ပါရာစီတမောဆေး နဲ့ ကလေး လူရွယ် အသွယ်သွယ်အတွက်။

ကလေးတွေနေထိုင်မကောင်းကြဘူးဆိုရင် အသုံးအများဆုံး တိုက်ကျွေးမှုအများဆုံးသော ဆေးဟုဆိုလို့ရတာ က ပါရာစီတမောဆေးပါဘဲလေ။ ဒါပေမယ့် ကလေးဆိုတဲ့ သဘာဝအရ ဆေးကို ကလေးကသူ့ဖာသာ ပါရာစီ တမောသောက်မယ်လို့ဆိုပြီး ယူသောက်ခြင်းထက် မိဘ သို့မဟုတ် လူကြီးက သောက်စေ ချင်လို့၊ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားလို့ သောက်ဖြစ်ကြတာများမယ်ထင်ပါတယ်၊ အဲဒီလိုဆိုရင် ပါရာစီတမောဆေးရဲ့ အကျိုး အပြစ်လေးများ ဗဟုသုတ အနေနဲ့ သိထားကြရင်ဖြင့် ကလေးကိုတိုက်ကျွေးတဲ့အခါ အသုံးများဝင်လေမလား လို့တွေးမိတာကြောင့် ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ ဆေးပညာ စာပေထဲက ပြန်လည်ရေး သာ ဝေမျှပေးပါရစေလို့။

ဖျားတဲ့အခါတိုင်း ပါရာစီတမောဆေးတိုက်ဖို့လိုသလား၊ ကလေးဖျားတာသည် ကလေး၏ ရောဂါပြီးစနစ်က ရောဂါကို ပြန်တိုက်နေသည် ဆိုသည့်လက္ခဏာ ပင်ဖြစ်ပါသည်၊ တစ်ချို့ ကလေးဖျားတာကို ပါရာစီတမော တိုက်ခြင်းအားဖြင့် ထို ပြန်တိုက်နေရတာကို အနည်းငယ်အနှောင့်အယှက်ဖြစ်စေသည်ဟု ယူဆ သူတွေလည်း ရှိကြတယ်၊ ပါရစီတမောကြောင့် ကလေးအဖျားကျကျနေလို့ စောင့်ကြည့်ရခက်တယ်လို့လည်း ဆိုသည်။ သို့သော် ဖျားတာကို ဒီအတိုင်းထားရင် ကလေးမှာ ခံစားရနိုင်သည် ကလေးခံစားရလျှင် လူကြီးလို ကြိတ်ခံနေ မည့် အစား အီနေ ဂျီကျ နေတတ်ပါတယ်၊ သည်တော့ အနည်းဆုံး အဖျားကြီးလျှင် ကိုယ်တွေလက်တွေ ကိုက်ခဲ လျှင် တိုက်သင့်သည်ဟု ယူဆကြောင်း ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာရဲ ကတော့ အဆိုပြုပါတယ်၊ အဲဒီမှာ အထူးသဖြင့် ကလေး ၆ လမှ ၆ နှစ်အတွင်းအရွယ်ဆိုလျှင် ဖျားပါက ပါရာစီတမော တိုက်ဖို့လိုမည်၊ ဘာလို့လဲဆိုတော့ တချို့ကလေးတွေက ဖျားလျှင် တက်တတ်လို့ပါ။

အဲဒီမှာသိထားရမှာက ပါရာစီတမောသည် ရောဂါပျောက်အောင် ကုသည့်ဆေးမဟုတ် သတ်မှတ်ရက် သတ် မှတ်ပမာဏ ပြည့်လျှင်တိုက်စရာ မလို၊ အဖျားကျ သည်နှင့် ရပ်၍ရသည်  ပြန်ဖျားလျှင် ပြန်တိုက်လို့ရတယ်၊ ဒါပေမယ့် ပါရာစီတမောသည် အဖျားကျစေရန်တစ်ခုတည်းမဟုတ် အကိုက်အခဲ သက်သာတာလည်း ရှိသဖြင့် ခေါင်းကိုက်တာ ခြေလက်ကိုက်တာတွေ ရှိနေသေးလည်း မဖျားပေမယ့် သောက်နိုင်ပါတယ်။

