စိမ်းမြမြစိမ်း

စဆရ ႀကီးOctober 10, 20121min16310

ပန်ကာမှာ တဖျပ်ဖျပ်ဖြင့် ကိုရင်ရှူံးခေါင်းထက်တွင်လည်နေသည်။ မစို့မပို့လေလေးအနည်းငယ်ပေးနိုင်ရေးအတွက် သူ့ခမျာ ချာချာလည်အောင်လှည့်နေရသည်ဟု မဆီမဆိုင်တွေးမိသည်။ ခံစားချက်နုပုံများပြောပါတယ်… လူနှင့်တောင်မလိုက်။ ဆိုတော့ကာ နာရီလက်တံမှာလည်း မနက် ၃ နာရီစွန်းစွန်းကို အတော်လေး ကျော်ခွသွားနေပြီဖြစ်သည်။ အခန်းထဲတွင်မတော့ ကိုရင်ရှူံး၊ ဆေးလိပ်ငွေ့များနှင့် ကွန်ပျူတာတစ်လုံး သက်ဝင်လှုပ်ရှားနေသေးသည်။ ပါတ်ဝန်းကျင်တွင်မတော့ အရာရာ တိတ်ဆိတ်ငြိမ်သက်လျက်သား။ လူအများကြားတွင် နေထိုင်ရမည်ကို ရှက်ရွံ့နေသည့် ကိုရင်ရှူံးအဖို့မှာမူ ပွဲတော်ကြီးတစ်ခုထဲတွင် ရောက်နေသည့်အလား၊ လွန်စွာမှပင် ပျော်ရွှင်ကြည်နူး နှစ်သက်ခြင်းဖြစ်မိလေတော့သည်။

လူတွေများ အတော်လေးခက်ပါ၏။ ရေနစ်သူ ဝါးကူထိုး၊ အားနည်းသူ အနိုင်ကျင့်ချင်ကြပြန်သေး၏။ အနိုင်ရနေသူများအဖို့မူကား တစ်ချို့ကား အနိုင်ရနေခြင်းကို ဝမ်းသာကျေနပ်အားရခြင်းဖြစ်၏။ တစ်ချို့ကား ဘာမှအရေးမကြီးသည့် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အနေနှင့်သာ ခံစားကြ၏။ တစ်ချို့မှာကား… အနိုင်ယူလိုက်မိလေခြင်းဟု များစွာ စာနာသနားခြင်းဖြစ်တတ်သည်။ ခံလိုက်ရသူအဖို့မှာကား တစ်သက်တာ မှတ်သားစရာဖြစ်နေသည်ကို စိုးစဉ်းမျှ တွေးမိသူ ရှိနိုင်မည်ဟုမထင်။ အနိုင်လိုချင်သူအတွက် အနိုင်ပေးလိုက်ရခြင်းတစ်ခုသည် ဘာမျှ ခံစားချက်မပါသည့် အပေးအယူတစ်ခုမျှသာဖြစ်သော်လည်း လက်မြှောက်အရှူံးပေးနေသည့်သူကို ကြိမ်ဖန်များစွာ အနိုင်ယူနေခြင်းမှာတော့ ညှင်းပန်းနှိပ်စက်ခြင်းတစ်မျိုးသာဖြစ်သည်။ ဝန်ခံခြင်းဆိုသည်ကို အားနည်းချက်တစ်ခုအနေနှင့်သတ်မှတ်ပြီး ထပ်ကာထပ်ကာ ပြန်ပြောင်းပြောဆိုနေခြင်းမှာ မတရားဟုလဲထင်မိသည်။ ရိုးသားခြင်းတွင် ဘာဆိုဘာမှ အမှားမလုပ်ဖူးသည့်သူကိုသာ ရိုးသားသူဟုပြောခြင်းထက် မှားခဲ့သမျှကို ဝန်ခံပြောဆိုရဲသူမှသာ ရဲရင့်စွာ ရိုးသားခြင်းဟု ကိုရင်ရှူံးထင်ပါ၏။

