ချန်ပူရီက ဖြစ်ရပ်မှန် (သို့) ဓာတ်မြေဩဇာရဲ့ ဆိုကျိုး

Wai Aung Chan MyoOctober 5, 20121min20518

ချန်ပူရီက ဖြစ်ရပ်မှန်

တခါက ထိုင်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ ချန်ပူရီဆိုတဲ့ပြည်နယ်လေးတခုရှိတယ်

အဲ့ဒီပြည်နယ်က အဓိက စိုက်ပျိုးရေးကိုလုပ်ပြီး အများဆုံးစိုက်တာတော့ စပါးပေါ့

သူစိုက်တဲ့စပါးက ထိုင်းနိုင်ငံတနိုင်ငံလုံးစာနီးပါး ဖူလုံသတဲ့

နောက်တော့ တဖြည်းဖြည်း အထွက်နှုန်းတွေလျော့လာတယ်

နောက်ဆုံး လုံးဝမရတော့တဲ့အထိဖြစ်သွားပြီး တရွာလုံးက ယောက်ျားလေးတွေက သင်္ဘောလိုက် မြို့တက်အလုပ်လုပ် မိန်းမတွေကျတော့လည်း ကာရာအိုကေဆိုင်တွေရောက် မကောင်းတွေလုပ်စား စသဖြင့်ပေါ့ဗျာ…

ဒီလိုနဲ့ သူတို့နိုင်ငံရဲ့ ဝန်ကြီးတွေက အစပိုင်းက ဖူလုံနေပြီး နောက်ပိုင်း နိုင်ငံခြား ဆန်စပါးတွေကို တင်သွင်းလာရတော့ သိပ်မကြည်တော့ဘူး

နောက်ပိုင်းလုံးလုံးလျားလျားတင်သွင်းလာရတော့ ဘတ်ဂျတ်တွေထိခိုက်လာတယ်

ဒီလိုနဲ့ သူတို့ အစီအစဉ်တခုဆွဲတယ်

ထိုင်းပြည်သူတွေက ဘုရင်ကို အရမ်းချစ်ကြတယ်

ဒီတော့ ဘုရင်ကို ခေါ်ပြီး (ဘန်းပြပြီး) အဝေးရောက်နေသူကို စုစည်းရအောင်

အဲ့ဒီချန်ပူရီဒေသကို တိုင်းခန်းလှည့်လည်မယ်လို့ ကြေငြာတယ်

ဘုရင်ကလည်း နိုင်ငံအရေးဆိုတော့ သဘောတူတယ်

နောက် ဘုရင်က ဝန်ကြီးနောက်လိုက်တွေနဲ့ သူတို့ဆီရောက်ဆိုပါတော့

အဲ့ဒီမှာ လူလည်းစုံရော အရင်က စီစဉ်ထားတဲ့အတိုင်း သူတို့ထဲက ရုပ်ရည်သန့်ပြန့် အပြောအဟောကောင်းတဲ့ ဘုရင့်ကိုယ်ရေးအရာရှိကို ပြောခိုင်းတော့တာပဲ

“ကဲ ဒီလို ဘုရင်တိုင်းခန်းကြွလာရခြင်းဟာ မင်းတို့ကို မြှောက်စားချင်လို့

ဒီတော့ မင်းတို့အနေနဲ့ ဘုရင်အပေါ်အကြွေးတင်သွားပြီ

ဒီတော့ အရင်မင်းတို့ စပါးစိုက်ပြီး ထိုင်းတနိုင်လုံးဖူလုံတယ်

နောက် မင်းတို့ မစိုက်တော့လို့ တို့တွေ တခြားက တင်သွင်းရတယ် ဘတ်ဂျတ်ထိခိုက်တယ်

မင်းတို့ စပါးပြန်စိုက်ရမယ် ဒါဘုရင့်အမိန့် မစိုက်ရင် အမတော်ကြေးကောက်မယ် မပေးနိုင်ရင် xxxx”

အဲ့ဒီမှာ ဘုရင်ကြွလာလို့ အားလုံးပျော်ရွင်နေရာက ငြိမ်ပြီး ဝမ်းနည်းသွားကြတယ်

ဒီနေရာမှာ အဘိုးကြီးတယောက်ထလာပြီး တောင်သူဆိုတော့ သိတဲ့အတိုင်း ဘုပြောပေ့ါ

ကဲ မင်းတို့ပြောသလို မလုပ်နိုင်ဘူး သတ်ချင်သတ် ဒါပေမယ့် အားလုံးတော့ မလုပ်နဲ့

ငါ့တယောက်ထဲ လာသတ်လှည့် ဘာညာပေါ့..

