ဘုရင်အလောင်းမင်းတရားမှ ဘုရင်ဂျော့-၂ ထံပေးပို့သော ရာဇသံရွှေပေ အပိုင်း(၅)

လက်စတာသံအဖွဲ့
၁၇၅၆ ခု၊စက်တင်ဘာတွင် ကပ္ပတိန်ဟိုး ကွယ်လွန်ခဲ့ပြီး ‘ဟိုး’၏နေရာကို ဒုတာဝန်ခံ သောမတ်စ်နျူတန် ဆက်ခံခဲ့သည်။ မကြာမတင် မှာပင် ပဲခူးကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ကုမ္ပဏီနှင့်အဆက်အသွယ်ပြုရန် ကိစ္စများရှိကြောင်း နျူတန့်ထံ အလောင်းမင်းတရားကြီး သတင်းပါးခဲ့သည်။ အမှန်မှာ အလောင်းမင်းတရားသည် ကုမ္ပဏီနှင့် အလုပ်ကိစ္စများ ပြီးစီးအောင်လုပ်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ ဤသို့ဖြင့် နျူတန်သည် ဒုဗိုလ်ကလေး ရောဘတ်လက်စတာအား ရန်ကုန်မှ ရွှေဘို ရှင်ဘုရင်အပြန်ခရီးတွင် ရှေ့တော်မှောက်ဝင်ရောက်ခစားရန် စေလိုက်၏။

လက်စတာသည် မဟာမိတ်စာချုပ်ချုပ်ဆိုရန် နောက်တစ်ကြိမ်လျှောက်ထားပြန်သည်။ အလောင်းမင်းတရားသည် ရင်းဖျား ပတ္တမြားနှစ်ရစ်စီသော ရွှေပေစာသဝဏ်လွှာပေါ်တွင် ရှင်ဘုရင့်တံဆိပ်တော်ကို ခတ်နှိပ်ပြီးဖြစ်ကြောင်း ချက်ချင်းမိန့်ကြားတော်မူသည်။ ဂျော့ဘုရင်-၂ နှင့်ကုမ္ပဏီဒါရိုက်တာများထံ ပို့ခဲ့သောစာများကို ရည်ညွှန်းခြင်း ဖြစ်၏။     ရှင်ဘုရင်သည် အရှေ့အိန္ဒိယကုမ္ပဏီ တောင်းဆိုသောအရာများကို ပေးသနားခဲ့ပြီးဖြစ်ကြောင်း အလေးပေး ဖော်ပြလိုခဲ့သည်မှာ ရှင်းလင်းပါသည်။ ထို့အပြင် မြန်မာဘုရင်သည် ရာဇသံစာများပေးပို့ခဲ့သည်မှာ တစ်နှစ် ကျော်ပြီဖြစ်သည့်တိုင် အကြောင်းပြန်စာကို စောင့်စားနေဆဲဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။

လက်စတာနှင့်ဆက်လက်ဆွေးနွေးရာတွင် အလောင်းမင်းတရားသည် ”မဟာမိတ်စာချုပ်ကို တံဆိပ်တော် ခတ်နှိပ်ပေးမည်၊ ရှင်ဘုရင်ပိုင်နက်နယ်မြေအတွင်း မည်သည့်နေရာ၌မဆို ကုန်သွယ်လွတ်လပ်ခွင့်ပေးမည်” ဟူသော စကားဖြင့် နိဂုံးချုပ်ခဲ့၏။ လွန်ခဲ့သောနှစ်နှစ်က ပြောဆိုဆွေးနွေးရန် ဝန်လေးခဲ့သော ဟိုင်းကြီးကျွန်းအခြေချနေထိုင်ခွင့်ကို ပေးသနားခဲ့သည်။

နျူတန်ကို မင်းတရားဆင့်ခေါ်လိုက်ခြင်းမှာ မင်းတရားသည် လက်နက်ဝယ်ယူရန် အရှေ့အိန္ဒိယကုမ္ပဏီကို ယခုရော ယခင်ကပါ မျက်နှာချိုသွေးသောအမှုကို မပြုခဲ့ဟု ပြဆိုခြင်းဖြစ်သည်။ လက်နက်နှင့်ခဲယမ်းမီးကျောက် ပံ့ပိုးမှုသည် စိတ်ချအားကိုး၍မရသလို လက်ငင်းငွေချေပေးသည့်တိုင် မင်းတရားမျှော်လင့်ထားသလောက်လည်း ဖြစ်မလာ။ ထိုအခါ လက်နက်ပံ့ပိုးခြင်းဟူသည် အရေးပါသည့်အနေအထားတွင် မရှိတော့။ မှတ်သားရန်မှာ မင်းတရားသည် လက်စတာ့အား ‘ပဲခူးတွင်မြောက်မြားစွာသော သေနတ်၊ဗုံး စသည့်စစ်သုံးပစ္စည်းများကို သိမ်းယူ ရရှိခဲ့ကြောင်း’ မိန့်တော်မူခဲ့သည်။ အလောင်းမင်းတရားသည် အိန္ဒိယမင်းသားများနှင့် ကွာခြားစွာ စစ်ပွဲတစ်ပွဲ အနိုင်ရဖို့အတွက် အင်္ဂလိပ်တို့ထံမှ စစ်ကူမလိုကြောင်းပြသခဲ့သူဖြစ်၏။

လက်စတာသည် လွန်ဆေးမှမပြန်ခင် ပုသိမ်မြို့ဝန် အန်တိုနီယိုနှင့် မျက်နှာစုံညီထိုင်ပြီး စာချုပ်၏ အသေးစိတ်များကို ပြီးပြတ်အောင်လုပ်သည်။ အဓိကအားဖြင့် ပုသိမ်မှ မြေနေရာအတိုင်းအတာဖြစ်၏။ အပြန်တွင် ပုသိမ်သို့ဝင်ပြီး ယင်းမြေနေရာကို ”အလောင်းဘုရား၏ ခွင့်ပြုချက်ဖြင့်ရယူသော ဂုဏ်သရေရှိ အရှေ့အိန္ဒိယ ကုမ္ပဏီပေါင်းစုပိုင် မြေကွက်” ဟူ၍ လက်ဝယ်ရယူသည်။ အလံလွှင့်တင်ပြီးသောအခါ ဟိုင်းကြီးကျွန်းသို့ပျော်ရွှင်စွာ ပြန်လာခဲ့၏။

