သုညတွေပွင့်တဲ့သစ်ပင်

လင္းစက္ရာOctober 5, 20121min672

နေခုနစ်စင်းမလင်းဘူး ၊
လမင်းတစ်ရာမသာဘူး ၊
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်…။
တစ်လွင့်လွင့်ပျံသန်းသွားနေသမျှ
မြက်ဖျားပေါ်က
အိပ်မက်လေးတစ်စလည်းဖြစ်ရဲ့…။
ရေခဲမြစ်တစ်စင်းရဲ့
မြစ်ဖျားခံရာလည်းဖြစ်ရဲ့…။

အညတရဆန်ဆန်ပျောက်ဆုံးသွားဖို့
အကြောင်းအရာတွေကြီးကျယ်စရာမလိုပါဘူး ၊
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်…။
အရွေ့စွမ်းအင်တွေ
မြေဆွဲအားတွေနဲ့
ဟင်းလင်းဖွင့်ထားတဲ့ ကြမ်းပြင်ကို
တိတိပပပေါက်ခွဲလိုက်ဖို့လည်း
တန်ခိုးအာဏာရှိလေရဲ့…။

ကုန်လွန်သွားဖို့လည်း
ဒီမနက်ကိုဆုမတောင်းဘူး..။
ဖြတ်သန်းရောက်ရှိလာတဲ့
လေပြည်ထဲလည်း ခိုဝင်မသွားဘူး..။
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်…။
ဟောဒီမှာ!
ဝိုင်တစ်ခွက် ၊
ဟောဒီမှာ!
ဓားတစ်လက် ၊
ချပ်ဝတ်တန်ဆာတွေကြားထဲအထိ
ရိုက်ခတ်လိုက်ဖို့လည်းဝန်မလေးဘူး..။

လက်ဖျားတွေ ထုံကျဉ်သွားကြတယ် ။
သွေးကြောတွေ အေးစက်သွားကြတယ် ။
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်…။
တဂိုးကို သိချင်မှသိမယ် ၊
ဗန်ဂိုးကို သိချင်မှသိမယ် ၊
အသွားထက်ထက် အမှန်တရားတစ်လက်နဲ့တော့
လုံခြုံကျွမ်းကျင်နေသေးတယ်…။

အပြုံးတွေမှာ
ဆူညံသံရှိချင်ရှိမယ်..၊
ရောင်စဉ်တွေကို သိမ်းထားတဲ့
တောင်ပံလေးတစ်စင်းဖြစ်ချင်ဖြစ်မယ်..၊
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်…။
မသိကျိုးကျွံ
ချန်ရစ်သွားဖို့ရော ၊
တိတ်တိတ်ဆိတ်ဆိတ်
ကျန်ရစ်သွားဖို့ရော ၊
အစကတည်းက
သေချာထားသလိုမျိုး….။

ဆည်းလည်းတွေ
စောင်းကြိုးညင်းတယ်..။
အရိပ်ကလေး
မျက်နှာလွှဲတယ်..။
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်…။
ခရီးတွေရွေ့လျားသွားပြီးပြီ..၊
အချိန်တွေ တိုက်စားသွားပြီးပြီ..၊
တဖြစ်ဖြစ်မြည်အောင်
ဆန့်တန်းထားရင်းပဲ
ရထားအိုလည်းဝေးသွားပြီ..။

ကြောက်လန့်တကြား
မျက်စိစုံမှိတ်ထားတယ်..။
အတင်းအကြပ်
ပွေ့ဖက်သိုဝှက်ထားတယ်..။
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေး…..
…………………….
…………………….
…………………….။
လေရူးထဲ
တစ်တောလုံးကြွေကြတယ်…။
အလင်းထဲ
ပန်းရနံ့တွေကြွေကြတယ်…။

ပျောက်ဆုံးသွားတာမဟုတ်မှန်း
ငါပျော်ရွှင်စွာသိပါရဲ့…၊
ဒါပေမယ့်
မိုးကုတ်စက်ဝိုင်းတစ်ခုလုံး
တိမ်မျှင်တစ်စမှမရှိဘူး..။

နေခုနစ်စင်းမလင်းဘူး ၊
လမင်းတစ်ရာမသာဘူး ၊
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်…။
လင်းစက်ရာ

2 comments

  • မောင်ပေ

    October 5, 2012 at 9:16 pm

    အဲဒီနှင်းပွင့်လေးပုံကို
    ဂေါ်ကီလိုမျိုး ပန်းပုထုပြလိုက်ပေါ့ဗျာ

  • အလင်းဆက်

    October 7, 2012 at 8:53 pm

    သိပ်…လန်းတဲ ့ ကဗျာ ။

    ခေါင်းစဉ်ကို အရမ်းကြိုက်တယ် ။

Leave a Reply