အစွမ်းထက်သော ဆေးလိမ္မော်

Mon LayOctober 8, 20121min671

 

နိုင်ငံအနှံ့တွင် အလွယ်တကူ ဝယ်ယူ စားသုံးနိုင်သော သဘာဝ သီးနှံ အမြောက်အများ အနက်မှ လူသားတို့ အတွက် ဘက်စုံကောင်းမွန်သော အသီး တစ်မျိုးမျိုးပြပါ ဆိုလျင် လိမ္မော်သီးလည်း သည် မပါမဖြစ် ပါဝင် သင့်သော အသီး တစ်မျိုးဟု ထင်သည်။ ထို့ကြောင့် လိမ္မော်သီးနှင့် ပတ်သက်၍ အကျိုး ဖြစ်ထွန်းနိုင် သော အချက်များကို ဖော်ပြရေးထားသော ကျန်းမာရေးဆောင်းပါး တစ်ခုမှ လက်ဆင့် ကမ်းတင်ပြလိုက် ပါသည်။ လိမ္မော်သီးသည် အချိုမျိုး၊ ကမ္ဗလာ(ခေါ်) လိမ္မော် အငယ်စားမျိုး၊ အခါးမျိုး-ဟူ၍ သုံးမျိုးရှိသည်။ ယခုအခါ ပျားလိမ္မော် ဟူ၍လည်း တွေ့ရသည်။ လိမ္မော်သီးကို မြန်မာ့ အစားအစာ၏ အာဟာရဘက်က ကြည့်လျှင် လိမ္မော်သီး အလေးချိန် (၁၀၀)ဂရမ် (ခြောက်ကျပ် တမတ်သား)တွင် ကယ်လိုရီ(၄၁)၊ ပရိုတင်း(၀)ဒသမ (၇)ဂရမ်၊ အဆီဓာတ်(၀) ဒသမ(၂)ဂရမ်၊ ကစီဓာတ်(၁၀) ဒသမ(၂)ဂရမ်၊ ထုံး ဓာတ်(၂၆) ဒသမ(၀)မီလီဂရမ်၊ သံဓာတ်(၀) ဒသမ(၂) မီလီဂရမ်၊ ဗီတာမင်အေ အိုင်ယူ(၂၅၆)၊ ဗီတာမင် ဘီဝမ်း(၀) ဒသမ(၀၉) မီလီဂရမ်၊ ဗီတာမင်ဘီတူး (၀)ဒသမ (၀၄) မီလီဂရမ်၊ နိုင်ယာစင်(၀) ဒသမ(၄) မီလီဂရမ်၊ ဗီတာမင်စီ (၄၂) မီလီဂရမ်တို့ အသီးသီး ပါဝင်ပါသည်။ ထို့ပြင် လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယ်ဓာတ် တို့လည်း ပါရှိသည်။ အထူးသဖြင့် ဗီတာမင်စီ အများဆုံး ပါဝင်သည်။ ဗီတာမင်စီသည် အနာကျက်မှုကို မြန်စေ၍ သံဓာတ် စုပ်ယူအား ကောင်းစေသည်။ ဗီတာမင်စီ ပါဝင်သော လိမ္မော်ရည်ကို သောက်ခြင်းအားဖြင့် အစာအိမ်၊ အစာမျိုပြွန်၊ ပါးစပ်၊ အူမကြီး ကင်ဆာရောဂါ များကို ကာကွယ်နိုင်ပါသည်။ လိမ္မော်ရည်ကို တနေ့ အနည်းဆုံး နှစ်ဖန်ခွက်မှ အများဆုံး လေးဖန်ခွက် အထိ သောက်လျှင် ကျောက်ကပ် ကျောက်တည်ခြင်းကို ဟန့်တားနိုင်သည်။ လိမ္မော်သီး၌ ပါဝင်သော ကယ်လ်ဆီယမ်ဓာတ် (Calcium)သည် လူ့ခန္ဓာကိုယ် ဖွဲ့စည်းမှုစနစ် အတွင်းရှိ အက်ဆစ်ပြင်း (Alkaline Mineral) တို့ကို ပျက်ပြယ် သွားစေနိုင်သည့် အဆိပ်ပြေ ဆေးတမျိုးဖြစ်သဖြင့် သွေးသစ်၊ သွေးသန့် တိုးပွားစေသည်။ ရုမတွိုက် ရိုးဆက်ရောင်ရမ်းနာ Rheumatoid Arthritis (ရူမတစ်ရောဂါနှင့် ဆင်သည့် ရောဂါလက္ခဏာများဖြစ်သော ရိုးဆစ်ရောင်ရမ်းခြင်း) ကို ကာကွယ်နိုင်သည်။ လိမ္မော်သီး၌ ပါဝင်သည့် သကြားဓာတ်သည် သဘာဝ အချိုဓာတ် ဖြစ်သည်။ ထို့ပြင် အသီး၌ ပါဝင်သည့် အမျှင်များ သည်လည်း သကြားစုပ် ယူမှုကို လျော့နည်း စေသောကြောင့် လိမ္မော် သီးစားသုံးခြင်း အားဖြင့် သွေးအတွင်းရှိ သကြားဓာတ်ကို လျင်မြန်စွာ မတက်နိုင်ပေ။ ထို့ကြောင့် လိမ္မော်သီးသည် ဆီးချို၊ သွေးချို၊ ခန္ဓာကိုယ်ဝ ဖြိုးသူများနှင့် သင့်လျော်သည်ဟု ဆိုသည်။ သို့သော် အချို့က သွေးချို၊ ဆီးချိုရှိသူများ လိမ္မော်သီး မစားသင့်ဟု ဆိုသည်ကို တွေ့ရပြန်သည်။ မည်သို့ဖြစ်စေ တန်ဆေး လွန်ဘေး ဖြစ်ရကား သင့်တင့်မျှတစွာ စားလျှင် ဘေးဥပါဒ်ဖြစ်နိုင်မည် မဟုတ်ပေ။ အမှန်တော့ ကျန်းမာ သန်စွမ်းသူများပင် လိမ္မော်သီးကို အလွန်အကျွံ စားလျှင် အပူကန် လာပြီး အာခံတွင်း ရောင်ရမ်းနာ၊ သွားဖုံးတဝိုက် ရောင်ရမ်းနာ၊ စသည်တို့ ဖြစ်တတ်သည်။ သို့ဖြစ်၍ လိမ္မော်သီးကို တနေ့တလုံးသာ စားသင့်သည်။ လိမ္မော်သီး တနေ့တလုံး (သို့) လိမ္မော်ရည် တနေ့တဖန်ခွက် သောက်သုံးလျှင် ငှက်ပျောသီး စားသကဲ့သို့ပင် အစာအိမ်ရောဂါနှင့် အစာအိမ်ကင် ဆာဖြစ်ရန် အခွင့်အလမ်းလည်း