ဟိုင်းကြီးကျွန်းကိုဖျက်သိမ်းခြင်း

ရှေ့တွင် ဖော်ပြခဲ့သည့်အတိုင်း အရှေ့အိန္ဒိယကုမ္ပဏီသည် အချိန်တန်လျှင် ပုသိမ်သို့ လုပ်ငန်းဆောင်တာများ ရွှေ့ယူလာလိမ့်မည်ဟု အလောင်းမင်းတရားက ယုံကြည်နေသည်။ ဟိုင်းကြီးကျွန်းကဲ့သို့သော၊ ပထဝီသဘောအရ အားနည်းလွန်းသောနေရာဒေသတွင် အခြေစိုက်လိုသည့် ကုမ္ပဏီ၏ရှုမြင်တွေးခေါ်ပုံကို မွန်နှင့် မြန်မာဘုရင်များ ရှေးမဆွကတည်းက မေးမြန်းတော်မူခဲ့သည်။  ပုသိမ်တွင် ကုန်သွယ်မှုလုပ်ငန်းဆောင်တာများ တိုးတက်ခြင်းရှိမလာဘဲ အခြေခံအားဖြင့် ဟိုင်းကြီးကျွန်းကိုသာ ဖက်တွယ်ထားသော ကုမ္ပဏီအား ရွှေဘိုမှရှင်ဘုရင်သည် တိုး၍သာ သင်္ကာမကင်းဖြစ်လာတော့၏။

ကုမ္ပဏီသည် အနည်းဆုံးစရိတ်စကဖြင့် ဟိုင်းကြီးကျွန်းကိုလက်မလွှတ်ဘဲထားရဖို့ ဖြစ်နေချိန်တွင် ၁၇၅၈ ခု၊ ဇူလိုင်လ၊ ဒါရိုက်တာအဖွဲ့က ပီးဂေါ့ထံစာရေးသောအခါ ပုသိမ်၌ရှေ့ဆက်ရင်းနှီးမြှုပ်နှံရေးသည် စာရင်းထဲမှ ပျက်သွားတော့၏။
”… ထိုဒေသတွင် အခြေစိုက်ခြင်းအတွက် ကုန်ကျစရိတ်ကြီးမားခဲ့ပြီးပြီ။ ပဲခူးတွင်လည်း အခြေအနေမငြိမ် သက်သောကြောင့် အကျိုးကျေးဇူးဖြစ်ထွန်းဖို့ရာ အလားအလာနည်းလှသည်။ အထူးသဖြင့် ကုမ္ပဏီ၏လက်ရှိအ ခြေအနေကြောင့် ပုသိမ်ဖြစ်စေ၊ သံလျင်ဖြစ်စေ၊ အခြားမည်သည့်နေရာ၌ဖြစ်စေ၊ အခြေချမှုအသစ်များလုပ်ရန် မစဉ်းစားနိုင်သေး။ ဤသို့သောစီမံချက်ကို တိုင်းပြည်ငြိမ်သက်လာချိန်ထိ ဆိုင်းထားရမည်။”

၁၇၅၉ ခု၊စက်တင်ဘာ ၁ရက်တွင် ကပ္ပတိန်ဝီလျံဆောက်သ်ဘီသည် ဒုဗိုလ်ကလေးဟုပ်ကို ဟိုင်းကြီးကျွန်း တွင် တာဝန်လဲပေးရန်နှင့် ကျန်ရှိနေသေးသော သစ်လုံးများကောက်ရန် ကာလကတ္တားမှထွက်ခွာလာသည်။ ကျွန်းပေါ်ရောက်ပြီး နှစ်ရက်အကြာ၊ ၁၇၅၉ ခု၊အောက်တိုဘာလ ၄ရက်တွင် ဆောက်သ်ဘီနှင့် အမှုထမ်းများထံ ပုသိမ်မြို့ဝန် အန်တိုနီယို ခေါင်းဆောင်သော မြန်မာများရောက်လာကြသည်။ ရုတ်ချည်းဆိုသလို ခံတပ်တစ်ခုလုံးကို မြန်မာရဲမက်တော်များစီးနင်းလိုက်ကြကာ ခံတပ်ကိုစီးမိပြီးသည်နှင့် မြန်မာရဲမက်တော်များသည် ကုမ္ပဏီသင်္ဘောများကို မီးရှို့သည်။ ကုမ္ပဏီဝန်ထမ်းများစွာ အသတ်ခံရသည်။ အချို့မှာ ဖမ်းဆီးခံရသည်။

ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် ရှင်ဘုရင်ကိုယ်တိုင်၏ တိကျပြတ်သားသော အမိန့်မပါလျှင် စဉ်းစားဝံ့စရာမရှိချေ။

အလောင်းမင်းတရားကြီး  မဏိပူရမှ စစ်တိုက်ပြီးပြန်အလာ မြောက်ပိုင်း၌ရှိနေစဉ် ၁၇၅၉ ခု၊နှစ်လယ်တွင် မွန်တို့သည် နောက်တစ်ကြိမ်ပုန်ကန်ကြောင်း အမှတ်ရပေမည်။ မြန်မာမြို့စောင့်တပ်က ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့သည်။ မွန်တို့ကို ကူညီပံ့ပိုးမှုကြောင့် အလောင်းမင်းတရားသည် ရဲမက်များလွှတ်၍ အင်္ဂလိပ်တို့၏ကုန်ပစ္စည်းများ၊ လက်နက်နှင့်ခဲယမ်းမီးကျောက်များကို သိမ်းယူစေခဲ့သည်။ ထို့အပြင် အလောင်းမင်းတရားအား ဂရက်ဂေါ်ရီက အိန္ဒိယပြည်တွင် အင်္ဂလိပ်တို့ နယ်မြေချဲ့ထွင်ခဲ့ပုံနှင့် မြန်မာပြည်အပေါ်လည်း တူညီသောစီမံကိန်းရှိကြောင်း အတတ်နိုင်ဆုံး အကောင်းမမြင်အောင်လျှောက်တင်ခဲ့သည်။

