ဇလီဖားတုံးတွေ ရေတွက်ကြည့်ခဲ့ဖူးတဲ့ ထိုတနေ့ (အပိုင်း-၂)

အကြောင်းအမျိုးမျိုးကြောင့် အပိုင်း (၁) နဲ့ (၂) အကြား အချိန်အများကြီးကြာသွားခဲ့တာကို ဦးစွာ ပထမ တောင်းပန်လိုက်ပါရဲ့ဗျာ။ အပိုင်း (၁) ကို မျက်စိနောက်ခံ ဖတ်ပေးခဲ့ဖူးသူ ရွာသူားများအနေနဲ့ အပြာရောင်စာလုံးများနဲ့ စာပိုဒ်တွေ ကျော်ပြီးဖတ်ပေးပါလို့။ ဖတ်ပြီး ကြာလို့ ဇာတ်လမ်းမေ့သွားလို့ ပြန်ဖတ်ချင်သူ၊ အပိုင်း (၁)ကို မဖတ်လိုက်ရသူတွေ အဆင်ပြေအောင် ပြန်ထည့်ပေးလိုက်တာပါ..။ မျက်ရည်မဆယ်နိုင်အောင် လွမ်းသွားလောက်တဲ့ နောက်ဆုံး ဇာတ်သိမ်းပိုင်းကိုလည်း ရက်များရယ် မကြာမီ တင်ဖြစ်အောင် တင်ပေးပါမည်လို့ ပေရှည်လိုက်ရပါတယ်ခင်ဗျ။

သည်းခံပြီး ဖတ်ရှုအားပေးတော်မူကြပါဦး။ နော်လို့… နော်.. နော်…မရဘူးဗျာ ဖတ်ဆို ဖတ် ဒါပဲ..။ :harr:

ကိုယ်လျှောက်ဖူးတဲ့ သံလမ်းများ ပျက်အိုဟောင်း၊ အတူ ကြည်နူးခဲ့ ဒိတ်ရက်နှောင်း..၊ အပျော်တွေ ပြောင်းရွှေ့သွားတဲ့ အတိတ်မြို့ဟောင်း….. (ဓါတ်ပုံ.. အင်တာနက်)

…. …. အပိုင်း (၁) …. ….

သူ့ လက်ထဲမှာ ကိုင်ဖတ်နေတဲ့ နတ္ခတ္တရောင်ခြည်မဂ္ဂဇင်းကို ပိတ်လိုက်ပြီး စိတ်အလိုမကျစွာ အနားက မဂ္ဂဇင်းအဟောင်းပုံပေါ်သို့ ဘုတ်ခနဲမည်အောင် ပြစ်ချလိုက်မိသည်။ မအောင့်အည်းနိုင်တော့ လောက်အောင် ကျွဲမြီးတိုသလိုဖြစ်လာပြီ။ မကြည်မလင်ဖြစ်လာတဲ့ စိတ် ပြောင်းလိုပြောင်းငြား ရှေ့မှာချထားသည့် လက်ဖက်ပွဲထဲမှ နှစ်ပြန်ကြော်တစ်ဇွန်းမောက်မောက် ကော်ကာ မဆီမဆိုင် အညှိုးတကြီးဝါးနေလိုက်သည်။ ပြီး စပါကလင်ပုလင်းကို တဝက်ကျိုးတဲ့အထိ စုပ်သောက်လိုက်ကာ ဂေ့.. ခနဲ အသံအကျယ်ကြီးမည်အောင် ဂတ်စ်တွေကို အန်ထုတ်ပစ်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် အိမ်ထဲဝင်လာသည့် သူ အိမ်လည်ရောက်နေတဲ့ သူငယ်ချင်း မိန်းကလေး၏ အဒေါ်ဖြစ်သူရဲ့ခြေလှမ်းတွေ တုန့်ခနဲဖြစ်သွားပြီးမှ လှမ်းကြည့်ပြုံးပြရင်း အနားရောက်လာသည်။

“ပျင်းနေပြီလား သား..၊ လက်ဖက်ပဲခြမ်းလေးတွေကောင်းတယ်..စား၊ အချိုရည်လည်း ကုန်အောင် သောက် သွားနော်။”

“ဟုတ်ကဲ့..ဒေါ်လေး”  ဘယ်သူမှမရှိဘူးအထင်နှင့် အသံကျယ်ကြီးနဲ့ လေတက်တာ လူမိသွားသမို့ မချိ သွားဖြဲပုံစံဖြင့် သူပြန်ဖြေလိုက်သည်။

“နင့် သူငယ်ချင်းကလည်း ခဏဆိုပြီး ထွက်သွားတာ ပေါ်မလာတော့ပါလား၊ အဲဒီ ဂျူးမြစ်တော့ ဧည့်သည်က တစ်ယောက်တည်း ဖြစ်နေပြီ” ဟု သူ့ တူမကို အပြစ်တင်သလို ပြောပြန်သည်။

မျက်နှာချင်းဆိုင် စကားမပြောချင်လို့ ရှောင်တာလားမှ မသိတာလို့ စိတ်ထဲက ရေရွတ်လိုက်မိသော်လည်း ပါးစပ်ကတော့ ဘာမှမပြောဘဲ သူနေလိုက်၏။

“ပျင်းရင် စာအုပ်တွေ ဖတ်လေ သား..”

