တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း- ၂)

kaiSeptember 30, 201223min36484

တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း)

The Scarborough Shoal incident နှင့် နောက်ဆက်တွဲဖြစ်ရပ်များ

(၂၀၁၂) ခုနှစ်၊ ဧပြီလမှာ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ The Scarborough Shoal incident က ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေးဇာတ်ခုံကိုပါ လှုပ်ရှားသွားစေခဲ့ပါတယ်။ The Scarborough Shoal ရဲ့ ဖိလစ်ပိုင်အမည်က Panatag Shoal ဖြစ်ပြီး၊ တရုတ်အမည်က Huangyan Dao ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်ကို အမည်သုံးမျိုးနဲ့ သတ်မှတ်ခေါ်တွင်နေကြပါတယ်။ မနီလာနဲ့ (၃၅၀) ကီလိုမီတာအကွာမှာရှိပြီး၊ ဟောင်ကောင်အရှေ့ပိုင်းကနေ ကီလိုမီတာ (၈၀၀) အကွာမှာ ရှိပါတယ်။ (၁၉၆၅) ခုနှစ်မှာ ဖိလစ်ပိုင်ရေတပ်က Scarborough’s lagoon အနီးမှာ တာဝါတခု တည်ဆောက်ထားခဲ့ပါတယ်။ (၂၀၁၁) ခုနှစ်၊ ဇွန်လ () ရက်နေ့မှာတော့ Scarborough Shoal မှာ ရှိတဲ့ Masinloc town ကို ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တမြို့အဖြစ် အတည်ပြုခဲ့ပါတယ်။

Scarborough Shoal အနီးတဝိုက်မှာ marine resources တွေများတာကြောင့် ဖိလစ်ပိုင်နဲ့ တရုတ်ငါးဖမ်း သင်္ဘောတွေ ရောက်ရှိလာတတ်တဲ့ နေရာဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးက ပိုင်နက်အဖြစ် ကြေငြာထားတာကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ (၁၉၉၈) ခုနှစ်အတွင်းမှာ တရုတ်ငါးဖမ်းသင်္ဘောသားတွေကို ဖိလစ်ပိုင်ရေတပ်က ဖမ်းဆီးခဲ့ပါတယ်။ (၁၉၉၉) ခုနှစ်၊ မေလမှာ တရုတ်ငါးဖမ်းသင်္ဘောတစီးကို ဖိလစ်ပိုင်ရေတပ် ကင်းထောက်ရေယာဉ်က နစ်မြှုပ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရေတပ်တာဝန်ရှိသူများကို ပြစ်ဒဏ်ပေးဖို့နဲ့ လျော်ကြေးပေးဖို့ တရုတ်က တောင်းဆိုခဲ့ပါတယ်။ တောင်းဆိုချက်ကို ဖိလစ်ပိုင်က ငြင်းဆန်ခဲ့ပါတယ်။ (၂၀၀၀) ခုနှစ်၊ ဇန်နဝါရီလမှာ တရုတ်သင်္ဘောတွေနဲ့ စစ်လေယာဉ်အချို့ကို Scarborough Shoal အနီးတဝိုက်မှာ တွေ့ရှိရတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံကို diplomatic protest ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ၊ မတ်လနဲ့ ဧပြီလတွေ တလျှောက်မှာ ဒိုင်းနမိုက်များ သယ်ဆောင်လာတဲ့ တရုတ်သင်္ဘောတွေကို ဖိလစ်ပိုင်ရေတပ်က ခြောက်လှန့်ပစ်ခတ်ပြီး၊ ဒေသတွင်းကနေ ထွက်ခွာခိုင်းရတဲ့ ဖြစ်စဉ်တွေ အများအပြား ရှိလာပါတယ်။ (၂၀၀၂) ခုနှစ်၊ နိုဝင်ဘာလမှာ အာဆီယံနဲ့ တရုတ်တို့အကြား Declaration on the Conduct of Parties on the South China Sea သဘောတူညီချက်ရရှိတဲ့အတွက် ပဋိပက္ခတွေက အနည်းငယ် ငြိမ်သက်သွားပါတယ်။

