စိတ်ဆိုးတော် မူကြမှာလားဟင်။

ဒီနေ့တော့ အလုပ်လေးလည်းနားရက်မို့ နေ့လည်နေ့ခင်း မိုးလေးကလည်း မရွာပေမယ့် အုံဆိုင်းနေတာမို့ လမ်းလျောက်ရရင် နေမပူ အေးအေးလူလူရှိမယ်ဆိုပြီး ဟိုရွာအပြင် ဇနပုပ်တဲလေးမှာ ကြယ်မြင်လမြင် နဲ့ တူနှစ်ကိုတိုင်းပြည်လို့တင်စားကာ နေခဲ့တဲ့စံအိမ်တော်လေးမှ ခင်ခတစ်ယောက် ကြက်ခြေနီတံဆိပ် စတစ် ကာကပ်ထားတဲ့ လက်ဆွဲတော် ကွန်ပျူတာလေးလက်မှာပိုက်ပြီး ဂဇက်ရွာထဲလမ်းလျောက်ထွက်ခဲ့ပေါ့ဗျာ။

ရွာလည်အစွန်လမ်းမအတိုင်း လျောက်လာခဲ့တာ ရွာလမ်းပေါ်မှာ ရွာသူရွာသားတွေကင်းလို့ လမ်းရှင်းနေပါ ပေါ့လား၊ အဲဒါနဲ့ စတင်တွေ့ရတဲ့ ဘောလုံးနည်းပြဆရာကြီးကိုပေ အိမ်ရှေ့ရောက်တော့ ဆရာပေတစ်ယောက် မျက်မှန် ကြီးတပ်လို့ Tebalet တစ်ခုနဲ့အလုပ်ရှုပ်နေတာမို့ လှမ်းလို့နုတ်ဆက်မိသေးဗျာ။

“ ဆရာကြီးပေ ဘာတွေများအလုပ်ရှုပ်နေတုံးဗျ´´ တပ်ထားတဲ့မျက်မှန်ကြီး လက်ကလေးနဲ့ပင့်တင်ပြီး

“ ဟာ ကိုခကြီးပါလား ထုံးစံအတိုင်း ပွဲစဉ်တွေကို အမြဲဆင်လို့ အကဲဖြတ်ပေး လက်မနှေးပေါ့ဗျာ´´

“ ရွာထဲလမ်းသလားမလို့ လိုက်အုံးမလားဗျ´´ လို့ဖိတ်ခေါ်တော့ ဆရာကြီးပေက

“ သွားနှင့်ဗျာ ကိုခကြီးရေ ပွဲလေးတွေဆင်နေလို့ပါ နောက်မှဘဲ´´ ဆိုတာနဲ့ ဆက်လျောက်လာခဲ့ပါရော။

အဲ နောက်ကအပြေးအလွှားလာနေလို့ ကြည့်လိုက်တော့ ကို the best မို့ လှမ်းမေးနုတ်ဆက်မိသေး

“ အပြေးအလွှားနဲ့ ဘယ်ကိုလဲဗျ ကို the best ´´ ဆိုပေမယ့် အပြေးတော့မရပ်ဘဲ အော်လို့ပြောသွားတာက

အရေးပေါ်လှေကားက ဂဟေဆက်ပြုတ်ပြီး လူတစ်ယောက်ကျတယ်ကြားလို့ဗျာ´´ ဘယ်မှာလဲမေးတာ တောင်မကြားလောက်တော့ဘူး အပြေးကလည်းမြန်သဗျ။ ဒါနဲ့ဘဲ ဘယ်လိုက်ရမှန်းမသိလို ရှေ့ကလမ်းခွဲလေး မှာချိုးကွေ့ အန်တီမမတို့ အိမ်ရှေ့ဆိုင်းဘုတ်ထောင်ထားတာတွေ့လို ခဏရပ်ဖတ်လိုက်တယ် ရေးထားတာက စိန်ရတုအခမဲ့စာရင်းကိုင်သင်တန်း တက်လိုလျှင်ဆက်သွယ်ပါဆိုလို့ စပ်စုအုံးမှဆိုပြီး အိမ်ထဲလှမ်းကြည့်တော့ လူရိပ်လူကဲမတွေ့တာမို့ ရပ်နေတုံး မျက်နှာချင်းဆိုင်အိမ်က မအိကနေ လှမ်းပြီး- “ ဟေ့ ဦးခင်ခကြီး ဘာတွေ လှမ်းချောင်းနေတာလဲ ´´ ဆိုလို့ နောက်လှည့်ပြီး “ တိုးတိုးအော်ပါ မအိရယ် တော်ကြာ တခြားလူကြားလို့ ပြေးပေါက်မှားနေပါအုံးမယ်၊ အပျင်းပြေ လမ်း လျှောက်ထွက် လာရင် စာရင်းကိုင်သင်တန်းဆိုင်းဘုတ်တွေ့လို အန်တီမမ ကို စပ်စုမေးမလို့ပါ´´

