ပြီးခဲ့တဲ့ တနင်္ဂနွေနေ့လည်မှာ သက်သတ်လွတ် ကော်ပြန့်စိမ်း လုပ်စားဖြစ်တာလေး မျှဝေဦးမယ်နော်…

ကော်ပြန့်ရွက်ရရင် အလွယ်တကူပြုလုပ်နိုင်ပါတယ်…အရွက်ကတော့ ထုံးစံအတိုင်း ဝယ်တာပေါ့နော်…

အဓိကက အဆာပါ…ကြက်သား၊ဝက်သားတို့လည်းထည့်နိုင်ပြီး၊သက်သတ်လွတ်စားချင်ရင် အသားမထည့်ရုံပါဘဲ။

အဆာထဲမှာ…

1.ဂေါ်ဖီထုပ်

2.ဂေါ်ဖီပန်းပွင့်

3.မုန်ညင်းဖြူထုပ်

4.မုန်လာဥနီ

5.ပဲပြား

6.မှိုခြောက်၊ပန်းခြောက်၊ပဲလိပ်၊ဂျုံပြား စတာတွေထည့်ပါတယ်…

 

သက်သတ်လွတ် ကော်ပြန့်စိမ်း အဆာ အတွက်ပြင်ဆင်ပါမယ်…

-1.ကနေ 4 အထိ အသီးအရွက်တွေကို ရေစင်စင်ဆေး၊ပါးပါးလှီး၊ရေထပ်ဆေး ပြီး ဇကာလေးနဲ့ စစ်ထားလိုက်ပါတယ်။

-ပဲပြားကို အတုံးသေးလေးများတုံးထားပါတယ်။

– မှိုခြောက်၊ပန်းခြောက်၊ပဲလိပ်၊ဂျုံပြား တွေကို နာရီဝက်လောက် ရေစိမ် ဆေးကြောပြီး ပါးပါးလှီး လိုက်ပါတယ်။

 

အားလုံးအဆင်သင့်ဖြစ်ရင်…..

-ဆီအနည်းငယ်နဲ့ ပဲပြားတုံးလေးများကို ကြော်ပါမယ်၊ မာမာလေးဖြစ်လောက်ရင် အသီးအရွက်တွေနဲ့

မှိုခြောက်၊ပန်းခြောက်၊ပဲလိပ်၊ဂျုံပြား လှီးထားတာတွေကို ထည့်လို့ အနေတော်လေးကြော်ပါမယ်။

အပေါ့ အငံ အတွက် ဆား ၊ အချိုမှုန့် သင့်တင့်ရုံထည့် လိုက်ရင်ဖြင့် ကော်ပြန့်စိမ်းအတွက် အဆာရပါပြီ…….

 

ကော်ပြန့်ရွက် တစ်ရွက်ခင်းလို့ အစပ်နားမှာ အဆာနှစ်ဇွန်းမောက်မောက်ထည့်၊အစဖက်ကအရွက်လေးနဲ့ဖုံး

ဘေးနှစ်ဖက်က အရွက်လေးတွေ အတွင်းကိုခေါက်ပြီး ဆက်လိပ်သွားရင် ကော်ပြန့်လိပ်ရပါပြီ….

အလိပ်လေးတွေကို ဇကာထဲထည့် ပေါင်းအိုးနဲ့ ၁၅ မိနစ်လောက်ပေါင်းလိုက်ရင် မွှေးပျံတဲ့ ရနံ့နဲ့ နူးညံ့တဲ့

ကော်ပြန့်စိမ်းပူပူနွေးနွေး လေး ရပါပြီ…

1…အဆာအတွက် အသီးအရွက်များ…

2.အရွက်၊အဆာ နှင့် ကော်ပြန့်လိပ်များ…

3. ကော်ပြန့်စိမ်းပူပူနွေးနွေး လေး ရပါပြီ…

4.အနေတော်ညှပ်၊ အချဉ်လေးဆမ်းပြီး ကြက်သွန်မိတ်ကိုက်လို့ စားပါနော်…

 

ကြက်သွန်မိတ် စိမ်းစိမ်းလေး၊ အချဉ်ရည်လေးရယ်နှင့် တွဲဖက်လို့ သက်သတ်လွတ် ကော်ပြန့်စိမ်းပူပူနွေးနွေး

လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်….

ခင်တဲ့

မအိ

About Ma Ei

Ma Ei has written 53 post in this Website..