အိုင်တီ ကုဋေရှစ်ဆယ် သူဋ္ဌေးသားပုံပြင်
– သူရဿဝါ –


“ဖိုးဖိုး ပုံပြောပြပါ”

အသံနဲ့ အတူ အိမ်ထဲ ပြေးဝင် လာတာက မြေးလေး မောင်ဝါဝါ။ သူပျင်းပြီဆို ဖိုးဖိုးဆီ ရောက်လာပြီး ပုံပြင်တွေ ပြောပြ ခိုင်းတတ်တာ ထုံးစံပဲ။ ဖိုးဖိုးလည်း ပြောဖို့ ပုံပြင်ကို မနည်း စဉ်းစား ရတယ်။ သူပုံပြင် နားထောင် ချင်ပြီဆို ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြံဖန် ပြောပြနိုင်မှ … မဟုတ်ရင် ဒီကောင်က လွယ်တာ မဟုတ်ဘူး။ ဒါနဲ့ပဲ မြေးလေး မောင်ဝါဝါကို အရင် အမောဖြေ၊ ထိုင်ခိုင်း လိုက်ရတယ်။

“အေးပါကွာ .. ပြောပြပါ့မယ်၊ အသက်လေး ဘာလေး မှန်မှန် အရင်ရှူဦး”

“ရပါတယ် ဖိုးဖိုးရ၊ အားတဲ့ အချိန်လေး လာရတာ၊ မြန်မြန်သာ ပြောပြ”

“ဒါဖြင့် .. ကုဋေရှစ်ဆယ် သူဋ္ဌေးသားအကြောင်း ပြောပြမယ်၊ ဒီလိုကွာ .. ဟိုးရှေးရှေးတုန်းက …”

“အာ .. ဖိုးဖိုးကလည်း .. ရှေးသရောခါ ပြည်ဗာရာဝယ် ကုဋေကြွယ်ထား သားတစ်ယောက်ဖြစ် ချစ်၍တစေ အိမ်မှာနေ၍ စာပေမတတ် .. ဘာညာကွိကွနဲ့ သိပြီးသားကြီး၊ ကျောင်းမှာတုန်းကတောင် သင်ခဲ့ရတဲ့ဟာကို”

“သေချာ မှတ်မိလို့လား ငါ့မြေး မောင်ဝါဝါရဲ့”

“မှတ်မိတာပေါ့ .. ဟိုးရှေးရှေးတုန်းက ဒီမိုဏသီ ပြည်မှာ …”

“ဗာရာဏသီပြည် လုပ်ပါ .. ငါ့မြေးရယ်”

“အဟီး .. ဘွာတေး ဘွာတေး .. ဖေ့ဘုတ်မှာ ဒီမိုနာမည် တပ်ကြတာ ခေတ်စားနေတာ စိတ်ထဲ စွဲနေလို့ .. ဆက်ပြောမယ် ..”

“အေး .. အေး ပြောပါဦး”

“ဗာရာဏသီပြည်မှာ သူဋ္ဌေးကြီး တစ်ယောက် ရှိတယ်လေ၊ သူ့မှာ တစ်ဦးတည်းသော သားလေး တစ်ယောက် ရှိတယ်၊ အဲဒီ သားလေးကို သူဋ္ဌေးကြီးက အရမ်းချစ်တော့ အလိုလိုက်ပြီး ကျောင်းမထားဘူး၊ ငါတို့ရဲ့ စည်းစိမ် ကုဋေရှစ်ဆယ်ဟာ ငါ့သားလေး တစ်သက် စားလို့မှ မကုန်ဘဲ .. ကျောင်းထားစရာ မလိုဘူးလို့ တွေးပြီးတော့လေ၊ အဲဒါနဲ့ အဆုံးကတော့ ဖိုးဖိုးလည်း သိတဲ့ အတိုင်းပဲ .. ပညာမတတ်တဲ့ သူဋ္ဌေးသားက အဖြစ်ဆိုးနဲ့ ဇာတ်သိမ်း သွားတယ် မဟုတ်လား”

အောင်မလေး .. သူကများ ကိုယ့်ကို လူတတ်ကြီး လုပ်ပြီး “ဖိုးဖိုးလည်း သိတဲ့အတိုင်း” ဆိုပဲ။ မောင်ဝါဝါ့ကို ဒီပုံပြင်တော့ ဆက်ပြောလို့ မရတော့ဘူး။ ဒါပေမယ့် တစ်ခုခုတော့ ပြောပြမှ ရမယ်။ အဲဒါနဲ့ မနည်း ဥာဏ်နီဥာဏ်နက် ထုတ်ရတယ်။ လူကြီး ဆိုတော့ ဟန်ကိုယ့်ဖို့ပေါ့။

“ဒီလိုကွ .. ဖိုးဖိုး ပြောပြမယ့် ကုဋေရှစ်ဆယ် သူဋ္ဌေးသား ပုံပြင်က အဲဒါမဟုတ်ဘူး .. နောက်ထပ် ကုဋေရှစ်ဆယ် သူဋ္ဌေးသား တစ်ယောက် အကြောင်း ပြောပြမှာ …”

“အင် .. ဟုတ်လား .. ဝါး .. ဒါဖြင့် မြန်မြန်ပြော မြန်မြန်ပြော ဖိုးဖိုး .. နားထောင်ချင်ပြီ”

“အခု ပြောမယ့် ပုံပြင်ထဲက ကုဋေ ရှစ်ဆယ် သူဋ္ဌေးကြီးက အခုနက ငါ့မြေး ပြောတဲ့ ကုဋေရှစ်ဆယ် သူဋ္ဌေးသား ပုံပြင်ကို ဖတ်ဖူးတယ်ကွ၊ ဒီတော့ သူ့မှာ တစ်ဦးတည်းသော သားကလေးလည်း မွေးလာရော အဲဒီ ပုံပြင်ထဲက သူဋ္ဌေးသား လေးလို ပညာ မတတ်ရင် ဒုက္ခ ရောက်မှာ စိုးလို့ ငယ်ငယ် ကတည်းက ပညာတွေ သင်ခိုင်းတယ်တဲ့ ..”

“အဲဒါနဲ့ ကုဋေရှစ်ဆယ် သူဋ္ဌေးသား ကလေးက ပညာတတ်ကြီး ဖြစ်သွား ရောလား”

“အေးပေါ့ .. ငါ့မြေးရဲ့၊ ခေတ်ကလည်း အိုင်တီ ခေတ်ဆိုတော့ ကုဋေရှစ်ဆယ် သူဋ္ဌေးသားလေးက အိုင်တီမဲန်း ပေါက်စလေး ဖြစ်လာတော့ တာပေါ့ .. အိုင်တီ သင်တန်းတွေ လိုက်တက်၊ ခေတ်မီ နည်းပညာ ပစ္စည်းတွေ ဝယ်လိုက် သုံးလိုက်၊ နည်းပညာ ဂျာနယ်တွေ ဖတ်လိုက်နဲ့ပေါ့”

“အော်.. နည်းပညာ ဂျာနယ်ဆိုတော့ ဟိုတက်စပု ဂျာနယ်တို့ ဘာတို့ ပြောတာပေါ့နော် ဖိုးဖိုး”

“တက်စပေ့ လုပ်ပါကွ .. မြေးကလဲ”

“အာ .. ဖိုးဖိုးက ဘာသိလို့လဲ၊ အဲဒီဂျာနယ်က ဦးသူရစိုးတို့၊ ဦးရဲထွဋ်သိန်းတို့ ဆိုတဲ့ အယ်ဒီတာ ကြီးတွေက ပုပုလေးတွေ၊ အဲဒါကြောင့် တက်စပု ဂျာနယ် .. အဟီး”

“ဟုတ်ပါပြီ .. ဆက်ပြောပြမယ် … သူဋ္ဌေးကြီးလည်း အချိန်တန်တော့ ကွယ်လွန် သွားရော၊ ဒါပေမယ့် သူက သူ့သားလေးဟာ အိုင်တီ သင်တန်းတွေ တက်နေ၊ သင်နေ၊ သိနေတဲ့ သူဆိုတော့ ပုံပြင်ထဲက ကုဋေရှစ်ဆယ် သူဋ္ဌေးသားလို မဖြစ်နိုင်တော့ဘူး၊ ငါ တာဝန်ကျေပြီလို့ စိတ်ချပြီး စိတ်အေး လက်အေး သေသွားတာ”

