ဘုရင်အလောင်းမင်းတရားမှ ဘုရင်ဂျော့-၂ ထံပေးပို့သော ရာဇသံရွှေပေ (အပိုင်း ၃)

အလောင်းမင်းတရားစေလွှတ်သော ပထမဦးဆုံးသံအဖွဲ့

အလောင်းမင်းတရား၏သံတမန်ရေးရာ သော့ချက်ကျသောကာလတွင် ရာဇသံရွှေပေကို ဒုတိယမြောက် ဂျော့ဘုရင်မင်းမြတ်ထံ မည်သို့မည်ပုံပို့ခဲ့သနည်း။
ပြည်ကိုအောင်နိုင်ပြီး တောင်ဘက်သို့ အလောင်းမင်းတရား၏တပ်များ ချီလာသော ၁၇၅၅ ခု၊ဖေဖော်ဝါရီ လဆန်းတွင် အလောင်းမင်းတရားသည် မိမိနယ်မြေမြောက်ဘက်တစ်လွှားထက် မြစ်ဝှမ်းတွင် သာ၍ထွေပြားသော စိတ်ခေါ်မှုများကို ရင်ဆိုင်ရမည်ဟု သတိထားခဲ့မိသည်။ အောက်မြန်မာပြည် သို့မဟုတ် ဂန္ထဝင်အခေါ်အဝေါ်ဖြစ်သော ‘ရာမညတိုင်း’ သည် လူမျိုးတစ်မျိုးတည်းနေထိုင်သောမြေ မဟုတ်ဘဲ မွန်၊မြန်မာ၊ကရင်တို့၏မြေဖြစ်သည်။ ကြာမြင့်စွာဝန်းရံထားဖို့၊ ရန်သူနှင့်ကြည်းကြောင်းရေကြောင်း ရင်ဆိုင်ဖို့အတွက် လူသူလက်နက်လိုအပ်မှုကို မီးမောင်းထိုး ပြနေရာ ရွာများထဲတွင် ရဲမက်တော်စုဆောင်းပြီး တိုက်ရေးခိုက်ရေးလေ့ကျင့်ပေးရသည်။

မွန်တို့၏အဓိကမြို့ကြီးနှစ်ခုဖြစ်သော သံလျင်နှင့်ပဲခူးသည် ခံတပ်တောင့်တင်းသောမြို့ကြီးများဖြစ်၏။ အမြောက် စိန်ပြောင်းနှင့် ခဲယမ်းမီးကျောက် လက်နက်ပိုင်ဆိုင်မှုတွင် မွန်တို့က မြန်မာတို့ထက်သာသည်ဟု အဆိုရှိသည်။ တောင်ဘက်သို့ချီရာတွင် အလောင်းမင်းတရားသည် တာထွက်ကောင်းလှသော်လည်း ပဲခူးကိုသိမ်းပြီး အထက်မြန်မာပြည်နှင့်အောက်မြန်မာပြည်၏ အရှင်သခင်ဟု အမည်တပ်ဖို့ရာ နှစ်နှစ်ကြာအချိန်ယူခဲ့ရသည်။

တိုင်းခြားကုန်သွယ်မှု၏အရေးကြီးပုံ၊ လူမျိုးခြားကုန်သည်များ၏ အခန်းကဏ္ဍနှင့် ဘင်္ဂလားပင်လယ်အော်တွင် ကုန်သွယ်ရေးကုမ္ပဏီများ အပြိုင်းအရိုင်းကြီးထွားများပြားလာမှုကို အလောင်းမင်းတရားကြီး သတိပြုမိမည်ဟု မှန်ကန်စွာယူဆကြမည်။ ၁၇၅၅ ခု၊အစောပိုင်းတွင် မွန်ထီးနန်းတစ်ပန်းသာသောအချက်မှာ ပြင်သစ်၊အင်္ဂလိပ်ကုမ္ပဏီ များနှင့်ဆက်သွယ်မှုရှိခဲ့ခြင်းဟု မင်းတရားတွေးခဲ့မိပါလိမ့်မည်။ ပြင်သစ်နှင့်အင်္ဂလိပ်တို့သည် အိန္ဒိယသမုဒ္ဒရာထဲ တစ်ဦးကိုတစ်ဦး အကွက်ချောင်းနေသူများဖြစ်၏။