“ဟုတ်.. လေးအုပ်တောင် ဖတ်ပြီးသွားပြီ၊ အောက်က မဂ္ဂဇင်းတွေကလည်း အရင်တစ်ခေါက်က ဒေါ်လေးပေးလို့ ဖတ်ပြီးသားတွေလေ..”

“ဖတ်အုံးမလား သား၊ ဒေါ်လေးမှာ အများကြီးရှိသေးတယ်”

“နေ နေ ဒေါ်လေး၊ ကျွန်နော် မျက်စိလည်း ညောင်းလာလို့.. ”

“အေး_ ဒီအိမ်က ဘယ်သူမှ ဒေါ်လေးစာအုပ်တွေကို စိတ်မဝင်စားကြဘူး၊ ရှုပ်တယ်တောင် ပြောချင်ကြတာ။ ဒီစာအုပ်တွေက ပိဿာချိန်နဲ့ ဝယ်တဲ့သူတွေဆီက တဆင့်ပြန်ဝယ်ထားတာ၊ စာအုပ်ဆိုတာ သစ်တယ်ဟောင်းတယ် ဆိုတာထက် အထဲကစာက တန်ဖိုးရှိတာကိုးကွယ့်” တစ်ဖက်ခန်းမှာဖွင့်ထားတဲ့ စားသောက်ဆိုင်ထဲ အလုပ်များနေတဲ့ ညီမနှင့်မတ်ဖြစ်သူတို့ အခြေအနေကို အကဲခတ်ရင်း ဒေါ်လေး စကားဆက်လာပြီမို့ တစ်ယောက်တည်း ဖြစ်နေတဲ့ သူ့ကို ဧည့်ထောက်ခံစကားဆိုတော့မည်ဟု သိလိုက်သည်။

“ဟုတ်.. ဟုတ်ကဲ့” လက်မှ နာရီကိုကြည့်ရင်း သူဖြေ၏။ လမ်းမဘက် တချက်ကြည့်ကာ အပြင်သွားသည့် သူငယ်ချင်းလေး ပြန်လာမလား မျှော်မိသေး၏။

“ဒေါ်လေးကလေ ဒီအိမ်မှာ… @#<,..& …သိလား?… ”။ …“…. ဟုတ်”

“တူ တူမတွေဆိုတာလည်း.. ဒေါ်လေးများဆို.. @# %#.., $$*^ <. ကိုးကွယ့်”။ ..“..ဟုတ်ကဲ့”  သူ စာဖတ်ဝါသနာပါမှန်းလည်းသိကာ လာတိုင်း ရှိတဲ့ စာအုပ်ဟောင်းတွေထုတ်ပေး (သူကလည်း စိတ်လိုလက်ရ ဖတ်ရှုအားပေးနေကျ) သူ့တူမ သူငယ်ချင်းမို့ သူ့တူလေးလို ခင်မင်နေတဲ့ အမျိုးသမီးကြီးပြောသမျှ ခေါင်းညိမ့်နေမိတော့သည်။

တကယ်ဆို အိမ်လည်လာတုန်း သူ့အနားမှာ ဒီလို ပြောဆိုနေတာ သူ့သူငယ်ချင်းဆိုတဲ့ မိန်းကလေးသာ ဖြစ်စေချင်မိသည်။ အလာပ သလာပဖြစ်ဖြစ်၊ ဟိုးတချိန် ကျောင်းအတူ တက်ခဲ့ကြတုန်းက ရယ်မောစရာတွေပဲဖြစ်ဖြစ်ပေါ့..။ ထိုမိန်းကလေး နောက်ဆုံးထွက်လိုက်တဲ့ အလုပ်အကြောင်း၊ အိမ်ပြန်နေရတော့ ဘာဖြစ်တယ် ညာဖြစ်တယ်.. အကြောင်းအရာကအရေးမကြီး။ သူငယ်ချင်းတစ်ယောက် အိမ်လည်လာတာ နည်းနည်းတော့ ဂရုစိုက်ပေးစေချင်သည်။ ခုတော့ သူရောက်စ ခဏ လက်ဖက်ပွဲနဲ့ အချိုရည်လာချ၊ စကားနည်းနည်းပြောပြီးကတည်းက ဆိုင်ထဲမှာပဲ အလုပ်ရှုပ်သလို၊ ပစ္စည်းပဲထွက်ဝယ်သလိုနဲ့ ပျောက်သွား၏။

ဒေါ်လေးပြောသမျှ ဟုတ်ကဲ့ လိုက်ရင်း အတွေးထဲမှာ အဖြေထုတ်နေမိသည်။ သူ ဘာ အမှားလုပ်ခဲ့မိသလဲ။ ဘယ်နေရာ မှားနေလို့လဲ။ အဲလိုလည်း ရှာမတွေ့။ သုံးပတ်တစ်ခါလောက် ဒီမိန်းကလေးအိမ်ကို လာလည်လို့ စားအိမ်သောက်အိမ်တောင်ဖြစ်နေမင့်ဟာ။ ဒါကပဲ အမှားဖြစ်သွားတာလား။ ချောင်းပေါက်မတတ် ဆိုတဲ့အဖြစ်ရောက်နေတယ်လို့ သူမက ဘရိတ်ဖမ်းစေချင်တာများလားလို့တွေးမိတော့ သူ့ရင် ဆစ်ကနဲခံစားလိုက်ရသလို နည်းနည်းတော့ တင်းသွား၏။ သူ့ဆီမှာ နောက်ဆုံးကျန်နေသေးတဲ့ ယောက်ျားမာနလေးက ခလုတ်တိုက် ခံလိုက်ရသလို ဖြစ်လာသည်။