“ဒါက အိုင်တီ ကုဋေရှစ်ဆယ် သူဋ္ဌေးသား ပုံပြင်ပဲ ဖိုးဖိုးရ၊ ဒီ သူဋ္ဌေးသား လေးကတော့ သူ့အဖေ သေသွား ပေမယ့် ပညာတွေ တတ်တော့ ဟိုကုဋေရှစ်ဆယ် သူဋ္ဌေးသားလို တောင်းစားရင်း လမ်းမှာ သေမသွားတော့ဘဲ အေးအေး ဆေးဆေး ဖြစ်သွားမှာ ပေါ့နော် ဖိုးဖိုး”

“ဟင့်အင်း .. ဟိုတစ်ယောက် ထက်တောင် ပိုပြီး အဖြစ်ဆိုး သွားသေးတယ်”

“ဟမ် .. ဘာဖြစ်လို့လဲ ဖိုးဖိုးရ၊ သူက ပညာတွေ တတ်တယ်၊ အိုင်တီ ပညာတွေ လေ့လာ လိုက်စား ဆည်းပူး တယ်ဆို”

“အေး .. လေ့လာ လိုက်စား ဆည်းပူး လွန်လွန်းလို့ကို ဖြစ်သွားတာ”

“ဘယ်လိုကြီးလဲ ဖိုးဖိုးရ .. သေချာပြောပါဦး”

“ဒီလိုကွာ … သင်တန်း တွေကလည်း တက်ပြီးရင်း တက်ရင်း တက်မဆုံးနိုင်၊ သင်တန်းကြေး တွေကလည်း ဈေးကြီး၊ လက်ပ်တော့ပ်တို့၊ တက်ဘလက်တို့၊ ဖုန်းဟမ်းဆက် တို့လည်း တစ်ခု ဝယ်လိုက်၊ ပြီးရင် သိပ်မကြာဘူး .. ဗားရှင်း အသစ်ပေါ်လိုက်၊ ထပ်ဝယ်လိုက်၊ အသစ် ထပ်ထွက်လေ၊ ဈေးက ပိုကြီး လာလေနဲ့ နောက်ဆုံး ရှိသမျှ ကုဋေရှစ်ဆယ် ကုန်တော့တာပဲ၊ အလုပ် လုပ်မယ် ဆိုတော့လည်း သင်ထားတဲ့ ပညာနဲ့ ရတဲ့ လစာနဲ့က မမျှ၊ တဖြည်းဖြည်း စိတ်ကျ ရောဂါ တွေရ၊ တစ်နေကုန်လည်း ကွန်ပျူတာ ရှေ့ပဲ တစ်ချိန်လုံး ထိုင်ပြီး အလုပ်တွေလုပ်၊ အကြီးကြီးတွေ လျှောက်စဉ်းစားနဲ့ ကြာတော့ မျက်လုံးတွေပျက်၊ နောက်ဆုံးတော့ ကုဋေ ရှစ်ဆယ် လည်းကုန်၊ အလုပ်လည်း အဆင်မပြေ၊ စိတ်ကျ ရောဂါ တွေဖြစ်နဲ့ ဦးနှောက်ပါ ချောင်သွားတော့ တာပဲ ငါ့မြေးရေ ..”

“ဟင် … သူကျတော့လည်း တတ်လွန်းလို့ ခက် … တော်ပြီ ဖိုးဖိုးရာ၊ ဖိုးဖိုး ပုံပြင်ကြီးက ကောင်းလည်း မကောင်းဘူး၊ စိတ်ညစ်သွားပြီ … ပြန်တော့မယ်”

ပြောပြော ဆိုဆိုနဲ့ မြေးလေး မောင်ဝါဝါတော့ ပြန်သွား ပါတော့တယ်။ ဖိုးဖိုးကတော့ သူ့ရဲ့ ခေတ်ပြိုင် ခံစားချက်ကို ပုံပြင်ထဲ ထည့်ပြော လိုက်ရလို့ စိတ်ကျေနပ် သွားပြီ။ အင်း … အားသွားပြီ ဆိုတော့ အိုင်ဖုန်း ဖိုက်နဲ့ နာနို ဆင်းမ်ကဒ် ပြဿနာကို ဘယ်လို ဖြေရှင်း ကြည့်ရ ကောင်းမလဲ စဉ်းစား လိုက်ဦးမှ .. ဆိုပြီး မိန့်မိန့်ကြီး ထိုင်တွေး နေလိုက် ပါတော့တယ်။


၃ – အောက်တိုဘာ – ၂၀၁၂

TechSpace Journal

Volume (1), Issue (29)

About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah