“ဘာလို့ သူဖြစ်နေရတာလဲ..တစ်ခြားတစ်ယောက်သာ ဖြစ်လိုက်ပါတော့လားဟာ..ငါ့ကို လုပ်ရက်လိုက်ကြတာ..အီး..ဟီး…ဟီး…”

 

ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေတဲ့ ၀တ်ရည်ကို ကြည့်ပြီး အိလေးလည်း မျက်ရည်တွေကျလာပါတယ်။

 

“ငိုလိုက်ပါ ၀တ်ရည်ရယ်..နင်အားရအောင်သာ ငိုလိုက်ပါ..နင် သိပ်ချစ်တဲ့ ခွန်စင့်အတွက်၊ နင့်နောက်ကျောက ထိုးခံလိုက်ရတဲ့ ဓားတစ်ချောင်းအတွက်၊ လူတိုင်းကို နင့်လိုပဲလို့ထင်ခဲ့တဲ့ နင့်ရဲ့ဖြူစင်မှုအတွက်..ငါလည်း ငိုပါရစေ… ငါရဲ့သူငယ်ချင်းဖြစ်တဲ့ နင့်ရဲ့ဝမ်းနည်းမှုတွေကို မျှဝေဖို့အတွက်၊ ငါတို့ဆုံးရှုံးလိုက်ရတဲ့ ခွန်စင့်အတွက် ငါလည်း ငိုပါရစေ သူငယ်ချင်းရယ်…”

 

အိလေး စိတ်ထဲကနေသာ ပြောနေမိပါတော့တယ်။

 

………

 

“ခွန်စင်ကြယ်၊ ၀ဏ္ဏဗိုလ်၊ ၀တ်ရည်နွယ၊် အိချောခင်”

 

သူတို့သူငယ်ချင်းလေးယောက်ကို အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် အားလုံးက သိထားကြပါတယ်။ ဆယ်တန်းပြီးကတည်းက တွဲဖြစ်ခဲ့တဲ့ သူတို့လေးယောက်မှာ ၀ဏ္ဏနဲ့ဝတ်ရည်နဲ့က ငယ်သူငယ်ချင်း၊ ခွန်စင်နဲ့ အိလေးနဲ့က ငယ်သူငယ်ချင်း။ ငါးတန်းကစလို့ လေးယောက်သား ခင်ပြီးတဲ့နောက်ပိုင်းမှာ ဆယ်တန်းပြီးတော့ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် တွဲဖြစ်ခဲ့ကြပါတယ်။

 

အရွယ်လေးရောက်လာလို့ စိတ်ကစားကြတဲ့အချိန်မှာ ၀ဏ္ဏက အိလေးကို စိတ်ဝင်စားခဲ့သလို ၀တ်ရည်ကလည်း ခွန်စင့်ကို စိတ်ဝင်စားခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ကိုလွန်လို့ ကျောင်းပြီးသွားတဲ့အချိန်မှာ ၀ဏ္ဏရဲ့ဖြူစင်တဲ့စိတ်ကို ပြန်မြင်တွေ့ခဲ့ရပေမယ့် ၀တ်ရည်ကတော့ ခွန်စင့်အပေါ်မှာမပြောင်းလဲတဲ့အချစ်နဲ့ ဆက်ချစ်ခဲ့ပါတယ်။

 

………..

 

“၀ဏ္ဏဗိုလ်”

 

နာမည်နဲ့လုံးဝခြားနားစွာ အနွံတာခံတတ်တဲ့ သူငယ်ချင်းပါ။ အမြဲတမ်းပြုံးရွှင်နေတဲ့မျက်နှာနဲ့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းနဲ့ ပြည့်စုံထားတဲ့သူပါ။ ညီအစ်ကိုငါးယောက်မှာ တတိယမြောက်အလတ်ဖြစ်နေပေမယ့် မိသားစုအပေါ်သိတတ်ပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေတတ်ပါတယ်။ စာတော်တဲ့အပြင် သူငယ်ချင်းတွေဆိုးသမျှကို သည်းခံပေမယ့် တစ်ခါတစ်လေမှာတော့ ချစ်စရာကောင်းအောင် စိတ်ကောက်တတ်ပါသေးတယ်။ အသားဖြူဖြူ၊ ကိုယ်လုံးပြည့်ပြည့်နဲ့ အရပ်သိပ်မရှည်တဲ့ ၀ဏ္ဏကို ၀က်ပုလို့လည်း စတတ်ကြပါသေးတယ်။