ထို့အတွက်ကြောင့်ပင်ထင်၊ ကိုရင်ရှူံး သူမအား အရမ်းချစ်ပြီး တော်တော်လေးနာကျည်းနေပါသည်။ လူကိုလူဟု အဘယ့်ကြောင့်မသတ်မှတ်နိုင်လေသနည်း….။

********************************************************************************

လွန်ခဲ့သော နှစ်ပေါင်းအတော်အတန်ကြာကဖြစ်သည်။ ဆင့်ကာပူရမှ အောင်မြင်စွာဆုတ်ခွာလာသော ကိုရင်ရှူံးတစ်ယောက် ယောင်တောင်ပေါင်တောင်ဖြင့် ထမင်းတစ်နပ် စားရပြီးရောဆိုပြီး ရောက်ရာပေါက်ရာ ရွက်လွှင့်လာခဲ့ရာ အာရပ်စော်ဘွားများပြည်ထောင်စုသို့ မယောင်မလည်ဖြင့် ရောက်လာခဲ့လေသည်။ ဆင့်ကာပူရသည်ကား အာရှနိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာလူမျိုးများအဖို့ နေထိုင်ရန် အတော်လေး လိုက်လျောညီထွေရှိလေသည်။ ပါတ်ဝန်းကျင် မြင်မြင်သမျှသည်လည်း စိမ်းစိမ်းစိုစိုနှင့်သာဖြစ်သည်။ အရာရာသည် စိမ်းမြလျက်သား…

“အစိမ်း”

အစိမ်းဆိုမှ ပြန်သတိရမိတော့သည်။ ကိုရင်ရှူံးဒီရောက်ကတည်းက စိမ်းမြမှုကိုလိုက်ရှာရာ ဘယ်နေရာမှ ရှာမတွေ့ခဲ့ပေ။ မြန်မာနိုင်ငံ သစ်တောဦိးစီးဌာနမှ စကားပုံလေးကို အမှတ်ရမိပြန်တော့သည်။

“သစ်တောသစ်ပင် ချစ်ခင်တဲ့လူမျိုး”
ဆိုလားပဲ။ သေချာတော့မမှတ်မိတော့ပါ။ သို့သော်တစ်ခုသတိထားမိသည်မှာ ယခုနိုင်ငံသားများ(အထူးသဖြင့်အစိုးရ) မှာ စွံပလွံပင်တွေလောက်သာ အဖြစ်ရှိအောင် စိုက်ကြပြီး အလေ့ကျ ပေါက်ရောက်နိုင်သည့် အပင်များကို စိုက်ပျိုးလိုခြင်းမရှိကြပေ..။ ငွေကြေးအားဖြင့်မူ များစွာချမ်းသာကြွယ်ဝသော်လည်း နိုင်ငံစိမ်းလန်းစိုပြေစေရန် အပင်များစိုက်ပျိုးရန်ကိုမူ ကြိုးစားအားထားထုတ်ခြင်း မပြုလိုကြပေ။ (ကိုရင်ရှူံးအမြင်ဖြစ်၏) တစ်ချိန်က ကိုရင်ရှူံးလုပ်ခဲ့ဖူးသောဆိုင်တွင်မတော့ ဆိုင်ပါတ်ပါတ်လည်တွင် သစ်ပင်ပန်းမန်များဖြင့် စိမ်းစိုနေစေရန် ကိုရင်ရှူံးစွမ်းသမျှ စွမ်းဆောင်ခဲ့ဖူးပါ၏။ အပင်များအား ညနေခင်းရေလောင်းပြီး မြေကြီးပေါ်မှ ထွက်လာသည့် မြေသင်းရနံ့များမှာ ဇာတိသျှမ်းပြေကို သတိမရစေနိုင်သော်ငြား မန္တလေး ညနေခင်းများကိုတော့ ပြန်အမှတ်ရစေမိပြန်သေးသည်။ ထိုစဉ်က ကိုရင်ရှူံး အတော်လေး နေသာထိုင်သာရှိခဲ့ပါ၏။ နေ့တိုင်းလဲ ရေမှန်မှန်လောင်းဖြစ်ပါသည်။ သစ်ပင်များ စိမ်းစိုလာသည်ကို ကြိုက်သောကြောင့်ဖြစ်၏။
လိုရင်းကိုဆက်ဆွဲပါမည်။