(၂၀၁၁) ခုနှစ်၊ ဇွန်လမှာ Scarborough Shoal မှာ ရှိတဲ့ Masinloc town ကို ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တမြို့အဖြစ် အတည်ပြုကြေငြာပြီးနောက်ပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးမားဆုံး စစ်သင်္ဘောကြီးဖြစ်တဲ့ Raja Humabon ကို Scarborough Shoal အနီးတဝိုက်မှာ ကင်းလှည့်ဖို့ ဖိလစ်ပိုင်ရေတပ်က စေလွှတ်ခဲ့ပါတယ်။ ဒါကို တရုတ်နိုင်ငံက တုံ့ပြန်တဲ့အနေနဲ့ တရုတ်ရဲ့ အကြီးမားဆုံး maritime patrol ship ဖြစ်တဲ့ Haixun-31 ကို ဖိလစ်ပိုင်အနောက်ဘက် ပင်လယ်ကို ဖြတ်သန်းပြီး စင်ကာပူကို သွားဖို့ စေလွှတ်ခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတက ဘေဂျင်းအနေနဲ့ နိုင်ငံငယ်လေးတွေကို ခြိမ်းချောက်အနိုင်ကျင့်မှုတွေကို ရပ်တန့်ဖို့နဲ့ ဖိလစ်ပိုင်ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခြင်း မပြုဖို့ ပြောဆိုခဲ့ပါတယ်။

 

(ပုံ ၄ – Scarborough Shoal ပြမြေပုံ)

(၂၀၁၂) ခုနှစ်၊ ဧပြီလ () ရက်နေ့မှာ ဖိလစ်ပိုင်ရေတပ်ကင်းထောက်လေယာဉ်က Scarborough Shoal မှာ တရုတ်ငါးဖမ်းသင်္ဘောရှစ်စီး ကျောက်ချရပ်နားထားတာကို တွေ့ရှိခဲ့ပါတယ်။ ဧပြီလ (၁၀) ရက်နေ့မှာ ဖိလစ်ပိုင်ရေတပ်သားတွေက ငါးဖမ်းသင်္ဘောတွေကို တက်ရောက်စစ်ဆေးခဲ့တာမှာ marine species များ တွေ့ရှိရတဲ့အတွက်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ငါးဖမ်းသင်္ဘောတွေဟာ တရားမဝင်ငါးခိုးဖမ်းမှုတွေနဲ့ ရှားပါးရေသတ္တဝါတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။ မကြာခင်မှာပဲ တရုတ်ရေတပ် ကင်းလှည့်ရေယာဉ်နှစ်စင်းဖြစ်တဲ့ China Marine Surveillance 75 (Zhongguo Haijian 75) နဲ့ China Marine Surveillance 84 (Zhongguo Haijian 84) တို့က ဖိလစ်ပိုင်ရေတပ်စစ်သင်္ဘော BRP Gregorio del Pilar နဲ့ တရုတ်ငါးဖမ်းသင်္ဘောတွေအကြားမှာ ဝင်ရောက်နေရာယူပြီး၊ တရုတ်ငါးဖမ်းသင်္ဘောတွေကို ကာကွယ်ပေးလိုက် ပါတယ်။ ဧပြီလ (၁၂) ရက်နေ့မှာတော့ နောက်ထပ်တရုတ်သင်္ဘောတစီးက ဒေသထဲကို ထပ်မံ ဝင်ရောက်လာတာကြောင့်၊ ရိက္ခာနဲ့ လောင်စာဖြည့်တင်းရန် အကြောင်းပြပြီး ဖိလစ်ပိုင်ရေတပ်စစ်သင်္ဘောက ဒေသတွင်းကနေ ထွက်ခွာ ပေးလိုက်ပါတယ်။