ပါရာစီတမောသည် အဖျားကျဆေးအဖြစ်ဆို သူ့ အာနိသင်က လေးနာရီလောက်သာ ခံတယ်၊ ကလေးတွေ ဖျားတာဟာ အများအားဖြင့် ဗိုင်းရပ်ကြောင့်ဖြစ်တာ များတယ်၊ ဗိုင့်ရပ်စ်ပိုးဆိုတာ သေအောင်ဆေးနဲ့သတ်လို့ မရ၊ ပိုးက အချိန်တန်ရင် သူ့ဟာသူပြန်ထွက်တတ်တယ်၊ တစ်ချို့ဗိုင်းရပ်စ်တွေဖျားတာ သုံးရက်ကြာပြီး တစ်ချို့ ငါးရက် အများဆုံး တစ်ပတ်ပေါ့၊ ဖျားသည့်ရက် မစေ့သေးရင် ပါရာစီတမောသောက်လျှင် သောက်သောက် ချင်းပဲ အဖျားကျမည် နောက် တစ်ချိန်သောက်ဖို့မရောက်ခင်မှာ နည်းနည်းအဖျားပြန်တက်မည် ဒါဖြစ်နေကျ ဖြစ်သည်၊ ဘက်တီးရီးယားပိုးများကြောင့် ဖျားလျှင်ပင် ပဋိဇီဝဆေးများနှင့် တွဲပေးသောအခါ ပဋိဇီဝဆေးက ရောဂါပိုးကို နှိမ်နင်းထိန်းချုပ်နိုင်သည့် အချိန်မှာ ပျှမ်းမျှခြင်း နှစ်ရက်ခန့်ကြာတတ်ပါသည်။

ကလေးအတွက် အဖျားကျဖို့ ဘေးအကင်းဆုံးဆေးဆိုလျှင် ပါရာစီတမောပါဘဲ၊ ဒါပေမယ့် တိုက်ကျွေးရမယ့် ဆေးပမာဏ တိုက်ရမယ့်အချိန်တော့ လိုက်နာသင့် ပါတယ် ဘေးအကင်းဆုံးဆိုတာ ဆေးရွေးချယ်မှုကိုဆိုပြီး တန်ဆေးလွန်ဘေးတော့ရှိတတ်စမြဲပါ။ ပါရာစီတမောဆေးညွန်းကိုလေ့လာတဲ့အခါ အခုလိုတွေ့ရ ပါတယ်၊

တစ်ကီလိုဂရမ် ကိုယ်အလေးချိန်အတွက် ၁၅ မီလီဂရမ်၊ ဒါဆို အသက် ၅ နှစ်အောက် အရွယ်ဆို ၁၅ ကီလို ဂရမ်လောက်ရှိသဖြင့် အဲဒီအရွယ် ကလေး တစ်ယောက် အတွက် ၂၂၅ မီလီဂရမ် ဆေးပမာဏလိုမည်ဖြစ်လို့ ပါရာစီတမော တစ်လုံးမှာ ၅၀၀ မီလီဂရမ်မို့ တစ်ခြမ်းခန့်ဘဲ တိုက်ရတာပါ၊ အဲဒီမှာ ပါရာစီတမော အဆိပ်သင့် နိုင်သည့် နည်းလမ်းက သုံးမျိုးရှိတာ လေ့လာမှုအရ တွေ့ရပါတယ်။

၁။ ပါရာစီတမော အရည်ပုလင်းတွေကို ကလေးတွေ အချိုရည်အမှတ်ဖြင့် သောက်နေခြင်း။ လူကြီးအလစ်မှာ တစ်ချို့ကလေးတွေက အရသာချိုလို့ ယူသောက်နေနိုင်တာမို့ သတိထားသိမ်းသင့်ပါတယ်၊ ပုံမှန်အားဖြင့် ပါရာစီတမောဆေးအရည် တစ်ဇွန်း(ငါးမီလီလီတာ)တွင် ၁၂၀ မီလီဂရမ်ပါ ပါတယ်၊ တစ်ပုလင်းတွင် ၆၀ မီလီလီတာထက် ပို၍ပါလေ့မရှိပါ၊ အဲဒီတော့သောက်လက်စ တစ်ဝက်ကျန်တဲ့ပုလင်းကို အမှု့မဲ့အမှတ်မဲ့ ထားလိုက်လို့ ကလေး ယူသောက်ရင် ၇၂၀ မီလီဂရမ်လောက်ကို တစ်ခါတည်းသောက်သလိုမို့ ဘေးဖြစ်ပါလိမ့် မယ်၊ ဒါကြောင့်ကလေးရှိလျှင် ပါရာစီတမောအရည်ပုလင်းကို အလွယ်မထားမိဖို့ သတိပြုသင့်ပါတယ်။

