လူကြီးလူကောင်း မောင်ဝါဝါ
– သူရဿဝါ –

တကယ်က မောင်ဝါဝါက ကြီးကျယ်တယ်။ လူကသာ ဘာမှမဟုတ်တာ … သိပ် ကြီးကြီး ကျယ်ကျယ် ပြောတတ်၊ လုပ်တတ်တယ်။ ငယ်ငယ် ကတည်းက သူ့ကို အရေးပေး အရာလုပ်ရင် မောင်ဝါဝါက အရမ်း ကျေနပ်ပြီး ပြုံးပြုံးကြီး လုပ်နေ တတ်တယ်။ ကိုယ့် အပြုံးကိုလည်း ကိုယ့်ဟာကိုယ် ကြီးကြီး ကျယ်ကျယ် နာမည် ပြန်ပေး ထားသေးတယ်။ Big Smile တဲ့။ Big Smile ဆိုတာ ဘာလဲလို့ မေးရင်လည်း “အပြုံး ထွားထွားကြီး” ပေါ့ဗျလို့ ပြန်ဖြေ တတ်တယ်။ မျက်နှာကြီး မော့ပြီး ဂုဏ်ယူ ဝံ့ကြွားတဲ့ အသံနဲ့ပေါ့။

ဒါပေမယ့် မောင်ဝါဝါက ကံဆိုး ပါတယ်။ သူ အသက် အရွယ် ရလာတော့ သူဖြစ်ချင်သလို လူတွေက သူ့ကို အရေးတယူ လုပ်ပြီး တစ်ချိန်လုံး မြှောက်ပင့် ပြောဆို နေစေမယ့် အခွင့်အရေးမျိုး မရရှာဘူး။ သူပေါင်းသင်းတဲ့ သူငယ်ချင်းတွေ ကြားထဲ မှာလည်း မောင်ဝါဝါက သိပ်ပြီး ထင်ပေါ်တဲ့သူ မဟုတ် … သူလို ကိုယ်လိုပဲ။ ပိုဆိုးတာ သူ ပေါင်းတဲ့ အပေါင်း အသင်း တွေက ကွန်ပျူတာ သမားတွေ။ ဒီတော့ သူ့ထက်တောင် အကုန်လုံးက ပိုသိ ပိုတတ် ဆိုတော့ မောင်ဝါဝါမှာ ပ,စားပေး မခံရ တဲ့အပြင် တစ်ခါတလေ မသိတာ မေးမိရင် သူငယ်ချင်း တွေက စ,နောက်ပြီး တော့တောင် နှိမ်သလို ပြောကြ သေးတယ်။ သူ အလုပ် လုပ်တဲ့ ရုံးမှာလည်း မောင်ဝါဝါက ရိုးရိုး အောက်ခြေ ဝန်ထမ်းပဲ ဆိုတော့ သူ့ကို ဆရာ ခေါ်မယ့်လူ မရှိ၊ သူက ဆရာ ခေါ်ရတဲ့ လူသာ များတယ်။

လူတွေက အရေးအရာ ပေး၊ သူတို့ရဲ့ အထက်မှာ ထားပြီး တရိုတသေနဲ့ “ဆရာ” ခေါ်ရတဲ့ လူတွေ ဘာတွေကို မြင်ရင် မောင်ဝါဝါ သိပ်အားကျ တာပဲ။ မြန်မာ စာတန်းထိုး နိုင်ငံခြား ကားတွေ ကြည့်မိတဲ့ အခါ အဲဒီ ကားထဲမှာ ရာထူးကြီးကြီး လူတွေကို “လူကြီးမင်း” ဆိုတဲ့ အသုံးအနှုန်း မျိုးနဲ့ ဘာသာပြန် တဲ့အခါ မောင်ဝါဝါ မျက်လုံးကြီးတွေ တလက်လက် တောက်ပြီး အားကျ နေတတ်တယ်။ ငယ်ငယ် တုန်းကလို Big Smile ကြီးနဲ့ တီဗီကို စိုက် စိုက်ကြည့် နေတာများ အဲဒီ ကားထဲက “လူကြီးမင်း” နေရာကို သူကိုယ်တိုင်ပဲ ရောက်နေ သလိုလို။ ဒီလိုနဲ့ တစ်နေ့တော့ မောင်ဝါဝါ ဖြစ်ချင်တဲ့ ကိစ္စ တချို့ သူ့သူငယ်ချင်း တွေကို အမှီပြုပြီး ဖြစ်ခွင့် ရလိုက်တယ်။ အဲဒီ နေ့က မောင်ဝါဝါ သိပ် ကျေနပ် တာပဲ။