ကိုရင်ရှူံးလည်း ကိုရင်ရှူံးဘဝလေး ခြောက်သွေ့မနေစေရန်အတွက် ကိုရင်ရှူံးရင်ဘတ်ကြီးတွင် ပျိုးခင်းတစ်ခုကို သေသေချာချာပျိုးနေခဲ့ပါသည်။ ထိုစဉ်က အညှောင့်ပေါက်စလေး ဖြစ်သဖြင့် အတော်လေး ဂရုတစိုက် ရေလောင်းပေါင်းသင် ပျိုးထောင်ခဲ့ရလေသည်။ ထိုသံယောဇဉ်အပင်ပေါက်လေးမှာ လျင်မြန်စွာပင်ကြီးထွားခဲ့ပါသည်။ အခေါ်အဝေါ်များပင် အတော်လေး အရွယ်ရောက်လာပါ၏။ ဘဝကတော့ နဂိုအတိုင်းပင်။ ခြောက်သလောင်းလောင်းနှင့်ပင်၊ ပက်ကြားပင်အက်နေသေး၏။

ရင်ဘတ်ပျိုးပင်လေး၏ အလိုဆန္ဒအရ သာမန်စားပွဲထိုးလေးဘဝမှနေပြီး အတော်ကြီးကြီးမားမားနေရာသို့ရောက်ရန် ကိုရင်ရှူံး တစ်နှစ်ခန့်မျှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားပြီးသည့်နောက် လက်ထပ်ဖို့အရေး တိုင်ပင်ဆွေးနွေးပြီး လွန်စွာမှပင်သာယာလှသောအချိန်ကာလလေးကို ပိုင်ဆိုင်ခဲ့ဖူးပါ၏။ လက်ထပ်တော့မှ ပြန်လာပါလားကွယ်ဆိုသည့် စကားလေးတစ်ခွန်းနှင့်ပင် အချိန်နှစ်နှစ်မျှကို မငြီးမညူ ဖြတ်သန်းခဲ့ပါ၏။ ထိုအတောအတွင်းတွင်မတော့ တူနှစ်ကိုယ်ဘဝလေးကို “အိပ်ယာဝင် ပုံပြင်လေး” အနေနှင့် ညတိုင်းမက်လျက်သားပင်။ နှလုံးသားမိုးလေဝသ ပြင်းထန်နေသောအချိန်များတွင်မတော့ ယောကျာ်းသုံးရေမွှေးများကိုသာ ကြိုင်ကြိုင်လှိုင်လှိုင်ကြီးဆွတ်ဖြန်းနေမိသည်။ ပါးစပ်တစ်ခုလုံးလည်း မီးခိုးခေါင်းတိုင်တပ်လျက်သားနှင့်၊ အိပ်ယာနှင့်ကျော မထိခဲ့ရသည့်ညတွေလဲ အတော်လေး ရှည်ကြာခဲ့ပါသည်။ သို့ပါသော်လည်း ပျိုးပင်ကလေးကို မြင်လိုက်သည့်တစ်ခဏ ဥယျာဉ်မှူးဖြစ်နေရခြင်းကို ကြည်နူးနှစ်သက်ခြင်းဖြစ်မိသည့်အလျောက် နဂိုအတိုင်း၊ ချစ်မြဲချစ်လျက်သားပင်။