နောက်ပိုင်းမှာ ဒါနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဖြစ်ရပ် အများအပြားဖြစ်ပွားလာပါတယ်။ တရုတ်ထုတ် ကုန်ပစ္စည်းများကို သပိတ်မှောက်ဖို့ လှုံ့ဆော်မှုတွေ ဖိလစ်ပိုင်နိုင်ငံမှာ ပေါ်ထွက်လာပါတယ်။ Governor Joey Salceda ဆိုသူက တိုင်းပြည်ရဲ့ နယ်မြေနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တိုင်းတပါးက ခြိမ်းချောက်လာချိန်မှာ ဖိလစ်ပိုင်လူမျိုးတွေရဲ့ ညီညွတ်မှုကို ပြတဲ့အနေနဲ့ တရုတ်ထုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ဖို့ စည်းရုံးဟောပြောခဲ့ပါတယ်။ ဒီလိုသပိတ်မှောက်ခြင်းအားဖြင့် တရုတ်ရဲ့ စီးပွားရေးနဲ့ စစ်ရေးအင်အားကို အနိုင်ယူနိုင်မှာ မဟုတ်ပေမယ့်၊ တရုတ်ရဲ့ နိုင်ငံငယ်များကို စီးပွားရေး၊ စစ်ရေးနယ်ချဲ့တဲ့ မဟာဗျူဟာကို နိုင်ငံတကာက သတိပြုမိလာအောင် လုပ်နိုင်ကြောင်း သပိတ်မှောက်သူတွေက ယုံကြည်ထားကြပါတယ်။ U.S. Pinoys for Good Governance နဲ့ ဖလော်ရီဒါအခြေစိုက် ဗီယက်နမ် အမျိုးသားအင်အားစုတွေကလဲ တရုတ်ပစ္စည်းတွေကို သပိတ်မှောက်ခဲ့ကြပါတယ်။

(၂၀၁၂) ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့မှာ ဖိလစ်ပိုင်တက္ကသိုလ်ရဲ့ အင်တာနက်စာမျက်နှာ တိုက်ခိုက်ခြင်းခံခဲ့ရပြီး၊ တိုက်ခိုက်သူတွေက “We come from China! Huangyan Island is Ours ” ဆိုတဲ့ စာတမ်းကို ချန်ရစ်ခဲ့ကြပါတယ်။ နောက်တနေ့မှာ “Anonymous #Occupy Philippines” ဆိုတဲ့ အုပ်စုတခု က တရုတ်တက္ကသိုလ်၊ မီဒီယာသမဂ္ဂအင်တာနက်စာမျက်နှာကို တို်က်ခိုက်ခဲ့ပြီး “Chinese government is clearly retarded. Scarborough Shoal is ours!” ဆိုတဲ့ စာတမ်းကို ချန်ရစ်ခဲ့ပါတယ်။ ဧပြီလအတွင်းမှာ နောက်ထပ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာပြီး ဖိလစ်ပိုင်ရဲ့ Official Gazette၊ သမ္မတရဲ့ ဆက်သွယ်ရေးနှင့် မဟာဗျူဟာ စီမံကိန်းဌာန၊ Presidential Museum နှင့် စာကြည့်တိုက်စတာတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။

မေလရောက်တော့ ဖိလစ်ပိုင်ကနေ တရုတ်ကို တင်ပို့တဲ့ ဌက်ပျော်သီးတွေကို တရုတ်က ပိတ်ဆို့ငြင်းဆန်မှုတွေ ပြုလုပ်လာပါတယ်။ အရည်အသွေးမပြည့်မှီတာကို အကြောင်းပြပြီး သင်္ဘောလိုက် ပြန်ပို့တာတွေအထိ ဖြစ်ပွားလာပါတယ်။ တရုတ်အာဏာပိုင်တွေက ဖိလစ်ပိုင်ကနေတင်ပို့တဲ့ နာနတ်သီးနဲ့ အခြားသစ်သီးဝလံ များကိုလဲ စနစ်တကျ စစ်ဆေးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်လာပါတယ်။ တပြိုင်နက်တည်းမှာပဲ တရုတ်နိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံကို အလည်အပတ်ခရီးသွားမယ့် ခရီးစဉ်တွေကို တရုတ်ဘက်က ရပ်စဲမှုတွေ ပြုလုပ်လာပါတယ်။

