပြောသောစကားကြောင့် စာအုပ်ပုံဘေးမှာထိုင်နေသော ကျွန်မပြုံးရုံသာပြုံးနေလိုက်သည်။ အမေ့နေရာတွေင် အခြားသူသာဆိုပါက ပြန်ပြီး ထုချေလွှာတင်ရမှ ကျေနပ်မည်။ စာပေကိုချစ်သောသူတို့၏ သွင်ပြင်လက္ခဏာသည် အပြင်ပန်းတွင် မည်မျှပင် ကြမ်းတမ်းနေပါစေ အတွင်းစိတ်သည် လွန်စွာနူးညံ့သည်။ ထိုအကြောင်းအရာများသည် မည်သူမျှမပြောဘဲ ကျွန်မသိလာရသော အသိတစ်ခုပင်ဖြစ်သည်။ ကျွန်မသည်လည်း စာပေလောကထဲသို့ တိုးဝှေ့ဝင်ချင်နေသော သူတစ်ယောက်ဖြစ်နေသောကြောင့်ပင်။

 

***                        ***                        ***              ***

 

“ကလင်….လင်…လင်”

 

“သမီးရေ….ဖုန်းလာနေတယ်… လာကိုင်လိုက်ပါဦး…”

 

“ဟုတ်ကဲ့……အမေ… ဟယ်လို…အမိန့်ရှိပါရှင်”

 

“မရွှေစင်ရှိပါသလားခင်ဗျာ….”

 

“ဟုတ်ကဲ့….ကျွန်မရွှေစင်ပါရှင်…”

 

“အော်… ဟုတ်ကဲ့…ကျွန်တော်က တိမ်ပြာကောင်းကင် မဂ္ဂဇင်းတိုက်ကပါ မရွှေစင် စာစီစာရိုက်အလုပ်လျှောက်ထားတာ…. မနက်ဖြန်စဆင်းလို့ရပါပြီခင်ဗျာ….”

 

“ရှင်….ဝမ်းသာလိုက်တာရှင်…ဟုတ်ကဲ့… ကျွန်မ မနက်ဖြန်ကစပြီး…အလုပ်ဆင်းပါ့မယ်…”

 

စာပေလောကထဲသို့…. ကျွန်မခြေတစ်လှမ်းတိုးနိုင်ပြီ။ ထိုမှတဆင့်…ကျွန်မချစ်သော..စာပေများ ထိုစာပေများ၏ အရှင်သခင်… ဖြစ်သည့် စာရေးဆရာ ၊ ဆရာမများနှင့် ကျွန်မထိတွေ့ခွင့်ရတော့မည်။ စိတ်ကူးထဲတွေးရင်းနှင့် လေပေါ်မြောက်တက်သွားသလို ကျွန်မခံစားလိုက်ရသည်။ ထိုမဂ္ဂဇင်းတိုက်မှာ နာမည်ကြီးစာရေးဆရာ၊ဆရာမများ အစဉ်ရေးသားလျှက်ရှိသော မဂ္ဂဇင်းတစ်ခုလည်းဖြစ်၏

 

***                        ***                        ***

 

တိမ်ပြာကောင်းကင်ဆိုသည့် မဂ္ဂဇင်းတိုက် ဆိုင်းဘုတ်ကို မြင်တွေ့လိုက်ရသည်ကိုပင် စာပေ အနံ့အသက်တစ်ခုကို ခံစားမိလိုက်သည်။ အပေါက်ဝရှိကို နှိပ်လိုက်သောအခါ….

 

“စာစီစာရိုက်….ဝန်ထမ်းအသစ်လား”

 

“ဟုတ်ကဲ့ရှင့်…”

 

“လာ….လာ..ညီမလေး…. အစ်မနာမည်ကိုလည်း မှတ်ထားဦး…သီတာတဲ့….. Reception မှာ အစ်မအမြဲတမ်းရှိတယ်…”

 

“ဟုတ့်ကဲ့…. ကျေးဇူးတင်ပါတယ်….”

 

“ညီမလေး…. စာထိုင်ရိုက်ရမယ့်… အခန်းက မမအခန်းထဲမှာပဲ….လေ…”

 

ထိုအစ်မပြောသည်နှင့် ကျွန်မအခန်းထဲသို့ လှမ်းကြည့်မိလိုက်၏။ စာရိုက်သူများ သီးသန့်အခန်းမဟုတ်ဘဲ မဂ္ဂဇင်းတိုက်၏ အရေးပါသောသူတစ်ယောက် အခန်းထဲတွင် ကျွန်မစာရိုက်ရမည်။

 

“ဘယ်သူ့အခန်းလဲဟင်….အစ်မ…”

 

“နာမည်ကြီးစာရေးဆရာမလေး… ညီမလေးမသိဘူးလား….”