မင်းတို့က ငါ့တို့အကြောင်းတော့ သေသေချာချာ မစုံစမ်းဘဲ ရမ်းသမ်းပြီး လုပ်လို့ရမလား

ငါတို့ ဘယ်လောက်ဒုက္ခရောက်ခဲ့ရသလဲ မင်းတို့မသိဘဲနဲ့ ဆိုပြီး ဝင် ဖြဲတာေ့ပါ့

ဒီမှာ ဝန်ကြီးတွေ လှုပ်လှုပ်ရွရွဖြစ်လာပြီး ဘုရင့် ကိုယ်ရေးအရာရှိက လက်တားပြတယ်

ပြီးတော့ ဒါဆိုရင် ခင်ဗျားစောင့်နေ ဒီကိစ္စကို အခုမရှင်းသေးဘူး မနက်ဖြန်ကျမှ ကျုပ်နဲ့ ခင်ဗျား ၂ယောက်ချင်းတွေ့မယ်ဆိုပြီး ကြိမ်းဝါးခဲ့ပြီး အားလုံး ပြန်သွားကြတယ်

အားလုံးကတော့ ဘုရင့်အရှေမှာမို့(ဘုရင်က ပြည်သူတွေကို အရမ်းချစ်တာကိုး) မသတ်ဘဲ နောက်မှ သတ်မယ်ပေါ့ စသဖြင့် ထင်ကြတယ်။

နောက် ဘန်ကောက်ပြန်ရောက်တော့ ဘုရင်ကိုယ်ရေးအရာရှိက သူ့ရဲ့ ရာထူးကိုစွန့်တယ်

အားလုံးလဲ အံ့ဩကုန်တာပေါ့။ သူကဆက်ပြောတယ်။ ကျနော်ဒီရွာကို သွားလေ့လာရမယ်

အဲ့ဒီမှာ အဖိုးကြီးပြောတဲ့အထဲ တခုပါသေးတယ်။

ခင်ဗျားတို့က ရာထူးအဆောင်အယောင်တွေနဲ့ ကြီးပွားပြီး အေးအေးဆေးဆေးနေတော့ ဒါတွေဘယ်သိမလဲဆိုပြီး ဒါကို ကိုယ်ရေးအရာရှိ ကောင်းကောင်းနားလည်ပုံရတယ်

ဘုရင်ထံ ခွင့်တောင်း ရိုးရိုးအရပ်သားဘဝနဲ့ ချန်ပူရီကို ကယ်တင်ပါရစေဆိုပြီး

ဘုရင်ကလဲ ခွင့်ပြုတယ်။ ဒီလိုနဲ့ ချန်ပူရီရောက် အဘိုးကြီးနဲ့တွေ့အကြောင်းအရင်းကိုမေးတဲ့အခါ

အရင်ကတော့ ဟုတ်တယ် စပါးတွေစိုက်တိုင်းဖြစ်တယ်။

နောက် နိုင်ငံတိုးတက်လာတော့ ဓာတ်မြေဩဇာ ပိုးသတ်ဆေး စတာတွေ ပေါ်လာတယ်။

အဲ့ဒါတွေသုံးရင် ၂ဆ ၃ဆ အထွက်တိုးမယ်ဆိုပြီး ဓာတ်မြေဩဇာ company ကြီးတွေကရောင်းတယ်

အစပို်င်း ၄၊ ၅နှစ်မှာ သူတို့ပြောတဲ့အတိုင်း ထွက်တော့ တောင်သူတွေလဲ ဝမ်းသာတာပေါ့

နောက်အထွက်နုှုန်းလျော့လာတယ်။ ဒီမှာ company တွေက ၂ဆ ထည့်ရမယ် ၃ဆ ထည့်ရယ် စသဖြင့်ပေါ့…

နောက်ပြီး ဖော်မြူလာ ဝမ်း ဘာညာဆိုပြီး ဈေးနှုန်းမြင့်တဲ့ ဓတ်မြေဩဇာတွေ သွင်းတော့တာပဲ

နောက်ပိုင်း တောင်သူတွေက မဝယ်နိုင်တော့ သူတို့က စပါးပေးနဲ့ရောင်းတယ်။

အစပိုင်းအဆင်ပြေပေမယ့် နောက်ပိုင်း အထွက်နှုန်းရော့လာပြန်ရော

နောက်ဆုံးအကြွေးပေါ်အကြွေးဆင့်နဲ့ လုံးဝမစိုက်နိုင်တော့ဘဲ သားသမီးတွေကို ခုနကလို အဖြစ်မျိုးတွေဖြစ်အောင် တွန်းပို့လိုက်သလိုပါဘဲ

အဲ့ဒီမှာ ကိုယ်ရေးအရာရှိက (ရာထူးကစွန့်လိုက်ပြီနော်) (သူက စိုက်ပျိုးရေးဆင်းဗျ)

သူ့မှာ ပိုင်ဆိုင်တဲ့ငွေနဲ့ ပြန်စမယ် ခင်ဗျားတို့က လူစိုက် တချို့တဝက်တော့ လက်ရှိအလုပ်ပဲ ဆက်လုပ်အုံးပေါ့ နောက်မှာပြန်လာ ကဲ မှန်းစမ်း မြေကိုကြည့်မယ် ပေါက်တူးယူခဲ့ဆိုတော့ ရွာသားတွေလည်းတက်ကြွလာတာပေါ့။ နောက်ပေါက်လိုက်တာ ချွမ်းချွမ်း မြည်နေတာပဲ (ဓာတ်မြေဩဇာတန်ခိုး) ဒါဆိုဟုတ်ပြီ ဆိုပြီး စလိုက်တာ (နမူနာတခုပြောရရင် အဲ့ဒီမှာမြက်ရှည်တွေမပေါက်ဘူး ကမ်ဘောဒီယားဗီယက်နမ် စတာတွေဆီက ဝယ်ရတယ် သင်္ဘောတွေနဲ့ ကားတွေနဲ့ နောက်မှ အဲ့ဒါကို ကို စင်း မြေကြီးပေါ်မှာခင်းပြီး သဘာဝမြေဆီလုပ်ရတယ်)