နိုင်ငံခြားက ပြန်ရောက် လာတဲ့ သူငယ်ချင်း တစ်ယောက်က သူပြန်ရောက်တဲ့ အထိမ်း အမှတ် အနေနဲ့ မောင်ဝါဝါတို့ သူငယ်ချင်း အုပ်စုကို ပြုစုမယ် ဆိုပြီး နေရာစုံ လျှောက်ခေါ် သွားတဲ့ ညနေပေါ့။ ညစာ စားပွဲ သောက်ပွဲနဲ့ တည့်ခင်း ဧည့်ခံမယ် ဆိုပြီးတော့ မောင်ဝါဝါတို့ တစ်သိုက်ကို အဆင့် အတန်း မြင့်ပြီး ဈေးကြီးတဲ့ ဟိုတယ်လ်ကြီး တစ်ခုကို ခေါ်သွားတယ်။ အဝင်ပေါက် ရောက်ကတည်းက ဧည့်ကြို ကောင်လေး တွေက ခေါင်းလေးတွေ ငုံ့၊ မျက်နှာ လေးတွေ ပြုံးပြီး တရိုတသေနဲ့ မောင်ဝါဝါတို့ တစ်ယောက်ချင်းကို “မင်္ဂလာပါ ခင်ဗျာ၊ အထဲကို ကြွပါ” ဘာညာနဲ့ လောကွတ်ပြု ကြိုဆို ကြတယ်။ အစား အသောက်တွေ မှာတော့လည်း ဝိတ်တာ ကောင်လေးက မောင်ဝါဝါတို့ တစ်ယောက် ချင်းကို ရိုရို သေသေနဲ့ “လူကြီးမင်း .. ဘာသုံးဆောင် ပါမလဲ ခင်ဗျာ” ဆိုပြီး အရို အသေပေး မေးတော့ တာပေါ့။ အို … တစ်သက်နဲ့ တစ်ကိုယ် “လူကြီးမင်း” အခေါ် မခံရ စဖူး အခေါ်ခံ ရတော့ မောင်ဝါဝါမှာ ကျေနပ် နေတဲ့ မျက်နှာကြီးကို ထားစရာ နေရာ မရှိဘူး .. ဖြစ်နေတာ။ အလှူ့ လက်ဖက်နဲ့ မျက်နှာ လုပ်ပြီး ပြုံးပြုံးကြီး ဖြစ်နေတဲ့ မောင်ဝါဝါ ကတော့ မသိရင် ဒီနေ့ပွဲကို သူပဲ အကုန် အကျခံ ကျွေးတယ် ထင်ရ လောက်အောင် ချီထား လိုက်တဲ့ မျက်နှာကြီး နဲ့ပေါ့။

စားသောက်လို့ ပြီးကြတော့ သီချင်း ဆိုချင်တယ် ဆိုတဲ့ သူငယ်ချင်း အားလုံးရဲ့ တောင်းဆိုမှုကြောင့် ဒကာခံတဲ့ သူငယ်ချင်း က မောင်ဝါဝါတို့ တစ်သိုက် လုံးကို ကေတီဗီ တစ်ခုဆီ ခေါ်ချ သွားပြန်တယ်။ အဲဒီ ရောက်တော့လည်း ဒီလိုပဲ .. ဝန်ထမ်း ကောင်လေး တွေက မောင်ဝါဝါတို့ တွေကို “ဆရာ .. မင်္ဂလာပါ” “ဆရာ .. ဘယ်အခန်း ယူမလဲ” စသဖြင့် ဆရာချင်း ထပ်နေအောင် ခေါ်ကြတာ တွေ့ရ ပြန်ရော။ အဲဒီနေ့ ညပြီးတော့ နောက်နှစ်ရက်လောက် နေတဲ့ အထိ မောင်ဝါဝါမှာ သူ့ရဲ့ ကျေနပ် နေတဲ့ မျက်နှာကြီးကို ဖျောက်လို့ မရဘူး။ တော်တော် ရယ်ရတဲ့ မောင်ဝါဝါ ပါပဲ။

“လူကြီးမင်း” ခဏ ခဏ အခေါ်ခံ ရအောင် အဲဒီ ဟိုတယ်လ်မှာ ခဏ ခဏ သွားစားရ ကောင်းမလား မောင်ဝါဝါ စဉ်းစားမိ ပေမယ့် မောင်ဝါဝါက ပိုက်ဆံ သိပ်ပြီး တတ်နိုင် တဲ့လူ မဟုတ်တော့ ဒီအကြံ အစည်ကို လက်လျှော့ လိုက်ရတယ်။ အို .. ဆရာ အခေါ် ခံရလည်း မနည်းပါဘူး တွေးပြီးတော့ အဲ့ဒီညက သွားတဲ့ ကေတီဗီ ကိုတော့ ခဏ ခဏ သွားပြီး သီချင်း ဆိုဖြစ် သေးတယ်။ ဒါပေမယ့်လည်း တစ်ခါသွားရင် ရှစ်ထောင်၊ တစ်သောင်းက အနည်းဆုံး ဆိုတော့ မောင်ဝါဝါ လည်း ရေရှည် ဘယ်ခံနိုင် မလဲ။ မောင်ဝါဝါ့ အကြောင်းကို သိတဲ့ သူငယ်ချင်း တွေက ဝိုင်းပြီး စကြ တာလည်း ပါတာပေါ့။ မောင်ဝါဝါ နည်းနည်းတော့ ငြိမ်သွားတယ်။ ပိုပြီး ထူးခြား တာက အဲဒီ နေ့က စပြီး နှစ်လလောက် သူငယ်ချင်း တွေဆီ မလာတော့ဘဲ မောင်ဝါဝါ ပျောက်သွား တာပဲ။

