ဒီအကြောင်းအရာလေးတွေ ကျွန်တော့်ခေါင်းထဲစိမ့်ဝင်နေတာကြာပြီလို့ဆိုရင်လဲ မှန်သလို…

ဒီစာကိုရေးဖို့အတွက် အချက်အလက်တွေနဲ့အချိန်အခါတွေလိုနေသေးသမို့ အချက်အလက်စုရင်း အချိန်အခါစောင့်ရင်း… ပျင်းနေရင်းနဲ့ အချိန်တွေဆွဲဆန့်ထားတာလဲ တော်တော်ကြာနေပြီပေါ့…

ပြီးခဲ့တဲ့လကုန်နဲ့ ဒီလဆန်းတစ်ရက်နေ့မှာ တက်ခဲ့တဲ့ပိုစ့်နှစ်ခုက ကျွန်တော့်အတွေးတွေကို ပိုပြီးတွေးမိစေ တယ်လို့ဝန်ခံရမှာပဲ…

တစ်ခုကတော့ အစ်ကိုကျော်သိန်းရဲ့ ဘယ်ကျောင်းထားမှာလဲနှင့် ကျောင်းဒုက္ခ…

http://myanmargazette.net/150390/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

သူကြီးကိုယ်တိုင် Sticky ပေးထားတဲ့ပိုစ့်ပါဗျာ…

နောက်တစ်ခုကတော့ ကိုပေါက်ပေါက်ရေးထားတဲ့ မည်ကာမတ်တ Ph.D ဘွဲ့တွေနဲ့ ဦးဆောင်နေမယ်ဆိုရင်ဖြင့်

http://myanmargazette.net/150680/education

ကဲ… ကျွန်တော်စပြီး နှမ်းဖြူးပါတော့မယ်…

CHANGE

ကျွန်တော်အမြဲပြောတတ်သလို Change ပေါ့ဗျာ…

Change လို့ပြောတိုင်း သူငယ်ချင်းမယ်ပုခ်ျရဲ့ အကြွေစေ့ပုံပြင်လေးကို သတိရမိလို့ အကြွေစေ့နဲ့အပေါက်ခံရမှာ စိုးသေး…

Change လို့ပြောတဲ့နေရာရဲ့နောက်ကွယ်မှာ Update & Upgrade ဆိုတာက ကပ်ပြီးလိုက်ပါလာပါတယ်…

အခု ကျွန်တော်တို့နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ၄င်းအောက်မှာရှိတဲ့ပညာရေးစနစ်ကို နိုင်ငံတကာအဆင့်မီဖြစ်ဖို့ Change လုပ်ရပါမယ်…

နောက်တစ်နည်းပြောရရင်ဖြင့် Update နဲ့ Upgrade ဖြစ်အောင်လုပ်ရပါတော့မယ်…

UPGRADE

အရင်ဆုံးအမှတ်ပေးစည်းမျဉ်းပုံစံကို Change လုပ်လိုက်တာနဲ့ သင်ရိုးညွှန်းတမ်းတွေကို Update လုပ်ရမယ်… သင်ကြားနေသောဆရာ၊ ဆရာမများကို Upgrade လုပ်ရပါတော့မယ်…

ကျွန်တော့်အိမ်ဘေးနားက (၈)တန်းကျောင်းသားလေးတစ်ယောက်ရှိပါတယ်… ငြင်းခုံခဲ့ကြသော TTC က ကျောင်းသားတစ်ယောက်ပေါ့…

မနက်မိုးလင်းလို့ (၇)နာရီခွဲတာနဲ့ အိမ်ရှေ့ကျောင်းကားလာခေါ်တာက တစ်နေ့တာကျောင်းသာဘ၀စလိုက်တာ ညမိုးချုပ်လို့ (၉)နာရီခွဲ ၊ (၁၀)နာရီကြမှ အိမ်ပြန်ရောက်ရှာတယ်…

