***ဗိုက်ပူနံကား  တောင်တန်းများနဲ့ မြေပုံ***

ဒုက္ခ ခြုံထည်အောက်
ကွေးနေအောင်   ကောက်ကောက်လာခဲ့ကြတဲ့
ရေသောက်မြစ်တွေ ..
ဘ၀  ဟာ  …..
တောင့်တောင့်ကြီး  အေးစက်လို့ 
အဲ့သလို    …..
ဘေးထွက် ဘေးထွက်ဆိုးကျိုးတွေက
အကျိုးပေး စောင်း  လွန်းစွ ၊

ခေါင်းကြီး ကိုယ်သေး နေတဲ့ …
အထက်ထွား  အောက်ရှုး သွားတဲ့
ဇာတိမာန် အားသန်ခဲ့တဲ့
အမှန် အမှားတို့   ကျားကန်နေရ တဲ့
မြေပုံ သေးသေးလေး ထဲမှာလေ ….၊

စပါးနှံက  ဆန်ဖြစ် သတဲ့
ဘိန်းခင်းတွေက   တိမ်းမူးချင်စရာ
ပတ္တမြားမြေ က  သွားရေယိုချင့် စရာ
ကျွန်းသစ်ပင်က   ဒေါ်လာရွက်ဖားဖား တွေ …..
မြေအောက်က   ရွှေမဲ ၊ ရွှေဝါ
ဆီကို ရေချိုး  ဆေးရိုးမီးလှုံ
အိပ်ယာဝင် ပုံပြင်တွေ …
တစ်ချိန် က  ……
………………….
တစ်ခါ က…..
…………………..
ခုတော့ဖြင့်  ဘာမှမကျန်
နိတ္တိတံပြီဖြစ် တဲ့   …..
အဆီအနှစ်မဲ့   သူ့ ရင်ခွင် ဟာလာဟင်းလင်းထဲက
သက်ပြင်းတွေ ခဏခဏ
မှုတ်ထုတ်နေရ တဲ့     မြန်မာ့မြေပုံလေးထဲ မှာလေ ၊

ရုန်းရင်းဆန်ခတ်  ဖြစ်လို့ 
စားခွက်လု  သံတွေ   ဆူဆူ ညံခဲ့ဘူးရဲ့
ရိုးရာဟန် အမြတ်တနိုးနဲ့ 
ရှက်ကိုးရှက်ကန်း   လုံမပျိုများ ….
အသွေးအသား  ကို  တစ်ဝမ်းတစ်ခါးအတွက်
လမ်းတံတား ထိုး  …….. လို့ 
ပျို့ အန်လိုက်တဲ့   ရောဂါဆိုးတွေ …. ပိုးတွေ ရွစိတတ်
ကလေးငယ်တွေ …. သေနတ်ထမ်း
အပွင့်အခက်တွေ   ပျော်ပွဲစား အတွက်
တောလည်ထွက်ခဲ့ ကြသတဲ့ ၊

မောတယ် ခုထိ
ဟေ့ ……
လူဆိုတာ   ကောင်းကင်ရှိတယ်
မြေကြီးပေါ်  ရပ်တယ်
အာဟာရ ဓါတ်နဲ့ အသက် ဆက်တယ်
မေထုန်မှုနဲ့   မျိုးဆက်ကုန်သွယ်မှု ပြုတယ်
ဘာသာတရား  နဲ့ ယဉ်ကျေးသိမ်မွေ့ တယ်
ကိုယ့် အိပ်မက် ထဲ ကိုယ်   လွတ်လပ်
စစ်နဲ့ ငြိမ်းချမ်းရေး  ဖတ်ခွင့်ရှိတယ်
ဘုရားသခင် ရဲ့ ချဉ်ခြင်းတပ်မှု …. ငါတို့ 
စပ်စုခွင့် ရှိတယ် ….
ဓါးဓါးချင်း   ဒုတ်ဒုတ်ချင်း
အဲ့လို  …. ညီမျှခြင်းထိုးခွင့် ရှိတယ် ၊

အကောင်းဆုံး  ဘာသာတရားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ 
အရုပ်ဆိုးနေကြတဲ့  …. မျက်နှာတွေ
သွေးကြောထဲမှာ  အာဃာတတရား ကို … ထိုးသွင်း
နယ်နိမိတ်  ကျဉ်းကျဉ်းလာတဲ့  … မြေပုံလေးထဲ
မသိမသာ  ကျူးကျော်  ….
ဖအေ တစ်ယောက် ၊ ပထွေးတစ်ယောက်ကြား
ဗျာများ နေတဲ့ မယားလို …
တာကျိုးသွားတဲ့   မြေပုံလေးမှာလေ …..
ဗိုက်ပူ နံကားဖြစ်လို့  ။။။

မောင်ခင် မင်(ကျွန်းချောင်း)

၁၀.၁၀.၂၀၁၂

About maung khinmin

maung khinmin has written 85 post in this Website..