နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ် အပိုင်း(၉)ဇာတ်သိမ်း


          ရထားဥဩဆွဲသံကိုကြားရစဉ်ခဏမှာပင် သူ ပျာယာခပ်နေချေပြီ။ သူတို့ကျန်ရစ်ခဲ့၍မဖြစ်။ထိုစဉ်-

“မင်းတို့နှစ်ယောက်လား ကိုကိုနိုင်ပြောထားတာ”

“ဗျာ”

“လက်မှတ်နှစ်စောင် ဖားကန့်ကနေဖြတ်ထားတာမလား”

“ဟုတ်..ဟုတ်ကဲ့ ကျွန်တော်တို့နှစ်ယောက်ပါ”

“လာလာ ရထားဆိုက်လာပြီ ကိုကိုနိုင်ကတော့ ပြောထားတယ် ငါလည်း မင်းတို့ကိုရှာနေတာ။ လာလာ”

မြင့်ဇော်ဦးက ပိုက်ဆံယူပြီး မှတ်ပုံတင်ကိုင်ကာ အမြန်လိုက်သွားသည်။ မြန်မြန်ဆန်ဆန် လက်မှတ်ဖိုးရှင်းကာ မြင့်ဇော်ဦးအနားကိုပြန်ရောက်လာချိန်တွင် မြစ်ကြီးနားမှ ထွက်ခွာလာသော အမြန်ရထားသည် မိုးကောင်းဘူတာအတွင်းကို ဝင်လာလေပြီ။ သူလည်း ခုမှပင် သက်ပြင်းချနိုင်ကာ ခုန်နေသောရင်သည် မီးတောက်ကို ရေနှင့်ပက်ဖျန်းလိုက်သည့်ပမာ ဟုတ်ခနဲငြိမ်းသည်နှယ် ရပ်တန့်သွားရလေသည်။  အသက်ရှူသံပြင်းပြင်းနှင့် ဘူတာအတွင်းခေတ္တ ငြိမ့်ညောင်းနေသော အမြန်ရထားကြီးပေါ်သို့ အပြေးတပိုင်းနှင့် စီးနင်းရမည့်အတွဲကို ဦးဆုံးရှာကာ မြင့်ဇော်ဦးက ပစ္စည်းတစ်ချို့ကို တင်နေချိန်ဝယ် သူကလည်း သွက်လက်သော ခြေလှမ်းများနှင့် မပြေးရုံတမယ် မြန်မြန်ကြီးလိုက်ရပြန်လေသည်။ အထက်တန်း တွဲ(-)ပေါ်ကိုရောက်မှ ငါတို့ မိုးကောင်းမှာ မကျန်တော့ဘူးဟု  အပြုံးတဝက်စွက်ကာ အရယ်တပိုင်းနှင့် နှစ်ဦးသား မရယ်ချင့် ရယ်ချင် ရယ်မိကြသည်။

ဆယ်ငါးမိနစ်လောက်ရှိသောအခါ ရထားသည် တငြိမ့်ငြိမ့်နှင့် မိုးကောင်းဘူတာမှ စတင်၍ မန္တလေးသို့ ထွက်ခွာလေသည်။ ရထားသည် အရှိန်ရလာသည့်နှင့်အမျှ လေကိုခွင်းလျှက် တရှူးရှူးတရှဲရှဲ တဂျုံးဂျုံး တဂျက်ဂျက် မြန်မြန်ကြီး ခုတ်မောင်းနေချေပြီ။ ခုမှ ရထားပြတင်းမှ ဝင်လာသောလေသည် လတ်ဆတ်သည်ဟု ခံစားလာရသည်။ ရထားပေါ်မှ မြင်နေရသော ဝေးဝေးက တောင်တန်းကြီးများနှင့် မိုးကောင်းကင်ပြာကြီးကိုကြည့်ရင်း မမြင်နိုင်တော့သည့် ဖားကန့်မြို့ကို ရမ်းရော်တမ်းတကာ နေရစ်ခဲ့သော ရတနာမြေရယ်ဟု လွမ်းလွမ်းဆွေးဆွေးကြီးပြောမိရသည်။ ကျောက်စိမ်းမှော်တွင်ကျန်ရစ်ခဲ့သော သူငယ်ချင်းများကိုလည်း ခုမှ ထပ်မံနှုတ်ဆက်ရသည်။

“ပြန်လည်ဆုံတွေ့ကြဦးမှာပါ သူငယ်ချင်းတို့”

ရထားပေါ်တွင် မြင့်ဇော်ဦးနှင့် သူသည် မိနစ်အတော်ကြာကြာလေးအထိ စကားမပြောမိကြ။ အတွေးများနှင့် လွင့်မြောနေကြပြီး စိတ်ကူးတွေ ရွက်လွှင့်နေမိကြသည်မှာ အချိန်မည်မျှကြာသည်မသိ စားသောက်တွဲမှ ဝိတ်တာလေးတစ်ယောက်က ဘာမှာဦးမလဲဟု မေးမှသာ စိတ်နှင့်ကိုယ် ကပ်မိရသည်။

“မမှာသေးပါဘူးကွာ..နောက်မှ”

သူလက်ကာပြီးပြောလိုက်သည်။ မြင့်ဇော်ဦးကတော့ ကွမ်းယာကိုခုမှ ဇိမ်ပြေနပြေကြီးဝါးရသည့်အတိုင်း ပါးစောင်တွင်ကပ်လျှက် တမြုံ့မြုံ့ဝါးနေပြီ။ မျက်နှာချင်းဆိုင်ထိုင်ခုံတွင် မည်သူမျှမရှိသဖြင့် သူလည်း စီးကရက်တစ်လိပ်ကို ကောက်ဖွာလိုက်သည်။ မီးခိုးငွေ့ကလေးတွေ လေထဲတွင် လွှင့်ဝဲသွားသည်။ ထို့အတူ သူတို့ ဘဝများသည်လည်း လေဟာနယ်ထဲတွင် လွှင့်မြောနေရသကဲ့သို့ မြောချင်တိုင်းမြောရဦးမည်လားမသိ။