“ အော် အဲလိုလား၊ အန်တီမမ ရွာလည်ကသူကြီးအိမ်သွားတယ်နဲ့ တူတယ် ခုလိုနေခင်းဘက်ဆို ရွာအကဲ ဖြတ်လူကြီးတွေစုပြီး လဘက်စား ရေနွေးကြမ်းသောက် စကားဝိုင်းဖွဲ့တတ်ကြတယ်လေ လာပါအုံး ထိုင်အုံး လေ´´ ဆိုတော့မှ အိမ်ထဲကြည့်မိလိုက်တယ်ဆိုရင်ဘဲ ခင်ခတစ်ယောက်အံအော်သွားတယ်၊ ရှမ်းပြည်တောင် ပိုင်းနှင့် ကလောအလှ ဓာတ်ပုံပြခန်းဆိုပါလား၊ ဒါနဲ့ဘဲ ဓာတ်ပုံပြခန်းထဲ ၀င်ပြီး အလှပုံတွေကြည့်နေစဉ်မှာဘဲ ပုဂံလေးကိုင်ကာ ပြန်ထွက်လာလို့ “ ဦးခင်ခ သုံးဆောင်ပါအုံး မအိလက်ရာ ပေါင်မုန့်ပူတင်းလေ´´  ဆိုပြီး ပေးတော့ ဓာတ်ပုံအလှပြခန်းမှာရှိ ဆက်တီမှာထိုင်ပြီး ခင်ခလည်း စားရတာပေါ့၊ စားရင်းနဲ့ ခြံရှေ့မှာ ပန်းပွင့်နေ တာတွေ့လို “မအိရေ အဲဒါဘာပင်လဲဗျ၊ တစ်ခါမှမတွေ့ဘူး´´ ဆိုတော့ မအိက “ အဲဒါ သဇင်နီပန်းလေ´´ ဆိုပြီး သဇင်နီပန်းအကြောင်းရှင်းပြပေးတာ ပူတင်းလေးစားလို့ နားထောင်လိုက်ပေါ့။ ဒါနဲ့ဘဲ ခဏကြာတော့  “ ပူတင်းက စားလို့လည်းကောင်း၊ သဇင်နီပန်း အကြောင်းလဲ ဗဟုသုတအဖြစ် ကျေးဇူးဘဲ မအိရေ လမ်း သလားလိုက်အုံးမယ်´´ ဆိုပြီး နုတ်ဆက်လို့ဆက်ထွက်လာ တော့ ကိုကြောင်ဝတုတ် တယောက် ဆေးလိပ် ကြီးတဖွာဖွာနဲ့ အိမ်ရှေ့ကွပ်ပစ်မှာ ဂဏန်းပေါင်းစက်တစ်လုံးနဲ့ စာရွက်တွေကြား အလုပ်ရှုပ်နေတာ လှမ်းတွေ့ပါ ရော တစ်ခါတစ်လည်း ခေါင်းကိုကုတ်လိုက် ဆံပင်သပ်လိုက်နဲ့ မို့ “ ကိုကြောင်ဝတုတ် ဘာတွေ များ အသဲ အသန်တွက်ချက်ကောင်းနေတာလဲဗျ စိတ်ပြေလက်ပျောက် ကျွန်တော်နဲ့လမ်းလျှောက်လိုက်ခဲ့ပါလား ´´ ဆို လိုက်တော့ ကိုကြောင်ကြီးက “ ဆယ့်လေးသိန်းအလွန်အခွန် ဆောင်ရမယ်ဆိုလို့ ရတဲ့ငွေနဲ့ ဘယ် လောက် ဆောင်ရမလဲ တွက်နေတာဗျို့ အခုတော့ မလိုက်နိုင် သေးဘူး အကိုရေ´´ ဆိုလို ရှေ့နားလှမ်း မျော် ကြည့် လိုက်တော့ ဘယ်တုန်းကဖွင့်လိုက်လဲမသိ ရွာထဲလမ်း မသလားဖြစ်တာ ကြာတဲ့အချိန်မှာ ကြီးကျယ် လိုက်တဲ့ စာအုပ်ဆိုင်ကြီးပါလားလို့ အနီးနားရောက်မှ စာအုပ်ဆိုင်အမည်ကိုသေချာ ဖတ်မိတာ ရွှေအိမ်စည်စာအုပ်စင် မှာ သင်လိုချင်တာရွှေးလို့ဝယ်ယူနိုင်သော ဘုတ်ဘူးဖေး စာအုပ်ဈေးရောင်းပွဲ တော်ဆိုဘဲ၊ ကိုရွှေအိမ်စည်တို့များ များစွာသောစာအုပ်တွေစုဆောင်းပြီး ဆိုင်ဖွင့်ထားတာအံချက်ပါဘဲဗျာ။ အထဲမှာလည်း ရွာသူရွာသားလေး ငါး ယောက်လောက် ၀ယ်နေကြတာတွေ့ရလို့ ကျန်းမာရေးဆိုင်ရာစာအုပ်လေးတွေ ၀င်ရွှေးဝယ်လိုက်အုံးမယ်လို့ ဆိုင်ထဲဝင်မယ်လုပ်တုန်း နောက်ကနေပြီးတော့ ခေါ်ပြောလိုက်တာက  “ကိုခင်ခ ဘာတွေဝယ်အုံးမလို့လဲဗျ´´ အမေးရှိလို့ ကြည့်လိုက်တော့ ကိုဆာမိ ဖြစ်နေတာနဲ့“ ဘယ်လဲဗျ၊ ကိုဆာမိရဲ့´´ ဆိုတော့“ ဟိုဘက်လမ်း ကျောင်းနားမှာ ဖွင့်ထားတဲ့ ရွာဈေးတန်းမုန့်ဆိုင်တွေဆီလေ၊ ကလေး တွေအတွက် မုန့်သွားဝယ်မလို့ဗျာ´´ ကိုဆာမိပြောလို့၊ ခင်ခလည်းအံအော်စွာနဲ့ “ရွာမုန့်ဈေးတန်းမုန့်ဆိုင် ဟုတ်လား၊ ကျွန်တော်တစ်ခါမှမရောက် ဖူးဘူးဗျ ရောက်ဖူးတယ်ရှိအောင် လိုက်ခဲ့အုံးမှဘဲ´´ ဒါနဲ့ဘဲ ကိုဆာမိက “ဒါဆိုလာလေ၊ အတူတူသွားကြ တာပေါ့၊ စာအုပ်နောက်မှအေးဆေးလာ ၀ယ်ပေါ့ဗျာ´´ ဆိုလို ကိုရွှေအိမ်စည်ကို “နောက်မှဘဲ အေးဆေး စာအုပ် တွေလာရွှေးဝယ်တော့မယ်ဗျာ၊ အခုတော့ အဖော်ကောင်းတုန်းလိုက်သွား လိုက်အုံးမယ်´´ နုတ်ဆက်ပြီး ကိုဆာမိနဲ့ နှစ်ယောက်သား လမ်းလျှောက်လာရင်းစကားဖောင်ဖွဲ့ပေါ့ဗျာ။