၂။ ပါရာစီတမော တစ်နေ့ လေးကြိမ်ပုံမှန်တိုက်နေတဲ့ကလေးကို ကြားထဲတွင် အဖျားထပ်တက်မှာစိုးလို့ဆိုပြီး အခုပေါ်နေသော စအိုမှထဲ့တဲ့ ပါရာစီတမောကို ထပ်ထည့်ခြင်း။ အဲဒီမှာသတိပြုရမှာက ပါရာစီတမောဆေးကို သောက်ဆေးအဖြစ် အသုံးပြုပြီးကလေးကိုတိုက်မှာလား စအိုက ထဲ့တဲ့ ဆေးတောင့်စနစ်သုံးမှာလား နှစ်ခုလုံး သုံး မယ်ဆိုရင် ကလေးကိုယ်ထဲကိုရောက်သွားမယ့်ပမာဏကို ချိန်စလုပ်ရမှာဖြစ်ပါတယ်၊ ပါးစပ်ကသောက်တာ နဲ့ စအိုကထဲ့တာ တူမှမတူတာလို့ အငြင်းသန်လို့မရပါ နှစ်မျိုးလုံးက ကလေးကိုယ်ထဲရောက်တာပါ၊ ပြီးတော့ စအိုကထဲ့တဲ့ဆေးမှာ ၁၅၀ အား၊ ၃၀၀ အား၊ ၆၀၀ အား စသည်ဖြင့်ရှိရာ စအိုကထဲ့တာ အရေးမကြီးဟု မထင် ပါနှင့် ၁၅၀ အားလောက်ဘဲသုံးသင့်တဲ့ အရွယ်ကို ၆၀၀ အားထည့်မိပါက အဖျားပျောက်မြန်နိုင်ပေမယ့် လိုအပ် မှု့ထက်ပိုပြီး ၆၀၀ အားထဲ့လို့ ကလေးချွေးစေးတွေ အထွက်များပြီး ပြန်ကာအေးစက်လို့ ဆေးပြန်ကုရတာမျိုး ဖြစ်နိုင်တာ သတိပြုပါ။ ( ကျွန်တော် အသိတစ်ယောက် အဲလိုဖြစ်ဖူးတယ် သူ့ကလေးဖျားတော့ ပါရာစီတမော ဆေးအရည် နှစ်ကြိမ်တိုက်ပြီး အဖျားမကျသေးလို့ ဘေးပတ်ဝန်းကျင် ကပြောတာ နဲ့ ဆေးဆိုင်က စအိုထဲထဲ့တဲ့ ဆေးကိုထည့်လိုက်တာ တစ်အောင့်နေတော့ ကလေးအဖျားကျလာပြီး ချွေးစေးထွက်တာ မရပ်လို့ကလေး မှာ ဖြူလျော်လျော်ဖြစ် လာတာနဲ့ အထူးကုပြေးရတာလေ၊ အဲဒါ ဖုန်းဆက်လို့သွားတော့မှ သူစအိုထဲထဲ့တဲ့ဆေး က ၆၀၀ အားဖြစ်နေလို့ ဒီအကြောင်းတွေ ပြောပြခဲ့ရသေးတယ်လေ)