၁၇၅၅ ခု၊မတ်လတွင် အလောင်းမင်းတရားသည် သူ၏ပထမဆုံးသံအဖွဲ့ကို အရှေ့အိန္ဒိယကုမ္ပဏီကိုယ်စားလှယ် များနှင့်တွေ့ရန် ဟိုင်းကြီးကျွန်းသို့လွှတ်လိုက်သောအခါ ဟိုင်းကြီးကျွန်းဦးစီးမှူး ဘရွတ်ခ်သည် ဖော်ဖော်ရွေရွေ ကြိုဆိုခဲ့သည်။ အလောင်းမင်းတရား၏သံတမန်များ မိမိတို့အသက်ကို ပဓာနမထားဘဲ ရှေ့တန်းစစ်မျက်နှာကိုဖြတ်၍ အရှေ့အိန္ဒိယ ကုမ္ပဏီအရောက် ဆောင်ကျဉ်းလာသောရာဇသံစာထဲတွင် သတင်းအချက်အလက်များစွာပါဝင်သည်။

အလောင်းမင်းတရားသည် သူ၏တိုင်းရေးပြည်ရေးနှင့် ထီးနန်းရိုက်ရာ တရားဝင်ခံယူမှုတွင် ရာဇဝင်မဟာဝင်ဆိုင်ရာ၊ လောကဓာတ်ပညာဆိုင်ရာ ရှင်းလင်းချက်များဖြင့် အလေးအနက်ထားရေးသားထားသည်။ ရေးသားထားပုံမှာ- အဝပြည်ကြီးနှင့် အဝဘုရင်တို့သည် ကိန်းခန်းအလျောက် ပျက်စီးတိမ်းယိမ်းဖို့သာ ဖြစ်သည်။ ပဲခူးမှမွန်တို့ကား မိမိတို့၏အရှင်သခင်အစစ်အမှန်ကို မသိမမြင်နိုင်ကြ၍ သစ္စာမခံသော သူပုန်များသာဖြစ်သည်။ ”သင်တို့ထိုက်တန်လျှင် ချမ်းသာရောက်မည်၊ မထိုက်တန်လျှင် ကျရှုံးမည်၊ ငါကိုယ်တော်မြတ်ဘဝရှင် အလောင်းမင်းတရားကြီးဘုရားသည် တိုင်းပြည်စုစည်းမည့်သူအဖြစ် ပေါ်ပေါက်လာပြီ” ဟူသောစာသွားဖြင့် နိဂုံးချုပ်ထားသည်။     ရှင်ဘုရင်သည် တိုင်းပြည်၏ကံကြမ္မာတွင် မိမိသည် ဘုန်းကံအလျောက် မင်းရိုးပေါက်ပြီးသူအဖြစ် အပြည့်အဝမြင်ထားခဲ့ပုံကို ဤစာသွားမှ ရှင်းလင်းစွာသိရသည်။

ဒုတိယအနေဖြင့် ရာဇသံစာထဲတွင် ကုန်သွယ်ဆက်ဆံမှုအကြောင်း ရေးသားထားသည်။ အိနိ္ဒယကမ်းခြေနှင့် မြန်မာပြည်ကုန်သွယ်ရေး ပြန်လည်အားသစ်လောင်းနိုင်ကြောင်းကို မင်းတရားကြီးက သူ့မျှော်လင့်ချက်များ ဖော်ပြခဲ့သည်။ အိန္ဒိယနှင့်ကုန်သွယ်ခြင်း၊ ချစ်ကြည်ရင်းနှီးစွာဆက်ဆံခြင်းတို့သည် ရှေးမြန်မာဘုရင်များလက်ထက် ကတည်းက ရှိခဲ့ပြီးဖြစ်ကြောင်း ရေးသားထားသည်။

မှတ်သားထားသင့်သည်မှာ ဤရာဇသံစာသည် လွန်ဆေး(မြန်အောင်)မှ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က အလောင်းမင်းတရားကိုယ်တိုင် ဒဂုံ(ရန်ကုန်)ကို မ    ရောက်ရှိသေးသလို မြစ်ဝှမ်းတောင်ဘက်ပိုင်း မည်သည့်နေရာ ကိုမှ ထိန်းချုပ်နိုင်စွမ်းမရှိသေးချိန်ဖြစ်သည်။ အလောင်းမင်းတရား၏ ပထမဆုံးရာဇသံစာထဲတွင် ဗြိတိသျှတို့ထံမှ တစ်စုံတစ်ရာတောင်းဆိုခြင်းမျိုး မပါသောကြောင့် ဤစာသည် မိမိကိုယ်ကိုမိတ်ဆက်သောစာ၊ ချိန်ဆသော ချဉ်းကပ်မှုအဖြစ် အဖြေပေါ်ခဲ့သည်။

အလောင်းမင်းတရား၏ သံဘက်နှစ်ဦးသည် မတ်လ ၂၆ရက်နေ့တွင် ဘရွတ်ခ်၏ပြန်ကြားလွှာကိုယူပြီး ဟိုင်းကြီး ကျွန်းမှ ထွက်ခွာလာသည်။ လေးရက်အကြာတွင် ပုသိမ်ကိုရောက်သောအခါ ထိုနှစ်ဦးထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်မှာ မွန်တပ်ဆွယ်တစ်ခုသည် မြို့ကိုပြန်လည်ထိန်းချုပ်ထားပြီး သံနှစ်ဦး၏လှေများကိုပါ သိမ်း ယူထားခြင်းပင်။     မွန်စစ်သူကြီးများက အင်္ဂလိပ်တို့ထံကိုယ်စားလှယ်လွှတ်ပြီး မြန်မာသံနှစ်ဦးကိုအပ်ရန်တောင်း ဆိုသည်။ ဘရွတ်ခ်ကမူ အလျှော့မပေးဘဲ မြန်မာသံနှစ်ဦးကို ဟိုင်းကြီးကျွန်းသို့ပြန်လွှတ်လိုက်၏။ ဤသိမ်မွေ့သော အခြေအနေတွင် ဘရွတ်ခ်၏မူအရဖြစ်သော ရပ်တည်ချက်သည် နိုင်ငံရေးအရ အရဲစွန့်ရသည်။ အကြောင်းမှာ မွန်တို့အမြင်တွင် ဘရွတ်ခ်သည် မြန်မာတို့ဘက် ပြောင်ပြောင်တင်းတင်းယိမ်းသကဲ့သို့ ဖြစ်နေသည်။

ထိုစဉ်က မြန်မာတို့၏စစ်ဆင်ရေးသည် အာမခံချက်မရှိသေးသလို အောင်ပွဲသည်လည်းမသေချာသေး။ ၁၇၅၅ ခု၊ဧပြီလလယ်ကမှ ဒဂုံကို အလောင်းမင်းတရားကြီး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ (ဒဂုံ)ရန်ကုန်တွင် အလောင်း မင်းတရားကြီး စံတော်မူရင်း သံလျင်ကိုလုပ်ကြံရန် အကောင်းဆုံးနည်းလမ်းကို စီရင်တော်မူနေစဉ်အတွင်း ဧရာဝတီ မြစ်ဝှမ်းလွင်ပြင်ကျယ်ကြီး တစ်ခုလုံး၏အခြေအနေသည် သီတင်းပတ်ပေါင်းများစွာ မရေမရာဖြစ်နေခဲ့သည်။ ရေတပ်များ သဲကြီးမဲကြီးတိုက်နေကြစဉ် ရေကြောင်းခရီးသွားလာဖို့ဆိုသည်မှာ လုံခြုံမှုစိုးစဉ်းမျှမရှိချေ။ မြန်မာသံနှစ်ဦးအတွက်မူ ဟိုင်းကြီးကျွန်းပေါ်တွင် သုံးလကြာမျှပိတ်မိနေခဲ့ပြီ။ သို့ရာတွင် ၎င်းတို့နှစ်ဦး ဘေးကင်း ခဲ့သည်။ သံနှစ်ဦးကိုဘေးကင်းအောင် ကာကွယ်ပေးခဲ့ခြင်းသည် ဘရွတ်ခ်နှင့် အလောင်းမင်းတရားကို အလွမ်းသင့် စေခဲ့သည်။