နည်းစေသည်။ လိမ္မော်သီး စားပြီးနောက် တနာရီအတွင်း နွားနို့ မသောက်မိဖို့လည်း သတိပြုသင့်သည်။ အကြောင်းမှာ နွားနို့၌ ပါဝင်သည့် ပရိုတင်းများက တာရာရစ် အက်ဆစ်နှင့် ပေါင်းစပ်ပြီး ခဲသွားသောအခါ အစာကြေနိုင်မှု ခက်ခဲသွားနို်င်ကာ အစာထဲက အာဟာရစုပ်ယူမှုကိုပါ ထိခိုက်စေနိုင် သောကြောင့် ဖြစ်သည်။ ပင်လယ်စာ စားသူများသည် လိမ္မော်သီးနှင့် တွဲဖက်၍ စားသင့်သည်။ အဘယ်ကြောင့် ဆိုသော် ပင်လယ်စာထဲမှ Histamine ဓာတ်များကြောင့် ခန္ဓာကိုယ်နှင့် နှုတ်ခမ်း တလျှောက်၌ အဖုအပိန့်များ ထွက်လာပြီး ယားယံတတ် သောကြောင့် ဖြစ်၏။ ယင်းကို လိမ္မော်သီး၌ ပါဝင်သော Antibistmi၏ သတ္တိက အကာအကွယ် ပေးနိုင်သည်။ လိမ္မော်ရည်ကလည်း အာနိသင်ရှိသည်။ ခံတွင်းကောင်း၍ အစာကြေစေသည်။ ဝမ်းမှန်စေသည်။ အားအင် ပြည့်ဖြိုးစေသည်။ သွေးအား ကောင်း၍ သွေးကို သန့်စေသည်။ သွားဖုံး သွေးယိုခြင်းကို ကာကွယ်နိုင်သည်။ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ လည်ချောင်း နာခြင်း၊ အသည်း ရောဂါ၊ နှလုံးရောဂါ၊ ဝမ်းပျက် ဝမ်းလျှော ရောဂါတို့၌လည်း ဆေးအဖြစ် အသုံးပြုနိုင်သည်။ လိမ္မော်ခွံ အခြောက်ကလည်း လွှင့်ပစ် စရာမလို။ ယင်းသည် အော့အန်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင် သည့်အပြင် ပုံမှန်မှီဝဲလျှင် သန်ကောင် ရောဂါကို ကာကွယ်နိုင်သည်။ လိမ္မော်ခွံ အခြောက်ကို အစာကြေဆေး၊ ခ့တွင်းနဲ့ ကောင်းဆေး၊ ဝမ်းပိတ်ဆေး၊ လေဆေး စသည်တို့ ဖော်စပ်ရာ၌လည်း အသုံးပြုကြသည်။ လိမ္မော်ခွံမှ ထုတ်ယူရရှိသည့် လိမ္မော်ဆီ ကလည်း အင်အား တိုးပွား၍ အစာကြေစေသည်။ လိမ္မော်ပွင့်မှ ထုတ်ယူရရှိသော အဆီကလည်း အမူးအမော် အတွက် အလွန်ကောင်းသည်။