အခုဆိုရင် ချန်ပူရီမှာ စပါးအပြင် အခြားနှစ်ရှည်ပင်တွေရော၊ စားပင်သီးပင်တွေရောစုံလို့ ဒါ့အပြင် သင်တန်းကျောင်းကြီးလည်း ဖွင့်ထားတယ် နောက် အပင်တွေကထွက်တဲ့ သဘာဝအရင်းအမြစ်တွေနဲ့ လူ့အသုံးအဆောင် စားဖွယ် စတာတွေကို စက်ရုံတွေနဲ့ ထုတ်နေပြီလေ

သင်တန်းကျောင်းဆရာကတော့ ကိုယ်ရေးအရာရှိလေ…

ဒီ ဖြစ်ရပ်လေးကို နမူနာယူပြီး ကျနော်တို့နိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍကိုလည်း တခေတ်ဆန်းသင့်ပြီလို့ ထင်မြင်မိပါကြောင်း တင်ပြလိုက်ပါတယ်။

18 comments

  • မောင်ပေ

    October 5, 2012 at 11:28 am

    ကိုဝေအောင်ရေ
    သည်ပို ့စ်လေးကို ၂ခါဖတ်မိတယ်
    အရမ်းကောင်းတဲ့ ဇါတ်လမ်းလေးပဲဗျာ… ကျုပ်တို ့ဆီက စိုက်ပျိုးရေးဌာနက လူတွေ ဖတ်မိပါစေ လို ့ဆုတောင်းမိတယ်ဗျာ
    ပြုပြင်ပြောင်းလဲရေးဆိုတဲ့ထဲမှာ… ဓါတုဗေဒ ဓါတ်မြေဩဇာ တို ့၊ အားတိုးဆေး ၊ ပိုးသတ်ဆေး တို ့သုံးတာတွေ လုံးဝပပျောက်တဲ့ အထိ ၊ သဘာဝကျကျ ခေတ်မှီဖွံ ့ဖြိုးတိုးတက်လာအောင် လုပ်ကြဖို ့အချိန်ရောက်နေပါပြီ လို ့အစ်ကို ဆိုထားတယ် ထင်ပါရဲ ့
    အစ်စရေးပြန် စိုက်ပျိုးရေးပညာရှင်တွေ ဘယ်များရောက်နေပါလိမ့်ဗျာ
    စကားမငရုတ်…. ကိုဝေအောင်ကော အစ်စရေးပြန်လားဗျ

    • Wai Aung

      October 5, 2012 at 3:44 pm

      အစ်စရေးပြန်တော့ ဟုတ်ပါဘူး
      အညတရ စိုက်ပျိုးရေးသမားလေးပါဗျာ

    • Wai Aung

      October 7, 2012 at 12:47 pm

      အကောင်းမြင်ပေးတဲ့ ကိုမောင်ပေကို ကျေးဇူးပါဗျာ

  • Good™

    October 5, 2012 at 1:22 pm

    သဘာဝ မြေဩဇာ ကို အသုံးပြု တာ တော့ အကောင်းဆုံးပေါ့ နော်။
    မြေကြီးက မိုး အခါ တောင် မြစ် မပေါက် တော့ ရင် အတော်လေး ပြု ပြင် ရမယ်။

  • Wow

    October 5, 2012 at 2:00 pm

    အင်းနယ်တွေမှာတော့ ဓာတ်မြေဩဇာနဲ့တင် နေ့ချင်းညချင်း သူဌေးဖြစ်သွားသူတွေတွေ့ ဖူးပါ့….
    သာဓု… :byae:

  • kai

    October 5, 2012 at 3:00 pm

    တလောကတင်.. ဆန်ဖရန်ဖက်က.. အသိမိတ်ဆွေတယောက်က.. ဆန်တွေမှာ ပိုးသတ်ဆေးတွေကပ်နေလို့တဲ့.. သေသေချာချာရေးဆေးပြီးမှ စားဖို့လှမ်းပြောတယ်..
    သူတို့ဖက်က..လိုကယ်တီဗီမှာလွှင့်သွားတာတဲ့..။

    ဘာရယ်မဟုတ်..
    ဆက်စပ်မိတာလေးပါ..။

    • Wai Aung

      October 5, 2012 at 4:19 pm

      သူတို့ကတော့ ဒါနဲ့ပတ်သတ်ပြီး အရမ်း Sensitive ဖြစ်ကြတယ်။
      Import လုပ်တဲ့ Food product မှန်သမျှ GMO (Genetic Modified Object) မရှိစေရ၊ Organic Farming နဲ့စိုက်ထားတာ ဖြစ်ရမယ်။ စတာတွေကို အရမ်းအလေးထားကြပါတယ်။ ဒါကြောင့် ဈေးလည်း ပုံမှန်စိုက်လို့ရတာထက်(ပုံမှန်ဆိုတာ ဓာတ်မြေဩဇာစတာတွေနဲ့ စိုက်တာကိုပြောတာပါ) ပိုပေးပြီး ဝယ်ကြပါတယ်။