 

“ခွန်စင်ကြယ်”

 

သူတို့သုံးယောက်လုံးတင်မက သူငယ်ချင်းတော်တော်များများကပါ နားမလည်နိုင်တဲ့သူလို့ သတ်မှတ်ထားကြပါတယ်။ တစ်ဦးတည်းသောသားဖြစ်ပြီး ပြည့်စုံတဲ့မိသားစုက ပေါက်ဖွားလာပါတယ်။ စာတော်ပြီး အနေအေးတဲ့သူလည်း ဖြစ်ပါတယ်။ အေးစက်စက်နိုင်လွန်းတဲ့သူဖြစ်တဲ့အတွက် သူ့ရဲ့ခံစားချက်တွေကို ဘယ်သူကမှ မခန့်မှန်းတတ်ကြပါဘူး။ အနီးစပ်ဆုံးနေတဲ့ ၀ဏ္ဏကတောင် “ဒီကောင် ဘာကောင်မှန်းမသိဘူး” ရယ်လို့ ခဏခဏ ငြီးငြူလေ့ရှိပါတယ်။ ရုပ်သိပ်မချောလှပေမယ့် စာတော်ပြီး ပြည့်စုံတယ်ဆိုတဲ့ ဂုဏ်ပုဒ်ရယ်၊ အနေအေးတယ်ဆိုတာရယ်ကြောင့် သမီးရှင်တွေက သဘောကျကြတဲ့ သူဖြစ်ပါတယ်။

 

“၀တ်ရည်နွယ်”

 

ဆရာမကြီးအဖြစ် လူသိများပါတယ်။ မပြည့်စုံတဲ့မိသားစုက သမီးကြီးဖြစ်တဲ့အတွက့် မခံချင်စိတ်နဲ့ ကြိုးစားနေတဲ့သူဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်အားမငယ်အောင် စိတ်တင်းထားရင်းနဲ့ အများအမြင်မှာ ဆရာမကြီးပုံစံပေါက်နေတဲ့အတွက် သူ့ကိုယ်သူလည်း စိတ်ညစ်နေတတ်ပါတယ်။ သူငယ်ချင်းတွေကြားထဲမှာလည်း လူကြီးလိုနေလေ့ရှိပေမယ့် ၀ဏ္ဏနဲ့ခွန်စင့်ရှေ့မှာတော့ တစ်ခါတစ်လေ ကလေးဆန်တတ်ပါသေးတယ်။ အိလေးနဲ့ပတ်သက်ရင်တော့ အမြဲတမ်း အစ်မသဖွယ် ရှိနေတတ်ပါတယ်။

တော်တယ်လို့ လူအထင်ကြီးခံရပေမယ့်လည်း တစ်ခါတစ်လေမှာတော့ လူမသိသူမသိ ခပ်တုံးတုံးမလေးဖြစ်ပါတယ်။

 

“အိချောခင်”

 