“ဒေါ်လေး တူမသွားတာလည်း ကြာလိုက်တာနော်..” ပြောစရာကုန်သလောက်နီးနီးဖြစ်နေတဲ့ အဒေါ်ကို စကားလမ်းကြောင်း ပြောင်းပေးရပြီ။  “အေးကွယ်.. ဂျူးမြစ်ရယ် ဘယ်များဝင်နေပါလိမ့်”

“ကျနော်လည်း ပြန်မှထင်တယ်.. တော်ကြာ ဈေးကားလွတ်သွားမှာစိုးလို့”

“ဟဲ့ မစောင့်တော့ဘူးလား။ အရင်တစ်ခေါက်က မင်း ရောင်းဖို့ပေးခဲ့တဲ့ လုံချည်ဖိုးတွေရော..”

“ရောက်ကတည်းက ပေးထားတယ်ခင်ဗျ.. ဦးတို့ကို သွားနှုတ်ဆက်လိုက်အုံးမယ်နော်..”

တအိမ်သားလုုံးကို လိုက်နှုတ်ဆက်လို့ အပြီးမှာ မိဂျူးမြစ်က အချိန်ကိုက် ပြန်ရောက်လာသည်။

“နင် သွားတော့မလို့လားဟ။ ဘာနဲ့ ပြန်မှာမို့လဲ…။”  “..အေလာ ဈေးကားနဲ့လေ” မျက်နှာလွှဲလျက်က သူပြန်ဖြေလိုက်သည်။

“ဟဲ့ တစ်နာရီတောင်ခွဲနေပြီ မှီသေးလို့လား…။”  သူ ဖြေမနေတော့..၊ ဆိုင်ထဲက ဆိုက်ကားဆရာကို လက်ညှိုးထိုးပြလိုက်သည်။ လိုက်ပို့ရမလားလို့ မပြောပါလားလို့ တွေးရင်း ဆိုက်ကားပေါ်တက်ထိုင် နှုတ်ဆက်လက်ပြဖို့ ကြည့်တော့ မိန်းကလေးရဲ့မျက်နှာ ညှိုးနေသလိုပဲဟုထင်မိလိုက်သေးသည်။

ပျဉ်းမနားဈေးထဲရောက်တော့ သူတွက်ထားသည့် အတိုင်း ဈေးကားက ထွက်သွားခဲ့ပြီ။ ၂-အစုန် စာပို့ရထားနဲ့ ပြန်မယ်ဆုံးဖြတ်ကာ ဘူတာဘက်လမ်းလျှောက်ခဲ့လိုက်သည်။ ဘူတာတွင် လက်မှတ်ရုံမှာ လူတန်းထဲဝင်မတိုးတော့ဘဲ အားလုံးကုန်မှ ထိုင်ခုံမဲ့ တစ်စောင် ဖြတ်လိုက်သည်။ လက်မှတ်စာရေးကို မေးကြည့်တော့ တူးဒေါင်း(၂-အစုန် စာပို့ရထား) က တပ်ကုန်းကတော့ ထွက်သွားပြီ၊ ဖိုးဒေါင်း(၄-အစုန် အမြန်ရထား)က ကျော်ချင်ကျော်လိမ့်မည်ဟုဆိုသည်။ ဒီနေ့ ကံမကောင်းပါလားလို့ သူတွေးမိသွားသည်။ ခုပဲ နှစ်နာရီ ခွဲပြီးနေတာ အကယ်၍များ နောက်ရထားကျော်မယ်ဆိုလျင်ဖြင့် စောင့်ပေအုံးတော့ ထမင်းထုပ်ကြီးနဲ့ ဖြစ်ပေမည်။ ထူးပါဘူး အရင်လာတဲ့ ရထား တက်လိုက်မည်ဟု စိတ်ဒုံးဒုံးချလိုက်ကာ ဘူတာ ပလက်ဖောင်းအရိပ်တနေရာမှာ ထိုင်ရင်း ငေးရင်း စောင့်သည့်အလုပ်ကို ရထားမလာမချင်း သူဆက်လုပ်ရပြန်ပြီ။

စိတ်က စနောင့်စနင်းဖြစ်တော့ သူငယ်ချင်းလေးကိုပဲ စိတ်တိုမိ၏။ သူမသာ အိမ်လည်လာတဲ့ သူငယ်ချင်းကို ဝမ်းပန်းတသာ ဂရုစိုက်ပေးမယ်ဆိုရင်၊ သူမနဲ့သာ စကားတွေဖောင်ဖွဲ့ ပြောခဲ့ရမယ်ဆိုရင် သန်းခေါင်ချိန်ထိ ထိုရထားတွေ မလာလည်း သူ အပျော်တွေနဲ့ စောင့်နေမိမည်သာ။ တကယ်ဆို သူမ ဒီနေ့ လိုမျိုး ပြုမူစရာ အကြောင်းမရှိဟု သူထင်သည်။ ဟိုအရင်တုန်းကများဆို ငယ်ပေါင်းတွေ မဟုတ်ကြသော်လည်း ဆယ်တန်းအောင်ပြီး၊ မန္တလေးရွှေမြို့တော်ကြီးက ဂျီတီအိုင်ကျောင်းတက်တော့ တခြားသူငယ်ချင်း လေးယောက်အပါအဝင် သူတို့အဖွဲ့ ရင်းနှီးလွန်းပုံက အများအမြင်မှာ သမီးရည်းစားအတွဲတွေလို့ ထင်ရလောက်တဲ့ထိပဲလေ။ ဂျီတီအိုင်ပြီးတော့ လူချင်းကွဲကွာခဲ့ကြပေမယ့် အိမ်နဲ့ခွဲပြီး ပညာဆက်သင်နေကြတဲ့ သူတို့နှစ်ယောက်မှာ စာအပြန်အလှန်ဆက်သွယ်ရင်း သံယောဇဉ်မပြတ်ခဲ့တာ အမှန်။ …. …. …