  • Wai Aung

    October 5, 2012 at 4:27 pm

    အားလုံးကို ပြောချင်တာကို ဖြစ်လာမယ့် အနာဂတ်မှာ ဆိုကျိုးတွေကို သိနေပါလျက်နဲ့ လက်ပိုက်ကြည့်နေရလောက်အောင် ကျနော်တော့ မမိုက်ချင်ပါဘူး။ ဒါကြောင့် ကျနော့်ပတ်ဝန်းကျင်ကနေ စပြီး ပြင်လို့ရတာတွေတော့ စပြီး ပြင်နေပါတယ်။ တရွာလုံးနဲ့ တယောက်လို့ပဲ ပြောပြော။ ဖြေးဖြေးချင်း လုပ်သွားရင်တော့ ရနိုင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 5, 2012 at 6:40 pm

    ထိုင်းနိုင်ငံမှာ ကျုပ်ကိုယ်တိုင်တွေ့မြင်ဖူးတာတစ်ခုက စပါးပင်တွေထဲမှာ မြက်တွေပေါက်နေတတ်တယ်
    မြက်ပေါက်တယ်ဆိုလို့
    ( ဝမိန်းမစစ်စာရှိလာ မြက်လောင်ပေါက်လယ် ) ဆိုတဲ့ ပုံပြင်လည်း အမှတ်ရမိပါရဲ့
    ဆိုလိုတာက စပါးတွေသန်နေတဲ့အချိန်မှာ စပါးခင်းထဲကို ဆေးတစ်မျိုးလိုက်ဖျန်းလိုက်တာ
    စပါးပင်တွေက ဘာမှမဖြစ်ဘူး မြက်တွေက သူ့ဖါသာသေကုန်ရောဗျ
    လွန်ခဲ့တဲ့နှစ်တုန်းက သတင်းတစ်ပုဒ်မှာဖတ်လိုက်ရတယ် ထိုင်းနိုင်ငံထဲက ရေချိုမြစ်တွေမှာ
    လယ်ယာမြေတွေထဲက ဓာတ်မြေဩဇာတွေပျော်ဝင်မှု့နှုန်းအတော်ကြီးတယ်လို့ ဆိုသဗျ
    နောက်
    ဒီဆိုဒ်ထဲဘဲ ပုဂ္ဂိုလ်တစ်ယောက်ရေးဘူးတယ် :mrgreen:
    ဘယ်သူဆိုလား ပိုးကိုက်သစ်သီးတွေကိုရွေးပီးစားတယ်လို့ဆိုသဗျ
    သူဆိုလိုတာက
    ပိုးမွှားအင်းဆက်တွေရဲ့သဘာဝဟာ အလွန်နုကြတယ် ပိုးတွေကိုက်တဲ့သစ်သီးတွေဟာ
    လူတို့ရဲ့ ဓာတ်မြေဩဇာလွန်ကဲမှု့က အနည်းငယ်ကင်းဝေးစေတယ် အဲ့သလိုတော့
    သဘောပေါက်မိပါရဲ့
    ဓာတ်မြေဩဇာဆိုတဲ့အကြောင်းကိုပြောရရင်တော့
    လေရှည်နေရင်စောဒီးဗျာ
    ကျုပ်ပြောဘူးသလားဘဲ ဒီဆိုဒ်ထဲမှာပါ ဘော်ဒါတစ်ကောင်လည်းကိုယ်တွေ့ကြုံရဘူးပါတယ်
    ကျုပ်လည်းဒီလိုပါဘဲ
    လယ်ခင်းယာခင်းတွေမှာဆို အများအားဖြင့် ကန်ရေသောက်ကြပါတယ်
    သူတို့နားလည်သလောက်က ရေဆိုတာ ကြည်နေရင် အန္တရယ်မရှိဘူးပေါ့
    ဒါပေမယ့် ဆိုခဲ့ပြီးသလို လယ်တွေထဲမှာသုံးတဲ့ဓာတ်မြေဩဇာတွေဟာ ကန်တွေထဲကိုလည်း
    ပျော်ဝင်နေတယ်ဆိုတာ သူတို့ လက္ခံအောင်အတော်ပြောရပါတယ်
    သူတို့ရဲ့ ဆင်ခြေကကျိုချက်လိုက်ရင် အန္တရယ်ကင်းမယ်ပေါ့
    အဲ့တာကတော့ ကျုပ်လည်းသိဘူးဗျ
    နောက်တစ်ခုရှိတာက တောတောင်တွေထဲမှာ စီးဆင်းနေတဲ့ ချောင်းရေတွေပါ
    အရင်တုန်းကဆို တောတောင်တွေဟာ ပိုင်ရှင်မရှိကြပါဘူး
    ခုတော့ ပိုင်ရှင်တွေရှိကုန်ပါပြီ တောတောင်တွေကို ခုတ်ထွင်ပြီး နှစ်ရှည်ပင်တွေစိုက်ကြပါတယ်
    အပင်တွေမှာ ဓာတ်မြေဩဇာတွေကိုထည့်ကြပါတယ်
    မိုးရွာတယ် ရေတွေချောင်းတွေမြောင်းတွေထဲကိုစီးတယ် လူတွေသောက်တယ်
    လူတွေသိထားက ကြည်လင်နေတဲ့ စီးဆင်းရေဟာ အန္တရယ်ကင်းတယ်
    ဆိုတော့ကာ ဘယ့်နှယ့်လုပ်ကြမဒုန်း
    နည်းနည်းထပ်ရှည်ဦးမယ် ဂိန်ဂိန်
    ကျုပ်တို့ရွာမှာဆို ကိုယ့်ခြံနဲ့ရေတွင်းနဲ့ပေါ့
    တစ်ချို့ မြို့သစ်ခေါ်မလား အချို့ စည်ကားတဲ့ကျေးရွာတွေမှာလည်း ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ရေတွင်းပေါ့နော
    ဆိုခြင်တာက
    လူနေမှု့ထူထပ်တဲ့အခါ အိမ်သာနဲ့ရေတွင်းဟာ အတော်နီးတယ်ဗျ
    ကျုပ်တို့ရွာမှာဆို ကျုပ်အဘခြံဆိုတာ ခပ်ကြွားကြွားပြောရရင် တော်ရုံလောက် မာရသွန်ပြေးတဲ့ကောင်ဆို
    သုံးပတ်လောက်ပတ်ပြေး လျှာထွက်သွားမယ်
    ခုခြံတွေက ခပ်ကြွားကြွားပြောရင် ခုန်ကူးလို့တောင်ရတယ်
    ကျုပ်ဘော်ဒါတစ်ယောက်အိမ်မှာကြုံဘူးတယ်
    သူ့တို့အိမ်က ရေတွင်းထဲကို ကြွက်တွင်းကနေတစ်ဆင့် သူများချီးအိမ်သာက ချီးတွေကျွံကျလာဘူးတယ်
    တစ်ခါတစ်လေ ခင်ဗျားတို့တွေးကြည့်ပါလား
    ဆယ်ပေလောက်နက်တဲ့ချီးတွင်းတွေ ပေလေးဆယ်လောက်နက်တဲ့ရေတွင်းတွေ
    ဂရပ်ဖစ်တစ်ခုလောက်ဆွဲပီး စိတ်ကူးရင်ကြည့်ပါလား
    တစ်ခါကျုပ်အဘကို ပြောကြည့်ဘူးပါတယ်
    အဘ ခြံထဲသွားရင် ချောင်းရေတွေမသောက်နဲ့တော့ အိမ်ရေတွင်ကရေဘဲဘူးနဲ့ထည့်သွားပြီးသောက်ပါလို့
    ပြောတော့
    ကျုပ်အဘပြန်ပြောပုံ
    ဟကောင်ဇော်ဂျီ မင်းလူမဖြစ်ခင်ထဲက အဲ့သည်ချောင်းရေငါသောက်လာတာ
    မင်းငါလုပ်လို့လူဖြစ်လာတဲ့ကောင် ဒီလောက်တော့ ငါနားလည်ပါသေးဒယ်
    ဒဲ့

