နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ်ဦးနှောက်မှာရပ်တန့်နေသော….(အပိုင်း12)

မြန်မာပြည်က စတီရီယိုသီချင်းအကြောင်းပြောမယ်ဆိုရင် ကောင်းဘွိုင်နှစ်ယောက်ကိုလည်းချန်ထားလို့မရပါဘူး။
မြန်မာပြည်က ကောင်းဘွိုင် ကိုကို ဘိုဘိုဟန်နဲ့ နှလုံးသားမက္ကဆီကိုက ကောင်းဘွိုင်မမ နော်လီဇာ တို့နှစ်ယောက်ပါ။
ဘိုဘိုဟန်ရော နော်လီဇာရော ဒစ္စကိုခေတ်မှာအောင်မြင်ခဲ့ကြတဲ့ အဆိုတော် နှစ်ယောက်ဖြစ်ကြလို့
ဒစ္စကိုကင်းနဲ့ ဒစ္စကိုကွင်းလို့ ပြောမယ် ဆိုရင်လဲမမှားပြန်ပါဘူး။
ဘိုဘိုဟန် က ပလေးဘွိုင်သန်းနိုင် (မီးမဆော့နဲ့။မကျေနပ်ရင် အသေသတ်။မဟာရန်သူအချစ်တော်ကြီး)စတဲ့သီချင်းတွေနာမယ်ကြီးတဲ့
ခေတ်ကတဲကပါလာတာပါ။
ဘိုဘိုဟန်သီချင်းခပ်အေးအေးထဲက စနာမယ်ကြီးတာကတော့ ဗိုလ်ချုပ်အောင်ဆန်းတောင် နှစ်သက်ပါတယ်ဆိုတဲ့
(ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ …….ဆရာမကိုဘဲအသဲစွဲအောင်ချစ်မိပြီ)ဆိုတဲ့သီချင်းလေးပါ။
သူတကယ်စနာမယ်ကြီးတာကတော့ (ပွမ်ပွမ်မြည်တဲ့အသဲလေး)ဆိုတဲ့သီမျင်းမှာ တပြည်လုံးအတိုင်းအတာနဲ့ပေါက်သွားပါတယ်။
သူ့သီချင်းတွေက ဒစ္စကိုသီချင်းလို မြူးမြူး သူကလဲ စင်ပေါ်မှာ အနက်ရောင်ဝမ်းဆက် ဆံပင်က အရှည်ကြီးလန်ထွက်ပြီးဝဲနေတာနဲ့မြူးကြွနေအောင်
ပါဖော့မင့်အပြည့်နဲ့ ပွဲဆူအောင် ပွဲစည်အောင်ဆိုနှိုင်တဲ့လူပါ။
ပြောရမယ်ဆိုရင် အခုလဲ ကတုံးကြီးနဲ့ပေမဲ့ လူငယ်တွေနဲ့အပြိုင်ကဲနိုင်သေးသူပါ။
စင်ပေါ်မှာဆိုရင်ထူးခြားတဲ့သီချင်လေးတပုဒ်ကတော့ မူရင်းက ပန်းရောင်ဝတ်ထားတာဖြစ်ပေမဲ့
စတိတ်ရှိုးဆိုရင် ရှေ့တန်းခုံမှာထိုင်နေတဲ့ လှတပတကောင်မလေး ဝတ်တဲ့အရောင်(အနီ။အဝါ။အပြာ။အစိမ်း)အဆင်ပြေသလိုပြောင်းဆိုတဲ့သီချင်းလေးပေါ့။
သူ့အတွက်အမှတ်တရ သီချင်းလေးက တော့ သမီးလေး သျှားအိဘိုဘိုဟန်ရဲ့မေမေ သျှား နဲ့ သူတို့လင်မယားနှစ်ယောက်တွဲဆိုထားတဲ့
(မင်းနဲ့ ဒို့အကြောင်းများရှင်းနေပြီ အောင်သွယ်တွေမလိုတော့ပြီ ကြားစကားများဘေးဖယ်ထား ခပ်မိုက်မိုုက်ချစ်ကြစို့)ဆိုတဲ့သီချင်းလေးပါဘဲ။