စိတ်သည်ခုမှ လွတ်လပ်သည်နှယ် ပေါ့ပါးသွားခဲ့ရသည်။ ရထားပေါ်ကိုရောက်မှ မိုးနိုင်ကို ဖုန်းလှမ်းခေါ်ကာ ကျေးဇူးတင်ကြောင်းနှင့် နုတ်ဆက်စကားပြောရသည်။ ဖားကန့်ကနေ ထွက်လာချိန်မှစ၍ ယခု မိုးကောင်းဘူတာအထွက်တွင်မှ သူသည် စိတ်အေးရခြင်းဖြစ်သဖြင့် သက်တောင့်သက်သာ အနေအထားအဖြစ် နေနိုင်တော့သည်။ ကျန်ရစ်ခဲ့သော၊ သူက ခွဲခွာခဲ့ရသော သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များကို သူနီးတူ အိမ်ပြန်စေချင်ပါသည်။ သူငယ်ချင်းများ၏ မိဘဆွေမျိုးများက နောက်ပိုင်းမှနေ၍ ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသော စစ်ပွဲများကြောင့် မိမိတို့ ရင့်နင့်သည်းချာ သားသမီးများကို စိတ်ပူနေကြလိမ့်မည်။ သောကဗျာပါဒတွေ ဖြစ်ပေါ်နေလိမ့်မည်။ ယခုကျန်ရစ်ခဲ့သော သူငယ်ချင်းများ အိမ်ပြန်ချင်ကြပေလိမ့်မည်။ သို့သော် အချို့သော အကြောင်းများသည် ဘဝကို လုပ်ချင်တိုင်းလုပ်ခွင့်မပေးချေ။

သူ့အခက်အခဲ ကိုယ့်အခက်အခဲများနှင့် လုံးချာလည်ပတ်နေရင်း ဘဝသည် အသစ်နှင့် အဟောင်းကြားတွေ မလူးသာ မလွန့်သာ။ အသစ်တွေ တောက်ပသစ်လွင်နေချိန်တွင် သူတို့ကတော့ အဟောင်းနားကမခွာနိုင်ပဲ တဝဲလည်လည်နှင့်သာ အချိန်တွေကုန်ဆုံးရစမြဲ။ ခုလည်း ဘဝဟောင်းတစ်ခုသို့ ပြန်လည်သွားနေရသူလို နောက်ပြန်လှည့်သော ခြေလှမ်းများနှင့် ရှေ့ဆက်ရန်အားသည် တစ်ပါးတည်း ပါသွားခဲ့ရပြန်ပြီ။ တစ်ခါတစ်ရံတွင် အားမလို အားမရဖြစ်မိသော ဘဝသည် ရှေ့မတိုးနောက်မဆုတ်နှင့် တစ်နေရာတည်းတွင် ရပ်နေတတ်ပြန်သည်။ သူ့တွင် ခွန်အားတို့ပျောက်ဆုံးခဲ့ပြန်ပြီ။

အိမ်အပြန်ခရီးသည် ခါတိုင်းနှစ်တွေလို ပျော်စရာမကောင်းနေခဲ့။ တစ်နှစ်တစ်နှစ် အိမ်ပြန်ချိန်တွင် ပစ္စည်းတွေ တနင့်တပိုးနှင့် လက်ဆောင်တွေနှင့် အိမ်ကိုရောက်သည်နှင့် ဆူညံပွက်လောရိုက်နေတတ်သည်။ ယခုတော့ ထိုမြင်ကွင်းသည် အတိတ်တွင်ကျန်ရစ်ခဲ့သော အဖြူအမည်းရုပ်ရှင်ကားတစ်ကား ပမာသာပင်။ လက်ချည်းဗလာသက်သက်ဖြင့် အိမ်ပြန်လာသဖြင့် မိဘက ဘာမျှပြောမည်မဟုတ်သော်လည်း စိတ်အားငယ်နေမိသည်ကတော့အမှန်။ နောက်တဖန် အလုပ်လက်မဲ့အခြေအနေကို ရုတ်တရက် ဝင်ရောက်ခံစားလိုက်ရသဖြင့် စိတ်ဓါတ်တို့ ချုံးချုံးကျခြင်းသည် လွန်မည်မဟုတ်။

စစ်ဘေးမှ ရှောင်ပြေးခဲ့ရသဖြင့် စစ်သံကြားလျှင် မုန်းနေပြီ။ အရာရာသည် အစိုးမရသဖြင့် ရန်သူမျိုးငါးပါးတည်းဟူသော မီး၊ရေ၊မင်း၊သူခိုး၊ အမွေခံဆိုးကြောင့် ကိုယ်ပိုင်ပစ္စည်းဟု ထင်မှတ်မှားခဲ့သော အရာများသည် နေ့ချင်းညချင်း ဆုံးရှုံးခဲ့ရသည်။ သူ့ထံတွင် ကိုယ်ပိုင်ပစ္စည်းဟူ၍ ဘယ်သောအခါမှ ရှိမနေခဲ့သည့်အကြောင်း သူမေ့သွားခဲ့သည်။ ဗလာနတ္ထိဆိုသည်စကားသည် ကြားရသည်မှာ သက်သာလှသော်လည်း တကယ့်လက်တွေ့ဘဝတွင် သွေးပျက်ဖွယ်လိလိအနေအထားတစ်ခု။ စိတ်ဓါတ်သည် အဝီဇိအထိကျရောက်နေသော်ငြားလည်း အသက်တစ်ချောင်း၏ တန်ဖိုးသည် မည်မျှတန်ဖိုးရှိကြောင်းနှင့် ယှဉ်လိုက်လျှင် အသေးအဖွဲသာသာ။ အသက်ရှင်နေသမျှကာလပတ်လုံး ဤပစ္စည်းများလက်ဝယ်ပြန်လည် ပိုင်ဆိုင်လာအောင် ကြိုးစားလုပ်ယူ၍ရသည်။ အသက်တစ်ချောင်းသည်က လုပ်ယူ၍မရ။ ပျက်စီးသည်က လွယ်ပြီး ဖြစ်ဖို့က ခက်သည်။ လူတစ်ယောက်ဖြစ်ပြီးနောက် ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေနှင့် ဘဝတစ်ခုကိုတည်ဆောက်နေခဲ့ရသည်။ ဖြစ်သွားလိုက် ပျက်သွားလိုက်နှင့် လိပ်ပတ်လည်နေသော်လည်း ယခုတစ်ကြိမ်ပျက်စီးခြင်းသည်  သူ့အတွက် ကြီးကျယ်ခမ်းနားသွားသည်။

ခုမှ ပြန်တွေးကြည့်လိုက်လျှင် ရှိသဖြင့် ပျက်သွားမှာပျောက်သွားမှ စိုးရိမ်ရသည်။ အချို့ မည်သည့် ပစ္စည်း ပစ္စယမှ ဝယ်ယူထားခြင်းမရှိသဖြင့် ပျောက်သွားမှာ ပျက်သွားမှာ လုံးလုံး စိတ်မပူ သောကမရောက်။ စစ်ဘေးမှ ပြေးလာခဲ့ရစဉ်တွင်ပင် ကျန်ရစ်ခဲ့သော  သူ့ပစ္စည်းများကြောင့် သံယောဇဉ်နှမြောစိတ်နှင့် အပူလုံးသည် လူလုံးကိုပင် မလှနိုင်။ ဟန်ဆောင်ခြင်းအတတ်နှင့် ဘယ်လောက်ပင် ဖုံးဖုံး