နောက်ဆုံးတွင် ဓားစားခံအဖြစ် အဖမ်းဆီးခံရသည့် ကပ္ပတိန်များထဲမှတစ်ဦးဖြစ်သော ဂျိမ်းစ်ရောဘတ်စန် ၏စာကိုလေ့လာကြရမည်။ ၁၇၅၉ ခု၊နိုဝင်ဘာလကုန်၌ မဒရတ်စ်သို့ ပို့ပေးခဲ့သောစာဖြစ်၏။ သူ့အား အလောင်း မင်းတရားထံ ခေါ်ငင်သွားကြသောအခါ ရှင်ဘုရင်သည် အင်္ဂလိပ်တို့က သူ့အပေါ်ပြုမူဆက်ဆံပုံနှင့်ပတ်သက်ပြီး ခါးသီးစွာညည်းပြခဲ့ကြောင်းကို
 ”ရှင်ဘုရင် ကျွန်ုပ်အားမိန့်ကြားခဲ့သည်မှာ ရှင်ဘုရင်သည် အင်္ဂလန်မှဘုရင်ထံ ရာဇသံတစ်စောင်ရေးသား ပေးပို့ခဲ့ကြောင်း၊ ရွှေအစစ်ပေပေါ်တွင် တံဆိပ်တော်နှင့် လိပ်စာကို တန်ဖိုးအနဂ္ဃထိုက်တန်သော ကျောက်မျက်ရ တနာများဖြင့်စီခြယ်ထားကြောင်း၊ ရာဇသံစာများပေးပို့ခဲ့သည်မှာ သုံးနှစ်ကြာပြီဖြစ်သည့်တိုင် ယနေ့ထိအကြောင်း ပြန်စာ မရရှိခဲ့ကြောင်း၊ ထို့ကြောင့် ရှင်ဘုရင်သည် သူနှင့်သူ့လူများကို အင်္ဂလိပ်တို့နှင့်ကုမ္ပဏီက အရူးလုပ်ခဲ့ခြင်း ဆိုသည်မှလွဲ၍ အခြားအဓိပ္ပါယ်ကောက်ယူစရာ မရှိတော့ကြောင်းမိန့်ကြားခဲ့သည်။”

ဤကိစ္စသည် ဟိုင်းကြီးကျွန်းသုတ်သင်ပွဲအတွက် ဖြေရှင်းချက်တစ်ခုမဟုတ်ခဲ့။ သို့သော်ငြား ရှင်ဘုရင်သည် ဤမျှစိတ်ရှည်ရှည်စောင့်ဆိုင်းကာ အင်္ဂလိပ်တို့အပေါ် စေတနာပြသခဲ့ပြီးကာမှ ခါးသီးခဲ့ရသောအဖြစ်ကို ဖော်ပြခဲ့ သည်။ ကြာမြင့်စွာဖြစ်တည်ခဲ့သော စိတ်ပျက်ရခြင်းများ ခါးသီးစရာအဖြစ်ပြောင်းလဲသွားပုံ၊ နောက်ဆုံး၌ ဂရက် ဂေါ်ရီ၏ မကောင်းသောစကားကြောင့် မီးလောင်ရာလေပင့်သကဲ့သို့ ဒေါသအမျက်ထွက်ခဲ့ရပုံကို တွေးကြည့်ဖို့ မခက်ခဲလှပေ။ အလောင်းမင်းတရား၏ ချစ်ကြည်ရေးပဏာမခြေလှမ်းသည် အကြောင်းပြန်စာမရရုံတင်မက အသိအမှတ်ပြုဖော်လေးပင် မရခဲ့သဖြင့် ဤအတွက် မင်းတရားအရှက်ရခဲ့သည်။ မင်းတရား အမျက်ထွက်ရသော အကြောင်းရင်းခံများစွာထဲမှ ဤအချက်သည် သေချာသောအချက်တစ်ခုဖြစ်၏။

16 comments

  • ဝင့်ပြုံးမြင့်

    October 5, 2012 at 1:52 am

    ရွှေပေလွှာပေါ်မှာ ရေးထားတဲ့စာသားပါ။ လက်ဝဲနော်ရထာ စီကုံးပါတယ်။
    ”ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော သုနာပရန္တတိုင်း၊ တမ္ဗဒီပတိုင်း၊ ကမ္ဘောဇတိုင်းစသော တိုင်း ကြီးအပေါင်းတို့၌၊ မြန်မာပြည်၊ ရှမ်းပြည်၊ ယွန်းပြည်၊ ကသည်းပြည်၊ (ဟံသာဝတီ)ပြည်၊ ရာဇဌာနီပြည်ကြီးထီး ဆောင်းမင်းအပေါင်းတို့ကို အစိုးရတော်မူသော ပတ္တမြား၊ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ပယင်း ရတနာတွင်းများသခင် ဆင်ဖြူ၊ ဆင်နီ၊ ဆင်ကျား၊ အရိန္ဒမာစကြာရွှေလှံရ အာဒိစ္စဝံသနေမင်း၏ အဆက်အနွယ်၊ အဆောင်ဆောင် သော ရွှေနန်းရွှေပြဿဒ်သခင်ဖြစ်တော်မူသော ရတနာပူရ အင်းဝပြည်ကြီးနှင့်တကွ အယုဇ္ဈပူရမည်သော ရတနာ သိင်္ဃ ကုန်းဘောင်ရွှေပြည်ကြီးကို၊ အစိုးရတော်မူသော အလောင်းမင်းတရားကြီးဘုရား၊ ချစ်ကြည်စွာကြားရောက် အပ်သော ဇိနပ္ပတ္တံ၊ ဘင်္ဂလား၊ ဝှက်သဒေဝီ၊ ဒေဝီကတ် စသောမြို့အပေါင်းတို့သည်၊ လပြည့်ဝန်းကို နက္ခတ် တာရာအပေါင်းခြံရံသကဲ့သို့ ခြံရံလျက် အင်္ဂလိပ်မြို့မကို အစိုးရသော အကြည်တော် အင်္ဂလိပ်မြို့မဘုရင်- ဘေး လောင်းတော် ဘိုးလောင်းတော်တို့လက်ထက်၊ မြန်မာမင်း အင်္ဂလိပ်မင်း အဆက်ဆက် ဖောက်ကားရောင်းဝယ် ရောက်ပေါက်ကြ၍ အလိုရှိသမျှကို ဆောင်ယူရသည်။ ကိန်းခန်းအလျောက် (ဟံသာဝတီ)တို့ နှောင့်ယှက်ရာတွင် တလတ်တလျား မရောက်မပေါက် ရှိကြ၍ တောင့်တ၍နေသည်နှင့် အကြည်တော် နိုင်ငံတော်စွန်း မော်တင် ဟိုင်းကြီးသို့ အကြည်တော် အင်္ဂလိပ်မြို့မဘုရင်က မည်စလီပရုပ်တို့ကိုစေ၍ ရောက်ပေါက်လာရာတွင်မှ မေးမြန်း ကြားသိရလျှင် အတိုင်းထက်အလွန် မင်းဧကရာဇ်တို့ဝယ် မြို့၏အင်္ဂါခုနစ်ပါးတွင် သခါဟူသော ပြည်ထောင်ချင်း အင်္ဂါတစ်ပါးသည် ဖြစ်ခဲသောအရာကို တွေ့ရပေတော့မည်။ ဝမ်းမြောက်တော်မူသည်။ အကြည်တော် အင်္ဂလိပ် မြို့မဘုရင်က စေသူ မည်စလီပရုပ်တို့က ပုသိမ်မြို့တွင် တိုက်ကြသင်္ဘောသွင်းထားရန် နေရာနေရပ်လိုပါသည် ရှိခိုးသံတော်ဦးတင်သောကြောင့် အကြည်တော် အင်္ဂလိပ်မြို့မဘုရင်ကစေ၍ လျှောက်ရသည်ဖြစ်သည်။ အရှည်ချစ် ကြည်ရမည်ကိုထောက်၍ ကြိုက်ရာနေထိုင်စေ။ ပုသိမ်မြို့တွင် တိုင်းတာမှတ်သား၍ ပုသိမ်မြို့ဝန်တို့က ချပေးစေ သည်။ အကြည်တော်အင်္ဂလိပ်မြို့မဘုရင် အမှူးအမတ် ပုသိမ်မြို့ဝန်တို့ မျက်နှာစုံညီ တံဆိပ်စာချွန်တော် ပေးအပ် တော်မူသည်။ ပြည်ထောင်ချင်း မင်းတို့ဝယ် မြတ်သောအဆွေခင်ပွန်းကောင်းတို့ကို မှီကြရသည်ဖြစ်မှ အလိုရှိရာ နှစ်ဦးသားပြည့်စုံကြမည် ဖြစ်သည်။ သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွန့်၊ အကြည်တော်အင်္ဂလိပ် မြို့မဘုရင်ကို သား မြေး မြစ် အစဉ် ရှည်စွာချစ်ကြည်ကြရမည် အကြောင်းကို သက္ကရာဇ်(၁၁၁၈) တစ်ထောင့် တစ်ရာတစ်ဆယ့်ရှစ်ခု၊ ကဆုန်လဆန်းဆယ်ရက်၊ စနေနေ့ ရာဇသံ ရွှေပေစာနှင့် ချစ်ကြည်စွာကြားရောက်အပ်သော အင်္ဂလိပ်မြို့မကို အစိုးရသော အကြည်တော် အင်္ဂလိပ်မြို့မဘုရင်။”