  • ဦး ကျောက်ခဲ

    October 5, 2012 at 7:18 pm

    ကို Wai Aung

    ကျွန်တော် သိသလောက် “ချန်တာပူရီ” လို့ ခေါ်ပါတယ်။ အဲဒီ အရပ်က စပါးကြီးပဲ မဟုတ်ပါဘူး၊ ဈေးပေါတဲ့ ကျောက်မျက် တွေလဲ ထွက်ပါတယ်; Yellow Sapphire။ ဆရာပြောတဲ့ ဇတ်လမ်းက ပါးစပ် ရာဇဝင် အနေနဲ့ ကြားဘူးပါတယ်။ ဒါပေမဲ့ တကယ်က အပေါ်ယံ မြေဆီလွှာ ပါးရတဲ့ အထဲ၊ ရေထိန်းဆည် မရှိလို့ အပေါ်ယံ မြေသားတွေ မိုးရေထဲပါကုန်တာပါ။

    ဓတ်မြေဩဇာ ကိစ္စက၊ အဲဒီမြေသားတွေ ရေတိုက်စားပြီး သွားပုံတဲ့ “Klong Hton Paing ” မှာဖြစ်တာပါ။ အဲဒါကြောင့် ထိုင်းတော်ဝင် ဆည်မြောင်းဋ္ဌာနက “Hta Da” နဲ့ “Madua ” ဆည် ၂ခု ပိတ်တာပါ။ ကိုယ့်ဆရာ ထိုင်းမှာဆိုရင် အဖြစ်မှန်သိပါလိမ့်မယ်။

    သိသမျှ ဝေမျှချင်းပါ
    ဦးကျောက်

  • aanyar thar

    October 5, 2012 at 9:04 pm

    ဘာမှစိတ်မပှုကြနဲ့တော့ဗျိုး…ကျနော်တို့ မြန်မာ့လယ်/စိုက် ဝန်ကြီးလည်း ပေါက်တူးကြီး ကိုင်ပြီး လယ်ယာတွေ ကိုကွင်းဆင်းလေလာ နေပြီဗျိုး.( တောင်သူတွေ စီက သိမ်းပြီး စက်မှု့စုံ ဟော်လ်တယ်စုံ ဖော်ထုတ်ဖို့ )