…. …. အပိုင်း (၂) …. ….

အကြောင်းတိုက်ဆိုင်စွာပဲ သူမ အစိုးရဌာနတစ်ခုမှာ အလုပ်ဝင်တော့ သူ့ဇာတိနယ်က မလှမ်းမကမ်း မြို့ကလေးသို့ တာဝန်ကျခဲ့သည်။ ပညာရေးခရီးကြမ်းရှည်ကို မမောတမ်းဆက်လျှောက်နေတဲ့ သူ ကျောင်းပိတ်ရက် နယ်ပြန်သည့်အခါတိုင်းလိုလို် သူမတာဝန်ကျရာမြို့ကို သွားတတ်သည်။ မရအရ ခေါ်လွန်းလို့ သူ့အိမ်သို့ပင် အလည်တစ်ခေါက် သူမရောက်ဖြစ်သေး၏။ ဤသို့ အသွားအလာရှိတာ၊ စာ အဆက်အသွယ်ရှိတာ သိမြင်ကြတဲ့ သူမအလုပ်ထဲမှ တချို့ကတော့ သူ့တို့နှစ်ယောက်ကို ရည်ရွယ်ထားကြသူတွေလို့ ထင်ကြသလို၊ (သူပို့သမျှစာ အတူဖတ်သည်အထိ) ရင်းနှီးသူ အကြောင်းသိများကလည်း စနောက်တတ်ကြပေမယ့် သူတို့နှစ်ဦးရင်မှာ ဘာခံစားချက်မှ မရောဘဲ အဖြူသက်သက်ဆိုတာ နှစ်ဦးသားအသိပါ။ အိမ်လွမ်းနာနဲ့ ကိုယ်စီ အခက်အခဲများအတွက် အားပေးဖော်၊ အပျော်တွေကြည်နူးစရာတွေ ဝေမျှဖက်၊ အကြံပေးဖော် တိုင်ပင်ဖက်၊ အူမက ချေးခါးအထိမဟုတ်တောင် တစ်ယောက်နဲ့တစ်ယောက် အတွင်းအစင်းသိ နားလည်မှုရှိခဲ့တယ် ထင်ရဲ့။

အဲဒီလို သံယောဇဉ်တွေ…

“တူ..နောင် ဒန်တန်… ကျေးဇူးပြု၍ နားဆင်ပါခင်ဗျာ…”

ဘူတာ အသံချဲ့စက်မှ တီးလုံးလေးနဲ့အတူ ထွက်ပေါ်လာတဲ့ အသံကြောင့် သူ့ အတွေးစ ပြတ်သွားကာ နားစွင့်လိုက်သည်။ သူစောင့်နေသည့် ရထားဝင်လာလို့ ကြေငြာတာ ဖြစ်မည်တွေးကာ ကဲ.. ဒီကနေ့ စောင့်ရတဲ့ဝဋ်က ကျွတ်ပြီဆိုတဲ့သဘောနဲ့ လေတစ်ချက် ချွန်လိုက်မိသည်။

“ကျေးဇူးပြု၍ နားဆင်ပါခင်ဗျာ၊ ရန်ကုန်မြို့မှ စတင်ထွက်ခွာလာသော.. အမှတ် (xx) အဆန် အမြန်ရထားသည် မကြာမီအချိန်အတွင်း စင်္ကြန်အမှတ် (၂) သို့ ဝင်ရောက်လာမည် ဖြစ်ပါသည်။ လိုက်ပါမည့် ခရီးသည်များ အဆင်သင့် ပြင်ဆင်ထားကြပါရန် ကြိုတင်အသိပေးအပ်ပါသည် ခင်ဗျာ… ကျေးဇူးတင်ပါတယ်ခင်ဗျာ…. တူ.. နောင် ဒန်တန်”

သူ စောင့်နေတာက မန္တလေးမှလာမည့် အစုန်ရထား၊ ခု လာတာ ဆန့်ကျင်ဘက်က။ သက်သက် ကလူကျီစယ်နေသလိုပါလား။ ရထားကြီး အိန္ဒြေရစွာ စင်္ကြန်မှာဝင်ရပ်စဉ် ပျဉ်းမနားဘူတာသည် ဆင်းသူတတ်သူ ခရီးသည်များနှင့် ခဏတာ ရှုပ်ယှက်ခတ်သွားပြီး ရထားကြီး အေးအေးလူလူ ပြန်ထွက်သွားတော့ မူလအတိုင်း ငြိမ်သက်လို့။ လေးနာရီထိုးဖို့ မိနစ်အနည်းငယ်သာလိုတော့ကြောင်း ပြနေသည့် နာရီကိုကြည့်ရင်း သူ့ရင်ထဲ ဒေါသကလေး ပြန်ထလာ၏။