  • kai

    October 5, 2012 at 6:13 am

    သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွန့်၊ အကြည်တော်အင်္ဂလိပ် မြို့မဘုရင်ကို သား မြေး မြစ် အစဉ် ရှည်စွာချစ်ကြည်ကြရမည် အကြောင်းကို သက္ကရာဇ်(၁၁၁၈) တစ်ထောင့် တစ်ရာတစ်ဆယ့်ရှစ်ခု၊ ကဆုန်လဆန်းဆယ်ရက်၊ စနေနေ့ ရာဇသံ ရွှေပေစာနှင့် ချစ်ကြည်စွာကြားရောက်အပ်သော အင်္ဂလိပ်မြို့မကို အစိုးရသော အကြည်တော် အင်္ဂလိပ်မြို့မဘုရင်။

    စာအရ..” ရာဇသံ ရွှေပေစာနှင့် ချစ်ကြည်စွာကြားရောက်အပ်သော” ဆိုထားသမို့…
    “ရာဇ”ဆိုတာက “မင်း”..
    “သံ” ဆိုတာ.. သံ (Diplomacy) ကိုသဘောထားတယ်မှတ်ပါတယ်..။
    မှတ်ဖူးခဲ့တာက.” ရာဇသံ” ဆိုတာ.. ဘုရင်က.. သတိပေး..အမိန့်ပေးတဲ့ဖက်”ကဲ”တယ် ထင်နေခဲ့တာ..
    “ငါကိုယ်တော်မြတ်.. ရာဇသံပေးလိုက်သည်”… ဆိုတာမျိုး ဖတ်ဖူးနေခဲ့တာကိုး….

    စာလေးအတွက်.. သာဓု.. ကျေးဇူး…

  • ကိုရင်မောင်

    October 5, 2012 at 9:56 am

    ဟုတ်ပ သဂျီးရေ
    ရာဇသံ ဆိုတဲ့အဓိပ္ပါယ်ကို ကျနော်လဲစဉ်းစားနေတာ…
    ရှင်ဘုရင်ကအမိန့်ပေတဲ့စာမျိုးလိုထင်နေတာ
    ရှင်ဘုရင်တပါးက အခြားရှင်ဘုရင်တပါးကိုချစ်ကြည်ရေးသဝန်လွှာပို့တာကိုလဲ
    ရာဇသံခေါ်မှန်ခုမှသိတော့တယ်…….
    ရွှေပေလွာပေါ်မှာရေးထားတဲ့စာတွေကို စာကားပြေပြန်ရေးမပေးယင်
    အဓိပ္ပါယ်သိဘို့တော်တော်မလွယ်ပါလား…….
    အဖိုးတန်တဲ့သမိုင်းအချက်အလက်တွေသိရတဲ့အတွက်
    ကျေးဇူးတင်ပါတယ်…..
    ဆက်လက်စောင့်မျော်နေပါတယ်…….

  • ကြည်ဆောင်း

    October 5, 2012 at 10:05 am

    လူသာမန်တစ်ယောက်တောင် စေတနာအစော်ကားခံရရင် တော်တော်ဒေါသထွက်ကြတာလေ..
    ရေမြေ့သနင်း ရှင်ဘုရင် ဆိုတော့လဲ ဒေါသမီးဟုန်းဟုန်းတောက်ရောပေါ့ …
    ရာဇဝင်မှာတော့ စာတင်သွားရတာပေါ့လေ …

  • pooch

    October 5, 2012 at 12:50 pm

    အဲ့ဒီ ရွှေပေလွှာလေး အနီးကပ်မြင်ဖူးချင်တယ် လက်ရေးလက်သားတွေကိုရောပေါ့။ စာအုပ်ထွက်ရင်ပြောပါအုန်း။

  • Thu Wai

    October 5, 2012 at 1:19 pm

    ရွှေပေလွှာ က စာတွေကို ကူးသွားမယ်နော် အစ်မ

  • kai

    October 5, 2012 at 2:27 pm

    စာတွေရေးထားတာတော့ မတွေ့ဘူး..
    တံဆိပ်တုံးပုံပါတဲ့ဟာတွေလို့.. တံဆိပ်တုံးဒီဇိုင်းကြိူက်တာနဲ့… သိမ်းထားတာ တင်ပေးလိုက်တယ်..
    The Golden Letter : Left side with rubies and hamsa seal

  • စိန်ဗိုက်ဗိုက်

    October 5, 2012 at 4:13 pm

    ဆက်စပ် သတင်းလေးတွေ ့မိတာနဲ ့ လက်တို ့လိုက်ပါတယ်ဗျား..