သူအောင်မြင်ခဲ့တဲ့သီချင်း လူကြိုက်များတဲ့သီချင်းအတော်လေးများပါတယ်။ဒီအထဲကလူအသိအများဆုံး ဟစ်အဖြစ်ဆုံးသီချင်းတွေကတော့
(ဘိုင်စကုပ်ထဲကလိုချစ်မယ်။တတိယမြောက်ရီးစားစကားနိဒါန်း။ဦးဘညွန့်ချစ်ဒုက္ခ။ပြားချပ်ချပ်။သွားတော့။ရီးစားပျက်မ။ချစ်ရတာ အလုပ်ရှုပ်တယ်။
သွားတော့။လူပေါင်းသန်းပေါင်း6000ထဲကအချစ်။တစ်ပါတ်မှာရှစ်ရက်။အများကြီးစဉ်းစားရမယ်။အဆိပ်ရည်အပြည့်နဲ့ပုံး(ကိုနေဝင်းလဲဆိုဘူးတယ်)
ငါဘိုဘိုဟန်နင်ဘယ်သူလဲ ။ အချစ်ကြောင့်သင်္ဘောမှောက်ပြီ။ဒီကချစ်လို်က်ရတာ။အချစ်ကောင်းဘွိုင်)
ဆိုတဲ့သီချင်းတွေအပြင် (ထီးလေးတစ်ချောင်းနဲ့တော့ အလုပ်မဖြစ်နိုင်ဘူး မင်းမိဘကသိရင် တော်တော်ခက်မယ်)ဆိုတဲ့စာသားလေးကလဲမိုက်မှမိုက်။
ဒီလိုဟော့ရှော့တွေ အလန်းဇယားတွေကိုဆိုတဲ့သူက အငြိမ်သီချင်းလေးတွေလဲ ဆိုခဲ့တယ်ဆိုရင် ယုံနိုင်မယ်မထင်ဘူးနော်။
တကယ်ဆိုခဲ့တာပါ အဲဒီသီချင်းတွေကတော့
(မြရည်ရွက်စိမ်း။နင်ဟာငါ့အသဲနှလုံး။အကိုမောင်တွေကပြောတာလား။ဒီကချစ်လိုက်ရတာ)တွေက သူ့ရဲ့အငြိမ်သီချင်းတွေပါ။
(မြန်မာပြည်ကကောင်းဘွိုင် သေနတ်မပစ်ပါ ကိုယ့်အထာနဲ့ကိုယ်ဘဲပေါ့)လို့ ကြွေးကြော်နေချိန်မှာ………………………………..
(ဒိုင်းဒိုင်းကောင်းဘွိုင်လိုဘဲ ………….သေနတ်နဲ့ပစ်မယ်ချစ်သူရေ…………………)လို့အော်ပြီးဝင်လာသူက မြန်မာပြည်မှာ
အဝတ်အစား အလန်းလေးတွေနဲ့စင်ပေါ်စတက်လာသူ ရုပ်ချောဘော်ဒီလှ စင်ပေါ်မှာ လဲ အရမ်းကို ကြွနေအောင်ဖန်တီးနိုင်သူ
ဒစ္စကိုဘုရင်မလို့နာမယ်တစ်လုံးထူထောင်ထားနိုင်ခဲ့သူနော်လီဇာပါ။
(မိန်းကလေးက စက်ဘီးနင်းတယ် ။အသဲဘရိတ်။ရက်ရက်စက်။နှလုံးသားမက္ကဆီကို)တွေက အမြူးအသွက်တွေပါ။
ထူးခြားတဲ့ အငြိမ်သီချင်းလေးတွေကတော့( ရွှေရောင်အိမ်မက်များ။မာလာဆောင်မောင်မလာဘူး။)သီချင်းတွေဖြစ်ပါတယ်။
မြူးကြွတဲ့အထူးသဖြင့် ဒစ္စကိုဘိ သီချင်းတွေနဲ့အောင်မြင်ခဲ့ဘူးသူ စင်ပေါ်မှာ လက်ခုပ်သံအများဆုုံး အလန်းဆုံးလို့ပြောရင်လဲ မမှားပါ။