“မောင်သော် ကျန်ခဲ့တဲ့ ပစ္စည်းတွေရော နှမြောစရာကြီး”

“ကိုသော်ကမှ တို့ထက်ပိုဆိုးတာကွ ကျန်ခဲ့တဲ့ ပစ္စည်းတွေထဲမှာ ကိုသော့်ပစ္စည်းတွေက အများဆုံးကွ”

စသည် စသည်သော စကားများကြောင့် နေမထိထိုင်မသာ ဖြစ်ဖြစ်နေခဲ့ရသည်။ မီးလောင်နေပြီဟု ကြားစဉ်ခဏမှာပင် သူလည်း ယောက်ယက်ခတ်အတွေးများနှင့် ဆုံးရှုံးခြင်းဟူသော သောကသည် ရင်ဝကို ခြေစုံလာရောက်ကန်ထည့်လိုက်သည့်ပမာ အောင့်နေခဲ့သည်။ သူတို့ နှစ်အတော်ကြာစုဆောင်းခဲ့သော ပစ္စည်းတွေတစ်ရက်ထဲနှင့် နေ့မြင်ညပျောက်သဘောနှင့် အနိစ္စရောက်သွားခဲ့ရသည်။ ဒါသည်ပင် ရန်သူမျိုးငါးပါးထဲမှ တစ်ပါးသော မီးကြောင့်ပင် ပျက်စီးခဲ့သည်မဟုတ်လော။

သမုဒ္ဒရာဝမ်းတစ်ထွာဆိုသည့်အတိုင်း နေ့စဉ်ရှာဖွေစာသောက်နေရသော လူတွေထဲတွင် အပါအဝင်တစ်ယောက်ဖြစ်နေသော သူသည် တစ်ထွာသာသာရှိသော ဝမ်းဗိုက်အလိုထက်ပို၍ အဆောင်အယောင်များကို လွယ်ပိုးမိသဖြင့် ကပ်ဘေးတစ်ခုဆိုက်ရောက်တာခြင်းအတူတူ သူ့တွင်မှ ရေနစ်သူ ဝါးကူထိုးသကဲ့သို့ဖြစ်ခဲ့ရသည်။ ပြန်လည်တွေးကြည်ပြီး  ခုတော့လည်း ဖြေနိုင်ပါပြီ။

သူ့သဘော သူဆောင်နေကြသော အရပ်ကို သူက ရှောင်ခွာလာခဲ့ပြီ။ ဒေသခံတွေနှင့် မှီခိုလုပ်သားများ ဘာကိုလိုအပ်သလဲဆိုသည်ကို မည်သူမျှမသိကြ။ ခုပင်လျှင် သူတို့ ဘာကိုလိုအပ်နေသနည်းဆိုသည်ကို အဖြေ ရေရေရာရာ မသိကြသေးပေ။ ပြေးကြလွှားကြ ရှောင်ကြဆိုသည်မှာ လက်နက်ကိုင်ပြီး အမိန့်ပေးလိုက်သည်နှင့် လွယ်လွန်းလှသော်လည်း စုကြဆောင်းကြ တည်ထောင်ကြဆိုသည်မှ နေ့ချင်းညချင်း ဖြစ်မလာနိုင်။ ပကိတိအေးချမ်းခဲ့လေသော နှစ်နှစ်ဆယ်တွင် ဖားကန့်မြို့သည် ရွာသာသာအဆင့်မှ မြို့ပြအနေအထားသို့ သက်တောင့်သက်သာအနေအထားဖြင့် လှပခဲ့သည်။ ယခု ဖားကန့်တွင် ကျီးလန့်စာစားနေရသည့်ပမာ ပြေးလာလိုက်ကြ ပြန်သွားလိုက်ကြ ဒုက္ခတွေပင်လယ်ဝေနေကြရသည်။ ဥရုချောင်းရည်နောက်ကျိနေသကဲ့သို့ ဒေသံများ၏ဘဝ အနှောင့်ခံနေကြရသည်။

ရေနောက်ကို ရေကြည်ဖြစ်အောင် မည်ကဲ့သို့ စွမ်းဆောင်ကြမည်နည်း။ နောက်ပြန်လှည့်ကြည့်၍ ချန်ရစ်ခဲ့ရသည့် အိုးအိမ်များအတွင်းမှာ မိသားစု ရသကို မည်ကဲ့သို့ပြန်ပေးမည်လဲ။ စစ်ကြောင့်သေဆုံးခဲ့ရသော အသက်တစ်ချောင်းကို မည်ကဲ့သို့ ပြန်လည်ရှင်သန်စေမည်လဲ။ စစ်ကြောင့်ဖြစ်ပေးခဲ့ရသော ကြောက်စိတ်ကို မည်ကဲ့သို့ ပြုစုပျိုးထောင်ပါမည်လဲ။ ပျက်စီးသွားသော မျှော်လင့်ချက်နှင့် ဘဝများကို မည်ကဲ့သို့ ဖေးမပါမည်လဲ။ သေချာတွေးကြည့်စေ့ချင်သည်။

ပြည်သူ့မျက်ရည်တစ်ပေါက်ကျရခြင်း အကြောင်းအရင်းကို ပြည်သူကသိနေပြီး အခြားသူတွေ မသိခြင်းသည် မျက်ကန်းများဖြစ်နေခြင်းကြောင့်ပင် ဖြစ်ရပါလိမ့်မည်။ အသံတွေကြားနိုင်သည်။ ငိုသံတွေကြားနိုင်သည်။ ထိုကဲ့သို့သိနေပါလျှက် ကမ်းလင့်သောလက်များ နည်းနေသဖြင့် ဒုက္ခပင်လယ်မှာ လက်ပစ်ကူးခတ်နေသူတွေ များပြားနေဆဲ။ သူ့အတွက်ကတော့ တွေးကြည့်လျှင် အိုးအိမ်စွန့်ခွာပေးလာသူများနှင့် နှိုင်းယှဉ်လျှင် တကယ့် ပမွှားကလေးသာ။

“ကိုသော် ဘာတွေ တွေးနေတာလဲ ။ ကျွန်တော်ကြည့်နေတာကြာပြီ ။ ငြိမ်နေလိုက်တာဗျာ”

“ဟုတ်ပါဘူးကွာ.။ ဟိုတစ်စ ဒီတစ်စ အတွေးတွေ ဆွဲထုတ်ကြည့်နေတာ”

“ပြေးရလွှားရတဲ့အကြောင်းတွေပါ ပါမှာပေါ့”

“အသေအချာပေါ့။ လတ်တလော ခံစားမှုက ရင်ထဲမှာ အပြည့်ရှိနေတာကိုး”

“ကျွန်တော်လည်း ကိုသော့် အတိုင်းပါပဲ။ခုလည်း ရွာပြန်ရောက်ရင် ဘာလုပ်ရမလဲဆိုတာ ထိုင်တွေးနေတာ။ လယ်တွေ ယာတွေပြန်လုပ်ရအောင်လည်း အလှမ်းကွာခဲ့တာ လေးငါးနှစ်ဆိုတော့ စိတ်က အဲဒီအထဲကို မနည်းကြီး နစ်ယူရမှာ။ ကိုသော်ရော ဘာပြန်လုပ်မှာလဲ”

“အင်း ဘာပြန်လုပ်မလဲဆိုတာ အတွေးထဲမှာ အဖြေမရှိဘူး။ မေးခွန်းတွေက ကိုယ့်ကိုယ်ကိုယ်မေးရင်း များနေတယ်။ ခုထက်ထိလည်း မေးနေတုန်းပဲကွ”

“ကိုသော် ကျွန်တော်တော့ ခုအခြေအနေကို တော်တော်လေး စိတ်ပျက်မိတယ်ဗျာ။ကြည့်လေ ပြေးရလွှားရအနေအထားနဲ့ ကျွန်တော်တို့ စုတ်ပြတ်သပ်နေပြီ။ ဘယ်သူက လာရောက် ကူညီခဲ့ကြလို့လဲ”

“တို့အနေအထားက အသေးအမွှားပါကွာ။ ရွာခံတွေအတွက်က ပိုပြဿနာတက်တာ။တို့က ဒုက္ခဖြစ်လို့ ကိုယ့်ရပ်ကိုယ့်ရွာကိုပြေးပြန်လိုက်လို့ရပေမယ့် သူတို့အတွက်က နယ်ခံရွာခံဆိုတော့ ပြေးစရာမြေမရှိ၊ နေစရာအိမ်မရှိ၊ စားစရာ ဆန်မရှိနဲ့ ဘယ်လောက် ဒုက္ခအတိဖြစ်နေသလဲ။ ခုတော့ စစ်ဘေးရှောင်၊ စစ်ဘေးရှောင်နဲ့ ဘုန်းကြီးကျောင်းတွေမှာ၊ ခရစ်ယာန်ကျောင်းတော်တွေမှာ သောင်တင်နေတာ။ လူမှုကူညီရေးအသင်းတွေ လာရောက်ကူညီအခါမှ စားစရာ အစာ၊ အဝတ် ရတာကွ။ တကယ်တမ်း အစာနဲ့ အဝတ်အတွက်မပူရတောင် ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးဆုံး  ပြဿနာကြီးပဲ။ ကဲ တို့က ခုအိမ်အပြန်လမ်းမှာ ကျန်ရစ်ခဲ့သူတွေအတွက် ဆုတောင်းပေးရုံကလွဲလို့ တို့မှာ ဘာမှ မတတ်နိုင်တဲ့အခြေအနေလေ။”

“ဟုတ်တယ်နော် ကိုသော် ။ ခုတောင် ဖားကန့်ကလူမှုကူညီရေးအဖွဲ့တွေနဲ့ ဒုက္ခသယ်တွေကို ထောက်ပံ့ရတာ မလောက်ငှဘူးလို့ပြောနေကြတယ်။ ရင်လေးစရာကြီးဗျာ။”

သူ့မျက်စိထဲတွင် ပြေးကြလွှားကြသည့် မြင်ကွင်းသည် ခုပင်လျှင် မှတ်မှတ်ထင်ထင်ကြီး မြင်ယောင်နေမိရသည်။ သူတို့လိုက်ပါ စီးနင်းလာသော ရထားသည် ရထားမိုင်း ကွဲထားသည့် နေရာကိုရောက်လာသည်။ ရထားသည် ဖြည်းဖြည်းသာသာလေးသာ ခုတ်မောင်းနေ၏။ တံတားကိုဖြတ်စဉ် ချောင်းအောက်ကိုကြည့်သောအခါ ဇလီဖားတုံးများကို အချောင်းလေးငါးဆယ်လောက် တွေ့ရသည်။ သူတို့ ကံကောင်းသည်ဟု ပြောလျှင်ရသည်။ ပျက်စီးသွားသော တံတားကို အချိန်မှီ မပြင်နိုင်သေးပါက မိုးကောင်းတွင် နှစ်ရက်သုံးရင် အသာလေး ခံနိုင်သည်။ ခုတော့လွတ်မြှောက်ခဲ့လေပြီ။

ရထားပြတင်းမှနေ၍ မိုးလေ၏ရနံ့ကို ရှုရှိုက်မိသည်။ လတ်ဆတ် သင်းပျံ့ခြင်းသည် လူကိုကြည်နူးသွားစေသည်။ ကန့်ဘလူ ဘူတာမှအထွက်တွင် ရထားလက်မှတ်စစ်တွေတက်လာသည်။ မိုးကောင်းဘူတာအထွက်နှင့် ဟိုပင်ဘူတာအထွက်တွင် လက်မှတ်စစ်သေးသည်။ ဘာမှတော့ ထူးထူးထွေထွေ ပြဿနာမရှိ။ ခုလည်း ထိုအတိုင်းပင်ထင်နေသည်။

“လက်မှတ်ကလေးတွေထုတ်ထားပါ ”

ဆိုသည်နှင့် လက်မှတ်နှင့်အတူ မှတ်ပုံတင်ပါကိုင်လျှက် အဆင်သင့်ပြင်ထားလိုက်သည်။

“ညီလေးတို့ ဟိုကပ်ဖာက ဘာဖာလဲ”

ပရင်တာထည့်ထားသော ကပ်ဖာကိုမေးခြင်းဖြစ်သည်။ ကပ်ဖာပေါ်တွင်လည်း လမ်းတွင် တင်ရချရအဆင်ပြေအောင် မဖိရ၊ မစောင်းရ ကွဲတတ်သည် ပရင်တာဟု Marker Penဖြင့် ထင်ထင်ရှားရှားကြီးရေးထားသည်။ နောက်တစ်ခုက ရထားပေါ်တွင် အီလက်ထရောနစ် မီဒီယာပစ္စည်းများကို  သယ်ဆောင်ရာတွင် တန်ဆာဆောင်စရာမလိုတော့ဟု ဂျာနယ်များတွင်ဖတ်မှတ်ရသဖြင့် ပေါ့ပေါ့လေးတွေးထားခဲ့သည်။

“ပရင်တာဖာပါ”

“တန်ဆာဆောင်ခဲ့လာ ဖြတ်ပိုင်းပြပါ ညီလေ”

“တန်ဆာတော့မဆောင်ခဲ့ဘူး”

“ဒါဆိုရင်တော့ ဘောင်ချာဖြတ်လိုက်တော့မယ်နော် ညီလေး”

“ဗျာ”