    “အလောင်းမင်းတရားကြီး၏ နှစ်ပေါင်း ၂၅ဝ ကျော်သက်တန်းရှိ ရွှေပေလွှာ ပုုံစံတူနေပြည်တော်တွင် ထားရှိရန် ဂျာမနီကူညီမည်”
    အလောင်းမင်းတရားကြီး၏ နှစ်ပေါင်း ၂၅ဝ ကျော်သက်တန်းရှိ ရွှေပေလွှာ နောက်ခံ
    ဘုုန်းသျှံ လန်ဒန်ဝိဟာရ၊ အောက်တိုဘာ ၅၊ ၂၀၁၂
    “အလောင်းမင်းတရားကြီး၏ နှစ်ပေါင်း ၂၅ဝ ကျော်သက်တန်းရှိ ရွှေပေလွှာ ပုုံစံတူနေပြည်တော်တွင် ထားရှိရန် ဂျာမနီကူညီမည်”
    အထက်ပါသတင်းကိုု ဖတ်လိုုက်ရတော့ အတိုုင်းမသိ ဝမ်းသာသွားမိပါတယ်၊ တတိယ မြန်မာနိုုင်ငံတော်ကိုု ထူထောင်သွားခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက ဒုုတိယမြောက် ဂျော့ချ်ဘုုရင်ထံသိုု့ ၁၇၅၆ ခုုနှစ်တွင် ပေးပိုု့ခဲ့သော နှစ်ပေါင်း ၂၅ဝ သက်တန်းရှိပြီဖြစ်သည့် ရွှေပေလွှာ ပုုံစံတူကိုု နေပြည့်တော်ရှိ အမျိုးသားပြတိုုက်တွင် ထားရှိနိုုင်ရန် ဂျာမနီနိုုင်ငံမှ ကူညီသွားမည်ဖြစ်ကြောင်း ဂျာမနီသံရုုံး၏ ထုုတ်ပြန်ချက်အရ သိရတယ်လိုု့ ဆိုုပါတယ်။
    အဆိုုပါရွှေပေလွှာသည် လက်ရှိအချိန်တွင် ဂျာမနီနိုုင်ငံ Hanover မြို ့တွင်ရှိနေပြီး ပြည်ထောင်စုု သမ္မတဂျာမနီနိုုင်ငံ ဒုုတိယနိုုင်ငံခြားရေးဝန်ကြီး ကော်နယ်လီယာပီပါနှင့် မြန်မာနိုုင်ငံယဉ်ကျေးမှုဝန်ကြီးဌာန ဒုုတိယဝန်ကြီး ဒေါ်စန္ဒာခင်တိုု့ လက်မှတ်ရေးထိုုးခဲ့သည့် နှစ်နိုုင်ငံအကြား ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုုင်ရာ ပူးတွဲကျေညာချက်တွင်ပါရှိသည့် ဂျာမနီဒုုတိယဝန်ကြီး အနေဖြင့် ၎င်း၏ အရှေ ့တောင်အာရှ ခရီးစဉ်အတွင်း မြန်မာနိုုင်ငံသိုု့ စက်တင်ဘာ ၂ရ ရက်မှ ၂၉ ရက်အထိ ရောက်ရှိခဲ့သည့် အချိန်က လက်မှတ်ရေးထိုုးခဲ့တာပါ။
    ၁၇၅၆ ခုုနှစ်မှာ မြန်မာဘုုရင် အလောင်းမင်းတရားကြီးသည် အင်္ဂလန်နိုုင်ငံ၏ ဘုုရင်တစ်ပါးဖြစ်သော ဒုုတိယမြောက် ဂျော့ချ်ဘုုရင်ထံ ချစ်ကြည်ရေး ကမ်းလှမ်းတဲ့ ရွှေပေလွာတစ်ဆောင်ပေးပိုု့ခဲ့ပါတယ်။ အဲဒီပေလွှာရဲ ့ပုုံသဏ္ဌာန်က ထောင့်မှန်စတုုဂံပုုံ ရွှေအစစ်နဲ့ ပြုလုုပ်ထားတဲ့ ရွှေပြားချပ်ဖြစ်ပြီး မျက်နှာပြင်ပေါ်မှာ မြန်မာစာလုုံးတွေ ရေးထွင်းထားကာ အစွန်းနှစ်ဖက်မှာ ပတ္တမြား ၁၂ လုုံးစီ မြှုတ်နှံထားပါတယ်။
    ရွှေပေလွှာဟာ ဂျော့ချ်ဘုုရင်မင်း၏ဇာတိ ဂျာမနီနိုုင်ငံ Hanover မြို ့ကလေးမှာရှိတဲ့ Gottfried Wilhelm Leibniz စာကြည့်တိုုက်၏စတိုုခန်းကလေးမှာ နှစ်ပေါင်း ၂၅ဝ ကျော်တိုုင် လူမသိ သူမသိ ရှိနေခဲ့ရာမှ စာကြည့်တိုုက်မှူးက တွေ့ရှိခဲ့ပြီး ရှေးဟောင်းအသုုံးအဆောင် ပစ္စည်းတွေမှာ ထွင်းထုုထားတဲ့ ကျောက်စာတွေကိုု အထူးပြုလုုပ်လေ့လာတဲ့ ပြင်သစ်လူမျိုး သမိုုင်းပညာရှင် ဒေါက်တာ ဂျက်လိုုင်ဒါထံ အကူအညီတောင်းခံရာက အလောင်းမင်းတရားကြီး ပိုု့ခဲ့တဲ့ ရွှေပေလွှာ ဖြစ်ကြောင်းကိုု ၂၀၀ရ ခုုနှစ်မှာ ဖေါ်ထုုတ်နိုုင်ခဲ့တာ ဖြစ်ပါတယ်။
    “သမိုုင်းတန်ဖိုုး အလွန်ကြီးမားပြီး အနုုပညာလက်ရာမြောက်တဲ့ ရွှေပေလွာ ဖြစ်တဲ့အပြင် နိုုင်ငံရေးနဲ့ပတ်သက်ပြီး အရေးပါတဲ့ ရွှေပေလွှာတစ်ခုု ဖြစ်ပါတယ်” လိုု့ မစ္စတာ ဂျက်လိုုင်ဒါက သူလေ့လာဖေါ်ထုုတ်ခဲ့တဲ့ ရွှေပေလွှာဖြစ်ကြောင်းကိုု ပြောပြပါတယ်။
    “ရွှေပေလွှာ ဘယ်ကလာသလဲဆိုုတာ ဖေါ်ထုုတ်ပေးဖိုု့ ပြတိုုက်မှူးက အကူအညီတောင်းတယ်၊ ရွှေပေလွှာက နှစ်ကာလ တော်တော်ကြာပြီဆိုုတော့ ဟောင်းနွမ်းနေပြီဒါပေမဲ့ ပေလွှာပေါ်က စာလုုံးတွေနဲ့ ပေလွှာရဲ ့ပုုံစံအနေအထားကတော့ မပျက်ပါဘူး၊ ဒါပေမဲ့ သူရဲ ့မူရင်းပိုုင်ဆိုုင်သူကိုု သိရဖိုု့ နာရီပေါင်းများစွာ မှန်ဘီလူးသုုံးပြီး တော်တော်လေး ကြိုးစားဖော်ထုုတ်ခဲ့ရတယ်” လိုု့သူကဆိုုပါတယ်။