၃။ စိတ်ညစ်၍ဟုဆိုကာ ပါရာစီတမောဆေးကို အဆိပ်အဖြစ် သောက်သောဆယ်ကျော်သက် ကလေးများ။ တစ်ကြိမ်တည်းနဲ့ အလုံး ၂၀ ကျော် စသည်ဖြင့် အတိုင်းအဆမရှိသောက်ပြစ်လိုက်တာမျိုးပေါ့၊ ယူကေက သူငယ်ချင်းပြောတာကြားဖူးတာက သူတို့ဆီမှာ လူတစ်ကိုယ် ပါရာစီတမော အလုံး ၂၀ ထက်ပို မရောင်းဘူးတဲ့၊ ဒီမှာတော့ လိုသလောက်ဝယ်ရနေကြတယ်လေ။ ပါရာစီတမောအလွန်အကျွံသောက်ခြင်းအား အသည်းကို တိုက်ရိုက်ဒုက္ခပေးပါလိမ့်မယ်။ ပါရာစီတမောဆေးကို လိုအပ်တဲ့ရောဂါအတိုင်းအဆထက် အလွန်သုံးစွဲလျှင် ပါရာစီတမောအဆိပ် သင့်ခြင်း ဖြစ်ပါတယ်၊ ပါရာစီတမော အဆိပ်သင့်လျှင် အသည်းကိုထိခိုက်ပါတယ်၊ ပြဿ နာက အသည်းကိုစတင်ထိခိုက် ပြီဆိုဖြေရဖို့ခက်ပါလိမ့် မယ်၊ ထိုအဆိပ်သင့်ပမာဏက ပါရာစီတမော ကို သောက်ပြီး သုံးရက်မှာဖြစ်သဖြင့် သည်ကြားထဲတွင် ဖြေဆေးဦးအောင် ထိုးရပါလိမ့်မယ်၊ သွေးထဲပါရာစီတမော ပမာဏတိုင်းရမယ် အဲဒါကြောင့် နေရာတိုင်း လုပ်ရဖို့ခဲယဉ်းပေမယ့် ပါရာစီတမောဆေးကတော့ နေရာတိုင်း အလွယ်ဝယ်ရနိုင်တယ်လေ၊ ဒါကြောင့်သတိရှိစွာ ဆင်ချင်သောက်သင့်ပါတယ်။

ပုံမှန်ပမာဏသောက်သည့် ပါရာစီတမောကိုတော့ ကြောက်ဖို့မလိုပေမယ့် နဂိုထဲက အသည်းရောဂါရှိသူတွေ ကတော့ အလွယ်သောက်သုံးခြင်းထက် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သင့်ပါတယ်။ အဲဒီမှာ တစ်ခုက NSAID ခေါ် အရောင်းအရမ်း ကျစေသည့် ဆေးအားလုံး အဖျားကျရာတွင်ရော အကိုက်အခဲသက်သာရာတွင်ပါ ပါရာစီတမောထက် ပိုထိရောက်ပါတယ်၊ ဒါပေမယ့် အဲဒီဆေးတွေဟာ ပါရာစီတမောထက် အန္တရာယ်ပိုကြီးနိုင် ပါတယ်၊ အထူးသဖြင့် သွေးလွန်တုတ်ကွေးကြောင့် ဖျားနေတာကို မသိဘဲ ထိုဆေးအမျိုးအစားတွေ တိုက်မိရင် တော့ အူကသွေးယိုတတ် သလို ကျောက်ကပ်လည်း ထိခိုက်ပါလိမ့်မယ်၊ အဲဒီမှာ အန္တရာယ်ကင်း ဘေးကင်း မြန်မာတိုင်းရင်းဆေးဘဲတိုက်မယ်လို့လည်း အကြံမစောပါနဲ့ အခုမြန်မာတိုင်းရင်းဆေးတွေမှာလည်း ဒါတွေ နဲ့ သဘာဝတူ ဆေးတွေရှိနေပြီဆိုတာကိုလည်း အသိပေးပါရစေ။

ဒါကြောင့် ကလေး၊ လူငယ် ဖျားနာရင် အလွယ်တကူ သောက်သုံးလို့ရတဲ့ ပါရာစီတမောဆေးရဲ့ အကျိုးအပြစ် လေးတွေကို ဗဟုသုတအဖြစ်သိထားရင်တော့ ဘယ်လိုသုံးစွဲမယ်ဆိုတာအတွက် အထောင်အကူများဖြစ်မလား၊ တစ်ခုခုဆို အလွယ်သောက်ခြင်းထက် ဆရာဝန်ရဲ့ညွှန်းချက်နဲ့သောက်သင့်သလား မသောက် သင့်လားကို ဖတ်မိတာလေးတွေထဲက ပြန်ရေးပေးမိပါတယ်၊ ဒါပေမယ့် အတော်များများ အဖျားကျဆေးတွေထဲက ကလေး လူငယ်၊ လူကြီး အတွက်ဘေး အကင်းဆုံးဆေးကတော့ ပါရာစီတမောဆေးဘဲဖြစ်ပြီး ဖြစ်နေတဲ့ရောဂါ ဖြစ်နေတဲ့ အဖျားနဲ့ သင့်လျှော်ရုံသုံးစွဲခြင်းဖြင့် ဖျားနာကင်းဝေး စိတ်ချမ်းသာရေး ရှိကြပါစေလို့။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..