 

“ဟင့်အင်း…..”

 

“ကလောင်နာမည်က သစ်ခက်စိမ်း…လေ”

 

“ရှင်….. ဆရာမ သစ်ခက်စိမ်းလား….”

 

ကျွန်မ ကျောပြင်တွင် စိမ့်ကနဲဖြစ်သွားမိသည်။ ထိုဆရာမသည် ကျွန်မအလွန်နှစ်သက်ချစ်ခင်ရသော စာရေးဆရာမ……ဖြစ်သည်…။ ယခုသူမနှင့်အတူတူ တစ်ခန်းထဲတွင် အလုပ်လုပ်ရမည်..။ ကျွန်မအခန်းထဲ ဝင်ဝင်ချင်းမှာပင်… စားပွဲပေါ်တွင် စာရေးနေသော သူမကို မြင်တွေ့လိုက်ရသည်။ နက်မှောင်သော ဆံပင်အရှည်ကြီးနှင့် သူမသည် မြန်မာဆန်ဆန်လှပသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမသည် ကျွန်မထင်သဘောက် အသက်မကြီးသေးသည်ကို ကျွန်မတွေ့လိုက်ရသည်…။ ရုံးခန်းမှာ ရှင်းသန့်ကာ မြင်မြင်သမျှ သပ်ရပ်ကာ တည်ငြိမ်လွန်းလှသည်။

 

“မင်္ဂလာပါ ဆရာမ…..”

 

“အေး….စာရိုက်အသစ်လား….”

 

“ဟုတ်ကဲ့ရှင့်…….”

 

“ရော့…..ဒီစာမူလေးခုရိုက်လို့….”

 

ကျွန်မကိုပေးလိုက်သောစာမူကို ကျွန်မလှမ်းယူမိလိုက်၏။ စိတ်ထဲတွင် ထင့်ကနဲ ခံစားမိသွားသည်။ မည်သို့ခံစားမှုမှန်းကို ကျွန်မမသိချေ။

 

***                        ***                        ***

 

အိမ်ရှိစာအုပ်ပုံဘေးတွင်….. ကျွန်မထိုင်နေရင်း… ကျွန်မမြတ်နိုးသော စာအုပ်လေးကို ပွတ်သပ်ကြည့်နေမိသည်။ စာအုပ်လေး၏စာမျက်နှာတိုင်းတွင်.. ကျွန်မအလွန်နှစ်သက်သော ဝတ္တု၊ဆောင်းပါး၊ကဗျာ များစွာရှိသည်..။ စာအုပ်လေး၏ပထမဆုံးစာမျက်နှာတွင် ကျွန်မဘဝတွင် အလွန်တန်ဖိုးထားရသော ဆောင်းပါးလေးတစ်ပုဒ်ရှိသည်။ ထိုဆောင်းပါး၏ အရှင်သခင်သည် ဆရာမ သစ်ခက်စိမ်းပင်ဖြစ်သည်။ ဆောင်းပါးလေး၏ ခေါင်းစဉ်မှာ “ချစ်စကို…ရှည်ပါလို့ မုန်းစကို…တိုစေသတည်း” ဟူ၍ဖြစ်သည်။ ထိုဆောင်းပါးလေးကျွန်မအလွန်နှစ်သက်ခဲ့ရသလို ထိုဆောင်းပါးလေးအတိုင်းပင် ကျွန်မဘဝ ရက်တော်တော်များများအား ထိုဆောင်းပါးလေးနှင့် ကျော်ဖြတ်ခဲ့ရဖူးသည်။ ထိုဆောင်းပါးလေးအား နှစ်သက်ခဲ့သလိုပင် ထိုဆောင်းပါး၏ အရှင်သခင်ကိုလည်း ကျွန်မလေးစားခဲ့ရ၏။

 

“ဖုန်းလေးစောင့်တာ စောင့်လိုက်ပေါ့….. ဒါလေးစောင့်ရတာ ဘာဖြစ်သွားမှာမို့လို့လဲ စိတ်ကောင်းကောင်းထား စမ်းပါ…. ဒါမှ…နောက်ဘဝမှာ အဆင်းလှမှာ….”