`တောက်…´ ကြိတ်မနိုင်ခဲမရစိတ်ကြောင့် သတိလက်လွတ် တောက်ခေါက်မိသွားတော့ သူ့ဘေးမှ အုန်းမှုတ်ခွက်လေးခံပြီး ဆေးပေါ့လိပ်ဖွာနေသည့် ဦးလေးကြီးမှာ မလုံမလဲ ဆေးလိပ်ကို မီးသတ်လိုက်တာ မြင်၏။ ဟူးးး ကြည့်ရတာ သူစောင့်နေသည့် ရထားကို နောက်ကတစ်စီးက ကျော်တတ်မည်ထင်သည်။ ဒါဆို ငါးနာရီခွဲလောက်မှ ထိုရထား ပျဉ်းမနားဝင်၊ ခြောက်နာရီ စွန်းစွန်း မှောင်မှ အေလာသို့ ရောက်မှာပါလား…!! နှစ်နာရီကျော်လောက် ဒုက္ခခံရဦးမည့်အရေးတွေးကြည့်ကာ စိတ်ပိုညစ်လာပြီ။ တော်ကွာ ဒီကနေ့ စောင့်ရတဲ့ အလုပ် ဒီမျှနဲ့ တန်တော့၊ ဘယ်အချိန် ရောက်မယ်မသိတဲ့ သောက်ရထားကိုလည်း မေ့လိုက်တော့။ ငါ အေလာထိ လမ်းလျှောက်ပြန်မယ်…။ နာရီဝက်လောက် ရထားစီးရမယ့်ခရီး နှစ်နာရီလောက် သူ လမ်းလျှောက်ပြီး အရောက်သွားနိုင်မှာပါ။ ရထားအရင် သူ ရောက်ချင် ရောက်သွားအုံးမယ်.. ဟုတ်တယ်။ စိတ်ကူးနဲ့ သူ ထိုင်ရာက ထလျှောက်ခဲ့စဉ် သူ ကိုယ်ရောစိတ်ပါ ပေါ့ပါး သွားတယ်ထင်၏။

ပျဉ်းမနားဘူတာလေး၏ စင်္ကြန်အဆုံး ဇလီဖားတုံးများပေါ် စလျှောက်တော့ မြေပြင်ပေါ်လျှောက်ရသလို ပြင်ညီမဟုတ်သဖြင့် သိပ်အဆင်မပြေ၊ ကိစ္စမရှိ.. အောက်ကြည့်လျှောက်တော့ ပိုက်ဆံထုပ်တောင် ကောက်တွေ့နိုင်သေး၏။ ထိုအတွေးကြောင့် တစ်ယောက်တည်း ပြုံးမိသွားသည်။ စီးထားသည့် `မြစံပယ်´ တံဆိပ် ဖိနပ်အသစ်လေးကိုတော့ နှမြောအားနာမိသည်။ တော်ရုံဖိနပ်သဲကြိုးဆို ချုပ်ရိုးကြောင့် သူ့ခြေထောက် ဖိနပ်ပေါက်တတ်လို့ မြစံပယ်တံဆိပ်မှာ သူ့အကြိုက်ဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်ကမှ သူ့အမေပို့လိုက်သည့် အသစ်ကျပ်ချွတ်မို့ သဲကြိုးက ခြေထောက်မှာ အနည်းငယ်တင်းကြပ်နေကာ စီးရတာ သက်တောင့်သက်သာပင် မဖြစ်သေး၊ ဇလီဖားတုံးတွေက အစိပ်အကျဲမညီတော့ ခြေလှမ်းမတော်လျှင် ခလုတ်တိုက်မိမှာ၊ ဖိနပ်လေး ခါးကျိုးသွားမှာ စိုးမိသေး၏။

သူ့ရှေ့ မလှမ်းမကမ်းမှာလည်း လမ်းလျှောက်သူ သုံးယောက်ကိုတွေ့သည်။ ငါ့လို လူတွေရှိသေးတယ်ဟ လို့ တွေးရင်း၊ သူတို့ဆီမှ တချက်တချက် လွင့်လျှံလာတဲ့ စကားပြောသံတွေကို နားစွင့်ရင်း ဇလီဖားတုံးပေါ် ခြေအပြားလိုက်ကျအောင် သတိထားကာ ခပ်သွက်သွက် လိုက်လျှောက်တော့သည်။ ပျဉ်းမနားမြို့က ထွက်ပြီးမကြာ ရှေ့ကလူတွေ လူသွားလမ်းခွဲလေးတစ်ခုသို့ ချိုးဝင်သွား၏။ လမ်းကလေးဦးတည်ရာဘက်တွင် မြေလမ်းကျယ်တစ်ခုဝယ် သုံးဘီးတုတ်တုတ်တွေ၊ ဆိုင်ကယ်တွေ၊ ခြေလျင်နှင်သူတွေ ဥဒဟိုသွားလာနေတာ လှမ်းမြင်ရတော့ တစ်ချက် တွေခနဲဖြစ်သွားသည်။ ဘယ်အလုပ်ကိုမဆို ပြီးဆုံးအောင်မလုပ်ချင်တဲ့ သူ့အကျင့်ဆိုးက ထိုလမ်းဘက်ချိုးပြီး တုတ်တုတ်နဲ့ သွားရင်ကောင်းမယ်လို့ အတွေးကိုပေး၏။ သူငယ်ချင်းလေးက ပေးလိုက်တဲ့ ဒေါသနဲ့ ရှိစုမဲ့စု မာနက ဆုံးဖြတ်ပြီးသားကို မပြင်ဖို့ တားသည်။ ဦးနှောက်မှ ထိုမြေလမ်းကျယ် အေလာ ရောက်မရောက် မသေချာကြောင်း သတင်းပို့ရာ သံလမ်းပြိုင်အတိုင်း သူ ဆက်လျှောက်ခဲ့တော့သည်။

ကျနေချိုအောက်မှာ နာရီဝက်လောက်လျှောက်ပြီးတော့ ရွာလေးတစ်ရွာအရောက် ထိုမြေလမ်း တိုးဝင်ပျောက်ကွယ်သွားမှ သူ ဆုံးဖြတ်ချက်မှန်ကြောင်း ပိုသေချာကာ ကျေနပ်စရာဖြစ်၏။ သက်ရှိဆို၍ တခါတရံ ဖြတ်ပြေးသွားတဲ့ ပတတ်လို၊ ပုတ်သင်လိုအကောင်တွေမှလွဲလို့ မမြင်တော့ရာ ပို အထီးကျန်သွားသလိုလည်း ခံစားလိုက်မိသည်။ ဟိုး အရှေ့ ရှမ်းကုန်းမြင့် အစွန်းဆီမှ ဆန်းစ လကွေးကွေးကျပြန်တော့လည်း နေရောင်မပြယ်သေးသမို့ မြင်ရတာနွမ်းလျလျ။ လသာတာမြင်ရင် နင့်ကို သတိရတယ်လို့ ပြောဖူးတဲ့ သူငယ်ချင်းလေးနဲ့ အမှတ်ရစရာတွေက စိတ်ထဲ ပြန်ရောက်လာသည်။

သူ ဘွဲ့လွန်သင်တန်းအတွက် ရန်ကုန်မှာရှိစဉ် သူမကလည်း ဌာနဆိုင်ရာသင်တန်းအတွက် ရောက်လာခဲ့ဖူးသည်။ အားရက်တွေမှာ နှစ်ဦးဆုံကာ မြို့ရန်ကုန်အနှံ့ သူတို့ သွားဖြစ်၏။ တစ်ရက် အပြန်ကားကလည်းခက်၊ အချိန်ကလည်း လင့်နေပြီမို့ သူမ ခေတ္တနေရာ ကျိုက္ကလော့ဝ်ဘုရားနားက သင်တန်းကျောင်းဆီထိ သူလိုက်ပို့ဖြစ်ခဲ့သည်။ မှတ်တိုင်မှာ ဆင်းသည့်အချိန်ထိ တိုးဝှေ့ဆင်းခဲ့ရလို့ ပြေလျော့နေသည့် သူမရဲ့ခေါင်းစည်းကြိုးကို ပြင်စည်းပေးလိုက်ရင်ကောင်းမလားအတွေးနဲ့ စိတ်လွန်ဆွဲနေတဲ့ သူ… မှတ်မှတ်ရရ ဖြစ်စရာ လပြည့်ရက် ဖြစ်လာမယ်ဆိုတာ သတိပင် မမူမိခဲ့။

နှစ်ယောက်သား စကားပြောရင်း ကျိုက္ကလော့ဝ်ဘုရားကုန်းပေါ် တက်လာစဉ်မှာ မီးပြတ်သွား၏။ ရှစ်နာရီထိုးတော့မလား မဆိုနိုင်သည့် ထိုအချိန်မှာ ဘုရားကုန်းတစ်ခုလုံးသည် မှောင်ပိန်းမသွားဘဲ လရောင်အေးအေးကြောင့် ဝင်းသန့်လို့ပင် ရှိခဲ့သည်။ ဝလုံးလေးလို ပြည့်ဝိုင်းနေတဲ့ လမင်းကို မော့ကြည့်ရင်း

“လမင်းကလည်း သာလိုက်တာနော်…”ဟု သူမ တစ်ယောက်တည်းရေရွတ်သလိုလို သူ့ကိုပဲ ပြောသလိုဆိုသည်။

“အင်းးးးး.. လသာတော့ ဘာဖြစ်လဲ” အင်းလိုက်သည့် အသံရှည်နောက် မေးခွန်းပါ လိုက်သွားမိပြီးကာမှ ပုံပြင် တစ်ခုကို သတိရကာ သူမကို စချင်သည့် အကြံဖြင့် “ဟာ… ဟေ့ ဟေ့ အဲ့မေးခွန်း ငါ မမေးဘူးလို့ထားလိုက်..” ဟု အလန့်တကြား အသံဖြင့် ဆက်ပြောလိုက်သည်။

“ဟင်.. ဘာဖြစ်လို့လဲ…” တအံ့တဩ သူမ မေးလာတော့ လူတိုင်းသိတဲ့ လူပျိုကြီး ရည်းစားစကားပြောသည့် ပုံပြင်ကို ပြောပြလိုက်သည်။