နောက် ကျနော်သီချင်းလောကမှာ လုပ်ကိုင်တဲ့ဆယ်နှစ်တာကလအတွင်းမှာ မြန်မာသံ ဘိုသံ ဘယ်လိုသီချင်းမျုးိလာလာ ပေါက်အောင်ကောင်းအောင်ဆိုနိုင်ပြီး
မကြာခင်က မှ မြန်မာပြည်ကို တစ်ခါလာပြီး ပွဲတွေကိုအောင်မြင်စွာကျင်းပသွားနိုင်ပြီး ထူးခြားစွာသူ့မွေးနေ့မှာ သူဆိုခဲ့တဲ့သီချင်းတွေကို သူူနဲ့ခေတ်ပြိုင်တွေ
သူ့အရင်ကလူတွေ သူ့နောက်က ကလေးတွေနဲ့တစ်ယောက်တပုဒ်တွဲလို့ သီဆိုပြီး မြန်မာ့အသံအစီအစဉ်ကနေ တပြည်လုံးအတွက်ထုတ်လွှင့်တဲ့အပြင်
ရုပ်ရှင်လောကမှာပါအောင်မြင် ပြီးမှ နိုင်ငံခြားရောက်မြန်မာပြည်သားနဲ့ ယောင်နောက်ဆံထုံးပါသွားသူ……………………ဆိုရင်သိလောက်ပါပြီ။
သူကတော့အကယ်ဒမီများရှင်( နားပန်းဆံ)သီချင်းပိုင်ရှင် ယခုထိအနုပညာလောက မှ တာဝန်ကျေနေသေးသူ ဒေါ်မြင့်မြင့်ခင်ရဲ့သမီး
မိဆွေ(ခ)မေဆွိပါ။
မြန်မာပြည် လူငယ်တွေထဲမှာ သီချင်းအများဆုံး ကိုပုံစံမရွေးဆိုနို်င်သူ ပေါက်တဲ့သီချင်းလူကြိုက်အများဆုံးသောသီချင်းပုဒ်ရေအများဆုံးကိုပိုင်ဆိုင်ထားသူပါ။
တစ်ကျော့ပြန်ဇော်ဝမ်းနဲ့တွဲဘက်လို့ ဂီတစာဆိုမောင်ကြေးမုံရေးတဲ့ (မိစိမ်းကားရဲ့မာယာတော)ဆီးရီးစ်မှာ
(ဒဿလိုမိန်းမ။နားပန်းဆံ။)သီချင်းများနဲ့ စတင်အောင်မြင်လာပါတယ်။
သူ့ကိုလူသိအများဆုံးလို့ပြောနိုင်တဲ့ (ကမ်းစပ် ဒို့ဟာကမ်းစပ် မင်းဟာရေးလှိုင်းလေးပေါ့အချစ်ရယ်…….)ဆိုတဲ့ ကမ်းစပ်နဲ့ရေးလှိုင်းသီချင်းများအပြင်
(လေယာဉ်ပျံ။ဆန်ဖရန်စစ်စကို။အရည်တွေပျော်ကုန်ပြီ။ခေါင်းမော့ပါအုံးချစ်သူရယ်။ပြာပြာလေးလား ဝါဝါလေးလား)တို့က လူတိုင်းပါးစပ်ဖျားမှာရောက်လာတဲ့အပြင်
ပန်းသီးသီချင်းများဆီးရီးစ်တွေအများကြီးထဲက (ကိုကြီး ကိုကြီး တို့ အိပ်ဆေးမရှိတို့။)လိုအောင်မြင်တဲ့သီချင်းတွေကလဲ တော်တော်လေးကို များပါတယ်။