 

လိမ္မော်ခွံ၌လည်း အနံ့သင်းသော Limonen ခေါ်လွှင့်ပျ့ဆီအပြင် ဂလူးကို့စ်ဆိုဒ်၊ တင်နင်ဓာတ် ပြာဓာတ်များ ပါရှိသည်။ လိမ္မော်ပွင့်၌လည်း Neroli ခေါ်ရနံ့သင်း ဆီတမျိုး ပါဝင်သည်။ ယင်းကို နာမည်ကျော် အော်ဒီကလုံး ရေမွှေးဖော်စပ်ရာ၌ ထည့်သွင်း အသုံးပြုကြသည်။ လိမ္မော်ခွံ အောက်၌ ကပ်လျက်ရှိနေသည့် ဖော့သား အဖြူရောင်၌လည်း သက်စောင့် ဓာတ်နှင့် အခြားကင်ဆာ ရောဂါများကို တိုက်ဖျက် ပေးနိုင်သော ဓာတ်များ ပါရှိသည်။ ထို့ပြင် အပြင်ခွံနှင့် အခံ အတွင်းပိုင်း အဖြူရောင် အမျှင်များ၌ရှိသော Flavonoids နှင့် Polyphenols ဓာတ်များ ကလည်း သွေးပေါင်ချိန်နှင့် သွေးတွင်း အဆီဓာတ်ကို လျော့စေသည်။ ယင်းသည် အရောင် ကျစေသည့် အာနိသင် ရှိသဖြင့် ရင်ကျပ်ရောဂါ အတွက် အကျိုး သက်ရောက်စေသည်။ ထို့ပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေ၍ ခန္ဓာကိုယ်ရှိ အဆိပ်များကို ဖယ်ရှားပေးပြီး အူမကြီး ကင်ဆာကိုလည်း ကာကွယ်နိုင်သည်။ ထို့ကြောင့် လိမ္မော်သီး ကိုစားလျှင် အမျှင်ပါ စားသင့်သည်။ ဂျပန်နို်င်ငံ သုတေသန ပညာရှင်များ၏ လေ့လာချက် အရ လိမ္မော်သီးကို ပုံမှန်စားသုံး သူသည် နှလုံး သွေးလွှတ်ကြောရောဂါ၊ သွေးတိုး၊ ဆီးချို၊ ဂေါက်နာ ရောဂါတို့ ဖြစ်ပွားမှု နည်းကြောင်း တွေ့ရသည်။ ထို့ပြင် လိမ္မော်သီးက ဆေးလိပ်နှင့် အရက်ကြောင့် အသည်း ရောဂါဖြစ်ပွားသူ များအတွက်လည်း အကျိုးပြုကြောင်းနှင့် အသည်းကင်ဆာ၊ အသည်း ကြီးခြင်း၊ အသည်း၌ ဖြစ်သော ရောဂါများကိုလည်း ကာကွယ်ပေးကြောင်း တွေ့ရသည်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်အရ လိမ္မော်သီး စားသုံးခြင်း အားဖြင့် သွေးလွှတ် ကြောများ၌ အနည်ထိုင်သော ကိုလက်စထရော အဆီ အဆုံးသတ် ပြောင်းလဲမသွားအောင် ကူညီကြောင်း တွေ့ရသည်။ အမေရိကန်နိုင်ငံ စုတား ပြည်နယ် ဆေးပညာဌာနမှ သုတေသီများ၏ လေ့လာချက်အရ ဆီးကျောက်တည်သူ များ လိမ္မော်ရည် သောက်သုံးခြင်း အားဖြင့် နောက်တဖန် ဆီးကျောက် ပြန်မတည်စေရန် အထောက် အကူပြုကြောင်း တွေ့ရသည်။ ထို့ပြင် လိမ္မော်သီး၌ ပါဝင်သော ဆစ်ထရက် အက်ဆစ်သည် ပင်ပန်းနွမ်းနယ် မှုကို ဖယ်ရှားနိုင်ကြောင်း၊ လိမ္မော်ခွံ၌ ကပ်၍ ပါလာသည့် လိမ္မော်သီးစေ့ (လိမ္မော်ခွံ ကလူးကို့စ်ဆိုက်) သည် ဆံချည်မျှင် သွေးကြောများ ပျော့ပျောင်း၍ ကြံ့ခိုင် သန်စွမ်းနိုင်ကြောင်း၊ သွေးတိုးနှုန်း ကျဆင်းစေသည့် နှလုံးပတ် သွေးလွှတ်ကြောကိုလည်း