********************************************************************************

ထိုနေ့…..
ကိုရင်ရှူံးစောင့်မျှော်နေခဲ့သည့်၊ ကြောက်ရွံ့နေခဲ့သည့် နေ့တစ်နေ့ရောက်လာလေ၏။ ဆင့်ကာပူရတွင် ကိုရင်ရှူံးနှင့် လုပ်ဖော်ကိုင်ဖက် မြန်မာတစ်ယောက်ရှိခဲ့ဖူးသည်။ ထိုသူမှာ ကျားကျားလျားလျား၊ လူတစ်ယောက်အဆင့်မမှီသည့် သက်ကြီးပုလူသားတစ်ယောက်၊ စိတ်ဓါတ်ပိုင်းဆိုင်ရာအရဆိုလျင်လည်း အတော်လေး မြင့်မားလှသည်ဆိုရမည်ပင်၊ စကားပြောလျင် အမေရိကန်သမ္မတသော်မျှ သူ့လောက် အရည်အချင်းရှိသည်မထင်၊ ဘိုလိုမှုတ်ရာတွင်လည်း ဆင့်ကာပူရ ပေါက်ဖော်ကြီးများထံမှ နည်းအတုယူထားသည့် Can larrrr, no larrrrrrrr, lan kyauk mar, အစရှိသည့် ဗျစ်တိန်စကားများကိုလှိုင်လှိုင်ကြီးပြောပြီး ရှိရင်းစွဲအသက်ထက် အနှစ်နှစ်ဆယ်မျှကြီးနေသည့်ရုပ်ကြီးဖြင့် မိန်းမတိုင်းက သူ့အားမည်မျှ ကြွေကြောင်း အရည်မရ အဖတ်မရ ပြောနေတတ်သူလည်းဖြစ်သည်။ ကိုရင်ရှူံးမှာ ဖားသူငယ်ချင်းများစွာရှိသည့်အတွက် အပူကပ်လေသည်။ ဖားမငယ်ငယ်ချောချောလေး ရှာဖွေပေးပါဟူသတတ်၊ ထိုမျှ အရည်အချင်းနှင့် လိုချင်ရှာလေသည်။ ကိုရင်ရှူံးလည်း ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံကျိုး တွေ့ပေးလိုက်ပါ၏။ အစကတော့ ဖုန်းထဲမှပင် မကြားဝန့်မနာသာ ပလူးပလဲကြပါသည်။ ကိုရင်ရှူံးမှာ နှုတ်ခမ်းကြီးတင်းတင်းစေ့လျက်သားနှင့်။ ရယ်ချင်ရက်ပက်ကျိဖြစ်နေသည်။

နောက်ဆုံးတစ်နေ့တွင်မတော့ သူတို့အချိန်းအချက်အဆင်ပြေသွားပါသည်။ သက်ကြီးပုလဲ ဂျင်းဘောင်းဘီ တစ်ဝက်ခေါက်လျက်သား၊ ဝေါကနဲရှူး မတန်တဆကြီးနှင့် စွံလေပြီဟုဆိုကာ အခန်းဖော်များအား မကြားကြားအောင် ကြွားပြီး ထွက်သွားသည့်နောက် ကိုရင်ရှူံးမှာလည်း သိချင်သမျှစပ်စုကြသည်များကို နတ်သံနှောပြီး ပြန်ပြောင်းရှင်းပြလိုက်သည့်တစ်ခဏ အားလုံးသော အခန်းဖော်များမှာ မပြုံးပဲ ဝါးလုံးကွဲရယ်ကြပြီး အနှီသကောင့်သားပြန်လာသည်ကို အားပါးတရကြိုဆိုကြပြီး မသိခြင်ထောင် ထောင်ပြီး မေးကြလေသည်။

သကောင့်သားမှာကား ဝမ်းနှုတ်ဆေးနှင့် ဝမ်းပိတ်ဆေး ရောသောက်ထားမိသည့်လေအလား။

ထိုညက ကိုရင်ရှူံးယုတ်မာစွာ ပျော်မိပါသည်။ သူ့ကြောင့်ကိုရင်ရှူံးရာထူးမရခဲ့သည်ကို ယခုမှ လက်စားချေရလေခြင်းဟု။