“ ကိုခင်ခ ရှေ့ရွာလယ်လမ်းဆုံက သူကြီးအိမ်ရှေ့ကတော့ ဖြတ်ရမှာဗျ´´ ကိုဆာမိကဆိုတော့ “ အင်းလေ ဒီလမ်းကသွားရမှာ ဆိုတော့ဖြတ်ရမှာပေါ့ဘာဖြစ်လို့လဲ ကိုဆာမိကလည်း´´ အဲဒီမှာ ကိုဆာမိက “ ဒီလိုရုံး ပိတ်ရက်နေ့လည်ခင်းဆို သူကြီးအိမ်ရှေ့ခုံတန်းမှာ ရွာအကဲဖြတ်အဖွဲ့တွေ စကားဝိုင်းရှိတယ်လေ ကိုခင်ခ မသိဘူးလား´´ ကျွန်တော်က “ ခုနတော့ မအိနဲ့တွေ့လို့တော့ပြောသား ဘာဖြစ်လို့လဲ´´ “ ကိုခင်က ကလည်းအခုရွာထဲမှာ ယောကျာ်းလေးတွေဆို ရေလဲပုဆိုးတို့၊ ပုဆိုးဖင်ပေါက်တို့၊ သရုပ်ပျက်တာ မဟုတ်ဘဲ အခုကိုခင်ခ ၀တ်လာသလို ဘောင်ဘီတိုကွာတားနဲ့ တီရှပ်လက်ပြတ်မျိုးတို့လိုမျိုး၊ မိန်းကလေးတွေဆို လည်း စကတ်တို၊ လက်ပြတ်အင်္ကျီ၊ အပေါ်ပိုင်းမပါ ရင်ရှားလိုလို ဒီဇိုင်းမျိုးတွေဝတ်ပြီး ရွာအကဲဖြတ်အဖွဲ့ရှေ့ ကို ဖြတ်မသွားရဲကြဘူးလေ၊ အကဲဖြတ်အမှတ်ပေးနေတာ အမှတ်တွေရော့မပေါ့ အခုရွာထဲခေတ်စားနေတာ အမျိုးသမီးတွေဆို သုတထိုင်းမသိမ်းနဲ့ ရသချိတ်ထမီ်၊ အမျိုးသားတွေဆို သုတရှပ်အင်္ကျီနဲ့ ရသပိုးပုဆိုး လေ၊ အဲလိုမှမ၀တ်ဖြစ်ရင်တောင် ရွာအကဲခတ်လူကြီးတွေမျက်စိမနှောက်အောင် ၀တ်ရတယ်လေ´´ အဲဒီမှဘဲ ခင်ခလည်းကိုယ်ဝတ်ခဲ့တဲ့ ပြန်ငုံကကြည့်ပြီး “ သြော် ကိုဆာမိပြောမှ သတိရတယ်ဗျာ ဇန်နာဝါရီဆုပေးပွဲ အတွက် အကဲဖြတ်စနစ်ရှိနေတာမို့ ဟိုအရင်တုန်းကလို ကိုယ်ဝတ်ချင်သလို ကိုယ်နေချင်သလို ထက်စာရင် ရသ၊ သုတ ၀တ်စားဆင်ယင်မှု့တွေကို စောင်းပေးလာကြတယ်ဆိုတာလေ၊ ကျွန်တော်မှာက ကောင်းကောင်း ကန်းကန်း ရသရှပ်အင်္ကျီ မရှိတော့ ခက်သပေါ့ဗျာ၊ ၀တ်လာပြီးမှတော့ မတတ်နိုင်ဘူးဗျာ ခပ်ရို့ရို့လေးဖြတ်သွား ကြတာပေါ့´´ ဆိုပြီးနှစ်ယောက်သား သူကြီးအိမ်ရှေ့အဖြတ်မှာဘဲ ခေါ်လိုက်တဲ့အသံတစ်ခု ကြားလိုက်တာမို့ နှစ်ယောက်သားမျက်နှာချင်းဆိုင် အကြည့်မှာ ကိုဆာမိမျက်နှာက ဘယ်လိုလဲဆိုတဲ့ အမူအရာပါနေတယ်လို့ ခံစားမိလိုက်တယ်၊ ကိုပေါက်ရဲ့ “ ကိုဆာမိနဲ့ ကိုခ ဘယ်လဲဗျ၊ လာအုံးလေ ရေနွေးကြမ်းသောက်ပါအုံး´´ ခေါ်သံပါ၊ ဒါနဲ့ဘဲ သူကြီးအိမ်ဝင်းထဲ ခပ်ရို့ရို့လေး ၀င်သွားပေါ့၊ ရွာလူကြီးတွေဆိုတော့ လမ်းပေါ်က အော်ပြီး ပြောလို့မတင့်တယ်ဘူးလေ၊ အနီးနားရောက်မှ “ လမ်းလျှောက်ထွက်လာရင်း ကိုဆာမိနဲ့ လမ်းမှာဆုံလို့ ရွာမုန့်ဈေးတန်းဘက် မရောက်ဘူးသေးလို့ သွားမလို့ပါ ´´ ဆိုပြီးပြောတော့ အရီးခင်လတ်က “ ကိုခင်ခ တွေ့တာနဲ့ အတော်ဘဲ သိချင်တာလေးတစ်ခုမေးလိုက်အုံးမယ် ´´ ကျွန်တော်က “ ဟုတ်ကဲ့ မေးပါပေါ့ ´´ ဒါနဲ့ဘဲ အရီးက “ အခုကျမတို့ လဘက်ထဲ ကြက်သွန်ဖြူထဲ့စားတာ ဘာများကောင်းလဲလို့ သိချင်တာ´´ လိုဆိုတော့ လူကြီးတွေထိုင်နေတဲ့ ရှေ့ကစားပွဲပေါ် ခင်ခရဲ့ ကြက်ခြေနီတံဆိပ် ကွန်ပျူတာကိုချပြီး ဖွင့်ကြည့်ကာ ကြက်သွန်ဖြူနဲ့ ကျန်းမာရေးဆက်ဆပ်ပုံကို ရှာပြီးရှင်းပြပြောပြပေါ့ ဒါနဲ့ဘဲ အရီးလည်းကျေနပ်ပြီး “ ကဲ ကဲ သွားစရာရှိတာ သွားလေ´´ ဆိုတော့မှ ကြက်ခြေနီစတစ်ကာနဲ့ ကွန်ပျူတာလေးပိုက်ပြီး ဖြေးညင်းစွာ သူကြီး အိမ်ကထွက်လို့ ဆက်လျှောက်ခဲ့ကြတာပေါ့ဗျာ။

အဲဒီသူကြီးအိမ်က အလွန် မောင်မိုးညို အိမ်ရှေ့ဖြတ်တော့ မောင်မိုးညိုတစ်ယောက် သတင်းစာတွေအထပ် လိုက်ချပြီး ပြည်သူလွှတ်တော်ဘယ်လဲ သိရအောင် သတင်းစာ တစ်စောင်ပြီးတစ်စောင် မွှေနှောက်ဖတ်နေလေ ရဲ့၊ အဲဒီက ဆက်လျှောက်မိတော့ လုံမလေးမွန်မွန် အိမ်ရှေ့အဖြတ်မှာ မွန်မွန်က“လေးလေးခ ဘယ်လဲ´´ လှမ်းမေးလို့ “လာ လိုက်မလား ရွာမုန့်တန်းဘက်ကို´´ လို့ဆိုတော့ “လေးလေးခ က ၀ယ်ကျွေးမှာလား´´ ဆိုလို့ “ ကျွေးပါတယ်ဗျာ လိုက်ခဲ့လေ´´ ဆိုတော့ လက်ထဲရေးလက်စ စာရွက်တွေကို သိမ်းပြီးလိုက်ခဲ့တယ်၊ ဒါနဲ့ဘဲ စပ်စုပြီးမေးကြည့်မိသေးတယ် “သမီးဘာတွေ ရေးနေတာလဲ ကြိုးစားပန်းစား´´ ဆိုတော့ မွန်မွန်က “မောဟမျဉ်းပြီုင်နှစ်ကြောင်း၏ရာဇ၀င် ဆက်ရေးနေတာပါ ´´တဲ့။ အဲဒီကနေ ဆက်လျှောက်လာတော့ ကိုထွန်းဝေ တစ်ယောက်စာအိတ်လေးကိုင်ပြီး မျက်နှာချင်းဆိုင်က လျှောက်လာတာတွေ့လို့ “ ကိုထွန်းဝေ ဘယ်လဲဗျ´´ လို့ စကားစတော့  ပြန်ပြီးဖြေရင်းဆက်လျှောက်သွားတာက “ ချစ်ဇနီးမြရင်သို့ပေးစာ လေး ရွာစာတိုက်က ပို့မလို့ပါဗျာ´´ တဲ့။ ဒီလိုနဲ့ဘဲ ရွာဈေးတန်းကိုရောက်ပြီဆိုတာနဲ့ ခင်ခတစ်ယောက် အလွန် အံအော်မိသပေါ့ ဗျာ၊ “ ကိုဆာမိ အခုလို ဆည်ကားပြီးရှိနေတာ ကျွန်တော်မသိဘူးဗျာ၊ ဈေးဆိုင်တွေလည်း စုံလို့ ရွာထဲက လူတွေလည်း အပြင်လမ်း မသလားဘဲ ဒီမှာလာစုနေကြတာကိုး´´ “ ဟုတ်တယ် ကိုခင်ခရဲ့ ဖွင့်ကြတာတော့ မကြာသေးပါဘူးလေ ကဲ ကိုခင်ခ ဘာစားမလဲရွေးဗျာ ကျွန်တော်ကတော့ ကလေးတွေက အတွက် အရင်ဝယ်လိုက်အုံးမယ်၊ ပြီးလာခဲ့မယ် ဆိုပြီး သူ့ကလေးတွေအတွက် ၀ယ်ရမယ့်မုန့်ဆိုင်  သို့သွား တော့ “ကဲ လုံမလေး သမီး ဘာစားမှာလဲ´´“ လေးလေးခရော၊ သမီးကတော့ဖက်ထုပ်စားမယ်´´ ဆိုလို့ မအိတုံရဲ့ ကော်ရည်ခေါက်ဆွဲ၊ ဖက်ထုပ် ဆိုင်ဝင်ထိုင်ပြီး ကော်ရည်တစ်ပွဲ၊ ဖက်ထုပ်တစ်ပွဲ မှာလိုက်ကာဈေးတန်း ကို လိုက်ကြည့်လိုင်တော့ ဖွင့်ထားတဲ့ဆိုင်တွေက-