“ညီလေးတို့ တန်ဆာမဆောင်ခဲ့ဘူးဆိုတော့ ဒီကပ်ဖာလေးကို တန်ဆာဆောင်ခိုင်းတဲ့သဘောပါ”

“ဘယ်လောက်လဲဗျာ”

“ဒီကဒ်ပြားလေးကိုကြည့်လိုက် ညီ။ မင်းတို့ဟာက ပရင်တာဆိုတော့ လေးသောင်း ကျော်ကျော်ကြမယ်။”

“ဟင် လေးသောင်းကျော်။ လျှော့ပါဦးဗျာ။ ကျွန်တော်တို့က ဒုက္ခသယ်တွေပါ။ ပြန်ရမယ့်ခရီးကလည်း အဝေးကြီး စရိတ်လည်းမလောက်တော့လို့ပါဗျာ။”

“မရဘူး ညီလေးရဲ့ ဒီမှာ အစ်ကိုတို့လည်း တာဝန်အရလုပ်ရတာ အတိအကျကိုလုပ်ရတာ။ ဒီလိုလုပ်လေ ညီလေးတို့ကို မော်နီတာ ဈေးနဲ့ရေးပေးလိုက်မယ်။ ဒါဆိုရင် ၁၂၅၀ဝ (တစ်သောင်းနှစ်ထောင့်ငါးရာ)ပဲကျမယ်။”

ပထမပြောသောဈေးသည် ပရင်တာဝယ်သည့်ဈေး၏ ထက်ဝက်ဈေးလောက်ကျနေသဖြင့် မျက်လုံးပြူးရ၏ ။ တန်ဆာလေးမဆောင်ခဲ့မိရုံနှင့် အီလက်ထရောနစ်ပစ္စည်းဆိုပြီး ဒဏ်ကြေးငွေဆောင်ရာမှာ ဤမျှလောက် ဒဏ်ကြေးမမြင့်သင့်။ ခုတော့ တစ်သောင်းနှစ်ထောင့်ငါးရာဟု ဆိုနေပြီ။ ဘယ်တတ်နိုင်ပါ့မည်လဲ သူ့ကိုယ်တိုင်က လိုအပ်ချက်ရှိခဲ့သည်ကိုး။

“လျှော့ပါဦးဗျာ”

“ဒါတောင် ညီလေးတို့ကို မော်နီတာဈေးနဲ့ ဘောင်ချာဖြတ်ပေးထားတာ မရဘူးညီလေး။”

အမျိုးမျိုးတောင်းပန်ကြည့်လည်း မရ။ ဒုက္ခသယ်ပါဟုပြောလည်းမရသဖြင့် ဒဏ်ကြေးငွေ တစ်သောင်းကျော်ကျော်ကို နှမြောလွန်းလှစွာ ပေးဆောင်လိုက်ရလေသည်။ မိုးညှင်းမှတက်လာသော မျက်နှာချင်းဆိုင်ခုံမှ ခရီးသွားဖော်က

“သစ်သီးဖာလို့ပြောလိုက်ပြီးရော။ သူများတွေအဲလိုသယ်နေကြတာ။ဒဏ်ကြေးကလည်းများလိုက်တာ။ ပထမပြောတဲ့ဈေးက တကယ့်ကိုမ ဖြစ်နိုင်တာကြီး”

“ဟုတ်တယ်ဗျာ။ ကျွန်တော်တို့ကလည်း ကပ်ဖာပေါ်မှာစာရေးလာတော့ မလိမ်ချင်တော့ဘူး။ တကယ်လို့ ဖောက်ပြပါဆိုရင် လိမ်ထားတာ ဗူးပေါ်သလိုပေါ်ခဲ့ရင် အဲဒီရစ်ထုတ်တွေက နေမှာမဟုတ်ဘူးလေ။ ဒါကြောင့်အမှန်အတိုင်းပြောပြလိုက်တာ”

“ရေးကြတော့ ဂျာနယ်တွေထဲမှာ ရထားစီးခရီးသယ်တွေ အီလက်ထရောနစ် ပစ္စည်းတွေ ယူဆောင်လာခဲ့ရင် တန်ဆာခ ပေးဆောင်စရာ မလိုတော့ဘူးဆိုပြီးတော့”

“ဟုတ်တယ် ကျွန်တော်တို့လည်းဖတ်လိုက်ရတယ်။ အဲဒီ ဂျာနယ်ကိုသိမ်းထားသေးတယ်။ ခုတော့ဗျာ ဘယ်ဂျာနယ်မှာ ဘယ်လောက်ရေးရေး၊ ဘယ်မှာလာ အရာထင်လို့လည်း။ တတ်သမျှ မှတ်သမျှတွေ ပြောတော့လည်း ဒုက္ခသယ်ပါဆိုပြီး ဘယ်မှာ သက်ညာလို့လဲ။ တကယ်ဆိုရင် ဒီအချိန် မိုးကောင်း၊ ဖားကန့်ဘက်မှာ ဘာတွေဖြစ်နေသလဲဆိုတာလောက်တော့ နားစွင့်ကြားသိသင့်တာပေါ့။ ”

သူ့စိတ်ထဲ အလိုမကျဖြစ်နေသည်။ အကယ်၍ ဒဏ်ကြေးဆောင်ရမည်ဆိုလည်း ထောင်ဂဏာန်းကျော်ကျော်သာကျသင့်မှန်း သိနေသည်။ ကဒ်ပြားထဲတွင်လည်း ပေးဆောင်ရမည့် ဒဏ်ကြေးများကို ကွန်ပျူတာစာစီရိုက်ထားသည်။ အထက်က ချမှတ်ထားသော မှန်ကန်သည့် ဒဏ်ကြေးငွေတွေလား။ ခရီးစရိတ်ပြတ်လပ်နေသော ခရီးသွားမျိုးနှင့်တွေ့လျှင် အချုပ်ထဲပါထည့်မည့် ကိန်းဆိုက်နေသဖြင့် အံ့ဩယူရသည့်အထိ။

“ကိုသော်ရာ ကံမကောင်းပုံများ ရထားလက်မှတ်မရလို့ပူ.. ရထားပေါ်ရောက်တော့ တန်ဆာခကြေးမြင့်လို့  ပူနဲ့ ဖားကန့်က အပူတွေများ မကွာနိုင်ဘူးဗျာ”

“ဘယ်တတ်နိုင်မလဲ မြင့်ဇော်ဦးရာ ဒုက္ခရောက်ပြီဆိုမှတော့ ဘာကိုမှ တ မနေနဲ့တော့ အတိတ်ကံ မကောင်းလို့ အကုသိုလ် အကျိုးပေးတယ်လို့ပဲ မှတ်လိုက်တော့။ အကုသိုလ်အကျိုးပေးကုန်ရင် ဒုက္ခတွေ သူ့အလိုလို ရပ်သွားလိမ့်မယ်။ ဒီမယ် ကံများမကောင်းချင်ရင် လမ်းသွားရင် ခလုတ်တိုက်ပြီးချော်လဲရင်တောင် ခြေထောက် ကျိုးတတ်တယ်။ အဲ ကံကောင်းပြီဆိုလို့ကတော့ အိမ်မှာထိုင်နေရင်းတောင် ငွေထုပ် လာပို့ပေးတဲ့လူနဲ့ ကြုံဦးမှာကွ သိလား။”