    “ဒီလုို လေ့လာဖော်ထုုတ်မှုကနေတဆင့် ဒေါက်တာ ဂျက်လိုုင်ဒါက အလောင်းမင်းတရားကြီးမှ ဂျော့ချ်ဘုုရင်ထံ ပေးဖိုု့စာ (၁၇၅၆ ခုုနှစ်၊ မေလ ရ ရက်နေ့) ဆိုုတဲ့ စာတမ်းကိုု ၂၀၀၉ ခုုနှစ်မှာ သူရေးသားပြုစုုခဲ့တယ်လိုု့ ဆိုုပါတယ်၊ စာမျက်နှာ ၁၄၁ မျက်နှာ ပါဝင်တဲ့ အဲဒီစာတမ်းမှာ အလောင်းမင်းတရားကြီး အုုပ်စိုုးစဉ်က စစ်ပွဲအကြောင်းတွေနဲ့ သံတမန်ဆက်ဆံရေး အကြောင်းတွေကိုုပါ အသေးစိတ် လေ့လာစိတ်ဖြာပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျော့ချ်ဘုုရင်ထံ အလောင်းမင်းတရားကြီး ပေးပိုု့တဲ့အချိန်မှာ မင်းတရားကြီး၏ မြန်မာနိုုင်ငံတော်ဟာ မြောက်ပိုုင်းကနေစလိုု့ တောင်ပိုုင်းအထိနိုုင်ငံရေးခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်”
    လိုု့ဒေါက်တာဂျက်လိုုင်ဒါက ဆိုုပါတယ်။
    ၁၇၅၄ ခုုနှစ်မှာ အင်းဝနေပြည်တော်ကိုု သိမ်းယူအပြီး အထက်မြန်မာပြည်ရဲ ့ ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ အလောင်းမင်းတရားကြီးဟာ တောင်ပိုုင်းကိုု သိမ်းယူနိုုင်ဖိုု့အတွက် စစ်လက်နှက်တွေ လိုုအပ်တယ်လိုု့တွေးကာ အင်္ဂလိပ်ဘုုရင်နဲ့ မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ပြီး အဲဒီအချိန်တုုန်းက လိုုအပ်တဲ့ ထောက်ပံ့မှုတွေအတွက် အားကိုုးနေရတဲ့ အရှေ ့ အိန္ဒိယ ကုုမ္ဗဏီကနေတစ်ဆင့် အိန္ဒိယနိုုင်ငံ မဒရပ်မြို ့ကနေ ၁၉ ၅၆ ခုုနှစ်မေလမှာ ချစ်ကြည်ရေး ရွှေပေလွှာကိုုပေးပိုု့လိုုက်ပါတယ်။
    “အဲဒီ ရွှေပေလွှာကိုု ၁၉ ၅၈ ခုုနှစ်ကျမှ အင်္ဂလန်ဘုုရင် ဒုုတိယမြောက် ဂျော့ချ်ထံကိုု ရောက်ရှိခဲ့ပါတယ်၊ စာအိပ်ပေါ်မှာလည်း မဒရပ်ကနေ ရောက်လာတဲ့ အိန္ဒိယမင်းသားထံက စာဆိုုပြီး မှားယွင်းဖော်ပြထားပါတယ်တဲ့။ အင်္ဂလိပ်ဘုုရင်ကလည်း စာမပြန်ခဲ့တဲ့အပြင် သူ့ဇာတိ Hanover မြို ့က စာကြည့်တိုုက်ဆီ အဲဒီစာကိုု တန်းပိုု့လိုုက်ပါတယ်။ ဂျော့ချ်ဘုုရင်ကလည်း တိုုင်းတပါးကလာတဲ့ အနုုပညာလက်ရာမြောက်တဲ့ စာအဖြစ်လောက်သာ အသိအမှတ်ပြုခဲ့ပြီး နိုုင်ငံရေးအရတော့ စိတ်ဝင်စားခဲ့ပုုံမရပါဘူးတဲ့။
    နောက်ပြီးတော့ အင်္ဂလိပ် ဂျော့ချ်ဘုုရင်က စာမပြန်တဲ့အတွက် အလောင်းမင်းတရားကြီး၏ ချစ်ကြည်ရေး ပဏာမချဉ်းကပ်မှုဟာ ပျက်ပြယ်သွားခဲ့ရသလိုုဩဇာတိက္ကမ ကြီးမားတဲ့သူမိုု့သူ့ကိုု အသိအမှတ်မပြုဘူးဆိုုပြီး ထိခိုုက်ခံစားရလိမ့်မယ်လိုု့ ယူဆရတယ်” လိုု့ ဒေါက်တာ ဂျက်လိုုင်ဒါက ပြောပါတယ်။
    အငြိမ်းစား စာကြည့်တိုုက်မှူး ဒေါက်တာ သော်ကောင်းကလည်း အင်္ဂလိပ်ဂျော့ချ်ဘုုရင်ဟာ မြန်မာဘုုရင်ဘယ်လောက် ဩဇာအာဏာရှိပြီး အောင်မြင်တယ်ဆိုုတာ မသိတဲ့အပြင် ဘုုရင်တစ်ပါးက နောက်ဘုုရင်တစ်ပါးဆီ ချစ်ကြည်ရေးစာ ကမ်းလှမ်းတဲ့အခါ စာပြန်ကိုု ပြန်သင့်တယ်လိုု့ သူ့၏အမြင်ကိုုဆိုုခဲ့ပါသေးတယ်။
    “ချစ်ကြည်ရေး စာလွှာဟာ မအောင်မြင်ခဲ့ဘူး၊ စာပြန်ခြင်းလည်း မခံခဲ့ရဘူး၊ ဒီဘက်က စိတ်ရင်း စေတနာကောင်းနဲ့ ကမ်းလှမ်းတာကိုု ဟိုုဘက်က တန်ဖိုုးမသိဘူး၊ အရေးကြီးမှန်းလည်း မသိဘူး၊ အလောင်းမင်းတရားကြီးဘက် ကြည့်ပြန်တော့ ငါလိုုဘုုရင်တစ်ပါးရဲ ့စာကိုုတောင် မပြန်ဘူးဆိုုပြီး တော်တော် စိတ်နာသွားပုုံရတယ် လိုု့ ပြောပါတယ်။ ရွှေပေလွှာပေါ်ကစာကိုု အလောင်းမင်းတရားကြီးရဲ ့ ယုုံကြည်အားကိုုးရတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ မှတ်တမ်းရေးဆရာ လက်ဝဲနော်ရထာက ရေးခဲ့တာ ဖြစ်ပါတယ်။
    အလောင်းမင်းတရားကြီး ရွှေနုုတ်နဲ့ မိန့်တာကိုု သူက စာချောအောင် ပေပုုရပိုုက်ပေါ်မှာ ရေးခဲ့ပုုံ ပေါ်ပါတယ်၊ ပြီးတော့မှ ဘုုရင့်အိမ်တော်မှာ ကျွမ်းကျင်အမှုတော်ထမ်းတွေက ရွှေအစစ်ပေါ်မှာ လက်ဝဲနော်ရထာ စပ်ဆိုုထားတဲ့စာကိုု ပြန်လည်ရေးထွင်းပြီး ဆင်စွယ်နဲ့ ပြုလုုပ်ထားတဲ့ ကြုတ်ထဲမှာ ထည့်ပြီး ပိုု့တာပါ” လိုု့ ဒေါတာဂျက်လိုုင်ဒါ၏ ၁၄၁ မျက်နှာပါတဲ့စာတမ်းမှာ ဆိုုခဲ့ပါတယ်။
    “သတ္တဝါ မှန်သရွေ ့တရားတွေ့ချမ်းမြေ့သာယာ ရှိကြပါစေ”
    (၀၄. ၁၀. ၂၀၁၂)
    (ဒုုတိယမြောက်ဂျော့ချ်ဘုုရင်ထံ ချစ်ကြည်ရေး သဝဏ်လွှာ ပေးပိုု့ခ ဲ့သည့် အလောင်းမင်းတရားကြီး၏ ရတနာကျောက်စီရွှေပေလွှာအား အနီးကပ်တေ ွ့မြင်ရပုံ)
    http://1.bp.blogspot.com/-Nm0nzsvVYSY/UG4zB9Pt81I/AAAAAAAAscw/NKPxgjWOMic/s1600/mindoneminn.png