အလုပ်ဆင်းပြီး အရက်သောက်အိမ်ပြန်တဲ့ကျွန်တော်တောင် သူ့ထက်စောပါသေးတယ်… တစ်နေ့ကို လူတစ်ယောက်ဟာ အလုပ်ချိန် (၈)နာရီထက်ပိုပြီး မလုပ်သင့်ဘူးဆိုတာထက်… သူ့စာသင်နေရချိန် ပိုများပါတယ်… ဒါပေမယ့် သူစာတော်ခဲ့လား… သာမာန်အနေအထားအဆင့်လောက်ပဲကျောင်းမှာနေရာရပါတယ်…

နွေရာသီကျောင်းပိတ်ရက်များမှာတော့ ရည်မှန်းချက်ကြီးသောမိဘများက ငွေကြေးအကုန်အကျခံပြီး ဗြိတိသျှကောင်စီကဖွင့်တဲ့ အင်္ဂလိပ်စာအတန်းကိုသွားပို့ပါတယ်… ထူးချွန်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို တွေ့ရတယ်… စိတ်ဝင်စားမှုကိုတွေ့ရတယ်… နောက်တစ်ခုက စာသင်ကြားလေ့လာသူတစ်ယောက်အတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်တာကိုတွေ့ရတယ်…

သူ့ကိုကြည့်ပြီး ကျွန်တော်စဉ်းစားမိတယ်… ကျွန်တော်သာသူ့နေရာမှာဆိုရင် မိဘကိုအတိုက်အခံလုပ်ပြီး ကျောင်းထွက်လောက်အောင်ဖြစ်မိမယ်ဆိုတာပဲ… ကျွန်တော့်အတွက် အခုပညာရေးစနစ်ဟာ အိပ်မက်ဆိုး တစ်ခုလိုပါပဲ…

အဲဒီတော့ ဒီအမှတ်ပေးစည်းမျဉ်းပေါ်မှာအခြေခံတဲ့ကျောင်းသားမိဘတွေရဲ့ သားသမီးအပေါ်ဖိအားပေးမှုကိုလျော့ပြီး ကျောင်းသားလူငယ်လေးတွေ အမှန်တကယ်တတ်ကျွမ်းသောထူးချွန်သူများဖြစ်စေလိုလျှင်….

ပညာရေးစနစ်ကို Change လုပ်ဖို့ သင်ရိုးညွှန်းတမ်းနဲ့ အမှတ်ပေးစည်းမျဉ်းကို Update လုပ်ပါ… ဆရာဆရာမများကို Upgrade လုပ်ကြပါ…

UPDATE

ကောင်းပါပြီ… ဘယ်နေရာကနေစပြီး ပြောင်းလဲရမှာပါလိမ့်…

Teacher Training Center လို့ခေါ်တဲ့ ဆရာအတတ်သင်ကျောင်းကနေစပြီး ပြောင်းလဲပစ်ပါ…

ကြိမ်လုံးကိုင်စာသင်တဲ့ စာသင်ခန်းထဲကအာဏာရှင်စနစ်ကိုဖျက်ပစ်ရပါမယ်…

အခြေခံပညာအဆင့်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ပထ၀ီ၊ သိပံ္ပ ကို အခြေခံအားဖြင့်သင်ပါတယ်…

မြန်မာစာသင်ရခြင်းရည်ရွယ်ချက်က မြန်မာလူမျိုးများက မြန်မာစာကို သဒ္ဒါပိုင်ပိုင်နိုင်နိုင်နဲ့ ရေးတတ်ဖို့ သီကုံး တတ်ဖို့ပါ… မြန်မာ့ကဗျာရဲ့အနှစ်သာရ၊ စကားပြေရဲ့ပြေပြစ်ချောမွေ့မှုကိုခံစားဖို့ပါ… အဲဒီလိုပဲ မိမိခံစားရသမျှကို ကဗျာလိုတစ်သွယ်… စကားပြေလိုတစ်မျိုး ပိုင်ပိုင်နိုင်နိုင်ဖော်ကျူးနိုင်ဖို့ မြန်မာစာသင်တာပါ… ဦးကြင်ဥတို့၊ အချုပ်တန်းဆရာဖေတို့ရေးထားတာကို အလွတ်ပြန်ဆိုပြနိုင်ဖို့မဟုတ်ပါဘူး… ကိုးကားဖို့ပါ… အရေးအသားကို ခံစားလေ့လာဖို့ပါ… မြန်မာဖြစ်သော မြန်မာတို့ ဘယ်နှခါများ ခံစားလေ့လာရေးသားခွင့် အခြေခံပညာကျောင်း မှာရရှိခဲ့ပါသလဲ…