“နင်လည်း သိပြီးသားပါဟ.. ဟိုပုံပြင်လေ။ လူပျိုကြီးတစ်ယောက်က အပျိုကြီးတစ်ယောက်အိမ် လူပျိုလှည့်သွားတာလေ..။ ရှက်ရှက်နဲ့ ဘာမှလည်း စီကာပတ်ကုံးမပြောတတ်၊ နောက်ဆုံး လသာတာမြင်တော့ လကြီးကလည်း သာလိုက်တာနော်လို့ ပြောတယ်လေ။ အပျိုကြီးက လကြီးသာတော့ ဘာဖြစ်သတုန်း ပြန်မေးပါရော၊ ဒီတော့ အနားမှာ စဉ်းအိုးကြီးကြည့်ပြီး .. လကြီးသာတော့ စဉ်းအိုးကြီး ပြောင်တာပေါ့လို့ ဖြေသတဲ့။ ကဗျာမဆန် မစည်မဆိုင်တွေမို့ စဉ်အိုးကြီးပြောင်တော့ ဘာဖြစ်သတုန်းတော့လို့ အပျိုကြီး ငေါ်တူးမှ စဉ်းအိုးကြီးပြောင်တော့ နင့်ကို ငါချစ်တာပေါ့ဟ လို့ လူပျိုကြီး ရည်းစားစကားပြောတဲ့ ပုံပြင်လေ…။”

“အင်းလေ.. အဲ့ဒီ ပုံပြင်သိသားပဲ၊ ခု ဘာဖြစ်လို့လဲ”

“ခု.. နင်က လမင်းကြီးသာတယ်ပြောတော့ ငါက ဘာဖြစ်သလဲ မေးမိရောလေ။ ပြီးရင် စဉ်းအိုးကြီး ပြောင်တယ်လို့ နင်ကဖြေ၊ စဉ်းအိုးကြီးပြောင်တော့ ဘာဖြစ်လဲလို့များ ငါက ဆက်မေးမိရင် .. နင့်ကို ငါချစ်တာပေါ့လို့ ငါ အပြောခံရတော့မှာလေဟာ။ တော်သေးတယ် ဒီပုံပြင် ငါ ကြားဖူးထားလို့သာပေါ့.. မဟုတ်ရင် နင်ဆင်တဲ့ ဂွင်ထဲဝင်ပြီး ငါ ရည်းစားစကား အပြောခံထိမှာမလား ဂျူးမြစ်ရ ဟား..ဟား..ဟား..”

“နင့်ကိုများ ငါက ဂွင်ဆင်စရာလားဟဲ့ ကောင်စုတ်ရဲ့..ခစ် ခစ် ခစ်” … သူ ရှင်းပြတာ နားထောင်ပြီး အော်လိုက်ပေမယ့် သူမ စိတ်မဆိုးခဲ့ဘူးဆိုတာ ထိုရယ်သံလွင်လွင်နဲ့ သိစေခဲ့တာ ဒီနေ့အထိ ကြားယောင်နေသလိုပါပဲလား..။ ထိုအဖြစ်ပြီး နောက် သူမဆီကလာတဲ့စာထဲမှာ လသာတာမြင်တော့ အဲဒီညကအကြောင်း စဉ်းစားမိပြီး သတိရတယ်လို့ ဆိုလာသလို.. သူကိုယ်တိုင်ကလည်း အမှတ်ရတိုင်း လသာလေမလား မော့ကြည့်တတ်ပြီး လသာတာမြင်တိုင်းလည်း သတိရတတ်တဲ့ ရောဂါစခဲ့သည်လေ။ လသာလို့ သတိရတာလား သတိရလို့ လမင်းသာစေချင်တာလား မကွဲပြားအောင် ရောဂါရင့်လာသော်လည်း..

ဒုတ်…”

“အောင်မငှီး ..လ..လမင်းကယ်ပါဗျာ…”

 

13 comments

  • Shwe Ei

    November 15, 2012 at 1:44 am

    ဗုတ်ဒေါ ဘာဖစ်ပီလဲတော် အလန့်ထညက်နဲ့ :kwi:
    ဂယ်တေ့ာလေ သတိရနေတုန့်း လသာတာမှာ လသာတုန်းက သတိရစရာလေးတေကို တွေးမိသွားဗျ။
    တိုက်ဆိုင်မှုတေရှိလာတော့လဲ အမှတ်တမဲ့မင်းကိုလွမ်းပါတယ် ပေါ့ဗျာ။

    • ရွာစားကျော်

      November 15, 2012 at 2:01 am

      ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်ကားထက်
      အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်…
      ခုနေ မှတ်မိသေးမယ် ထင်ပါတယ်… နှစ်တွေ လတွေက အတော်ကြာပြီပဲ…
      ဘယ်သူနဲ့ မင်းသောက်နေမလဲ.. ဘယ်ဆိုင်မှာ မင်းမှောက်နေမလဲ…
      အဲ..အဲ.. ဇာတိက အဲလိုပဲဗျာ.. အရေးကောင်းရင် ထ ထ ဖောက်ရော
      :mrgreen:
      ပထမဆုံး ကွန်မင့်လေးအတွက် ကျေးဇူးပါ ရွှေအိရေ

  • မိုချို

    November 15, 2012 at 9:59 am

    ကို ရွာစားရေ
    ဇာတ်သိမ်း ကကော ဘယ်လောက်စောင့် ရ အုံး မှာတုန်း။ ရွာစားကတော် ရှင်မွေးလွန်း မသိအောင် ရေး ရ လို့ ကြာ သွား တာတော့ မဟုတ် လောက် ပါဘူးနော်။