အလောင်းမင်းတရားစေလွှတ်သော ဒုတိယမြောက်သံအဖွဲ့

သံနှစ်ဦးသည် ဟိုင်းကြီးကျွန်းမှရန်ကုန်သို့ ချောချောမောမော ထွက်ခွာနိုင်ရန် အခွင့်ကောင်းကိုစောင့်စားနေစဉ်  ဇွန်လဆန်းတွင် လှေသုံးဆယ့်ငါးစီးပါသော မြန်မာရေတပ်တော်သည် ၎င်းတို့၏သံများ ဘယ်ဆီဘယ်ဝယ် ရောက်နေသနည်း ရှာဖွေဖို့ရန် ပုသိမ်သို့ရောက်ရှိလာသည်။

ဒုတိယအကြိမ်စေလွှတ်သောသံအဖွဲ့ကိုမူ သိုသိုသိပ်သိပ်မလုပ်တော့ချေ။ အသစ်ခန့်အပ်ထားသော မြန်မာလူမျိုး ပုသိမ်မြို့ဝန်ဦးဆောင်သည့် သံအဖွဲ့သည် လှေအစီးနှစ်ဆယ်၊ လူခြောက်ရာ၊ မြောက်မြားလှစွာသော လက်ဆောင် ပဏ္ဏာများနှင့်အတူ ပုသိမ်မြို့သို့ ၁၇၅၅ ခု၊ဇွန်လ ၂၄ ရက်နေ့တွင်ရောက်ရှိသည်။ လက်ဆောင်ပဏ္ဏာများထဲတွင် မြင်းနှစ်စီးပါသည်။ ပထမအကြိမ်လွှတ်သော သံနှစ်ဦးထဲမှ တစ်ဦးထပ်မံလိုက်ပါရန် တာဝန်ပေးခြင်းခံရသည်။

စာထဲတွင် အလောင်းမင်းတရားသည် မွန်တို့နှင့်စစ်မက်ဖြစ်ပွားရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောဆိုခဲ့သည်။မွန်တို့သည် ပြင်သစ်တို့ထံမှမည်မျှ အကူအညီရခဲ့ပုံကို ရာဇသံစာထဲမှတ်ချက်သွင်းထားသည်။  ဗြိတိသျှတို့ထံတွင် အမြောက်နှင့်သေနတ်လက်နက် အများအပြားရှိကြောင်းကို သံတမန်များပြောပြ၍ မင်းတရားသိရှိခဲ့ရာ ဤရာဇသံစာ၏ရည်ရွယ်ချက်သည် အမြောက်လက်နက်တောင်းဆိုခြင်းဖြစ်၏။ ဟံသာဝတီ (ပဲခူး)ကိုဖြိုခွင်းရန် လိုအပ်သော အမြောက်လက်နက်အသေးစိတ်စာရင်းကို ရေးသွင်းထားသည်။ ပြင်သစ်တို့က မွန်တို့ကိုကူညီခဲ့သည့် ပမာဏထက် အင်္ဂလိပ်တို့က မင်းတရားကို နှစ်ဆကူညီစေလိုသည်။ မည်သို့ဆိုစေ အလောင်းမင်းတရားသည် အခွင့်အရေးတစ်ခုခုကို တောင်းဆိုခြင်းမဟုတ်ဘဲ လက်နက်များကို လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူလိုခြင်းဖြစ်သည်။

ရာဇသံစာ၏လေသံနှင့် တိတိကျကျတောင်းဆိုမှုကို ကြည့်ခြင်းဖြင့် အလောင်းမင်းတရားသည် အရှေ့အိန္ဒိယ ကုမ္ပဏီနှင့်ဆက်ဆံရေးအပေါ် ဗျူဟာကျသောမဟာမိတ်ဖွဲ့ခြင်းအဖြစ် ရှုမြင်ခဲ့သည်။ ဗြိတိသျှတို့နှင့် စေ့စပ်ဆွေး နွေးခြင်းကိုလည်း တန်းတူမိတ်ဖက်များ၏ကိစ္စဟု မြင်ခဲ့သည်။

အလောင်းမင်းတရားသည် ၁၇၅၆ ခု၊ဧပြီမှ ဇွန်လအထိ နှစ်လခွဲခန့် ရန်ကုန်တွင်စံတော်မူခဲ့သော်လည်း သံလျင်ကိုမသိမ်းနိုင်ခဲ့။ ရာဇသံစာကိုဖတ်ရသည်မှာ မင်းတရားကြီးသည် ဤရာဇသံစာကိုရေးနေစဉ်အချိန်က သူ၏ စစ်ရေးစွမ်းအင်ကျားကန်ရန် လုံလောက်သောလက်နက်များကို တန်သင့်သောအချိန်တိုအတွင်း ဝယ်ယူဖို့မျှော်လင့် ထားပုံရသည်။ တတ်နိုင်သည်ထက်ပိုပြီး စစ်မျက်နှာကို မြန်မြန်ဆန်ဆန်ဖြန့်ကျက်ရန် မျှော်လင့်ခဲ့ပါလိမ့်မည်။     သို့သော် အလောင်းမင်းတရား၏လေသံသည် ဒေါက်တာသန်းထွန်း ချပြသည့်အတိုင်း ”ကုန်သွယ်ရေးသည် လက်နက်နှင့်ခဲယမ်းမီးကျောက်ရရှိရန် အကြောင်းပြချက်တစ်ခုသာဖြစ်သည်” ဟူသော ကောက်ချက်ဆီ တွန်းမပို့ပေ။

အရှေ့အိနိ္ဒယကုမ္ပဏီကို ဗြိတိသျှအစိုးရ၏ လက်တံရှည်တစ်ချောင်းဟု အလောင်းမင်းတရားကြီးမြင်ခဲ့ကြောင်း ဤရာဇသံစာက ပြသခဲ့သည်။ ဤအချက်သည် ဘာမျှအံ့ဩစရာမရှိ။ အရှေ့အိန္ဒိယကုမ္ပဏီသည် အိန္ဒိယမင်းသား များနှင့် မဟာမိတ်ဖွဲ့ပြီး အိန္ဒိယကမ်းခြေတစ်ကြော ခံတပ်များဆောက်ခဲ့သည်။ ကုမ္ပဏီသည် ကိုယ်ပိုင် စစ်တပ်ထားရှိသောကြောင့် မြန်မာဘုရင်သည် မဒရတ်စ်မှ ကုမ္ပဏီဝန်ထမ်းများကို ဗြိတိသျှဧကရာဇ်၏ အုပ်ချုပ်ခံ များဟုမြင်ခဲ့သည်မှာ ကျိုးကြောင်းဆီလျော်နေသည်။ အသေအချာစီမံထားသော မူဝါဒများကိုလိုက်နာရန် စည်းမျဉ်းစည်းကမ်းဖြင့် ပြဌာန်းခြင်းခံရသူများဟု အလောင်းမင်းတရားကမြင်ခဲ့သည်။

9 comments

  • ကိုရင်မောင်

    September 29, 2012 at 11:05 pm

    ဆရာမ ခင်ဗျာ ခုလို တချိန်ကလူသိနည်းခဲ့တဲ့မြန်မာသမိုင်းကြောင်းကို
    သိရသည့်အတွက်ကျေးဇူးတင်ပါတယ်……
    အပိုင်းလေးကိုစောင့်မျှော်နေပါတယ် ခင်ဗျာ..
    ခင်မင်လေးစားလျှက်….ကိုရင်မောင်……

  • ရာဇဝင်လူဆိုး

    September 29, 2012 at 11:55 pm

    ဆရာမရေ…။ ကျနော်တို့ လက်လှမ်းမမှီနိုင်တဲ့ သမိုင်းကို လေ့လာသိရှိခွင့်ရလို့ ကျေးဇူး အများကြီး တင်ပါတယ်။ အားလုံး ကော်ပီလုပ်ပြီး သိမ်းထားတယ် ဆရာမရေ..။ နောက် အပိုင်းတွေ မျှော်နေပါတယ်။

  • pooch

    September 30, 2012 at 12:35 am

    သံရေးတမာန်ရေးကတော့ ခေတ်အဆက်ဆက်အရေးပါတဲ့ နေရာကနေ အမြဲရှိနေခဲ့တာပါပဲ။

    ခုတောင် ချိုင်းနားဘက်အရင်သွားပြီး ချစ်ကြောင်းခင်ကြောင်းပြရသေးတာ ။ ပြီးမှ အနောက်ကို ချီတက်ရတယ်။

  • Fall Guy

    September 30, 2012 at 4:06 am

    ဆရာမရေ…….
    ဆက်လက်ဖတ်ရှု့သွားပါတယ်….။
    နောက် အပိုင်းတွေ မျှော်နေပါတယ်ခင်ဗျာ…….။

  • စိန်ဗိုက်ဗိုက်

    September 30, 2012 at 6:28 pm

    သမိုင်းစိတ်ဝင်စားတဲ့လူတွေအတွက်တော့ ရွှေပဲ..
    1 to 3 ဖတ်ပြီး..ကူးပြီးသိမ်းပြီးပြီဗျား..

  • ကြည်ဆောင်း

    October 1, 2012 at 10:06 am

    အရည်အချင်းပြည့်ဝတဲ့ ဘုရင်တစ်ပါးရဲ့ တွေးခေါ်မျှော်မျှင်ကြံစည်မှုတွေ အကြောင်းသိရတာ စိတ်ဝင်စားဖို့ တော်တော်ကောင်းပါတယ် ….
    နားလည်အောင် ဖြေးဖြေးချင်းဖတ်ယူရလို့ ရူပနဲ့သာကျောင်းပြီးတယ် …
    သမိုင်းကြောင်းကို ဂဃနဏ ရေးနိုင်တဲ့ ဆရာမ ကိုချီးကျုးအားကျမိပါတယ် …

  • အလင်းဆက်

    October 1, 2012 at 7:00 pm

    ကျွန်တော်……့ကို အတွေး များစွာ… ပေးစွမ်းနေတဲ ့….

    အကြောင်းအရာကြီးပါ ။

  • ဝင့်ပြုံးမြင့်

    October 1, 2012 at 11:48 pm

    ကွန်မင့် ဝင်ပေးသူအပေါင်းကို ကျေးဇူးအထူးပါရှင်။
    ခုနှစ်သက္ကရာဇ် တွေက အရေးကြီးပါတယ်။ ခုနှစ်သက္ကရာဇ်ကို စေ့ငုကြည့်မှ သံတမန်ရေးရာ အချက်အချာကျတဲ့ကာလ ဆိုတာ ပေါ်လာတာပါ။ တစ်ပြိုင်တည်းမှာပဲ အလောင်းမင်းတရားရဲ့ ခေတ်မီလွန်းတဲ့ ဉာဏ်ရည်ကို တွေ့ရမှာပါ။

  • Thu Wai

    October 3, 2012 at 9:46 am

    ရေးတဲ့သူကလဲ ကိုဝင်းကြည် တစ်ဖက်နဲ့ ရေးရတာ
    ဖတ်တဲ့သူကလဲ စိတ်ဝင်စားမှု အပြည့်နဲ့ ဖတ်ပါတယ်ခင်ဗျ

Leave a Reply