မအိတုံရဲ့ ကော်ရည်ခေါက်ဆွဲ၊ ဖက်ထုပ်

မနိုဗွီရဲ့ ကြက်ပဲဟင်း၊ ကျောက်ပွင့်သုတ် နဲ့ အော်ကွေ့ကြည်

မဝေက ရွှေဖရုံသီးဟင်းချို၊ ငါးဆန်လှော်ဟင်း၊ ရခိုင်မျှစ်စပ်ဟင်း၊ ဂေါ်ရခါးသီးကြော်၊ တို့ဟူးကြော် နဲ့ အော်ကေ့ကြည်

မမေဖလားဝါးရဲ့ ကင်ချီထမင်းသုတ် နဲ့ မွန် မျှစ်ချဉ်ပေါက်ဟင်း နှင့် ငါးပိထောင်းစပ်လေး ၊ ငါး ဖက်ဖယ်ရွက် ချဉ်စပ်ဟင်း နဲ့ သင်္ဘောသီးထောင်း ။ မမေဖလားဝါးက သူဆိုင်မှာ Ninh Binh ခရီးစဉ် ဓာတ်ပုံအလှများကို ချိတ်ဆွဲပြီး ဆိုင်ကို တန်းဆာဆင်ထားတာတွေ့ရတယ်လေ။

ဒဿဖွတ်ကျားကတော့ ဖဿအချိုရည် ဆိုပြီးဆိုင်ဖွင့်သလို၊

အဲ ဈေးတန်းရဲ့ အတွင်းဘက်မှာတော့

ကိုအောင်မိုးသူရဲ့ အချစ်နဲ့ဝိုင်တစ်ခွက် ဆိုပြီးဆိုင်းဘုတ်နဲ့ ၀ိုင် ရောင်းနေပြီး၊

မဟာအံစာတုံးက မည်သူမှ ဘီးအီးမသောက်ရ ဆိုတဲ့ဆိုင်းဘုတ်နဲ့ ပြည်တွင်း၊ နိုင်ငံခြား အရက်အစုံ ရောင်း တဲ့ဆိုင်။

ကို the best က ဘီယာသောက်ပါ ဆိုပြီး ဆိုင်ဘုတ်လေးတပ်လို့ စည်ဘီယာ ဆိုင်ဖွင့်ထားတာတွေ့ရပြီး ကိုသုဝေ တစ်ယောက်ကတော့ အဲဒီဆိုင်မှာ မိန်းမနဲ့အမေ ဘာကွာလဲ ထိုင်ကာ အဖြေရှာနေလေရဲ့။