  • pooch

    October 5, 2012 at 10:55 pm

    ဟိုတလောလည်း ကြားမိတယ် ဒီမှာ အငှားလာစိုက်တဲ့ ဖရဲခင်းတွေမှာ စိုက်ပျိုးလို့ မရ တော့တဲ့အကြောင်း ဂျာနယ်တချို့မှာ ဖတ်လိုက်ရတယ်။ သေချာစဉ်းစားကြည့်မယ်ဆိုရင် ကိုယ်က စိုက်ပျိုးရေးတိုင်းပြည်ဆိုတော့ မြေဆီလွှာကို အထူးတလည်ဂရုစိုုက်ဖို့ လိုပါတယ်။

    ခုလည်း ဦးကျောက်ပြောသလို မြေဆီလွှာတွေ ရေကြောင့် ပါသွားတဲ့အဖြစ်တွေက နှစ်တွေ အတော်များလာပါပြီ။ ထိုင်းကို ဥပမာယူပြီး ဒီမှာလည်း ကြိုတင် ပြင်ဆင် ကာကွယ်ထိန်းသိမ်းတာမျိုးတွေ လုပ်ကို လုပ်ရတော့မှာပါ။

    ခက်တာက အရင်က ကြားဖူးတာကတော့ သစ်ခွစိုက်ခင်းကို အမိုးမိုးတာကိုတောင် နားလည်တတ်ကျွမ်းသူ သုတေသီတချို့က အပူစုပ်အောင် အနက်မိုးစေချင်ပေမဲ့ ဆိုင်ရာလူကြီးက စိမ်းလန်းစိုပြေ ဆောင်ပုဒ်နဲ့ ညီအောင် အစိမ်းပဲ မိုးခိုင်းခဲ့တဲ့ ဆယ်စုနှစ်ပေါင်း များစွာကို ကြုံလာခဲ့တာဆိုတော့ ခုလို မြေဆီလွှာထိန်းသိမ်းကာကွယ်ဖို့ကိုလည်း တကယ် တတ်သိနားလည်သူက လူမှန် နေရာမှန် နေရာရလာမှ လုပ်ရကိုင်ရ ပိုအဆင်ပြေမယ်ထင်ပါတယ်။

  • Wai Aung

    October 6, 2012 at 8:31 am

    အားလုံးကို ကျနော်ပြောချင်တာက ဒီဖြစ်ရပ်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ
    ဓာတ်မြေဩဇာသုံးခဲ့ရင်၊ သုံးနေအုံးရင်တော့ ဘေးထွက်ဆိုးကျိုးတွေကနေ မြေဆီလွှာပျက်ဆီးခြင်း၊ ရေထိမ်းပင်များပျက်ဆီးခြင်း (အင်းလေးကန် တိမ်ကောခြင်းနမူနာ)၊ စတာတွေအပြင်။
    ဒီ ဓာတုအဆိပ်တွေက ရေစီကနေတဆင့် မြောင်းတွေ၊ ချောင်းတွေ၊ မြစ်တွေကနေတဆင့် ပင်လယ်ထဲရောက်။
    ဒီတလျောက်လုံးမှာရှိတဲ့ ဒီရေစီးကိုမှီတင်းနေထိုင်ကြတဲ့ လူ၊သတ္တဝါတွေတင်မကဘဲ၊ အပင်တောတောသဘာဝတွေပါ ပျက်စီး၊ နောက်ပင်လယ်မှာလည်း ထိုနည်း၎င်း၊ နောက်ဒီဓာတ်တွေက ပင်လယ်ကအငွေ့ပျံ၊ လေထုထဲရောက်၊ မိုးအဖြစ်ရွာကျ။
    တကယ်တော့ ပြောမဆုံးပေါင်ပါ။ အဲ့ဒါတွေကို သိနေပါလျက်နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းပြီး လုပ်သင့်တာလေးတွေကို လုပ်ကြဖို့တိုက်တွန်းတာပါ။ ငြင်းခုံနေကြဖို့ မဟုတ်ပါဘူး။
    ခင်ဗျားတို့လောက် ကျနော်သိချင်မှလည်းသိမယ်။ ဒါပေမယ့် တကယ့်အဖြစ်ဆိုးကြီးကတော့ လူသားတိုင်း သတ္တလောကတခုလုံးရဲ့ ရှေ့မှာ စောင့်ကြိုနေတယ်ဆိုတာတော့ အမှန်ပါ။
    ဒါကို ကျနော်တို့ဘယ်လိုကြိုတင်ကာကွယ်ကြမလဲဆိုတာသာ ဆွေးနွေးအဖြေရှာပြီး ဝိုင်းဝန်းကူညီကြဖို့ပါ။

  • we R one

    October 6, 2012 at 2:24 pm

    ကံကောင်းသေးတာ က ကျွန်မ တို့ ရွာတွေ ဘက်မှာ အခု ထိ ပိုးသတ်ဆေး တို့ ဓါတ်မြေဩဇာ တို့မသုံးကြသေးဘူး..။ တစ်ခါတလေ လည်း မဖွံဖြိုးမတိုးတက်တာ ပိုကောင်းသလိုပဲ…။