“ဒါဆို လူတစ်ယောက်မှ တက်ချိန်ကျချိန်ဆိုတာ ရှိတာပေါ့နော်”

“အမှန်ပေါ့။ လူတစ်ယောက်က ကံကောင်းနေချိန်မှာ ဘာလုပ်လုပ်အောင်မြင်တယ်။ ကံအကျိုးပေးလေး ကောင်းနေတုန်းမှာ အခွင့်အရေးတစ်ခု လက်ဝယ်ရရှိလိုက်သလို ပိုင်ပိုင်နိုင်နိုင်နဲ့ ထထ ကြွကြွ နိုးနိုး ကြားကြား လုံ့လ ပြုလိုက်ရင် အောင်မြင်တယ်။

ကံအကျိုးပေးညံ့လာပြီဆိုရင်တော့ အဲဒီလူ ဘယ်လောက်ကြိုးစား ကြိုးစား အချည်းနှီးဖြစ်တာချည်းပဲ။ ကဲ အခု ငါတို့ ကံ ညံ့လာပြီလို့ပြောလို့ရတယ်။ ဒုက္ခဆိုတာကို အလုံးလိုက် အရင်းလိုက်ကို လက်ခံယူနေရပြီး သွားလေရာ ရောက်လေရာမှာ အဆင်ပြေပြေမဖြစ်ဘူး။ အခက်အခဲတွေနဲ့ကြုံလာရပြီ”

“ဪ ဒီလိုလား ”

“ဒါပေမယ့် စိတ်ကောင်း နှလုံးကောင်းအောင် ဆင်ခြင်နှလုံးသွင်းနေပါကွာ။ ပြီးတော့ ကုသိုလ်ဖြစ်အောင်နေ။ ကံကျနေချိန်မှာလည်း စိတ်ပျက်အားငယ်ခြင်းမဖြစ်အောင် နေ။ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးနဲ့”

“ကိုသော် ပြောတော့လည်း ဟုတ်တယ်ဗျာ။ ခုထက်ထိအောင် ဒုက္ခရောက်နေရလို့ စိတ်ညစ်လွန်းလို့။ နောက်တော့လည်း ဖြေတတ်သွားမှာဗျာ နော”

“ခုချိန်က မိမိကိုယ်ကိုယ် ကောင်းစွာဆောက်တည်ရမယ့်အချိန်လေ  မြင့်ဇော်ဦးရ။ ဘယ်သူမှ ကိုယ့်ကို ကောင်းအောင်လာမလုပ်ပေးနိုင်ဘူး။ ကိုယ့်စိတ်ကိုယ် ပြုပြင်ပြောင်းလဲမှရမှာ။ ကျနေတဲ့ စိတ်တွေကို ပြန်မြင့်တင်ရမယ်။ အားပေးရမယ်။ အရှုံးရှိရင် အနိုင်လည်းရှိရမယ်။ ဒီတစ်ခါ ရှုံးပြီးရင် နောက်တစ်ခါ နိုင်အောင်ကြိုးစားရမယ်။ အမြဲတမ်းကြီး ရှုံးမနေဖို့ကအဓိက။ နောက်တစ်ခုက ကိုယ့်ကိုယ်ပဲ ပြိုင်ရမယ်။ သူများကိုမပြိုင်ရဘူး။ သူများကိုပြိုင်ရင် စိတ်ဓါတ်တွေပျက်ပြားတယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်ပြိုင်ရင် စိတ်ဓါတ်တွေ မြင့်တက်လာမယ်။ မနေ့က ငါနဲ့ ဒီကနေ့ငါ ဒီကနေ့ငါက ပိုကောင်းနေစေရမယ်လို့တွေးပြီး ပြိုင်ရမှာ။”

“ကျေးဇူးတင်တယ် ကိုသော်ရာ ဒီစကားတွေကြားရတာ အားရှိလိုက်တာ”

သူတို့ ည ဖြစ်ဖြစ် မနက်ဖြစ်ဖြစ် မန္တလေးကိုဆိုက်ရောက်လိမ့်မည်။ မန္တလေးခရီးသည် သူနှင့် မြင့်ဇော်ဦး လမ်းခွဲဖြစ်၏။ ထိုမှဆက်၍ ကိုယ့်လမ်းကိုယ်လျှောက်ကာ ကိုယ့်ခရီးကိုယ်နှင်ရတော့မည်ဖြစ်သည်။ ဒုက္ခပင်လယ်တွင်းမှ လွတ်မြှောက်လာခဲ့သော်လည်း ခန္ဓာကိုယ်သာလွတ်လာပြီး စိတ်ဓါတ်သည် အကျဉ်းကျနေဆဲ။ နောက်ပြန်လှည့်ကြည့်လိုက်လျှင် ဆိုးတူကောင်းဖက် ပေါင်းသင်းခဲ့ကြသော သူငယ်ချင်းများကို မြင်တွေ့ရမည်။ ထို့နောက် ဆိုးရွားလွန်းလှသော စစ်၏ အကျိုးသက်ရောက်မှုကိုလည်း မြင်ရမည်။ လူတစ်ယောက်လွတ်မြောက်သွားသည်ထက် အများလွတ်လပ်သည်က ပိုအောင်မြင်ပါသည်။

လွတ်လပ်ခြင်း၏ အရသာသည် တစ်ဦးတစ်ယောက်တည်းခံစားရ၍ ရသမြှောက်သည်မဟုတ်။ စုပေါင်းညီညာစွာ လွတ်လပ်ခဲ့လျှင်၊ အကယ်၍ လွတ်မြှောက်ခဲ့လျှင် ငြိမ်းချမ်းရေးသံတွေ ဝေစည် ဝေစည်ဖြစ်နေမည်မှာ အသေအချာ။ ဖားကန့်ကိုရောက်နေကြသော ဝန်ထမ်းသားသမီးများ၏ မိဘများ စိုးရိမ်ပူပန်ခြင်းမှ ကင်းဝေးစေရန် သူ ဆုမွန်ကောင်းတောင်းလိုက်သေးသည်။ ပြန်လည်မျှော်ငေးကြည့်လိုက်လျှင် ဩဂုတ်လ ၂၉ရက်ဆိုသည်မှာ သူ၏ ဘဝတွင် သမိုင်းတွင် မော်ကွန်းထိုးလောက်သည့် အမှတ်တရ နေ့စွဲကြီးတစ်ခုဖြစ်သည်။