နောက် မောင်ကြေးမုံစီစဉ်ပေးတဲ့ ရှေးခေတ်ဟောင်းသီချင်းတွေဖြစ်တယ်(လဲ့လဲ့ဝင်းတို့ ပျို့ဆုတောင်းတို့။ရွှေလိပ်ပြာတို့၊ဟေဝန်နန်းတို့)လိုမြန်မာသံသီချင်းတွေ
ကို မေဆွိပြန်ဆိုလို့အောင်မြင်ခဲ့တဲ့ဆီးရီးစ်တွေကလဲ အများကြီးပါ။
နောက်တစ်ခေတ်လို့ပြောလို့ရအောင် အောင်မြင်ခဲ့တဲ့သီချင်းကတော့ မြန်မာသံအသွက်သီချင်းလေးတွေလို့ပြောလို့ရတဲ့
(နော်ကိုကိုနော်။ပုစွန်ဆိတ်ကလေးဘယ်လိုငယ်။ခစ်ခစ်ခစ်)အစရှိတဲ့လူငယ်ကြိုက်သီချင်းတွေကိုအောင်မြင်စွာသီဆိုနိုင်သူတစ်ယောက်ပါ။
သူနဲ့ပါတ်သက်လို့ထူးခြားတာပြောရ မယ်ဆိုရင်မြန်မာပြည်မှာ တိပ်ခွေကူးရောင်းနေရာကနေ အိပ်ပိတ်ထားတဲ့ ပရီခွေ ကို (အေရိုးဗစ်)ဆိုတဲ့ဆီးရီးနဲ့
စတင် စမ်းသပ်ဖြန့်ချီရောင်းချခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ဆိုနို်င်ပါတယ်။
နောက်သူသီချင်းတပုဒ်ရဲ့သီချင်းခေါင်းစဉ်လေးလဲဖြစ်ပြီး သီချင်းထဲမှာလဲဒီစာသားလေးကိုထပ်ကာထပ်ကာသီဆိုထားတဲ့
(လေစိမ်းတွေတိုက်နေတယ်)ဆိုတဲ့စကားလုံးလေးဟာ အဲဒီအချိန်က စိမ်းကားနေသူ မာနကြီးသူကို
(လေစိမ်းတွေမတို်က်နဲ့)လို့ ဘန်းစကားအဖြစ်သုံးခဲ့ဘူးပါတယ်။
သူ့သီချင်းတွေထဲမှာ အထူးခြားဆုံးဆီးရီးကတော့ မန်းလေးမြို့လှိုင်းတေးသံသွင်းက ဆရာဦးဘမင်းကိုယ်တိုင်စီစဉ်တဲ့
(စိုးနှောင့်ဗျာပွေ)သီချင်းပါ။
ဘယ်လိုထူးခြားသလဲဆိုတော့ မြို့မအပျော်တမ်းတူရိယာအဖွဲ့ကအောင်မြင်ခဲ့တဲ့ မြို့မငြိမ်းတို့ ဦးဘသိန်းတို့ ရေးဖွဲ့ထားတဲ့မူပိုင်သီချင်းတွေဖြစ်တဲ့
(ဘုတ်တလုပ်ကန် ။စိုးနှောင့်ဗျာပွေ၊ငွေဇင်ယော်။သုံးရာသီ)အစရှိတဲ့သီချင်းတွေကို (ဗုံ။လင်းကွင်း။)စတဲ့မြန်မာသံတူရိယာတွေကိုလုံးဝမသုံးဘဲ
မြို့မ အဖွဲ့ကအသင်းသားတွေ ဆရာမြီု့မငြိမ်းရဲ့သားဖြစ်သူကို သူ့အဖေဖြစ်စေချင်ခဲ့တဲ့အနောက်တိုင်းစတိုင် အော်ခက်စတြာပုံစံဖြစ်အောင်