  • padonmar

    October 7, 2012 at 3:29 am

    စိုက်ပျိုးရေးတက္ကသိုလ်က ဘွဲ့ရတဲ့ မောင်လေးတစ်ယောက်က လွန်ခဲ့တဲ့ 15 နှစ်လောက်က ပြောဖူးတယ်။ဓာတ်မြေဩဇာတွေ အလွန်အကျွံသုံးကြရင် မြေချဉ်သွားပြီး ဘာမှစိုက်လို့မရတော့ဘူးတဲ့။အဲဒီအခါမြေကို မြေလှန်ပစ်ပြီး မစိုက်မပျိုးပဲ ၂နှစ် ၃နှစ်လောက် ထားလိုက်မှ ပြန်စိုက်လို့ရတယ်တဲ့။
    ကျမဇာတိက ငရုတ်ရှည်လောကမှာ နာမည်ကြီးပါတယ်။ ဝါးခယ်မ ငရုတ်ဆိုရင် အတောင့်သေးပေမယ့်ပြည့်ပြည်ဝဝလှလှပပ ၊အညှာဝါဝါ နဲ့ သိုလှောင်ခံလို့ လွန်ခဲ့တဲ့ ၅နှစ်လောက်ထိ မြစ်ဝကျွန်းပေါ်ငရုတ်ရှည်ပေါ်ချိန်ဆိုရင် ထိပ်ဆုံးမှာနေတဲ့ ကုန်စည်ပါ။
    တောင်သူတွေက အထွက်ကောင်းချင်တော့ ဓာတ်မြေဩဇာအလွန်သုံးပါတယ်။ဒီဘက်နှစ်တွေမှာ တစ်နှစ်ထက်တစ်နှစ် အထွက် ဆုတ်လာသလို quality လည်းကျလာပါတယ်။ အတောင့်သေးသေး ပိန်ရှံ့ရှံ့နဲ့ မလှလို့ အခြားနယ်တွေရဲ့ ဈေးအောက်ရောက်သွားပါတယ်။ ပိုးကလည်းတအားကျတော့ ပိုးသတ်ဆေးကလည်း ဖျန်းမနိုင်အောင်ပါပဲ။
    ကျမကတော့ နီးစပ်ရာ တောင်သူတွေကို ဒီကိစ္စမြေချဉ်တာဖြစ်နိုင်တယ်လို့ ပြောပေမယ့် တတ်သိပညာရှင်မဟုတ်လို့ ကျယ်ကျယ်ပြန့်ပြန့်လည်း မပြောရဲတော့ မထိရောက်ပါဘူး။
    နောက်ပြီး ကျမတို့မြို့မှာ အသက် 40-50-60 တွေ ဒီဖက် 5 နှစ်လောက်မှာသေကြတာ များသောအားဖြင့် အသည်းကင်ဆာကြောင့် ချည်းပါပဲ။ စီပိုး ရှိကြတာလည်း တစ်ကြောင်းပါမှာပေါ့။အဲဒီအသက်တမ်းတွေက 1965 လောက်မှာ ကာလဝမ်းရောဂါဖြစ်တော့ စက်နဲ့ ကာကွယ်ဆေး အထိုးခံရတယ်လို့ပြောပါတယ်။အဲဒီကနေ ကူးစက်တာကြောင့်ဖြစ်နိုင်သလို ဓာတ်မြေဩဇာ၊ပိုးသတ်ဆေးတွေ စီးပါနေတဲ့ မြစ်ရေ(ကျမတို့မြစ်ရေကို ကျိုသောက်ခဲ့ကြရတာပါ၊ရေသန့်ခေတ်ရောက်တော့လည်း မြစ်ရေကိုပဲရေသန့်လုပ်ရပါတယ်။အဝီစိတွင်းတူးရင် ရေငန်ပဲထွက်ပါတယ်)တွေ သောက်နေရတာကြောင့်ဖြစ်နိုင်ပါတယ်။အဲဒီမြစ်ရေကို ပုလင်းနဲ့ထည့်လာပြီး chemical analysis လုပ်ကြည့်တာ Mercury များနေတယ်လို့ ဆိုပါတယ်။တစ်ပြည်လုံးအတိုင်းအတာနဲ့ တွေးမိရင် ရင်လေးစရာပါ။