ထို့အတူ အင်္ဂလိပ်စာ… အင်္ဂလိပ်စာကို Formula နဲ့သင်တဲ့စနစ် Verb-1, Verb-2, Verb-3, Verb-ing စသည် ဖြင့်အသေတွက်ပြီး အမှတ်ပြည့်ယူခဲ့သူများ တကယ်သုံးတတ်ခဲ့ပါသလားလို့ ကျွန်တော်မေးချင်ပါတယ်…

သချာင်္ဆိုလဲ ထိုနည်းလည်းကောင်း… အဆင့်ဆင့်တွက်နည်း၊ အဆင့်ဆင့်အမှတ်ပေးနည်း၊ တကယ်တွက် တတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းထဲဝင်အောင်တွက်နိုင်ဖို့က ပိုအရေးကြီးနေတဲ့အချိန်မှာ အမှတ်ရမှ စာမေးပွဲ အောင်မှာမို့ အမှတ်အတွက်သာ လုံးပန်းရပါတော့တယ်…

သမိုင်းရဲ့သင်ခန်းစာ၊ သိပံ္ပရဲ့ဆန်းကြယ်မှု၊ ပထ၀ီဝင်ရဲ့ဗဟုသုတဆိုတာကို အမှတ်ဆိုတာနဲ့လဲလိုက်ရတဲ့ ကြီးမားသောဆုံးရှုံးမှုကြီးပါ… နောက်အနာဂတ်မျိုးဆက်သစ်တွေအတွက် အဆိုးဝါးဆုံးအိပ်မက်ဆိုးပါပဲ…

အဲဒီတော့ အမှတ်ရလို့စာမေးပွဲအောင်… သင်ထားတဲ့စာတွေက ကျောင်းကနေ ခေါင်းကိုလိုက်မလာ… ကန့်သတ်ဘောင်နဲ့ အာဏာရှင်စနစ်သင်ကြားမှုအောက်မှာ ကြီးပြင်းလာရသူမို့ ကျွန်တော်တို့နိုင်ငံသားတွေ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်တီထွင်မှု၊ ကိုယ်ပိုင်ရပ်တည်နိုင်မှုတွေ တစတစမှေးမှိန်လာပြီး… ၀ါးလုံး ခေါင်းထဲလသာနေတဲ့ဘ၀မှာ ကြာရှည်ရပ်တည်လာရပါတယ်…

အဲဒီလိုမဖြစ်ဖို့ စာသင်ကြားပေးမယ့်ဆရာဆရာမများကိုယ်တိုင်က ကိုယ်ပိုင်အတွေးအခေါ်၊ မိမိရဲ့ဘာသာရပ် အလိုက်တတ်ကျွမ်းမှုတွေ၊ အရည်အချင်းပြည့်မီမှုတွေရှိဖို့ လေ့ကျင့်ပေးရမှာဖြစ်သလို… ကြိမ်လုံးချပြီး ကျောင်းသားနဲ့ အပြန်အလှန်ဆွေးနွေးနိုင်တဲ့အရည်အချင်းရှိဖို့ ဆရာများကျောင်းတော်မှကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်…

