***ကမ္ဘာရဲ့ ကျောရိုးပေါ် လမ်းလျှောက်ခြင်း***

အမေပေးတဲ့ အသက်ဓါတ်လေး နဲ့ 
လောကဓံ နှင့် မိတ်ဖွဲ့  …
” အူဝဲ “…. သံ ရဲ့ ပဲ့တင်ထပ် ဂီတ
ကမ္ဘာမြေ ရနံ့  …. အမေ့နို့ နံ့ လှိုင်လှိုင်ထ
လူ့ အဖြစ်  ကျွန်တော်ရခဲ့ ပါတယ် ၊

ခါးလိုက်တာ  အမေရယ်
တစ်နွေလုံး ဟာ တစ်ဘ၀လုံးလုံး ရင်ထဲပုန်းအောင်း
ဖုန်တစ်ထောင်းထောင်းထ  လေကို ရှိုက်သွင်း
လိုက်ရင်း ပြေးရင်း
မိုက်တွင်းနက်နက် ထဲ  … ကျွန်တော်က စိုက်ဆင်းလိုဆင်း
အတွင်းသား အလွှာကို ဖြူအောင် လျှော်ဖို့ ကြိုးစား
သား … မှားခဲ့သလား     အမေ ၊

လူသံတွေ များတဲ့လမ်းပေါ်မှာ ကားတစ်စီး ဟာ ကျွန်တော်ဖြစ်တယ်
ဆူသံ ဆဲသံ ညံနေတဲ့  အိမ်ထောင်ရေး မှာ  ကျွန်တော်မပျော်ဝင်မစီးဆင်းဖြစ်ခဲ့
ခြေဖ၀ါး အစုံက မြေပေါ်နင်း  သက်ပြင်းနဲ့   မနက်ဖြန်
လက်ထပ်ဖို့   ကျွန်တော်ကြံ နေတုန်း
ခါးသာ ကုန်းကုန်းလာပေါ့  အမေ ၊

အဆီအနှစ်မဲ့  ခန္ဓာကို   သံသရာ ထိသယ်သွားဖို့ 
အညှီချစ်တဲ့ ကျွန်တော်လေ
ပလီသင့်တာ  ပလီခဲ့ရ
အဲသလို …..
လူ့ ဘ၀ကို  အစာအိမ်ထဲ မြိုမြိုချ
ကျွန်တော်က
ကဗျာ နဲ့ ဘ၀မှာ တစ်သားထဲကျ နေရမှ ကျေနပ်
ရွှေမထွက်လည်း  နေပါစေ အမေ
ရေငတ်ပြေတယ် ဆိုရုံမျှ …. ဒဏ်ရာဟာ
အနာဖေး ကွာကျဖို့  …..
ကျွန်တော့်  ခြေဖ၀ါး နှစ်ဖက် သွေးစက်စက် ယိုစီး
ဒီလမ်း .. ဒီခရီး …. ဒီ မီး …. ဒီအပူ
ကိုယ့် အယူနဲ့  ကိုယ်
ဘ၀ကို နေညိုလိုက်ချင်တဲ့ကောင်
ဆိုတော့ ……………
အနာဂတ် က မှောင် တယ်ပေါ့  အမေရယ် ၊

လူ့ ဘ၀နိဂုံးကို   ညှီစို့ စို့ မီးခိုးလုံးညှော်နံ့ အဖြစ်ပြောင်း
ဟိုးးးးးးးးးးးးးးးးးးးး    ကောင်းကင်ပေါ်လွှတ်တင် တော့
မြေကြီး ရဲ့  သံယောဇဉ် ကို  အားနာမိ၊

သူ့ ရင်ခွင် ဟောင်းလောင်းပေါက်မှာ
ကျွန်တော့် …..
အမည်၊ အသက် … ဘယ်ရက်၊ ဘယ်နေ့ 
သစ်ပြားလေးတစ်ချပ် ပေါ်တောင်မှ  အမှတ်တရ တွေနဲ့ 
ပန်းခွေဖို့   အခွင့်မရှိတော့ဘူး တဲ့လေ ၊

အတိတ်မေ့နေတဲ့    အတိတ်နေ့ တွေရယ်
အဆိပ်မိ နေတဲ့   အိုဇုန်းလွှာ အပေါက်အပြဲကြီးရယ်
ကမ္ဘာမြေကြီးရဲ့  ပျက်စီးမယ့် တစ်နေ့ ရယ်
အာဏာတန်ခိုး တို့  ပုပ်သိုးမယ့် တစ်နေ့ ရယ်
ကျွန်တော်ရယ် ….  ခင်ဗျားတို့ ရယ်
ရယ်လိုက် ပြုံးလိုက် လောကဓံ အောက်
ဥာဏ်ပညာ ကို ဖျော်သောက် ရင်း
ပျော်သလောက် သာ  …….
မော်မောက်ခွင့်  ရရင်ဖြင့် ။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၂၇.၉.၂၀၁၂

 

About maung khinmin

maung khinmin has written 85 post in this Website..