မေလ (၁၁) ရက်နေ့မှာ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်တို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။ မနီလာမြို့ တရုတ်သံရုံးအနီးမှာ တရုတ်ရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီး၊ လူ (၅၀၀) ခန့် ပါဝင်ခဲ့ပါတယ်။ တခြားနိုင်ငံက တရုတ်သံတမန်ရေးရာ မစ်ရှင်တွေမှာလဲ ဆန္ဒပြပွဲတွေ ပြုလုပ်မယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပသူတွေက ကြေငြာခဲ့ပါတယ်။ မနီလာအခြေစိုက် တရုတ်သံရုံးက ဆန္ဒပြပွဲတွေ ဖြစ်ပွားချိန်မှာ တရုတ်လူမျိုးတွေ သံရုံးအနီးကို မလာဖို့ သတိပေးတားမြစ်ခဲ့ပါတယ်။ ထိုင်ဝမ်ကလဲ ဖိလစ်ပိုင်မှာ နေထိုင်တဲ့ ထိုင်ဝမ်နိုင်ငံသားတရုတ်များအတွက် အလားတူသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ဖိလစ်ပိုင်သံရုံးရှေ့မှာလဲ ဖိလစ်ပိုင်လူမျိုး (၂၀၀) လောက်သွားရောက်စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဟောင်ကောင်ဆန္ဒပြပွဲကကျတော့ တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှုအဆိုပြုချက်ကို ထောက်ခံတဲ့အနေနဲ့ ဟောင်ကောင်အခြေစိုက် ဖိလစ်ပိုင်သံရုံးအနီးမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေက သံတမန် ဝန်ထမ်းတွေကို အိတ်ဖွင့်ပေးစာတစောင် ပေးအပ်ခဲ့ပါတယ်။ ဒီအိတ်ဖွင့်ပေးစာမှာ Scarborough Shoal ကို တရုတ်က ပိုင်ဆိုင်ခဲ့တာ (၁၂၇၉) ခုနှစ်၊ Yuan Dynasty လက်ထက်ကတည်းက ဖြစ်ကြောင်းကို ဖော်ပြထားခဲ့ပါတယ်။ မေလ (၁၂) ရက်နေ့မှာတော့ တရုတ်နိုင်ငံအခြေစိုက်၊ ဖိလစ်ပိုင်သံရုံးရှေ့မှာ တရုတ်လူမျိုး ငါးဦးက “Huangyan Island will always belong to China” နဲ့ “Keep your hands off Huangyan Island” ဆိုတဲ့ စာတမ်းများကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မကြာခင်မှာပဲ Scarborough Shoal အနီးက တောင်တရုတ်ပင်လယ်မှာ မေလ (၁၆)ရက်နေ့မှ ဩဂုတ်လ () ရက်နေ့အထိ ငါးဖမ်းခြင်း မပြုကြဖို့ တရုတ်အစိုးရက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဖိလစ်ပိုင်ကလဲ တရုတ်ရဲ့ ကြေငြာချက်ကို အသိအမှတ်မပြုပဲ မေလ (၁၆) ရက်နေ့မှ ဇူလိုင်လ (၁၅) ရက်နေ့အထိ ငါးဖမ်းခြင်း တားမြစ်ချက်ကို ထုတ်ပြန်ကြေငြာပါတယ်။ ယခုစာရေးချိန် စက်တင်ဘာလအထိ နောက်ထပ်ထိပ်တိုက် ရင်ဆိုင်မှုများ မဖြစ်ပွားသေးပေမယ့် Scarborough Shoal အနီးတဝိုက်မှာကတော့ တရုတ်သင်္ဘောတွေနဲ့ ဖိလစ်ပိုင်သင်္ဘောတွေ အပြန်အလှန် နေရာယူထားကြဆဲဖြစ်တာကြောင့် မဟာဗျူဟာပညာရှင်တွေကတော့ “cold standoff” အဖြစ် သတ်မှတ်ထားဆဲပဲ ဖြစ်ပါတယ်။