    အပြည့်အစုံ – မိုးမခ မီဒီယာ
    http://moemaka.blogspot.com/2012/10/bone-shan-london-vihara-250-year-old.html

    • kai

      October 5, 2012 at 11:42 pm

      အဟမ်း..
      အဲဒီစာရေးတဲ့ဆရာတော်က.. တပည့်တော်.. အဲ…အဲ.. ကျုပ်ဆီလည်း.. အဲဒီသတင်းပို့ထားပါတယ်..။
      တင်ရင်ကောင်းမလား.. သတင်းစာထဲထည့်ရမလားတွေးနေတာ..
      .. ကြည့်ရတာ.. ဆရာတော်လည်း.. ဆရာမပြုံးရေးနေတာတွေ ဖတ်နေတယ်ထင်မိကြောင်း… :harr:

  • ဝင့်ပြုံးမြင့်

    October 5, 2012 at 10:35 pm

    သူကြီးနဲ့ ဦးဗိုက်ကို ကျေးဇူးတင်လိုက်တာရှင်။
    မိုးမခမှာပါတာ အခုတင်ပဲ ဖတ်ပြီးသွားပါပြီ။ တိမ်မြုပ်နေတဲ့ သမိုင်းဝင်ပစ္စည်း အခုလိုပေါ်ပေါက်လာတာ၊ အများသိရှိ တန်ဖိုးထားကြရတော့မှာ ဝမ်းသာစရာ သတင်းတစ်ပုဒ် ဖြစ်ပါတယ်။

  • ဝင့်ပြုံးမြင့်

    October 6, 2012 at 12:09 am

    တကယ်တမ်းမှာ အဲဒီစာတမ်းကို ထုတ်ဝေဖို့ ခက်ခဲနေပါတယ်ရှင်။ ဒေါက်တာလိုင်ဒါက ပြုံးနဲ့ ရန်ကုန်မှာတွေ့ ဖို့ ချိန်းထားပြီးမှ ဘာဖြစ်လို့မှန်းမသိ သူမလာနိုင်ဘူး။ သူ့စာတမ်းက academic ဖြစ်လွန်းတဲ့အတွက် ထုတ်ဝေ သူတွေ လက်ရှောင်တယ်။ ဂျာမနီသံရုံးကလည်း မထုတ်နိုင်ပါဘူးတဲ့။ စာသိပ်မြင့်နေလို့ပါတဲ့။ ဒါကြောင့် သူက စာမလေးအောင် နောက်တစ်ခေါက်ပြန်ရေးမယ်လို့ ဆိုပါတယ်။ တကယ်က သူရေးတဲ့ မူရင်းစာတမ်းအတိုင်းသာ တန်ဖိုးကြီးတာပါ။ သူ့စာတမ်းထဲမှာ မြန်မာ့သမိုင်းဟာ ကိုလိုနီခေတ်အရေးအသားကြောင့် ဘယ်လောက်တောင် ကြွေးတင်ခဲ့တယ်ဆိုတာကို အသေးစိတ်ရေးထားတာပါ။ အဲဒါတွေက စာသိပ်လေးနေတာပါ။ ခုအနေအထားက
    ရာဇသံ အနာဂတ် ဘယ်ရောက်နေပြီမှန်း မသိတော့ပါဘူး။ ပြုံးက အကြံကုန်လို့ မန်းဂဇက်ထဲ ရေးထည့် လိုက်တာပါ။ သူကြီးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