လှုပ်လှုပ်ရှားရှားပြေးခဲ့ရသော၊ စိုးရိမ်သောကများနှင့်ဝေစည်ခဲ့ရသော စိတ်နှလုံးတို့သည် ထို့နေတုန်းက  အဆင်းရဲကြီးဆင်းရဲခဲ့ရသည်။ နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်ခု၊ ဒိုင်း ဒိုင်း ဒိုင်းနှင့် ဟိုဘက်သည်ဘက် ပစ်ခတ်နေကြသော သေနတ်သံတွေ၊ ပြေးလိုက်လွှားလိုက်နှင့် မြေပြင်မှာ ဝပ်ထိုင်လိုက်ရတာတွေ မျက်စိထဲမှာ ခုထိမမေ့။ ထိုနေ့က ဖားကန့်မြို့အထက်ကောင်းကင်တွင် မည်းမှောင်နေသော မီးခိုးလုံးကြီးက တလိမ့်လိမ့်တက်နေပြီး ယမ်းနံ့က ဝေနေသည်။

သွေးချင်းတို့စည်းလုံးသော မြေ၊ တပြေးညီ တစ်ဆက်တည်းသာ ဖြစ်ပါစေသား။ သွေးချင်းတို့သောက်သုံးသော ရေ ကြည်လင်ပါစေသား။ တိုင်းရင်းသားပေါင်းစုံ ကိုယ်စိတ်နှလုံးအေးချမ်းပါစေသား ဟု သူ ဆုတောင်းရုံမှ တစ်ပါး …….။

မနေ့မနက်က ဒီနေ့

မနေ့က မနက်မှာ ငါ့အိပ်မက်တွေ လှပနေဆဲ

ရုတ်တရက် စိတ်ကူးတွေ ကြွေမွ

စိတ်ဓါတ်တွေ ချုံးချုံးကျခဲ့တာ ဒီနေ့ပေါ့.။

ခြေလှမ်းတွေ ရှေ့ကို လှမ်းနေပြီး

စိတ်ဓါတ်တွေ နောက်ကြောင်းပြန်လှည့် ကျောချင်းကပ်

အဇျတ္တကြားမှာ နေ့သစ်တွေပျောက်ဆုံးနေတယ်..

ဒီနေ့ဆိုတာ

ငါ မနိုးလာသလိုပါပဲ.။

မနေ့က အိပ်ယာထဲမှာ အနာဂတ်တွေလှပနေဆဲ

ခုည ငါ့အိပ်ယာမှာ နွေးထွေးမှုတွေ ကင်းမဲ့

ပူလောင်မှုတွေ တလှပ်လှပ်နဲ့

ဆန္ဒနဲ့ဘဝ မိုင်ပေါင်းများစွာ ဝေးကွာသွားခဲ့သလို

ဒီနေ့ ငါသေဆုံးခဲ့ပြန်တယ်..။

ဝါဒတွေ ကွဲပြားနေသလို ၊ ခံယူချက်တွေ မတူညီကြဘူး

ပိုင်ဆိုင်လိုမှုတွေ ကြီးမားနေသလို၊အတ္တတွေ အလှံလွှင့်ကြ

ဆားတစ်ပွင့်ဖြစ်တဲ့ငါ မြေစာပင်တစ်ပင်လို

နွားနှစ်ကောင်ရဲ့ ချို(ဂျို)ဖျားမှာ အသက်ပျောက်လုလု

အနာဂတ်ဆိုတာ

ဝါဒလမ်းစဉ် တစ်လျှောက် သချိုင်းမြေတစ်ခုလို

တိတ်ဆိတ်ငြိမ်သက်သွားခဲ့တာ ဒီနေ့

ငါ မျက်ရည်ကျလိုက်မိပြန်တယ်..။

လောင်မြိုက်ပြာကျသွားတဲ့ မြေပြင်တစ်ခုမှာ

ငါတို့ရဲ့ အိပ်မက်၊ပန်းတိုင်တွေ

ရယ်မောပျော်ရွှင်ခြင်းတွေ၊

ဖြူစင်တဲ့ သံယောဇဉ်တွေ

ပျောက်ဆုံးသွားခဲ့

စစ် ဆိုတာ

အေးချမ်းခြင်းရဲ့ ရန်သူတစ်ယောက်ဆိုတာ

ဒီနေ့

ငါတို့မျက်ဝန်းရှေ့မှာ …..။။

သော်ဇင်(လွိုင်ကော်)

၂၉၊၈၊၂၀၁၂

အင်္ဂါနေ့

၉နာရီ ၅၂ မိနစ်

 

“…….ပြီးပါပြီ…..”

သော်ဇင်(လွိုင်ကော်)

30-Sept-2012

8:17Am

စာကြွင်း……။              ။ အမှန်တကယ်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်အား ရသမြှောက်အောင် ပြန်လည်ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းထဲတွင်ပါဝင်သာသူများမှာ ပြင်ပတွင် အမှန်တကယ်ရှိသူများဖြစ်သဖြင့် အမည်များကို လွဲပြောင်းရေးသားထားပါသည်။ ခုထက်ထိလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့သည် မငြိမ်းချမ်းသေးပေ။ အပတ်စဉ်ထုတ်ဂျာနယ်များတွင် စာဖတ်သူများ ဖတ်ရှုနေရဆဲဖြစ်ပါမည်။ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ဒုက္ခဆိုးအကြောင်း ဂေဇက်မှ စာဖတ်သူများ သိရှိခံစားစေရန်အလိုငှာ ရေးသားရခြင်းဖြစ်ပါသည်။ အပိုင်း(၁)မှ ယခုဇာတ်သိမ်း အပိုင်း(၉)အထိ စောင့်စားဖတ်ရှုပေးကြသော ဂေဇက်ရွာသူရွာသားအပေါင်းကို ကျေးဇူးတင်ပါသည်။ နောက်ထပ်လည်း ကြိုးစားရေးသား သွားမည်ဖြစ်ပါသည်။

“ကချင်ပြည်နယ်ကြီး သာယာအေးချမ်းပါစေ”

11 comments

  • Alpha Vanishing

    September 30, 2012 at 12:38 pm

    ဇာတ်သိမ်းပိုင်း အထိ အားပေးသွားပါတယ် နောက်လည်းဆက်ပြီး အားပေးသွားမှာပါ
    အမှန်အတိုင်းပြောရရင် ရွာထဲမှာ ရသ စာတွေကို ကျွန်တော်သိပ်မဖတ်ဖြစ်ဘူးဗျ။ 😛
    ကိုသော်ဇင်ရဲ ့ နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ် ကလွဲလို ့ပေါ့ဗျာ

  • kai

    September 30, 2012 at 1:04 pm

    ဒီနေ့ညပဲ.. သမ္မတဦးသိန်းစိန်ကို.. အယ်လ်အေကနေ.. နယူးယောက်အထိ ..သွားဆန္ဒပြတဲ့..ကချင်တိုင်းရင်းသားတွေနဲ့.. စကားပြောဖြစ်ခဲ့တယ်..။
    အော်ခဲ့ကြရတာဆိုတော့.. အသံတွေတောင်..ဝင်လို့..