Scarborough Shoal နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ မပြီးဆုံးသေးချိန်မှာပဲ (၂၀၁၂)ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မေတာ် (PLA) ရေတပ်ရဲ့ missile frigate Dongguan ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Palawan ကျွန်းရဲ့ ရေမိုင်ခြောက်ဆယ်အကွာမှာရှိတဲ့ Half Moon Shoal ကို ရောက်ရှိပြီး ကင်းလှည့်တာဝန်ထမ်းဆောင်လာပြန်ပါတယ်။ Half Moon Shoal ဟာ Spratly Islands ရဲ့ တစိတ်တပိုင်းဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ ပိုင်နက်ဖြစ်ကြောင်း တရုတ်ဘက်က ကြေငြာထားသလို၊ ဖိလစ်ပိုင်ကလဲ ဖိလစ်ပိုင်နိုင်ငံရဲ့ internationally defined exclusive economic zone (EEZ) အဖြစ် အဆိုပြု ကြေငြာထားပါတယ်။ ဒီဒေသကို တရုတ်ရေတပ်စစ်သင်္ဘောတွေ ဖြတ်သန်းသွားလာခဲ့ဖူးပြီး၊ ဖိလစ်ပိုင်ရေတပ်နဲ့ ထိတွေ့တဲ့ incidents တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် တရုတ်ရေတပ်က ဖြတ်သန်းသွားလာတာမဟုတ်တော့ပဲ ကင်းလှည့်လာတာကတော့ ပထမဦးဆုံးအကြိမ်ဖြစ်လာတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံ တာဝန်ရှိသူတွေအကြားမှာ စိုးရိမ်မကင်းဖြစ်လာပါတယ်။ ဖိလစ်ပိုင်တက္ကသိုလ်၊ နိုင်ငံတကာဥပဒေလေ့လာရေးသိပ္ပံက နိုင်ငံခြား စစ်သင်္ဘောတွေအနေနဲ့ အငြင်းပွားဖွယ်ရာ ရေပိုင်နက်အတွင်းကို ဝင်ရောက်ပြီး ကင်းလှည့်ပိုင်ခွင့် မရှိကြောင်း ထုတ်ပြန် ကြေငြာခဲ့ပ့ါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ စစ်ရေးထိတွေ့မှုတွေ ဖြစ်ပွားလာနိုင်မလားဆိုတာကိုတော့ ယနေ့အချိန်ထိမှာ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ကြသေးပါဘူး။ ရေပိုင်နက်အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ကိုေတာ့ ဒေသတွင်းနိုင်ငံအများစုနဲ့ အင်အားကြီးနိုင်ငံများက တိုက်တွန်းနေကြဆဲပါ။ ပဋိပက္ခဖြေရှင်းရေး မူဝါဒများကိုလဲ သုတေသန အဖွဲ့အစည်းများနဲ့ ပညာရှင်များစွာက တင်ပြဆွေးနွေးနေကြပါတယ်။ သံတမန်ရေး၊ စစ်ရေး ထိတွေ့မှုတွေ ဖြစ်ပွားသွားစေနိုင်မယ့် triggers နဲ့ drivers တွေကို ဖော်ထုတ်ပြီး၊ ဘယ်လို စီမံခန့်ခွဲ သင့်တယ်ဆိုတာကိုလဲ ဆွေးနွေးဖော်ထုတ်နေကြပါတယ်။ Scarborough Shoal incident ဟာ တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြားမှာ ဖြစ်ပွားလာတာ ဖြစ်ပေမယ့်၊ တောင်တရုတ်ပင်လယ်အရေးသာ စစ်ရေးထိပ်တိုက် ရင်ဆိုင်မှုတွေအနေနဲ့ ကြီးထွားလာခဲ့ရင် တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ အခြားနိုင်ငံများနဲ့ သွယ်ဝိုက် အကျိုးစီးပွားရှိနေတဲ့ အမေရိကန်နိုင်ငံတို့ကိုပဲ စစ်ပွဲထဲ ဆွဲသွင်းသလို ဖြစ်လာနိုင်တာကြောင့်၊ လူအများက ရင်တမမနဲ့ လေ့လာသုံးသပ်နေကြပါတယ်။ အခုဆက်လက်ပြီး တောင်တရုတ်ပင်လယ်အတွင်းက ရေပိုင်နက် အငြင်းပွားမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူးနိုင်း၊ ထိုင်ဝမ်တို့ရဲ့ အပြိုင်အဆိုင် အဆိုပြုချက်များ (competing claims) နဲ့ မဟာဗျူဟာအကျိုးဆက်များ (strategic implications) ကို ဆက်လက်တင်ပြပါမယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၉၊ ၉၊ ၂၀၁၂)