  • ဝင့်ပြုံးမြင့်

    October 6, 2012 at 12:12 am

    တစ်ခုရှိတာက နှစ်ပေါင်း ၂၅ဝ သက်တမ်းရှိတဲ့ ရာဇသံရွှေပေ ကသာလျှင် တန်ဖိုးရှိတာ မဟုတ်ပါဘူး။ ဒေါက်တာ လိုင်ဒါ ရဲ့ စေ့စပ်လွန်းတဲ့ စာတမ်းကပါ တန်ဖိုးရှိနေတာပါ။

  • ကထူးဆန်း

    October 6, 2012 at 8:06 am

    နှစ်ပေါင်း ၂၅ဝ အတွင်း မြန်မာစာ ဘယ်လောက်ပြောင်းသွားလဲ ဆိုတာ လက်ဝဲနော်ရထာ စာကို ဖတ်တာ မနဲ ဖတ်ယူရတယ် ။
    အဲ့ဒီ့ ကထဲက မြန်မာတွေအကြွားသန်တာလည်း သိလိုက်ရပါ့ .. :kwi:

    မည်စလီပရုပ်တို့ကိုစေ၍ ..:bar:
    :bar:

  • ဝင့်ပြုံးမြင့်

    October 6, 2012 at 1:15 pm

    ကိုထူးဆန်းရေ — ဒေါက်တာ ဂျက်လိုင်ဒါကတော့ ဒီလိုမထင်ဘူးနော်။ အဲဒီစာကို တစ်လုံးချင်းစီ အဓိပ္ပါယ် ဖော်ထားတာ ဖတ်ရရင် ဖျားသွားဦးမယ်။ သူရို့ အနောက်တိုင်းသားတွေ တော်ပုံက အံ့ကိုဩရော။ တစ်ပြိုင်တည်းပို့ခဲ့တဲ့ စာလေးစောင် (ဟိုးထံတစ်စောင်၊ ပီးဂေါ့ထံ၊ ဒါရိုက်တာအဖွဲ့ထံ၊ ဂျော့ဘုရင်-၂ထံ) ကို ချပြပြီး ဂုဏ်သိမ်ခွဲခြားပုံကို ဒေါက်တာက အတိအကျမြင်ခဲ့တာနော်။ စာပေအနုပညာ အဆင့်အတန်း မြင့်တာကို ဒေါက်တာက ထောက်ပြခဲ့တာ။ နိုင်ငံခြားသားက ဘာဖြစ်လို့ ကိုယ့်မြန်မာအကြောင်း ပိုသိနေသလဲကို မသိတော့ပါဘူး။

  • ကထူးဆန်း

    October 7, 2012 at 6:33 am

    ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော သုနာပရန္တတိုင်း၊ တမ္ဗဒီပတိုင်း၊ ကမ္ဘောဇတိုင်းစသော တိုင်း ကြီးအပေါင်းတို့၌၊ မြန်မာပြည်၊ ရှမ်းပြည်၊ ယွန်းပြည်၊ ကသည်းပြည်၊ (ဟံသာဝတီ)ပြည်၊ ရာဇဌာနီပြည်ကြီးထီး ဆောင်းမင်းအပေါင်းတို့ကို အစိုးရတော်မူသော ပတ္တမြား၊ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ပယင်း ရတနာတွင်းများသခင် ဆင်ဖြူ၊ ဆင်နီ၊ ဆင်ကျား၊ အရိန္ဒမာစကြာရွှေလှံရ အာဒိစ္စဝံသနေမင်း၏ အဆက်အနွယ်၊ အဆောင်ဆောင် သော ရွှေနန်းရွှေပြဿဒ်သခင်ဖြစ်တော်မူသော ရတနာပူရ အင်းဝပြည်ကြီးနှင့်တကွ အယုဇ္ဈပူရမည်သော ရတနာ သိင်္ဃ ကုန်းဘောင်ရွှေပြည်ကြီးကို၊ အစိုးရတော်မူသော

    ကျွန်တော်က ဒီစာ တစ်စောင်ထဲ ဖတ်ရတာ ဆိုတော့ ဒီလို ညွှန်းဆိုထားလို့ ပြောတာပါ ဆရာမရယ်..
    မည်စလီပရုပ် … ဆိုတာ ကျွန်တော် ဘာကိုဆိုလိုမှန်း ရေးရေးဘဲ သဘောပေါက်လို့ပါ ။
    အရေးအသား ၊ရေးသားပုံတွေက ကျွန်တော်တို့ ခေတ်နဲ့ မတူတော့ဘူး ဆိုလိုတာပါ ခင်ဗျ။

  • kai

    October 7, 2012 at 7:35 am

    လွန်ခဲ့တဲ့.. နှစ် ၂၅ဝကျော်က.. တိတိကျကျမှတ်တမ်းတင်နိုင်တဲ့.. စာပေအက္ခရာရှိတုံးကအဖြစ်တွေတောင်.. အခုခေတ်မှာ..အလွဲအမှား .. မပြည်မစုံ.. သမိုင်းအဖြစ်တွေကောက်ယူကြတာတွေ့ရတာမို့..
    အဲဒီခေတ် ပေထက်အက္ခရာတင်တာတွေမှာလည်း.. အလွန်အကျွံပင့်မြှောက်ရေးတာတွေရှိတာမို့..
    သမိုင်းဆိုတာကို.. ဖွင့်ဆိုကြရာမှာ.. သတိတရားရစရာတွေပါပဲ..။

    ဒါနဲ့ယှဉ်ပြီး.. လွန်ခဲ့တဲ့..နှစ် ၂၅၀ဝကျော် ဂေါတမဗုဒ္ဓပွင့်တော်မူတဲ့..ခေတ်သမိုင်းကို.. ပြန်တွေးကြည့်ကြဖို့ပါပဲ..
    တရားဓမ္မတွေကို.. ဒီခေတ်..မြန်မာအက္ခရာ..စာနဲ့ပြန်ရေးထားကြရာမှာ.. ဘယ်လောက်ဘက်လိုက်လွဲကြမလည်း.. ဆွဲတွေးယူ.. လွဲတွေးယူ.. အစွဲခင်းယူတွေများကြမလည်း.. သိသာပါတယ်..
    အဲဒီခေတ်မှာ.. ပေထက်အက္ခရာမတင်နိုင်… သချာင်္ဂဏန်းမတွက်တတ်ကြတဲ့အပြင်.. အဲဒီခေတ်က အသုံးပြုတဲ့.. ဘာသာစကားက အခုခေတ်မှာ ..မရှိ..မကျန်နဲ့.. မို့လေ…..

    ဆိုတော့… .. :kwi:

Leave a Reply