တေးသွားကိုနိမိတ်ပုံတွေနဲ့ဖန်ဆင်းလို့ မြန်မာပြည်မှာမလုပ်ဘူးသေးတဲ့ ပုံစံ စာသားအားကောင်းကောင်းကို တေးသွားက မြိုင်နေအောင်ဖြည့်ဘို့အတွက်
တယောအလက်ပေါင်းများစွာကို အသုံးပြုလို့ တစ်ပြိုင်တည်းအသံသွင်းတဲ့စနစ်နဲ့ အသံသွင်းခဲ့ပါတယ်။
ဥပမာပြောရရင် ငွေဇင်ယော်သီချင်းမှာပေါ့။
စစချင်း ဇင်ယော်တစ်ကောင်တည်း ကမ်းစပ်မှာအစာကောက်နေတာကို တယောတစ်လက်ထဲက အသံပေးမယ်။
နောက်ဇင်ယော်တွေများလာတာကို နောက်ထပ်တယောတွေက လိုက်ပြီး ဆိုလိုဝင်ပေးမယ်။
နောက် တယောအလက်ပေါင်းများစွာကို အသုံးပြုလို့ ဇင်ယော်အုပ်လိုက်ကြီးထပျံသွားတာကို အသံနဲ့ဖော်မယ်။
ဒီလိုအသံနဲ့ သရုပ်ဖော်ပြီးမှ အဆိုကနေ (မြစ်ယံသဲနု ကမ်းစပ်ချစ်သံအေးမြတကြည်ကြည် ငှက်ကလေးငွေဇင်ယော် ပျံကာမြူးရှာသည်…………..ဆိုပြီး ဝင်လာမှာပါ။
နောက် ဘုတ်တလုပ်ကန်သီချင်းမှာလဲ (ထိုအချိန်ဝယ် လတပေါင်းမို့ညာညောင်းရွက်ကြွေ ဆိုတဲ့ အသံနောက်မှာ တယောတွေကို အသုံးပြုလို့သစ်ရွက်ကြွေသံ
တွေကို ဖန်တီးလို့ထည့်ထားပါတယ်။
ဒါပေမဲ့သည်ဆီးရီးစ်ဟာ အနုပညာမှတ်တိုင်တစ်ခုဖြစ်ခဲ့ပေမယ့်ငွေကြေးအရ အများကြီးရှုံးပါတယ်။
မေဆွိက သည်လိုအောင်မြင်နေတုန်းမှာ ရုပ်ရှင်မင်းသမီးအဖြစ်ကလဲအောင်မြင်နေပါတယ်။
ဒါပေမဲ့ သူက အိမ်ထောင်ကျပြီးတဲ့အခါမှာ နိုင်ငံခြားကိုရောက်သွားပြီ အနုပညာလောကနဲ့ ကင်းကွာသွားပါတယ်။
အဲဒီအချိန်ကသူနဲ့ခေတ်ပြိုင်လို့ပြောနိုင်တဲ့ (မေခလာ။မေရွက်ဝါ။နီနီဝင်းရွှေ။ကော်နီ၊ဟေမာနေဝင်း)တို့ဖြစ်ပြီး
ယောက်ျားလေးထဲမှာသူနဲ့အလိုက်ဖက်ဆုံး တူနှစ်ကိုယ်တိုင်းပြည်ဆိုတဲ့သီချင်းလေးမှာသူနဲ့အလိုက်ဖက်ဆုံးတွဲဖက်သီဆိုသွားတဲ့
(သူငယ်ချင်းရေ ခြောက်နာရီတောင်ထိုးပြီးပါပကောလေ လာကြဟေလက်ဖက်ရည်ဆိုင်ကိုသွားကြပါစို့လေ ………….လို့ခေါ်လိုက်တဲ့
ရေးလဲရေး ဆိုလဲဆိုတဲ့ အဆိုတော်……………………………………ကိုလည်းချန်ထားလို့မရဘူးဆိုတော့……………………………..