ဒါနဲ့ဘဲ မအိတုံရဲ့ ကော်ရည် နဲ့ ဖက်ထုပ် ပြုလုပ်ပြီး လာပို့တာနဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ ကော်ရည်ကိုစားရင်း၊ မွန်မွန်ကတော့ ဖက်ထုပ်စားကာ မအိတုံလည်း အနီးနားလာထိုင်လို့ မနိုဗွီဆိုင်မှာ ကြက်ပဲဟင်းနဲ့ ထမင်းစား ပြီးတဲ့ ကိုဖိုးထောင် နဲ့ ကိုဖရဲ လည်းရောက်လာပြီးလာစုကာ အရင်ရောက်နှင့်နေပြီး မဝေဆိုင်က ဂေါ်ရခါးသီး ကြော်ပွဲလေးယူလို့ ရောက်လာတဲ့ မရွှေကြည် အဲလိုနဲ့ လူစုံလေးဖြစ်ပြီး ရောက်တတ်ရာရာ စကားဝိုင်းလေး စည်ကား နေပေါ့၊ ကိုဆာမိတစ်ယောက်ကတော့ သူကလေးတွေအတွက် မနိုဗွီဆီက အော်ကေ့ကြည်၊ မဝေဆီ က တို့ဘူး ကြော်ဝယ်လို့ “ ကိုခင်ခရေ ကလေးတွေမျော်နေတော့မယ် လစ်ပြီးဗျို့ ´´ ဆိုပြီး သုတ်ခြေတင် သွား လေရဲ့၊ ဒီလိုနဲ့ဘဲ စားသောက်လို့ပြီး၊ စကားလေးတွေလည်း ဖောင်ဖွဲ့ပြောကြတာ အတော်ကြာလာလို့ “အားလုံးဘဲ ခွင့်ပြုပါအုံးလို့´´ဆိုတော့မွန်မွန်က “သမီးဆက်နေလိုက်အုံးမယ် လေးလေးခ´´ဆိုတာနဲ့ မဒမ်ခင်ခ အတွက် မေဖလားဝါးဆီက ကင်ချီထမင်းသုတ်နဲ့ မနိုဗွီဆီက ကျောက်ပွင့်သုတ်လေး ပါဆယ်ဝယ်ပြီး ရွာဈေးဆိုင်တန်းလေးကအထွက် မအိတုံက “ အန်ကယ် ပါဆယ်လေး မဒမ်ခင်ခ ပေးရင်း ချစ်တယ်ပြောဖို့ မမေ့နဲ့ အုံးနော်´´ လို့လှမ်းပြောတာလေးတော့ ကြားလိုက်မိတယ်လေ။

အဲလိုနဲ့ အိမ်အပြန်လမ်းမှာ ကိုအလင်းဆက်တစ်ယောက် အိမ်ရှေ့မြေကွက်လေးမှာ ကလေးငယ်လေးတွေကို ကကြီး ခခွေး သင်ပေးနေတာ ကျွန်တော်ဖြတ်သွားတော့ “ ထ´´ ကိုသေချာသင်နေတာတွေ့ခဲ့ရတယ်လေ၊ မမယ်ပု တစ်ယောက် ဟိုတလောကတော့ ရွာထဲကကြားတာ ALLergy ဖြစ်လို့မို့ ၀င်ပြီးမေးမလို့ မမယ်ပု အိမ်ရှေ့ ရောက်တော့ အိမ်တံခါးပိတ်ထားတာတွေ့ရတာမို့ မ၀င်ဖြစ်ခဲ့ဘဲ ဆက်လှမ်းကာလျှောက်ခဲ့တာ ခင်ခနေ ထိုင်ရာ ဟိုရွာအပြင် စနပုပ်တဲလေးဆီကိုပေါ့လေ။

အခုတလောဖတ်ခဲ့မိတဲ့ ပိုစ့်လေးတွေကိုစဉ်းစားမိရင်း ပိုစ့်ခေါင်းစဉ်လေးတွေကို အတွေးနယ်ချဲ့ကာ ရေးမိရေးရာ ရေးလိုက်မိခြင်းအတွက် ပိုစ့်ပိုင်ရှင်များ အမည်နာမများသုံးစွဲရေးမိသော ရွာသူရွာသားများခင်ဗျာ ခွင့်ပြုချက် မယူမိ ဘဲရေးလိုက်မိခြင်းအတွက် ခင်ခမှ အနူးအညွတ်တောင်းသလို အခုလိုရေးမိတာကိုလည်း သက်ဆိုင်ရာ ရွာသူရွာသားများ  စိတ်ဆိုးတော် မူကြမှာလားဟင်။

ဖတ်ရှု့အားပေးခြင်းအတွက်ကျေးဇူးပါ။

ကိုခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..