ကျယ်စေကြောင်း၊ လိမ္မော်သီး အမြွှာ၌ ရှိသည့် အမျှင်သည် အာဟာရ ဖိုင်ဘာမျှင်ဖြစ်၍ ပက်တင်း(Peca Tin) ဟုခေါ်သော သစ်သီး အစေး ပါဝင်သဖြင့် ဝမ်းမှန်စေကြောင်း၊ သွေးတွင်း အဆီကိုလည်း ကျစေကြောင်း တွေ့ရသည်။ မြန်မာ့ ဆေးကျမ်းများ၌လည်း လိမ္မော်ပင်၊ လိမ္မော်သီးတို့၏ အသုံးများကို တွေ့ရသည်။ * ဆံရင်း အစပ်တွင် ယားနာ ပေါက်သူများ လိမ္မော်ရွက်ကို ထုထောင်း၍ ပျားရည်နှင့် စပ်ပြီး ယားနာနေရာ၌ အုံပေးလျှင် သက်သာပျောက် ကင်းစေသည်။ * သွေးလေ ညီညွတ်၍ စိတ် ရွှင်လန်းစေရန် အတွက် လိမ္မော်ရွက် ၅၀-ခန့်ကို ဝိုင်နှင့်ဖြစ်စေ၊ ခေါင်ရည်နှင့်ဖြစ်စေ နေ့တဝက် စိမ်ပြီးနောက် ယင်းအရွက်များကို ပျားရည်(၅))ကျပ်သား ထည့်ထားသော အိုးထဲသို့ ပြောင်းထဲ့ကာ မီးမျှဉ်းမျှဉ်းဖြင့် အရောင်ပြောင်း လာအောင် ကျိုပါ။ ထို့နောက် တနေ ့နှစ်ကြိမ် တခါသောက် လက်ဖက် ရည်ဇွန်း တဇွန်းခန့် သောက်ပါ။ * ချောင်းဆိုး သူများ လိမ္မော်ရည် တဖန်ခွက်ကို လိမ္မော်ရွက် လေးငါးရွက်ခန့်နှင့် ဆူအောင် ကျိုပြီးနောက် မီးဖိုမှ ချ၍ ငါးမိနစ်ခန့် အဖုံးအုပ် ထားပါ။ ထို့နောက် အရွက်များကို ဖယ်ရှား၍ ပူပူနွေးနွေး အရည်ကို တနေ့ သုံးကြိမ် သောက်လျှင် သက်သာ ပျောက်ကင်းနိုင်သည်။ * အကြော အားနည်းခြင်း၊ မှတ်ဉာဏ် အားနည်းခြင်း တို့အတွက် လိမ္မော်ပွင့် အခြောက်ကို တနေ ့နှစ်ကြိမ် မှန်မှန် စားလျှင် အကြော အားကောင်း၍ မှတ်ဉာဏ် တိုးစေနိုင်သည်။ * ကလေးငယ်များ သူငယ်နာ အကြောတက်၊ အကြောဆွဲခြင်း များ ဖြစ်နေပါက လိမ္မော်ပွင့် (၃၀)ကျပ်သားကို ရေသုံး ပိဿာ၌ တည စိမ်၊ နောက်တနေ့ နံနက်၌ ပေါင်းအိုးဖြင့် ပေါင်း၍ ပေါင်းခံရည် စုထားပြီး ၎င်းကို တခါသောက် ထမင်းစား ဇွန်း(၅)ဇွန်းမှ (၁၀)ဇွန်း ခန့်အထိ နေ့စဉ် တိုက်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။ * အစာမကြေခြင်းနှင့် နှုတ် မမြိန်ခြင်း တို့အတွက် လိမ္မော်သီး ကို မခွံ မနွှာဘဲ လေးစိပ် ခွဲ၍ အရက်နှင့် စိမ်ပြီး နည်းနည်းချင်း သောက်လျှင် အစာကြေ၍ နှုတ်မြိန်စေသည်။ ယင်းသည် လေနာ၊ လေချုပ်၊ လေဆန်နာများကို အကျိုးပြုသည်။ * မျက်နှာဝ၌ ဝက်ခြံ ထူထပ်သဖြင့် အသားအရေ မချော မမွေ့ဖြစ်နေ သူများ သနပ်ခါးရည် ကျဲကျဲထဲသို့ ဆား အနည်းငယ်ထည့်၊ လတ်ဆတ်သော လိမ္မော်သီးခွံကို ချိုးညှစ်၍ ထွက်လာသော ချွေးရည်နှင့် ရောပြီး ၎င်းကို အိပ်ရာဝင်ချိန်တွင် မျက်နှာ၌လိမ်းလျှင် အသားအရေ ချောမွေ့လာစေနိုင်သည်။