    ကချင်ပြည်နယ်အကြောင်းလည်း.. နည်းနည်းပြောဖြစ်ခဲ့တာ..
    ကျုပ်ကတော့..
    ဦးသိန်းစိန် ချိုင်းနားသွားပြီးမှာ.. ယူအက်စ်လာခဲ့တာမို့… ကချင်အရေးရဲ့..အရေးပါသူတွေနဲ့..ဆွေးနွေးခဲ့တယ်မှတ်တယ်လို့ ပြောခဲ့ပါတယ်..

    ဆိုတော့..
    များမကြာမှီ ကချင်ဒေသ ငြိမ်းချမ်းသွားမယ်.. ထင်ပါကြောင်း…။
    စစ်ဟူသမျှ ချုပ်ငြိမ်းပါစေ..။
    =
    ကိုသော်ရဲ့ စာလေးတွေ သေသေချာချာဖတ်သွားပါတယ်..။
    စာတွေက.. ကျုပ်ကို… နောက်ဆုံးထိဆွဲခေါ်သွားရာမှာ.. တန်ဆာဖြတ်ခံရတာလေးဖတ်မိပြီးတော့.. . ဘာမဆိုင်ညာမဆိုင်.. ဆရာနိုင်ဝင်းဆွေရဲ့.. “မသိန်းရှင်ဆီပို့ပေးပါ”လေး သတိရမိတယ်..

  • ကထူးဆန်း

    September 30, 2012 at 1:54 pm

    ပြန်လည် ဝေမျှပေးတာ ကျေးကျေးပါ ကိုသော်ဇင် ..

  • မောင်ပေ

    September 30, 2012 at 2:57 pm

    ပြည်တွင်းစစ်ကြီး ငြိမ်းချမ်းသွားချိန်ကြရင်
    မှော်ထဲသွားမှာမို ့
    ကိုသော်ဇင် နဲ ့အတူ ဆုံချင်စမ်းပါဘိ

  • pooch

    September 30, 2012 at 3:22 pm

    “Do What You Can ,
    With What You Have,
    Where You Are. ”

    ( THEODORE ROOSEVELT )

    ရောက်ရာအရပ်ကနေ ကိုယ့်မှာရှိသမျှနဲ့ ကိုယ်တတ်နိုင်တာကို လုပ်ပါတဲ့ရှင်။ ( သီအိုဒို ရုစဗဲ့)

    မဝေးသောတနေ့မှာ မြန်မာတပြည်လုံး အေးချမ်းသာယာပါစေလို့……

  • ရွာစားကျော်

    September 30, 2012 at 6:13 pm

    နောက်ဆုံးအပိုင်းထိကို လက်မှတ်စစ်နဲ့ တွေ့ရသေးပါလား ကိုသော်ရယ်..
    ဟူးးး
    ကချင်ပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ…
    ပြည်ထောင်စုကြီး အမြဲတမ်း ငြိမ်းချမ်းပါစေဗျာ..

  • aemoshu

    September 30, 2012 at 9:56 pm

    ကိုသော်ရေ .. အရေးအသားရော၊ အကြောင်းအရာရော အရမ်းကိုကောင်းပါတယ် …
    ကချင်ပြည်နယ်မှသည် မြန်မာတပြည်လုံး အမြန်ဆုံးအေးချမ်းပါစေ။

  • padonmar

    September 30, 2012 at 10:46 pm

    ကိုသော်ဇင်ရေ
    ခုခေတ်ရဲ့ရှားရှားပါးပါး ကိုယ်တွေ့စစ်ဒုက္ခလေးကနေ နောက်ဆုံးရထားပေါ်က အတွေးအချုပ်လေးထိ ကောင်းပါပေတယ်။
    ကချင်မြေလည်းအေးချမ်းပါစေ။
    ကမာ္ဘကြီးလည်း အေးချမ်းပါစေ။

  • ကြည်ဆောင်း

    October 1, 2012 at 9:48 am

    စစ်နဲ့တကယ်ကြုံတွေ့ရတဲ့သူဆိုတော့လဲ စစ်ဆိုတာ တော်တော်ဆိုးဝါးမှန်း သိခဲ့ရပြီပေါ့နော် ..
    စစ်ကိုဖန်တီးနေသူတွေက ဘာလို့အမှန်မမြင်နိုင်ရတာပါလိမ့် ….
    လိုချင်တာကို စစ်နဲ့မှမဟုတ်ဘဲ တခြားနည်းနဲ့ ရယူလို့မရဘူးလားလဲမသိ …
    စစ်ကိုတော့မကြုံဘူးပေမဲ့ သတင်းပုံတွေမြင်ရတာနဲ့တင်ကြောက်မိတယ်…

    ရှိပူရသေး ကုန်မှအေးပေမဲ့လည်း လူတိုင်းနီးပါးပူချင်ကြတယ်ထင်ပါရဲ့ ..
    ရထားပေါ်ကလက်မှတ်စစ်ကတော့ ဖတ်ရတာနဲ့တင်ချဉ်ပါရဲ့ ..
    :chee:

  • Good™

    October 1, 2012 at 10:10 am

    စာရေးသူ ရဲ့ ( နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ် အပိုင်း(၉)ဇာတ်သိမ်း ) ကတော့ ပြီး သွားပြီ။ ကချင်ပြည်နယ် က စစ်ပွဲ လည်း ပြီး ဆုံး သွားရင် ကောင်း မယ် နော်။ နှစ်ဖက် သဘော တူညီ မှု တွေ အမြန် ဆောင်ရွက် နိုင် လို့ ငြိမ်းချမ်းကြပါ စေ လို့ ဆု တောင်းရင်း အားပေး သွားပါတယ် ကိုသော်ဇင်(လွိုင်ကော်) ရေ။

  • kyeemite

    October 1, 2012 at 11:44 am

    ဇာတ်သိမ်းပိုင်း အထိ အားပေးသွားပါတယ် နောက်လည်းဆက်ပြီး အားပေးသွားမှာပါ။
    လတ်တလောဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ရဲ့ ဆိုးကွက်တွေကိုကွက်ကွက်ကွင်းကွင်း
    မြင်သာစေပါတယ်…
    “ကချင်ပြည်နယ်မှသည် မြန်မာတပြည်လုံး အမြန်ဆုံးအေးချမ်းပါစေ။”

Leave a Reply