********************************************************************************

ယခုတော့ သကောင့်သား လက်စားချေရန်အလှည့်ရောက်လေပြီ။ ကိုရင်ရှူံးမှာအတော်လေးပင် မြာပွေခဲ့ကြောင်း၊ ဖားမလေးများတရုံးရုံးနှင့် အုံးဂွမ်အော်မြည်ခဲ့ကြောင်း စကားလေးစလိုက်ရုံမျှနှင့်ပင် ကိုရင်ရှူံး ပျိုးပင်လေးမှာ အမြစ်မှ ဆွဲနှုတ်လိုက်လေသည့်အလား Officially ချစ်သူအဖြစ်မှ ဖွဘုတ်တွင် တစ်သက်တာ ရုပ်သိမ်းလိုက်သည်အပြင် ရှက်လွန်းလှသည်ဟုဆိုကာ ရင်ချင်းဆက်အမွှာ ခွဲစိတ်ခန်းမှ ထုတ်လိုက်သည့်အလား တွဲလျက်သားပုံများတစ်ပုံမကျန် အဖြုတ်ခံလိုက်ရသည့်အပြင် သူမဖွဘုတ်တွင် အနည်းငယ်သော်မျှ မပါတ်သက်နိုင်စေရေးအလို့ငှာ Tag သော်မျှ လုပ်မရရန်သော်လည်းကောင်း၊ သူမဖွဘုတ်နံရံကြီးတွင်ပေါက်ကရများ တက်မရေးစေခြင်းအလို့ငှာသော်လည်းကောင်း အရံအတားများ ပြုလုပ်ထားလေ၏။ ကိုရင်ရှူံးမှ ထိုသို့ချစ်ဖွယ်လှစွာသော မိန်းကလေးကို ပိုင်ဆိုင်ထားကြောင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် တင်ထားသော အမွှာပူးပုံများကိုလည်း တောင်းဆိုသဖြင့် ဖျက်ပေးလိုက်ရပြန်သေးသည်။ နောက်ဆုံးတွင်မတော့ ထိုလူစဉ်မမှီ သကောင့်သားမှာ အနိုင်ရသူအပြုံးကြီးများဖြင့် ပြုံးလျက်သား။

ကျွန်တော်နှင့် ပျိုးပင်လေးမှာသာ စိမ်းမြမြ စိမ်းလျက်သားနှင့် တစ်ဖြေးဖြေး ရော်ရွက်ဝါ ညှိုးနွမ်းလာရလေတော့သည်။

အသီးအပွင့်အတွက် အဖူးအငုံလေးတောင် မဖူးပွင့်နိုင်ရှာပဲ ရွက်ဝါတွေဘဝနှင့် မြေခ ကြွေကျရလေတော့သည်။ ကမ္ဘာမြေအတွက်တော့ မြေဆီမြေဩဇာတစ်ခုအနေနှင့် ဖြည့်ဆည်းပေးလျက်သား။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

10 comments

  • Fall Guy

    October 10, 2012 at 8:51 am

    အမွှာပူးပုံတွေဘယ်လိုရိုက်ခဲ့လဲဗျ…..။

  • မောင်ပေ

    October 10, 2012 at 9:33 am

    စိမ်းမြမြစိမ်း
    ယိမ်းညကြယိမ်း
    ဘိန်းဝမှမှိန်း
    သိမ်းအားရသိမ်း
    ထိန်းတားမရထိန်း
    ဂျိမ်းတံကားမဂျိမ်း

  • surmi

    October 10, 2012 at 9:52 am

    မိုက်တယ်ဗျ
    ဘဝတွေထဲက အလှလေးတွေ ။ သူများတွေရေးတာတွေ ့ရင်အားကျလို ့
    ရေးကြည် ့ချင်ပေမဲ ့ ဘာမှထွက်မလာဘူးဗျ ။ဒါနဲ ့ မအားတာသိပေမဲ ့
    တောင်းဆိုလိုက်ဦးမယ် ။ ဒီဂဇက်ထဲမှာ သီးသန် ့ရေးဟန်တစ်မျိုးနဲ ့
    ရေးသားနေတဲ ့ ကိုရှူံးရဲ ့ပို စ် ့လေးတွေလည်းမျှော်နေပါတယ်နော
    အားရင် ဖြင် ့ ……………