 

မဂ္ဂဇင်းတိုက်သို့ စဝင်ဝင်ချင်းမှာပင် ကျွန်မကြားလိုက်ရသောအသံပင်ဖြစ်သည်။ ကျွန်မ….. ဝင်ဝင်ချင်းပင် အခန်းဝမှထွက်လာသော မသီတာ၏မျက်နှာညှိုးငယ်နေသည်ကို ကျွန်မတွေ့လိုက်ရသည်။ စောစောတုန်းက ကျွန်မကြားလိုက်ရသောအသံသည် ဆရာမအသံမှ ဟုတ်ပါလေစ။ စကားသံတွင် ဒေါသများစွတ်နေသည်ကို ကျွန်မခံစားမိလိုက်သည်။ မသီတာအား…ဘေးနားမှ အစ်မတစ်ယောက်မှ ဒေါသဖြင့်ပြောနေသည်ကို ကျွန်မတွေ့လိုက်ရ၏။

 

“နင်က ပြန်ပြောလိုက်လေ…. ရုပ်လှဖို့အရေးမကြီးဘူး စိတ်လှဖို့ပဲလိုတယ်လို့။ ငါသာနင့်နေရာမှာဆို မခံဘူး။”

 

ကျွန်မအခန်းထဲသို့ ဝင်လိုက်စဉ်မှာပင်……..

 

“ကိန်…ကိန်…..”

 

မထင်မှတ်သောအသံကြောင့်ပင် ကျွန်မရင်တစ်ခုလုံး ဗြောင်းဆန်ကာ ခုန်သွားမိသည်။ တက်နင်းမိလိုက်သော အရာကိုကျွန်မ အလန့်တကြားကြည့်လိုက်မိသည်။ နိုင်ငံခြားစုတ်ဖွားခွေး လေးတစ်ကောင်ဖြစ်သည်.။

 

“သားလေး… ဘာဖြစ်သွားလဲ…… အခန်းထဲဝင်တာ သေသေချာချာကြည့်လေ… ဒါရိုးရိုးခွေးမဟုတ်ဘူး…. မင်းသား…မင်းသမီးတွေဆီက ရထားတဲ့ခွေး….”

 

ခပ်မြင့်မြင့်အထက်စီးလေသံဖြင့် မအော်ရုံတမယ် ပြောလိုက်တဲ့ ဆရာမရဲ့အသံ။ ကျွန်မကြည့်မိသော ဆရာမ၏မျက်လုံးများသည်… ကျွန်မဖတ်ခဲ့သော ဆရာမ၏ မျက်ဝန်းများမဟုတ်ချေ။ ကျွန်မနားထဲသို့ ရောက်လာသော စကားလုံးများသည် ကျွန်မရင်ထဲက ဆရာမ မဟုတ်ချေ။ ကျွန်မဆရာမအားကြည့်ရင်း ဒူးများတုန်လာမိသည်။ ထိုချိန်တွင် ကျွန်မဘေးစာပွဲခုံမှ ထွက်ပေါ်လာသော ဖုန်းသံသည် ကျွန်မ၏ ဒူးများပင် ခွေယိုင်လဲကျမတတ်ပင် ခံစားသွားရသည်။

 

“ကလင်….လင်…လင်”

 

“ဟဲလို….. အကြောင်းအရာမရှိဘဲနဲ့ ဖုန်းမခေါ်နဲ့လေ……”

 

ဆရာမနှုတ်ခမ်းမှ ထွက်ကျလာသော စကားသံများသည် ကျွန်မရင်ထဲက ဆရာမနှင့် လုံးဝကွာခြားသွားခဲ့သည်….။ ထိုခံစားမှုမျိုးသည် ကျွန်မရင်ဘတ်ထဲသို့ ဝင်ရောက်ရိုက်ခတ်လာသောအခါတွင်…. ထိုခံစားမှုမျိုးကို ကျွန်မ မခံနိုင်တော့ချေ..။ ကျွန်မခြေထောက်များသည်…. အခန်းအပြင်ဘက်သို့ အလိုလို… ပြေးထွက်ခဲ့မိတော့သည်…..။

 

***                        ***                        ***

 