2 comments

  • editor

    July 12, 2010 at 8:30 am

    http://myanmargazette.net/?cat=7
    http://kopaukmdy.myanmarsarpay.info/?p=138

    ကိုပေါက်ခင်ဗျား

    လိုအပ်နေတဲ့ မြန်မာ့ဂီတသမိုင်းကွက်လပ်ကြီးကို တတ်စွမ်းသရွေ ့ ဖြည့်စွက်ပေးနေတဲ့ ဆောင်းပါးတွေအတွက် လေးစားဦးညွတ်ပါတယ်။
    ကိုယ်နဲ ့အကျွမ်းတဝင်ရှိခဲ့ဖူးတဲ့ သီချင်းလေးတွေ၊ မေ့နေသလောက်ရှိနေတဲ့ သီချင်းလေးတွေ အနားမှာလာဆိုပြနေသလိုခံစားရပါတယ်။ သီချင်းတွေနဲ ့အတူ ငယ်ဘဝကို ပြန်လွမ်းမိပါတယ်။ ဆက်ရေးဖို ့မေတ္တာရပ်ပါတယ်။
    တကယ်တမ်း အသေးစိတ်ရေးမယ်ဆို ရေးလို ့ရနိုင်တဲ့ အချက်အလက်တွေ အများကြီး ကိုပေါက်မှတ်ဉာဏ်ထဲမှာ ရှိနေတာ သိမ်းဆည်းထားတာ မြင်တွေ ့ရပါတယ်။ အခုလက်ရှိရေးနေသလို ရင်ထဲက ပြောချင်တာတွေ စိတ်ထဲပေါ်လာတာတွေမှန်သမျှ အစီအစဉ်ကျကျမကျကျ ဘောင်ခတ်မထားဘဲ ပြီးဆုံးတဲ့အထိ ချရေးလိုက်စေချင်ပါတယ်။
    စာတမ်းမဟုတ်တာမို ့ ပညာရှင်တွေအနေနဲ ့ ဘဝင်ကျချင်မှ ကျပါလိမ့်မယ်။

    သိသလောက်လေး ဝင်ဖြည့်စွက်ခွင့်ပြုစေချင်ပါတယ်။ ကျမမှာချစ်သူရှိတယ်…ရှင်ငရဲကြီးလိမ့်မယ်…ငှဲငှဲ.. အဆိုရှင်က ပပမြိုင် လို ့ ထင်သလို၊
    အာလူးလာမပေးနဲ ့…လေနဲနဲလျှော့ ရဲ့ အဆိုရှင်က ဝေမိုးလို ့ ထင်ပါတယ်။
    မြန်မာသံစဉ်တွေအပိုင်းမှာ မောင်ဂဠုန်၊ အောင်သူ တို ့သီချင်းတွေ ပေါက်ခဲ့သလို ခေါင်းလေးလှုပ်တဲ့..လှုပ်တဲ့ ဆိုတတ်တဲ့ ခင်မောင်ထူး ကိုလဲ ဖြည့်စွက်ပေးစေလိုပါတယ်။
    တေးသံသွင်းလောကမှာ ခေတ်အလိုက် မန်းလေးက လူကြိုက်အများဆုံး (အခွေကူးပေးရတာအများဆုံး) အဆိုကျော်တွေကိုလည်း သိချင်ပါတယ်။
    ===

    အပေါ်ကစာက မန္တလေးဂေဇက်က လက်ခံရထားတဲ့စာပါ။
    ကိုပေါက်ကို ရည်ရွယ်ပို့ချင်ပုံရတာမို ့ဒီမှာပဲတင်လိုက်ပါတယ်။

    အယ်ဒီတာ

  • manawphyulay

    July 12, 2010 at 8:33 am

    ဇာတ်သိမ်းပိုင်းက ဘယ်တော့လောက်ပြီးမှာလဲဟင် အပိုင်းတွေများလာရင် စာအုပ်ထုပ်လိုက်ရင် ပိုကောင်းမယ်ထင်တယ်နော်။

Leave a Reply