4 comments

  • ကိုရင်မောင်

    September 30, 2012 at 6:28 am

    နောင်ဆိုတရုတ်နိုင်ငံဟာ အာရှမှာအန္တရာယ် အကြီးဆုံးနိုင်ငံဖြစ်လာမှာပါ…
    အာရှနိုင်ငံငယ်လေးတွေအတွက် စည်းစည်းလုံးလုံးနေနိုင်မှတော်ကာကျမယ်လို့ထင်ပါတယ်
    ခုလဲမြန်မာနိုင်ငံကပို့ကုန်တွေကိုအကြောင်းအမျိုးမျိုးပြပိတ်ပင်အနိုင်ကျင့်နေပြီး…
    သူတို့ဆီကအဆင့်မမှီတဲ့ကုန်ပစ္စည်းတွေကျ အစစ်အဆေးမရှိဝင်ချင်တိုင်းဝင်လို့မဟုတ်လား..
    ကျနော်တို့စက်ရုံကထုတ်တဲ့ခေါက်ဆွဲတွေတောင်ခု စာလုံးပေါင်းမမှန်တဲ့မြန်မာစာတွေနဲ့
    ထုတ်နေတာတွေ့နေရတယ်ဗျို့…ဟဲဟဲ
    ခေါက်ဆွဲထည့်တဲ့ပုံးတွေမှာ ရေးထားတာလဲကြည့်ပါအုံး
    (ကျေးဧူးတင်းပါသည်
    ဒီနေ့ကစပြီးပစ္စည်းတစ်ဖာဝယ်လျှင်အချိုရေဗူး250ml
    တစ်ဗူးလက်ဆောင်ပေးပါသည် )တဲ့..
    ကျနော်တို့စက်ရုံကထုတ်တဲ့ခေါက်ဆွဲကတော့အဆင့်မှီမယ်ထင်ပါတယ်…
    ဒါပေမဲ့ ကျနော်တို့စားယင်တော့အပြင်ကခေါက်ဆွဲကိုပိုကြိုက်တယ်….ဟဲဟဲ
    တမျိုးတော့မထင်ပါနဲ့..အလကားစားရလွန်းလို့ရိုးနေလို့ပါ…..ဟဲဟဲ…….

  • pooch

    September 30, 2012 at 3:08 pm

    ဆီမီနာ တခုမှာ ချိုင်းနားနဲ့ အမေရိကန်တွေ ရဲ့ စစ်ရေးအားသာချက် အားနည်းချက်တွေကို အသေးစိတ်နားထောင်ခဲ့ဖူးတယ်။ ပရိုဂျက်တာတွေနဲ့ အသေးစိတ် ဘာတွေကွာတာက အစထိ ပါတယ်။ ဘာကြောင့် အားကြီးတယ် အားသာတယ် ဆိုတာမျိုးထိ ။ မဟာဗျူဟာ ဆိုတာ ဘယ်လိုအရေးးပါတယ် ဆိုတာမျိုးတွေ။

    ပြောရရင် အာရှမှာ ချိုင်းနားဟာ စစ်ရေးမှာအားကြီးလာတယ် ဆိုတာမှန်ပါတယ်။ စီးပွားရေးမှာလည်း ဦးမော့လာပြီး အနောက်ထိ ဖြန့်ကျက်လာနိုင်တယ် ဆိုပေမဲ့ စစ်ရေးမှာတော့ အခုလက်ရှိ အမေရိကန်ကိုတော့ မကျော်နိုင်သေးပါဘူး။ စစ်ရေးအသုံးစရိတ်အရရော နည်းပညာသုံး စစ်သုံးကိရိယာတွေမှာရော နည်းပညာအရရော နောက်ကောက်ကျနေပါသေးတယ်။

    သံခင်းတမာန်ခင်းအရရော ပါးပါးနပ်နပ် ဆက်ဆံပြီး လုပ်တတ်ကိုင်တတ်မယ် ဆိုရင် အမေရိကန်နဲ့ ချိုင်းနားဟာ မြန်မာအတွက် အလွန်အရေးပါတဲ့ မိတ်ဖက်တွေ ဖြစ်လာမှာပါ။ proactive အမြင်ဟာ လွန်စွာမှ အရေးပါလှပါတယ်။

  • P chogyi

    October 1, 2012 at 11:06 am

    စစ်ရေးအရဆိုရင် တရုတ်က အမေရိကန်ကိုအသာစီးမရနိုင်သေးပါဘူး
    အမေရိကန်က သူရဲ့ Fleet တွေနဲ့ အခြေစိုက်စခန်းတွေကို
    ကမ်ဘာတစ်ဝှမ်းဖြန့်ကြက်စိုးမိုးထားနိုင်တဲ့မခြေအနေဖြစ်ပြီး
    တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တစ်ခုတည်းကိုတောင်
    မစိုးမိုးနိုင်သေးတဲ့ အနေအထားပါ။

Leave a Reply