အဲဒီအကျိုးဆက်တွေ ဘယ်အထိသွားပါသလဲ…

အသက်ကြီးလာတဲ့အချိန်အထိ… လုပ်ငန်းခွင်၊ လူမှုဘ၀အထိ အရိပ်ဆိုးကြီးလိုပါလာရပါတယ်…

ကျွန်တော်တို့မျိုးဆက်တွေမှာ Self Study ဆိုတဲ့ လေ့လာမှုအရမ်းအားနည်းလာတာကိုတွေ့ရတယ်…

အဲဒီလိုဘဲ မိမိကိုယ်ကို Upgrade လုပ်ဖို့… မိမိခံယူချက်ကို Update လုပ်ဖို့ မ၀ံ့မရဲဖြစ်လာပါတယ်…

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက် ကွန်ပျူတာသင်ဖို့ကြိုးစားပါတယ်… ကျွန်တော့်ကို ဖုန်းဆက်မေးပြီး ဘယ်မှာ ကွန်ပျူတာ Basic ကိုသင်ရမလဲလို့ မေးတာကြုံရတော့…

ဘာအတွက်လဲဆို ပြန်မေးမိပါတယ်… သူအလုပ်တစ်ခုလျှောက်ထားရာက ကွန်ပျူတာတတ်ရန်လိုအပ်ကြောင်း သိလို့ အသဲအသန်လက်ပူတိုက် အင်တာဗျူးဖြေဖို့ကြိုးစားနေကြောင်းသိရပါတယ်…

စိတ်မကောင်းဖြစ်လေခြင်း… ကျွန်တော်တို့တတွေက ခိုင်မာတဲ့အလုပ်တစ်ခု ကိုယ်ပိုင်စီးပွားရေပဲဖြစ်ဖြစ်၊ တခြား ၀န်ထမ်းအလုပ်ပဲဖြစ်ဖြစ် ရလိုင်တဲ့အချိန်မှာ Study ဆက်လုပ်ဖို့၊ Upgrade လုပ်ဖို့ကိုမကြိုးစားတော့ဘဲ အပြီးအပိုင်ရပ်တန့်သွားတာမျိုးကို ကျွန်တော့်လူမှုဝန်းကျင်မှာရော၊ လုပ်ငန်းခွင်မှာပါ… တွေ့မြင်နေရပါတယ်…

အထူးသဖြင့် အသက်အရွယ်ကွာခြားမှုကနေ အတွေးအခေါ်ကွာခြားမှုဖြစ်ပြီးကြီးမားတဲ့ပြသနာကိုစတတ် ပါတယ်… လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ရဲ့ သီအိုရီဟာ… အခုအချိန်မှာ မှန်ချင်မှမှန်တော့မှာပါ… ကမ္ဘာကြီးက ပြောင်းလဲနေပါတယ်…

ကျွန်တော်တို့က ကမ္ဘာကြီးလည်သလို လိုက်မလည်နိုင်ဘဲ… ရပ်ကျန်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ကျန်ခဲ့မှာပါပဲ…

ကျွန်တော်တို့ သင်ကြားလေ့လာမှုရပ်တန့်ခြင်းအောက်မှာ တွယ်ညိမနေဘဲ…

အတိတ်ရဲ့ရွှေထီးရိပ်တွေအောက်မှာငြိမ်သက်မနေဘဲ လေ့လာသင့်သောအကြောင်းအရာများကို မျက်ချေမပြတ်လေ့လာရင်း

မိမိကိုယ်ကိုလဲ Upgrade လုပ်နေသင့်ပါတယ်… ဒါမှ ကျွန်တော်တို့ရဲ့အယူအဆအတွေးအခေါ် တွေဟာလဲ ခေတ်ယှဉ်ပြေးရင်းခေတ်မီသော အမှားနည်းသောအယူအဆအတွေးအခေါ်များဖြစ်စေလိုပါတယ်…

အဲဒီတော့ နိုင်ငံအတွက်… ကျွန်တော်တို့ကိုယ်တိုင်အတွက် Change, Update နဲ့ Upgrade ဆိုတာအရေးကြီးကြောင်း…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

၂၀၁၂၊ အောက်တိုဘာ

 

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...