ကျွန်မ၏ စာအုပ်ပုံဘေးတွင် ငိုနေမိသည်…. ကျွန်မနှစ်သက်ခဲ့သော ဆောင်းပါး… ကျွန်မမြတ်နိုးမိသော စာများ… ကျွန်လေးစားချစ်ခင်မိသော ဆရာမ…. အားလုံးသည်ဆန့်ကျင်ဖက်အရာများကဲ့သို့ပင်။ ကျွန်မ မတွေးတတ်တော့ချေ…။ ကျွန်မအခန်းအတွင်းရှိ စာအုပ်များအားလုံး ချာလပတ်ရမ်းနေသလိုပင်…. ခံစားရသည်…..။ ကျွန်မမျက်လုံးများသည် ကျွန်မမြတ်နိုးသော စာအုပ်လေးဆီသို့ ရောက်သွားသည်…။ ကျွန်မ ထိုစာအုပ်လေးမှ…. “ချစ်စကိုရှည်ပါလို့ မုန်းစကိုတိုစေသတည်း” ဟူသည့် စာမျက်နှာများအား ဆုတ်ဖြဲရန် ရွယ်မိလိုက်သည်….။ ကျွန်မ အမြင်အာရုံများ အားလုံးဝေဝါးလျှက်ရှိသည်….။

 

စာအုပ်လေးမှ စာမျက်နှာအချို့….. တဖြည်းဖြည်း စုတ်ပြဲစပြုလာသည်…. စာမျက်နှာများပေါ်သို့ ကျွန်မမျက်လုံးမှ မျက်ရည်စများသည်လည်း…. တစ်စက်…..နှစ်စက်… အစက်ပေါင်းများစွာ ကျရောက်လျှက်ရှိသည်။ စာမျက်နှာများ ဆုတ်ပြဲလာသည်မှာ တစ်ဝက်ပင်ရောက်ရှိလာ၏။ ကျွန်မမျက်လုံးများသည် ထိုဆောင်းပါး၏ တစ်နေရာမှ စာတစ်ကြောင်းအား ပြန်လည်အမှတ်ရသွားမိလိုက်သည်…။

 

“လူတစ်ယောက်ကို မုန်းဖို့ဆိုတာလွယ်ပါတယ်…. ချစ်ဖို့ပဲခက်တာ…ဒါကြောင့် ကျွန်မ သစ်ခက်စိမ်းပြောပြချင်တာက ချစ်စကိုရှည်ပြီး မုန်းစကိုတို… ကြပါလို့…. ကမ္ဘာကြီးဟာအချစ်ပဲလိုတာပါ… ချစ်တာပြသနာမရှိပါဘူး… အမုန်းသာ ဒုက္ခရောက်နိုင်တာပါ……”

 

ထိုစာသားသည်…. ကျွန်မအလွတ်ရနေသော စာသား…….. ထိုစာသားသည် ကျွန်မဘဝအစိတ်အပိုင်း တစ်ခုကို ပဲ့ကိုင်ခဲ့သောစာသား…. ကျွန်မချစ်ခဲ့ရသော ဆရာမတစ်ယောက်၏စာသား… သူမကြောင့်ပင် ကျွန်မ အမုန်းတွေရှည်နေပြီလား……… ချက်ချင်းပင် စာရွက်ကိုစုတ်ဖြဲနေရာမှ ရပ်တန့်မိလိုက်သည်….။ ကျွန်မမုန်းစကို ရှည်လိုက်မိပြီ….။ ကျွန်မမြတ်နိုးသော…စာ… ကျွန်မချစ်သော…ဆရာမ………။ ကျွန်မလက်ထဲတွင်… ကျွန်မအလွန်တရာချစ်မြတ်နိုးသောစာအုပ်လေးရှိနေသည်…..။

 

***                        ***                        ***

 

“သမီး………အလုပ်မသွားဘူးလား……”

 

အမေ့ကို ကျွန်မခေါင်းသာ ခါပြလိုက်သည်…။ ကျွန်မ စာအုပ်လေးကိုသာ ကြည့်နေမိတော့သည်……….။ ကျွန်မမြတ်နိုးသော……စာ……   ကျွန်မချစ်သော………။

 

****************************************************

 

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

3.9.2011

 

11:00 PM

new version

 

25.9.2012

3.50:PM

9 comments

  • Moe Z

    September 26, 2012 at 1:45 pm

    အူးလေးရေ ….
    ဒီဝထ္ထုလေးကို ဖတ်ဖူးတယ်ဗျ နည်းနည်းတောင်ကြာပြီ
    အဲဒီကတည်းက လူတွေအပြောနဲ့အလုပ်မညီတာကို ဖွဲ့ပြထားလို့သဘောကျပြီး မှတ်မိနေတာ
    ဘယ်မဂ္ဂဇင်းထဲပါခဲ့တာလဲဟင်င်င် ….