 

* ရာသီဥတု အကူး အပြောင်း၌ ဖြစ်တတ်သော အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်း တို့အတွက် လိမ္မော်ရည် တဖန်ခွက်ကို ပူအောင်နွှေး၍ ပက်ပါမင့် အဆီ သုံးစက်ချပြီး နှစ်မိနစ်ခန့် အဖုံးအုပ်ထားပါ။ ထို့နောက် ၎င်းကို တနေ ့သုံးကြိမ် ချင့်ချိန်သောက် လျှင် သက်သာ ပျောက်ကင်းနိုင်သည်။ * ဝမ်းမှန်၍ စားသောက် ကောင်းစေရန် အတွက် လိမ္မော်ရည် တဖန်ခွက်(၂၅၀) စီစီကို မီးနွေးနွေး ဖြင့်ပြ၍ ဆားပုပ်၊ ငရုတ်ကောင်း စေ့ခန့်နှင့် ချင်းခြောက်မှုန့် ဇွန်းငယ် တဇွန်းခန့် ထည့်ပြီး အအေးခံ သောက်လျှင် သုံးလေးရက် သောက်ရုံဖြင့် ဝမ်းမှန်၍ စားသောက်ကောင်း လာစေနိုင်သည်။ * ကလေးများ သွေးအားနည်း၊ အကြော အားနည်း၊ အရိုးပျော့၊ ဝမ်းပျက်ခြင်း တို့ဖြစ်ပါက လိမ္မော်ရည်ကို ရေကျက်အေးနှင့် ဆတူရော၍ တိုက်လျှင် သက်သာ ပျောက်ကင်းနိုင်သည်။ * နှင်းခူနာဖြစ်သူများ လိမ္မော်ခွံကို ထုခြေ၍ အနာ၌ ပွတ်ပေးလျှင် သက်သာ ပျောက်ကင်းနိုင်သည်။ * မျက်နှာ၊ ခြေ, လက်တို့တွင် အဖြူ၊ အနီ၊ အနက် စသော အကွက်များ ထွက်ပါက လိမ္မော်ခွံကို နေရိပ်၌ ခြောက်သွေ့အောင် လှန်း၊ အမှုန့်ထောင်း၍ ရေနှင့် စပ်ပြီး ၎င်းကို အကွက်များပေါ်၌ တနေ့သုံးကြိမ် ခပ်ထူထူ လိမ်းလျှင် ပျောက်ကင်းစေနိုင်သည်။ * ဝမ်းလျှော ဝမ်းပျက်သူများ လိမ္မော်ခွံ အမှုန့်နှင့် စပျစ်စေ့ အမှုန့်ကို ဆတူရော၍ တနေ့သုံးကြိမ် တခါသောက် ဇွန်းငယ် တဇွန်းခန် ့သောက်လျှင် သက်သာ ပျောက်ကင်းနိုင်သည်။ * အရေပြားနှင့် ခြေသည်း, လက်သည်းများပေါ်၌ ပွေးပေါက် ပါက လိမ္မော်ခွံ အစိုကို ညက်အောင် ထောင်း၍ ပွေးကွက်ကို လိမ္မော်ခွံဖြင့် ဖြည်းညင်းစွာ ခြစ်ပြီးနောက် ထောင်းထားသော လိမ္မော်ခွံဖြင့် အုံပေးပါ။ ဆေးအသစ် လဲတိုင်း ပွေးကွက်ကို လိမ္မော်ခွံဖြင့် အသာအယာ ခြစ်ပေးခြင်း အားဖြင့် ပွေးကွက် တဖြည်းဖြည်း ကျဉ်းပြီး ပျောက်ကင်း သွားစေနိုင်သည်။* အသားပပ်၊ အသားကြမ်း၊ ညှင်းပေါက်သူများ လိမ္မော်ခွံကို ညှစ်၍ ရသော ချွေးဖြင့် လိမ်းပေးနိုင်သည်။* တင်းတိပ်ပေါက် သူများ လိမ္မော်ခွံကို မီးဖြင့်နွှေး၍ ချွေးကိုညှစ်ပြီး ၎င်းချွေးဖြင့် တင်းတိပ် ပေါက်သော နေရာ၌ ပွတ်ပေးလျှင် သက်သာ ပျောက်ကင်းစေနိုင်သည်။ * လေထိုး လေအောင်သူများ လိမ္မော်ပင် အခေါက် အနည်းငယ်ကို သုံးခွက်တခွက် တင်ကျို၍ တနေ့နှစ်ကြိမ် ချင့်ချိန် သောက်လျှင် သက်သာ ပျောက်ကင်းနိုင်သည်။ ဝမ်းတွင်းရှိ တုတ်ကောင်၊ သန်ကောင်များလည်း ကျစေနိုင်သည်။ လိမ္မော်သီးနှင့်ပတ်သက်၍ ဥတုဘောဇန သင်္ဂဟကျမ်း၌ လိမ္မော်သီးသည် မွှေးသော ရနံ့ရှိ၏။ ချို၏၊ စဉ်းငယ်ချဉ်၏၊ နှုတ်ကို မြိန်စေ၏၊ သလိပ်ကို နိုင်၏၊ နှလုံးကို နှစ်သက် စေတတ်၏ဟု၎င်း၊ ဒဗ္ဗဂုဏပ ကာသနီကျမ်း၌ လိမ္မော်သီးသည် လေကိုနိုင်၏။ နှလုံးကို ကြည်လင်စေ တတ်၏။ အော့အန်နာကို ပျောက်စေ၏ဟု၎င်း။ ဇီဝိတဝဎ္ဍန ကျမ်း၌ အချိုများသော လိမ္မော်သီးကို ဆား အနည်းငယ်နှင့် တို့၍စားလျှင် သလိပ်ရွှင်၍ ဆီးများစေသည်။ အချိုများသော လိမ္မော်သီးသည် သလိပ်ကပ်၊ ချောင်းဆိုး၍ ကိုယ်ပူစေ တတ်သည်ဟု ၎င်း။ သဘာဝဓမ္မ အလင်းပြ ကျမ်း၌ လိမ္မော်သီးသည် အကြောင်း ဥဏှငြိမ်းစေသော သီတတေဇောဓာတ်စာ၊ အေး၊ ချဉ်၊ သီတ၊ အာကာသဓာတ်စာ၊ အရသာချို,ချဉ် အကျိုးသွား ဆီးများ၊ လေသက်ဟု၎င်း။ ဓတာဩသဓရာ သီကျမ်း၌ လိမ္မော်သီးသည် အအေး အာပေါ၊ အသက်ဟုဟု ၎င်း ပြဆိုထားသည်။ ချုပ်၍ဆိုရသော် လိမ္မော်ပင်၊ လိမ္မော်သီးသည် လူတို့ ကျန်းမာ သက်ရှည်ရေးအတွက် အာနိသင် ထက်မြက်သော သဘာဝ ဆေးတခွက်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပေသည်။

One comment

  • pooch

    October 9, 2012 at 12:13 am

    ဟိုးအရင်တုန်းကထဲက လိမ္မော်သီးစားရင် အခွံပါးရော အမျှင်လေးတွေပါ စားဖြစ်ခဲ့တာပါ။ ဆေးဘက်ဝင်တယ် ပြောလို့ ။
    ဒီမှာလည်း ရှောက်လိမ္မော်ရက်ဆား ရှိတယ်။ စားလို့လည်း ကောင်းတယ်။

    တောင်ကြီးဘက်သွားတုန်းက တလမ်းလုံး အန်ပြီး ဘာမှ မစားနိုင်ခဲ့တာ ရောက်ရောက်ခြင်း ပထမဆုံး စားနိုင်ခဲ့တာ လိမ္မော်သီးပါ။ နေလို့ ထိုင်လို့ ကောင်းသွားတာတော့ အမှန်ပဲ။

Leave a Reply