    • ရွာစားကျော်

      November 15, 2012 at 10:25 am

      ရှူး တိုးတိုး..
      သူကြားသွားပါအုံးမယ်
      ဟီး တကယ်တော့ ကျနော့် ရှင်မွေးလွန်းက မန်ဘာ ဝင်မထားပေမယ့်
      ရွာထဲ အလည်လာအားပေးနေကျ စာဖတ်သူ တစ်ယောက်ပါဗျာ
      ကျနော့်ကို ဝင် ဝင် check တာလားတော့ မသိဘူး :harr:

  • ခိုင်ဇာ

    November 15, 2012 at 12:49 pm

    ကျနော်တော့ မန်းလေး၊ မြစ်ကြီးနားရထားကို ကြားဘူတာက တက်တဲ့ အတွေ့အကြုံရပြီးကတည်းက အဲ့ ရထားတို့၊ ရထားလမ်းတို့ ကိုသိပ်စိတ်နာတာပဲ။
    ကိုရွာစားကျော်ရေးတာတော့ဖတ်ကောင်းလို့ အားပေးသွားတယ်။
    နောက်ဆုံးတိုက်မိတာ ရွှေထုတ်ကြီးလားဟင်။ :kwi:

  • ရွာစားကျော်

    November 15, 2012 at 7:36 pm

    အောက်ကြည့်လျှောက်ရင် ငွေထုပ်တောင် ကောက်ရနိုင်တယ်လို့ ဆိုထားတယ်မလား ဟဲ ဟဲ
    ဇာတ်သိမ်းပိုင်းလေး စောင့်ဖတ်ပေးဦးနော် မခိုင်ဇာ

    • ခိုင်ဇာ

      November 15, 2012 at 7:38 pm

      ဟုတ်။ စောင့်ဖတ်မှာတော့ စိတ်ချပါ။ ရက်အကြာကြီးသာမဟုတ်ပါစေနဲ့လေ။ :harr:
      အားရင် ရွာထဲပဲ လှည့်နေမိတတ်တာပဲ။ ခုတလောတော့။

  • မောင်ပေ

    November 15, 2012 at 9:37 pm

    ရွာစားရေ ဒီအပိုင်းကိုတော့ အေးအေးလူလူမှ ဖတ်ဖို ့ ၊ လင့်ခ် ကူးသွားတယ်ဗျား
    ဒီလိုပို ့စ်မျိုးကြ အချိန်ပေးပြီး ခံစားချင်တာ
    ကိုယ့်ဘော်ဒါကြီး ရဲ ့ရင်ခုန်သံတွေ ၊ ပညာခန်းတွေကို

    • ရွာစားကျော်

      November 16, 2012 at 1:20 pm

      ငယ်တုန်းရွယ်တုန်းက မ ဖက်လိုက်ပြီး မိုက်ဖက်ပါခဲ့တာလေးတွေ စားမြုံ့ပြန်ကြည့်တာပါဗျာ.. ဖတ်ပြီးရင်လည်း ဝေဖန်အကြံပေးပါအုံး.. ကပေရေ

  • weiwei

    November 16, 2012 at 1:36 pm

    ရထားလမ်းနားမှာနေပြီး ဇလီဖားတုံးတွေကို တစ်ခါမှ မရေတွက်ခဲ့ဖူးဘူး …
    ရထားလမ်းပေါ် ခြေချော်မလဲအောင်ပဲ ဂရုစိုက်နေရလို့ …
    ဇာတ်သိမ်းခန်းကို စောင့်မျှော်နေပါတယ် … မြန်မြန်ရေးပါ ..

    • ရွာစားကျော်

      November 16, 2012 at 9:13 pm

      ဟုတ်ကဲ့ အမြန်တင်ပေးပါ့မယ်ခင်ဗျ..
      တကယ်တမ်းပြောရရင် ပေါက်တတ်ကရ ရေးဖို့သာ လက်သွက်တာ
      ရသဆန်ဆန်ရေးရတာ ကျနော့်အဖို့ နည်းနည်းမလွယ်ဘူးဖြစ်နေလို့ပါ

  • အရီးခင်လတ်

    November 16, 2012 at 10:44 pm

    ဟားဟား
    သားတော်မောင် ရဲ့ လက်ချက်နဲ့ စိတ်ကူးပျက်သွားတာမဟုတ်လား။
    ခရီးသွားရတာထဲမှာ ရထားစီးပြီး ခရီးသွားတာ ကို အကြိုက်ဆုံးပါ။
    ရွာစားကျော် ရဲ့ ကိုယ်တိုင်ရေး ဘဝဇာတ်ကြောင်းလေးလား။
    အရေးကောင်းတယ်။
    ဖတ်လို့ကောင်းပါ့။
    အခန်းတော့ သိတ်မဆက်ပါနဲ့တော်။
    မြန်မြန်လေးတင်ပါ။ :hee:

    • ရွာစားကျော်

      November 17, 2012 at 6:03 pm

      ရထားစီးပြီးခရီးသွားရတာကိုကြိုက်သော်လည်း ရထားလက်မှတ်တန်းစီရတဲ့ဒုက္ခ မခံစားနိုင်ဘူး အရီးရယ်
      စစ်စစ် စစ်စစ် မြည်နေတဲ့ ကိုယ်တွေ့လေးပါခင်ည.. :hee:
      နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီ.. စောင့်ပြီးအားပေးပါဦးနော်

Leave a Reply