    • aung moethu

      September 26, 2012 at 1:47 pm

      အယ်…….ဒါဆိုရင်တောင် အနည်းငယ်ဆင်တာလား????? ကျတော် ဒီဝတ္တုကို ဘယ်မဂ္ဂဇင်းမှာမှ မထည့်ရသေးပါဘူးဗျ။ ဒါမှမဟုတ် ကျတော့်စာ အခိုးခံရတာလား။ ဘာပဲဖြစ်ဖြစ်လေ ကျတော့်မှာ Soft Copy တွေ သက်သေတွေရှိတာပဲ။ း))))

      • Moe Z

        September 26, 2012 at 1:58 pm

        ဆင်တာမဟုတ်ဘူးဗျ သစ်ခက်စိမ်းဆိုတဲ့ နာမည်ပါအတူတူပဲ
        ခက်တာက ဘယ်မှာဖတ်ဖူးတယ်ဆိုတာ ပြန်စဉ်းစားလို့မရတော့ဘူး 🙁
        စိတ်အနှောက်အယှက်ဖြစ်သွားရင် ဆောရီးပါနော ..

        • aung moethu

          September 26, 2012 at 2:02 pm

          အနှောင့်အယှက်တော့မဖြစ်ပါဘူး……..။ း) ဒီတဝတ္တုလေးကို ဆိုက်တော်တော်များများမှာ ကျတော်တင် ဖူးတယ် အဲသည်ကလည်း ဖတ်ဖူးရင် ဖတ်ဖူးမယ်ထင်လို့ပါ။ မဂ္ဂဇင်းကို ကျတော်မပို့တာတော့ အမှန်ပဲ ။

  • Mon Kit

    September 26, 2012 at 2:13 pm

    စာရေးဆရာမ သစ်ခက်စိမ်း……
    ဆံပင်ရှည်ရှည်နှင့် မြန်မာဆန်ဆန်လှပသူ…
    သို့သော်…..
    အဆင်းသာလှပြီး အချင်းမလှသူ…
    ကျီးအာသီးနှင့် တူသောသူ…… :om:

  • manawphyulay

    September 26, 2012 at 5:03 pm

    ဒီစာသားလေးတွေ ဖတ်ဖူးတာ အတော်ကြာနေပြီပဲ။ ဘယ်လိုပြောရမလဲ။ ဖတ်ရင်းနဲ့ကို မြင်ကွင်းကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ အဲဒီထဲက မှတ်သားထားတာ ခုပြန်ဖတ်တော့တယ်။ အရင်ဖတ်ခဲ့ရသလိုပဲ ခံစားမိတယ်။

  • မဟာရာဇာ အံစာတုံး

    September 26, 2012 at 9:17 pm

    ကျွန်ုပ်မှာ ဤပို့စ်အား ဖတ်ရှုနေစဉ်အတွင်း

    ကျွန်မအခန်းထဲသို့ ဝင်လိုက်စဉ်မှာပင်……..
    “ကိန်…ကိန်…..”

    … ဟူသည့် အနေရာအရောက်တွင် ..
    ဟိုလူဂျီးများအား သတိရလိုက်မိလေ၏ …..
    ကိန် .. ကိန် .. ဃိန် …
    :kwi:

  • မောင်ပေ

    September 26, 2012 at 9:52 pm

    အကြည်တော်ရေးခဲ့တဲ့ ဟားခလုတ် စာအုပ်ထဲက ခွေးမွေးသလို ၊ ပြန်မွေးကြည့်လိုက်ပါလား ဟင်

  • ထွန်း ပြောင်

    September 27, 2012 at 5:15 am

    ဒီလိုပါပဲဗျာ …
    စာရေးဆရာဆိုတိုင်းလဲ သူရေးတဲ့စာအတိုင်းလိုက်နာကျင့်ကြံနိုင်ကြတာမှ မဟုတ်ပဲလေ…
    ဥပမာဗျာ .. လူကကွန်မြူနစ်ဝါဒကျင့်သုံးပြီး ဒီမိုကရေစီ အကြောင်းရေးနေတဲ့
    ရေးတဲ့စာရေးဆရာလဲရှိတာပဲဗျ ..

Leave a Reply