  • kai

    October 10, 2012 at 9:58 am

    စိမ်းမြမြစိမ်း
    စိမ်းပျိုးပင် စိမ်းညှောင့်ပေါက်လို့
    စိမ်းပင်စိမ်းမျိုး စိမ်းပွင့်ပုံလန်းကာရယ်
    မြိုင်တောအသွင် စိမ်းပင်များတယ်
    ဪ… စိမ်းတို့ရဲ့မြဘုရင်မ
    မြမြစိမ်းမြိုင်..။

  • Thu Wai

    October 10, 2012 at 11:24 am

    ပန်းဆိုတာလဲသေတတ်တယ်အချစ်လေးရယ် အော်ဆောရီး ကြွေတတ်တယ် အချစ်လေးရယ် အာဂေါင်နီ သီချင်းထဲကလိုပေါ့ ရည်ဆူးထားပြီးမချွေလိုက်ရဘူး ဂျပုဖျက်လို့
    မိန်းကလေးကလဲ ဂျပုကြပ်တာကိုယုံလွယ်တာအံ့ဩတယ်
    ကျွန်တော်သိသလောက် မိန်းမတွေက သူတို့ လက်ထဲရောက်မှ မရှုပ်ရင်ပြီးရောဆိုတဲ့ အမျိုးတွေများပါတယ်

  • marblecommet

    October 10, 2012 at 2:32 pm

    ကိုရှုံးရေ့
    ခင်ဗျား ပန်းစိုက်ခဲ့တုန်းက
    နေခဲ့တဲ့ ဖီလင်လေး သဘောကျတယ်…

  • pooch

    October 11, 2012 at 12:24 am

    ရှုံးလူရေ ဖူးစာမှန်ရင် သိကြားမင်း ဆင်းဖျက်တောင် မပျက်ပါဘူး။ ကြိုးစားခဲ့ပါရဲ့ လမ်းလွဲရရင်တော့ နဖူးစာမှင်ရေ ကျဲရတယ်ပေါ့။

    သူများဖျက်လို့ ပျက်ရရင်တော့ ကိုယ်အသုံးမကျတာလို့ပဲ ပြောချင်တော့တယ်။ ကိုယ့်လူကိုယ် မပိုင်ဘူးလားရှင်။ ရှင်ဒီလောက်ချစ်နေတာကို သူက မယုံဘူးလား။ သူဟာ ရှင့်ဘဝရဲ့ Only One ဆိုတာကို သူသိအောင် တနည်းနည်းနဲ့ သက်သေပြလိုက်စမ်းပါ။ ဘာသားနဲ့ ထုထားတာမှတ်လို့ ။

    နည်းသိချင်ရင် ဒဿဖွတ်ကျားကို မေး ။ သူလည်း ရန်ဖြစ်ပြီး ပြန်ချစ်ထားတာ ။ 😆
    ကျမပြောတယ် လို့တော့ မပြောနဲ့ပေါ့ ( ဒီစာဖွတ်ကျားမမြင်စေရ) :mrgreen:

  • Ma Ei

    October 11, 2012 at 11:41 am

    ရှူံးနိမ့်မှုများနဲ့.. လူ လို့
    အမည်တပ်ရခြင်း
    အကြောင်းရင်းတွေထဲက
    တစ်ခုပေါ့လေ…

  • ကြောင်ကြီး

    October 14, 2012 at 6:48 pm

    စိမ်းမြ
    ယိမ်းက
    ဘိန်းဝ
    မှိန်းရ၊
    သိမ်းပြ
    ဂျိန်းထ
    ပိန်းလှ
    ထိန်းဗျ..။

Leave a Reply