နှစ်လလောက် နေတော့ မောင်ဝါဝါ သူငယ်ချင်း တွေဆီ ပြန်ပေါ် လာတယ်။ နှစ်လလောက် ပျောက်သွားတဲ့ အကြောင်းကို မေးကြတော့ ကျိတ်ပြီး ပိုက်ဆံစု နေတာတဲ့။ ဘာလုပ် ဖို့တုန်းလို့ ဝိုင်းမေး ကြတော့ ခါးကြား ထဲက လက်ကိုင် ဖုန်းကို မောင်ဝါဝါ ထုတ်ပြတယ်။ သူငယ်ချင်း တွေက ဝိုင်းပြီး ဆူတော့ တာပေါ့။ “နှစ်သိန်းတန် ဖုန်းတွေ ထွက်လာ ကတည်းက မိုဘိုင်း ဖုန်းလိုင်းတွေ ကြပ်ပြီး ဒီလောက် ခေါ်မရ၊ ပြုမရ ဖြစ်နေ တာကွာ … ပြီးတော့ မင်းမှာလည်း ဖုန်းဝယ်ကိုင် ရလောက်အောင် အလုပ်ရှုပ်တဲ့ ကောင်မှ မဟုတ်ဘဲနဲ့” ဘာညာပေါ့။ မောင်ဝါဝါက အဲဒီတော့မှ ပြုံးပြုံးကြီး ပြန်ဖြေတယ်။ “အေးကွ .. ငါ့အိမ်ပေါ် မှာက ဖုန်းလိုင်း သိပ်မမိဘူး၊ ပြီးတော့ ဖုန်းလိုင်းတွေ ကြပ်ပြီး ဧရိယာ ပြင်ပ ရောက်လိုက်၊ ခေါ်မရ လိုက် ဖြစ်နေတာလည်း တကယ်ပဲဟေ့ .. အဲဒါကြောင့်ကို ငါ ဖုန်း ဝယ်ကိုင်တာ”။ မောင်ဝါဝါ အဲလို ဖြေတာ ကြားတော့ သူငယ်ချင်းတွေ ပိုပြီး အံ့သြ ကုန်ကြတယ်။ “ဒီကောင် ဘာဂေါက်တာလဲ” ဆိုတဲ့ အကြည့်နဲ့ မောင်ဝါဝါကို ဝိုင်းကြည့် ကြတော့တာပဲ။ မောင်ဝါဝါ ကတော့ ဂရု မစိုက်ပါဘူး။ ထုံးစံ အတိုင်း သူ့ရဲ့ မူပိုင် Big Smile ကြီးနဲ့ ဖုန်းနံပါတ် တွေ လျှောက်နှိပ်ပြီး ဖုန်းခေါ် နေတယ်။ ဖုန်းထဲက ထွက်လာတဲ့ အသံတွေ ကြားမှပဲ သူ့သူငယ်ချင်းတွေ မောင်ဝါဝါရဲ့ ရောဂါနဲ့ ဖုန်းဝယ် ကိုင်ရတဲ့ အကြောင်းကို သဘောပေါက်ပြီး တဟားဟား ထရယ်ကုန် ကြတော့တယ်။ မောင်ဝါဝါ ကတော့ ရုပ်တည်နဲ့ ဖုန်းတွေ ခေါ်နေတုန်း၊ ဖုန်းထဲက ထွက်လာတဲ့ အသံကို အားရပါးရ နားထောင်တုန်း။

“လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ….”

“လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ် ထားပါသဖြင့် ….”

“လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင် …”

“လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာ ပြင်ပ .. လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ် … လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေး…”

အဲဒီ နေ့က စပြီး မောင်ဝါဝါတို့ သူငယ်ချင်း အပေါင်း အသင်းတွေ ကြားထဲမှာ ရေပန်းစားတဲ့ ဆိုရိုး စကား တစ်ခု အသစ် ဖြစ်လာတယ်။ “ဒီခေတ်ကြီး ထဲမှာ လွယ်လွယ် ကူကူနဲ့ ခဏ ခဏ လူကြီး လူကောင်း ဖြစ်ချင် ရင်တော့ ဥာဏ်ကြီးရှင် မောင်ဝါဝါလို မိုဘိုင်း ဖုန်းသာ ဝယ်ကိုင် ကြပေတော့ ဟေ့” တဲ့။

၂၀ – စက်တင်ဘာ – ၂၀၁၂

About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah