ဇလီဖားတုံးတွေ ရေတွက်ကြည့်ခဲ့ဖူးတဲ့ ထိုတနေ့ (အပိုင်း-၁)

သူ့ လက်ထဲမှာ ကိုင်ဖတ်နေတဲ့ နတ္ခတ္တရောင်ခြည်မဂ္ဂဇင်းကို ပိတ်လိုက်ပြီး စိတ်အလိုမကျစွာ အနားက မဂ္ဂဇင်းအဟောင်းပုံပေါ်သို့ ဘုတ်ခနဲမည်အောင် ပြစ်ချလိုက်မိသည်။ မအောင့်အည်းနိုင်တော့ လောက်အောင် ကျွဲမြီးတိုသလိုဖြစ်လာပြီ။ မကြည်မလင်ဖြစ်လာတဲ့ စိတ် ပြောင်းလိုပြောင်းငြား ရှေ့မှာချထားသည့် လက်ဖက်ပွဲထဲမှ နှစ်ပြန်ကြော်တစ်ဇွန်းမောက်မောက် ကော်ကာ မဆီမဆိုင် အညှိုးတကြီးဝါးနေလိုက်သည်။ ပြီး စပါကလင်ပုလင်းကို တဝက်ကျိုးတဲ့အထိ စုပ်သောက်လိုက်ကာ ဂေ့.. ခနဲ အသံအကျယ်ကြီးမည်အောင် ဂတ်စ်တွေကို အန်ထုတ်ပစ်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် အိမ်ထဲဝင်လာသည့် သူ အိမ်လည်ရောက်နေတဲ့ သူငယ်ချင်း မိန်းကလေး၏ အဒေါ်ဖြစ်သူရဲ့ခြေလှမ်းတွေ တုန့်ခနဲဖြစ်သွားပြီးမှ လှမ်းကြည့်ပြုံးပြရင်း အနားရောက်လာသည်။

“ပျင်းနေပြီလား သား..၊ လက်ဖက်ပဲခြမ်းလေးတွေကောင်းတယ်..စား၊ အချိုရည်လည်း ကုန်အောင် သောက် သွားနော်။”

“ဟုတ်ကဲ့..ဒေါ်လေး”  ဘယ်သူမှမရှိဘူးအထင်နှင့် အသံကျယ်ကြီးနဲ့ လေတက်တာ လူမိသွားသမို့ မချိ သွားဖြဲပုံစံဖြင့် သူပြန်ဖြေလိုက်သည်။

“နင့် သူငယ်ချင်းကလည်း ခဏဆိုပြီး ထွက်သွားတာ ပေါ်မလာတော့ပါလား၊ အဲဒီ ဂျူးမြစ်တော့ ဧည့်သည်က တစ်ယောက်တည်း ဖြစ်နေပြီ” ဟု သူ့ တူမကို အပြစ်တင်သလို ပြောပြန်သည်။

မျက်နှာချင်းဆိုင် စကားမပြောချင်လို့ ရှောင်တာလားမှ မသိတာလို့ စိတ်ထဲက ရေရွတ်လိုက်မိသော်လည်း ပါးစပ်ကတော့ ဘာမှမပြောဘဲ သူနေလိုက်၏။

“ပျင်းရင် စာအုပ်တွေ ဖတ်လေ သား..”

“ဟုတ်.. လေးအုပ်တောင် ဖတ်ပြီးသွားပြီ၊ အောက်က မဂ္ဂဇင်းတွေကလည်း အရင်တစ်ခေါက်က ဒေါ်လေးပေးလို့ ဖတ်ပြီးသားတွေလေ..”

“ဖတ်အုံးမလား သား၊ ဒေါ်လေးမှာ အများကြီးရှိသေးတယ်”

“နေ နေ ဒေါ်လေး၊ ကျွန်နော် မျက်စိလည်း ညောင်းလာလို့.. ”

“အေး_ ဒီအိမ်က ဘယ်သူမှ ဒေါ်လေးစာအုပ်တွေကို စိတ်မဝင်စားကြဘူး၊ ရှုပ်တယ်တောင် ပြောချင်ကြတာ။ ဒီစာအုပ်တွေက ပိဿာချိန်နဲ့ ဝယ်တဲ့သူတွေဆီက တဆင့်ပြန်ဝယ်ထားတာ၊ စာအုပ်ဆိုတာ သစ်တယ်ဟောင်းတယ် ဆိုတာထက် အထဲကစာက တန်ဖိုးရှိတာကိုးကွယ့်” တစ်ဖက်ခန်းမှာဖွင့်ထားတဲ့ စားသောက်ဆိုင်ထဲ အလုပ်များနေတဲ့ ညီမနှင့်မတ်ဖြစ်သူတို့ အခြေအနေကို အကဲခတ်ရင်း ဒေါ်လေး စကားဆက်လာပြီမို့ တစ်ယောက်တည်း ဖြစ်နေတဲ့ သူ့ကို ဧည့်ထောက်ခံစကားဆိုတော့မည်ဟု သိလိုက်သည်။

“ဟုတ်.. ဟုတ်ကဲ့” လက်မှ နာရီကိုကြည့်ရင်း သူဖြေ၏။ လမ်းမဘက် တချက်ကြည့်ရင်း အပြင်သွားသည့် သူငယ်ချင်းလေး ပြန်လာမလား မျှော်မိသေး၏။

“ဒေါ်လေးကလေ ဒီအိမ်မှာ… @#<,..& …သိလား?… ”။ …“…. ဟုတ်”

“တူ တူမတွေဆိုတာလည်း.. ဒေါ်လေးများဆို.. @# %#.., $$*^ <. ကိုးကွယ့်”။ ..“..ဟုတ်ကဲ့”  သူ စာဖတ်ဝါသနာပါမှန်းလည်းသိကာ လာတိုင်း ရှိတဲ့ စာအုပ်ဟောင်းတွေထုတ်ပေး (သူကလည်း စိတ်လိုလက်ရ ဖတ်ရှုအားပေးနေကျ) သူ့တူမ သူငယ်ချင်းမို့ သူ့တူလေးလို ခင်မင်နေတဲ့ အမျိုးသမီးကြီးပြောသမျှ ခေါင်းညိမ့်နေမိတော့သည်။

တကယ်ဆို အိမ်လည်လာတုန်း သူ့အနားမှာ ဒီလို ပြောဆိုနေတာ သူ့သူငယ်ချင်းဆိုတဲ့ မိန်းကလေးသာ ဖြစ်စေချင်မိသည်။ အလာပ သလာပဖြစ်ဖြစ်၊ ဟိုးတချိန် ကျောင်းအတူ တက်ခဲ့ကြတုန်းက ရယ်မောစရာတွေပဲဖြစ်ဖြစ်ပေါ့..။ ထိုမိန်းကလေး နောက်ဆုံးထွက်လိုက်တဲ့ အလုပ်အကြောင်း၊ အိမ်ပြန်နေရတော့ ဘာဖြစ်တယ် ညာဖြစ်တယ်.. အကြောင်းအရာကအရေးမကြီး။ သူငယ်ချင်းတစ်ယောက် အိမ်လည်လာတာ နည်းနည်းတော့ ဂရုစိုက်ပေးစေချင်သည်။ ခုတော့ သူရောက်စ ခဏ လက်ဖက်ပွဲနဲ့ အချိုရည်လာချ၊ စကားနည်းနည်းပြောပြီးကတည်းက ဆိုင်ထဲမှာပဲ အလုပ်ရှုပ်သလို၊ ပစ္စည်းပဲထွက်ဝယ်သလိုနဲ့ ပျောက်သွား၏။

ဒေါ်လေးပြောသမျှ ဟုတ်ကဲ့ လိုက်ရင်း အတွေးထဲမှာ အဖြေထုတ်နေမိသည်။ သူ ဘာ အမှားလုပ်ခဲ့မိသလဲ။ ဘယ်နေရာ မှားနေလို့လဲ။ အဲလိုလည်း ရှာမတွေ့။ သုံးပတ်တစ်ခါလောက် ဒီမိန်းကလေးအိမ်ကို လာလည်လို့ စားအိမ်သောက်အိမ်တောင်ဖြစ်နေမင့်ဟာ။ ဒါကပဲ အမှားဖြစ်သွားတာလား။ ချောင်းပေါက်မတတ် ဆိုတဲ့အဖြစ်ရောက်နေတယ်လို့ သူမက ဘရိတ်ဖမ်းစေချင်တာများလားလို့တွေးမိတော့ သူ့ရင် ဆစ်ကနဲခံစားလိုက်ရသလို နည်းနည်းတော့ တင်းသွား၏။ သူ့ဆီမှာ နောက်ဆုံးကျန်နေသေးတဲ့ ယောက်ျားမာနလေးက ခလုတ်တိုက် ခံလိုက်ရသလို ဖြစ်လာသည်။

“ဒေါ်လေး တူမသွားတာလည်း ကြာလိုက်တာနော်..” ပြောစရာကုန်သလောက်နီးနီးဖြစ်နေတဲ့ အဒေါ်ကို စကားလမ်းကြောင်း ပြောင်းပေးရပြီ။  “အေးကွယ်.. ဂျူးမြစ်ရယ် ဘယ်များဝင်နေပါလိမ့်”

“ကျနော်လည်း ပြန်မှထင်တယ်.. တော်ကြာ ဈေးကားလွတ်သွားမှာစိုးလို့”

“ဟဲ့ မစောင့်တော့ဘူးလား။ အရင်တစ်ခေါက်က မင်း ရောင်းဖို့ပေးခဲ့တဲ့ လုံချည်ဖိုးတွေရော..”

“ရောက်ကတည်းက ပေးထားတယ်ခင်ဗျ.. ဦးတို့ကို သွားနှုတ်ဆက်လိုက်အုံးမယ်နော်..”

တအိမ်သားလုုံးကို လိုက်နှုတ်ဆက်လို့ အပြီးမှာ မိဂျူးမြစ်က အချိန်ကိုက် ပြန်ရောက်လာသည်။

“နင် သွားတော့မလို့လားဟ။ ဘာနဲ့ ပြန်မှာမို့လဲ…။”  “..အေလာ ဈေးကားနဲ့လေ” မျက်နှာလွှဲလျက်က သူပြန်ဖြေလိုက်သည်။

“ဟဲ့ တစ်နာရီတောင်ခွဲနေပြီ မှီသေးလို့လား…။”  သူ ဖြေမနေတော့..၊ ဆိုင်ထဲက ဆိုက်ကားဆရာကို လက်ညှိုးထိုးပြလိုက်သည်။ လိုက်ပို့ရမလားလို့ မပြောပါလားလို့ တွေးရင်း ဆိုက်ကားပေါ်တက်ထိုင် နှုတ်ဆက်လက်ပြဖို့ ကြည့်တော့ မိန်းကလေးရဲ့မျက်နှာ ညှိုးနေသလိုပဲဟုထင်မိလိုက်သေးသည်။

ပျဉ်းမနားဈေးထဲရောက်တော့ သူတွက်ထားသည့် အတိုင်း ဈေးကားက ထွက်သွားခဲ့ပြီ။ ၂-အစုန် စာပို့ရထားနဲ့ ပြန်မယ်ဆုံးဖြတ်ကာ ဘူတာဘက်လမ်းလျှောက်ခဲ့လိုက်သည်။ ဘူတာတွင် လက်မှတ်ရုံမှာ လူတန်းထဲဝင်မတိုးတော့ဘဲ အားလုံးကုန်မှ ထိုင်ခုံမဲ့ တစ်စောင် ဖြတ်လိုက်သည်။ လက်မှတ်စာရေးကို မေးကြည့်တော့ တူးဒေါင်း(၂-အစုန် စာပို့ရထား) က တပ်ကုန်းကတော့ ထွက်သွားပြီ၊ ဖိုးဒေါင်း(၄-အစုန် အမြန်ရထား)က ကျော်ချင်ကျော်လိမ့်မည်ဟုဆိုသည်။ ဒီနေ့ ကံမကောင်းပါလားလို့ သူတွေးမိသွားသည်။ ခုပဲ နှစ်နာရီ ခွဲပြီးနေတာ အကယ်၍များ နောက်ရထားကျော်မယ်ဆိုလျင်ဖြင့် စောင့်ပေအုံးတော့ ထမင်းထုပ်ကြီးနဲ့ ဖြစ်ပေမည်။ ထူးပါဘူး အရင်လာတဲ့ ရထား တက်လိုက်မည်ဟု စိတ်ဒုံးဒုံးချလိုက်ကာ ဘူတာ ပလက်ဖောင်းအရိပ်တနေရာမှာ ထိုင်ရင်း ငေးရင်း စောင့်သည့်အလုပ်ကို ရထားမလာမချင်း သူဆက်လုပ်ရပြန်ပြီ။

စိတ်က စနောင့်စနင်းဖြစ်တော့ သူငယ်ချင်းလေးကိုပဲ စိတ်တိုမိ၏။ သူမသာ အိမ်လည်လာတဲ့ သူငယ်ချင်းကို ဝမ်းပန်းတသာ ဂရုစိုက်ပေးမယ်ဆိုရင်၊ သူမနဲ့သာ စကားတွေဖောင်ဖွဲ့ ပြောခဲ့ရမယ်ဆိုရင် သန်းခေါင်ချိန်ထိ ထိုရထားတွေ မလာလည်း သူ အပျော်တွေနဲ့ စောင့်နေမိမည်သာ။ တကယ်ဆို သူမ ဒီနေ့ လိုမျိုး ပြုမူစရာ အကြောင်းမရှိဟု သူထင်သည်။ ဟိုအရင်တုန်းကများဆို ငယ်ပေါင်းတွေ မဟုတ်ကြသော်လည်း ဆယ်တန်းအောင်ပြီး၊ မန္တလေးရွှေမြို့တော်ကြီးက ဂျီတီအိုင်ကျောင်းတက်တော့ တခြားသူငယ်ချင်း လေးယောက်အပါအဝင် အများအမြင်မှာ သမီးရည်းစားအတွဲတွေလို့ ထင်ရအောင် သူတို့အဖွဲ့ ရင်းနှီးလွန်းပုံလေ။ ဂျီတီအိုင်ပြီးတော့ လူချင်းကွဲကွာခဲ့ကြပေမယ့် အိမ်နဲ့ခွဲပြီး ပညာဆက်သင်နေကြတဲ့ သူတို့နှစ်ယောက်မှာ စာအပြန်အလှန်ဆက်သွယ်ရင်း သံယောဇဉ်မပြတ်ခဲ့တာ အမှန်။

15 comments

  • pooch

    September 30, 2012 at 12:29 am

    မတွေ့တာတောင်ကြာပေါ့။ ရင်တွင်းဖြစ် တကယ့်အဖြစ်ထင်ရဲ့ ။ ဆက်ပါအုန်း။

    • ရွာစားကျော်

      September 30, 2012 at 12:45 am

      ဟုတ်တယ်ဗျာ.. ဂေဇက်မှာ လက်မသွေးဖြစ်တာကြာပြီ.. အလုပ်တွေ မအားတာလည်းပါတယ်..
      ဒီပို့လေးကတော့ တစ်ယောက်သောသူအတွက် ရည်ရွယ်ပြီး မဖြစ်ဖြစ်အောင်ရေးနေတာ..
      မရေးတာကြာလို့ထင်တယ် အတွေးတွေက စာလုံးတွေ ဖြစ်လာဖို့ အတော်ညှစ်ရေးရတယ်.. ဟီး
      ပထမဆုံးကွန်မင့်လေးအတွက် ကျေးဇူးပါ မယ်ပုခင်ည..
      ဆက်ပါအုံးမည်ခင်ဗျား

  • ကိုရင်မောင်

    September 30, 2012 at 8:28 am

    …သမီးရည်းစားအတွဲတွေလို့ ထင်ရအောင် သူတို့အဖွဲ့ ရင်းနှီးလွန်းပုံလေ….တဲ့
    ရွာစားကျော်လေးရေ ဇာတ်လမ်းကျော်သွားလားလို့…ဟဲဟဲ
    အို…နောက်ကြောင်းပြန်အုံးမယ်မို့လား စောင့်ဖတ်နေမှာနော်…..
    ကိုယ်တွေ့လေးတွေ ဖတ်ချင်နေတာ….
    တနေ့က ဟောင်ကောင်ကကိုကိုကျောက်တို့ကိုယ်တွေ့ကတော့
    လန်ထွက်နေတာဘဲ..ဘာတဲ့ဖြတ်ဖေါက်ချုပ်ဆိုဘဲ…ဟားဟား…..

    • ရွာစားကျော်

      September 30, 2012 at 9:24 am

      နောက်ကြောင်းတော့ အကျယ် မဖွင့်တော့ဘူးလားလို့.. အဲဒီတနေ့က အတွေးတွေ၊ ခံစားချက်လေးတွေပဲ ချရေးမယ် စိတ်ကူးတယ်… ကိုရင်မောင် ဖတ်ချင်တဲ့ အချစ်ကိုယ်တွေ့ဇာတ်လမ်းလေးလို ဖြစ်ပါ့မလား မသိ.
      ဆက်အားပေးပါအုံးနော်..

  • Crystalline

    September 30, 2012 at 10:39 am

    ကိုရွာစားကျော်ရွာထဲကိုယ်ထင်မပြတာကြာပေါ့. ကိုယ်တွေ့လား ကိုယ်စားလား?