  • Wai Aung

    October 7, 2012 at 8:22 am

    ဟုတ်ပါတယ် ကျနော်တို့ဘက်က စိုက်ပျိုးရေးတောင်သူတွေလည်း ဒီလိုပြောကြပါတယ်။
    သူတို့ကတော့ ဓာတ်မြေဩဇာကို မြေဆီလို့ခေါ်ကြပြီး ကျနော်လေ့လာပြီးစုံစမ်းကြည့်တော့…
    ပထမနှစ်မှာ ဒီမြေဆီဖြန်းပြီးစိုက်တယ် မြေအသစ်ကို အဲ့ဒီမှာ အထွက်ကောင်းတယ်ပေ့ါ။ ဆိုပါစို့ ၁၀၀%
    ဒုတိယနှစ်မှာ ဒီမြေဆီကို ၁၂၀%လောက်ထပ်ထည့်ရတယ်။ ဒါပေမယ့် အထွက်က ၈၀%လောက်ပဲရှိတော့တယ်။
    နောင်နှစ်မှာ တော့ အထွက်က တော်တော်ကျသွားတယ်။ အရင်းလောက်ပဲ ပြန်ရတော့တယ်။
    အဲ့ဒီနောက်ပိုင်း ၃နှစ်လောက်ဘာမှမစိုက်ဘဲ တခြားမြေကွက်ကို အရင်လိုပြန်စိုက်တယ်။ ရွေ့ပြောင်းစိုက်ရတာပေါ့။
    ခက်တာက အထွက်နှုန်းတွေက တခေါက်နဲ့တခေါက် ပိုပြီး သိသိသာသာကျလာသလို အရသာတွေပါ ပြောင်းလိုက်လာတယ်လို့ ဆိုတယ်။ ဒါဟာ padonma ပြောသလို မြေချဉ်တာ pH level ကျလာတာဖြစ်ပါတယ်။ acidic soil ဖြစ်လာတာပါ။
    ဒါတွေကို သေချာမကိုင်တွယ်ရင် ရှေ့လျောက် ပိုဆိုးဖို့ပဲ ရှိတယ်။
    အခုတော့ ကျနော်ကိုယ်တိုင် သဘာဝကရတဲ့အရာတွေနဲ့ ဆေးဖော်စပ်ပြီး မြေဩဇာ၊ ရွက်ဖြန်းအားဆေး၊ ဥတုဒဏ်ကြောင့် ဖြစ်လာတဲ့ အားနည်းတာတွေ ပြန်လည်ကောင်းမွန်စေတဲ့ အားဆေး၊ ပိုးသတ်ဆေး၊ စတာတွေကို လက်တွေ့အသုံးချပြသလို ဆေးနည်းများကိုလည်း အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။

    ကိုဝေအောင်
    စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး

  • နေဝန်းနီ

    October 7, 2012 at 7:42 pm

    အဲဒိ ပိုးသတ်ဆေးနဲ့ဓါတ်မြေဩဇာ အကြောင်းကို မပြောစမ်းပါနဲ့ဗျာ စိတ်နာလွန်းလို့…..။ အရင်ကျွန်တော်လုပ်ခဲ့ဖူးတဲ့ရုံးက တောင်သူတွေနဲ့ဆက်ဆံရတဲ့နေရာ….။ အဲဒိ ဓတ်မြေဩဇာနဲ့ ပိုးသတ်ဆေးအကြောင်း တောင်သူတွေနဲ့ပြောဖူးတယ်…။ အဲဒိတုန်းက ဖရဲ တို့ သခွားမွှေးတို့ကဈေးကောင်းနေတဲ့အချိန် …။ သူတို့ကို စိုက်ရင်လည်း ပိုးကကြိုက် ရာသီအလိုက် ထည့်ရတဲ့ ပိုးသတ်ဆေးက ပိုးတစ်မျိုးသတ်ဖို့ နောက်ထပ်ပိုးတစ်မျိုး ထည့်ပေးလိုက်ပုံရတယ်…။ နောက် ဓါတ်မြေဩဇာက အဲဒိပိုးတွေပွားအောင်ကူညီပေါ့…။ အသီးဈေးကောင်းရာတာလေးနဲ့ မကာမိအောင် (ဒီရွာထဲက ဂီဂီ့စကားနဲ့ ပြောရရင် ) မြန်မာပြည်က မြေကြီးဟာ မုဒိန်းအကျင့်ခံလိုက်ရတာပဲ…။ ဒါတွေကို ဟိုစပ်စပ် ဒီစပ်စပ် လုပ်တဲ့နေဝန်းနီက သိတော့ ပြောတာလက်မခံကြဘူးလေ………။ မူးရင်အေးအေးဆေးဆေးအိပ်နေလို့ အပြောခံရတယ်…။ ကြာတော့ မပြောချင်တော့ဘူး …။ သူတို့ ပြောသလိုပဲ မူးအောင်သောက်ပြီးအိပ်နေလိုက်တော့တာပါပဲ….။ ခုတော့ ဓါတ်မြေဩဇာနဲ့ ပိုးသတ်ဆေး ကို ကြော်ညာတဲ့ တီဗွီပါ ရိုက်ခွဲချင်စိတ်ပေါက်ပေါက်လာလို့ တီဗွီတောင်မကြည့်ဖြစ်တာကြာပါရောလား ………..

    • မောင်ပေ

      October 7, 2012 at 9:16 pm

      ပေါ်လာပါပြီ
      မြန်မာနိုင်ငံအလယ်ပိုင်းဒေသတစ်ခုလုံးမှာ
      တရုတ်ကလာတဲ့ ဈေးပေါပေါနဲ ့အရည်အသွေးနိမ့် ဓါတ်မြေဩဇာတွေ ပိုးသတ်ဆေးတွေ ဖြန် ့ချီပြီး
      ဘောစိဖြစ်နေတဲ့ “ ခရို နီ @ နေဝန်းနီ ” ဆိုတာ သူပဲ
      :kwi:

Leave a Reply