    • ရွာစားကျော်

      September 30, 2012 at 6:32 pm

      ဟုတ်ကဲ့ ဗိုလ်အောင်ဒင် ပြန်လာပါဘီ ခင်ဗျ.. မမြဝင်းပါ ခေါ်လာတယ်.. ဟင်း ဟင်း ဟင်း
      ပစ်သာယုံလိုက် အဲဒါ မမြဝင်းပေးခဲ့တဲ့ ဒဏ်ရာဟောင်းလေး…

  • ကိုရင်မောင်

    September 30, 2012 at 10:43 am

    ရွာစားကျော်လေးရေ…
    ပြန်မရနိုင်တော့တဲ့ ငယ်ငယ်ကကြည်နူးဘွယ်အကြောင်းလေးတွေက
    တခါတလေပြန်တွေးကြည့်ယင် လွမ်းမောစရာလေးတွေဘဲမဟုတ်ပါလား…….
    စောင့်မျှော်အားပေးနေပါတယ်ဗျာ…..

  • မောင်ပေ

    September 30, 2012 at 2:37 pm

    ရွာစားကြီးပုံမှန်းရတာ.. ငယ်ရည်းစားနဲ ့ပြန်အတွေ ့ဖီးလ်တွေဖြစ်ပြီး ၊ ခံစားချက်တွေ ထုဆစ်လိုက်ပုံမှတ်တယ်
    ဟုတ်တယ်ဟုတ်
    :kwi:

    • ရွာစားကျော်

      September 30, 2012 at 6:29 pm

      ဟီး ဦးပေကလည်းဗျာ.. ဟဲဟဲ

  • ကြောင်ကြီး

    September 30, 2012 at 11:52 pm

    ဇလီဖားတုံး
    မကြည်နွားဘုံး
    အတည်စားသုံး
    ပလီအားမုန်း
    ကစည်ထွားလုံး
    ငနီပျားဖုံး
    ဝသီကားနှုန်း
    ရတီသွားပြုံး..။

  • surmi

    October 1, 2012 at 12:51 am

    စောင် ့နေမယ်ဗျို ့
    ဒါမျိုးလေးတွေက ကြုံတတ်ကြပေမဲ ့ တစ်ဦးနဲ့ တစ်ဦး မတူကြဘူးဗျ ။
    မတော်တဆ တမင်တကာဆိုတာကလည်းရှိသေး းးးးးးးးးးးး

  • kyeemite

    October 1, 2012 at 11:29 am

    ပျောက်ပီးပေါ်တဲ့ ရွာစားကျော်
    ငေါက်ပီးခေါ်မကွဲ့ လာထားနော်….ခင်လို့နောက်တာ :kwi:
    ဆက်ရေးပါဗျို့…အားပေးဖတ်ရှု့ပါ့မယ်။

  • Shwe Ei

    October 1, 2012 at 4:04 pm

    ကျောင်းတုန်းက ဇာတ်လမ်းလေးတွေပါရေးအုံးမှာလား ကိုရွာစားကျော်။
    စောင့်မျှော်အားပေးပါမယ်ဗျာ။

  • “ဒီပို့လေးကတော့ တစ်ယောက်သောသူအတွက် ရည်ရွယ်ပြီး မဖြစ်ဖြစ်အောင်ရေးနေတာ..
    မရေးတာကြာလို့ထင်တယ် အတွေးတွေက စာလုံးတွေ ဖြစ်လာဖို့ အတော်ညှစ်ရေးရတယ်..”
    “မမြဝင်းပေးခဲ့တဲ့ ဒဏ်ရာဟောင်းလေး…”

    အင်း…လွမ်းခန်းထင်တယ်… မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိပါရဲ့… 🙂

  • etone

    October 1, 2012 at 4:44 pm

    အဲ့ဒီခေတ်က … အခုလို ဆက်သွယ်ရေး မလွယ်ကူသေးဘူးထင်တယ်နော် ၊ တယ်လီဖုန်းတော့ပေါ်လောက်တဲ့ခေတ်ဖြစ်မှာပါ ။ … အိမ်သာနက်တို့ အီးမဲ တို့ မရှိသေးဘူး ထင်ပါရဲ့ … ။ စာပို့ဆက်သွယ်ရအောင်လည်း ..ရန်ကုန်နဲ့ ပဲ ခူးပို့လျှင်တောင် နှစ်ပတ်ကျော်လောက် အသာလေးကြာတော့လည်း ….. ခဲရာခဲဆစ် လူကိုယ်တိုင်သွားမှ အဆက်သွယ်ရတာမျိုးထင်ပါရဲ့ .. ဟီး ။ :mrgreen:
    ဒုတိယပိုင်းလေးကိုလည်း စောင့်ဖတ်နေပါတယ်နော်။ :gee:

Leave a Reply