ဖြူစင်ပြီး ကလေးဆန်တဲ့သူဖြစ်ပါတယ်။ အများအမြင်မှာ ဘာမှမသိတဲ့သူဖြစ်နေတတ်ပြီး လူအထင်ကြီးခံရတဲ့ ၀တ်ရည်ထက်တော့ စာမတော်ပေမယ့် ပိုသိတဲ့အရာတွေတော့များပါတယ်။ တစ်ခါတစ်လေတော့ ခွန်စင်နဲ့သူငယ်ချင်းပီသစွာ အေးတိအေးစက်လည်း နေတတ်ပါသေးတယ်။ စိတ်ထဲမပါတဲ့စကားတွေကို သူငယ်ချင်းစိတ်မချမ်းသာအောင် ပြောတဲ့နေရာမှာလည်း ခွန်စင်နဲ့သိပ်မကွာလှပါဘူး။ ရိုးသားတဲ့သူ့စိတ်ဓာတ်ကိုတော့ သူငယ်ချင်းတွေကြားမှာ တွေ့နိုင်ပါတယ်။ ပြေလည်တဲ့မိသားစုက ဖြစ်တဲ့အတွက် အရမ်းကြီးမကြိုးစားပေမယ့်လည်း ခပ်ညံ့ညံ့တစ်ယောက်တော့ ဖြစ်မနေခဲ့ပါဘူး။

 

…..

 

တစ်ယောက်တစ်မျိုးနဲ့ ဒီလိုစရိုက်ရှိတဲ့ သူငယ်ချင်းလေးယောက်ရဲ့ ပတ်သက်မှုဟာ နက်ရှိုင်းလှပါတယ်။ ယောက်ျားလေးနှစ်ယောက်ရဲ့ တည်ငြိမ်တဲ့စရိုက်ကြားမှာ မိန်းကလေးနှစ်ယောက်ရဲ့ ကလေးဆန်ပြီး အနိုင်ကျင့်မှုတွေ၊ ရစ်မှုတွေနဲ့ ဆူညံနေတတ်ပါတယ်။ တစ်ခါတစ်လေ ပတ်ဝန်းကျင်က ဘယ်သူနဲ့ဘယ်သူက ကြိုက်နေတာလဲလို့တောင် မေးရလောက်အောင် သူတို့တွေရဲ့ ဖြူစင်တဲ့သံယောဇဉ်တွေက ရစ်ပတ်ခဲ့ကြပါတယ်။

 

ဝဏ္ဏက အိလေးကို စပြီး စိတ်ဝင်စားတဲ့အချိန်မှာ အားလုံးက ၀ိုင်းစကြပေမယ့် တကယ်တမ်း အရွယ်ရောက်လာတဲ့အချိန်မှာတော့ ခဏတာစိတ်ကစားမှုဆိုတာကို နားလည်ခဲ့ပါတယ်။ ဖြူစင်ရိုးသားတဲ့ သူတို့လေးယောက်ကြားမှာ ထူးခြားစွာရှိနေခဲ့တာကတော့ ၀တ်ရည်ရဲ့ ခွန်စင့်အပေါ်ထားတဲ့ မေတ္တာပဲ ဖြစ်ပါတယ်။

 

စာတော်ပြီး ဥာဏ်ကောင်းတဲ့ ခွန်စင့်ကို စာကြိုးစားတဲ့ ၀တ်ရည်က အထင်ကြီးပြီး သဘောကျခဲ့ပါတယ်။ တဖြည်းဖြည်းအချိန်ကြာလာတဲ့အခါမှာတော့ သူငယ်ချင်းသံယောဇဉ်ကြားမှာ ၀တ်ရည်ရဲ့မေတ္တာတရားက ရစ်ပတ်လာပါတယ်။ ကိုယ့်ကိုကိုယ် သတိထားမိလိုက်တဲ့အချိန်မှာတော့ ၀တ်ရည်တစ်ယောက် ခွန်စင့်ကို ချစ်နေမိပြီဆိုတာ အံ့သြစွာသိလိုက်ရပါတယ်။

 

ဝတ်ရည်ရဲ့အချစ်နောက်မှာ ခွန်စင့်ကို ပိုင်ဆိုလိုစိတ် ရှိမနေခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခွန်စင်ရဲ့အေးစက်မှုက ၀တ်ရည်ကို မနွေးထွေးစေနိုင်ဘူးဆိုတာ ကြိုပြီး သိနေခဲ့လို့ဖြစ်ပါတယ်။ ဘယ်လိုပဲ ကိုယ်က စချစ်ခဲ့တယ်ဆိုပေမယ့် ခွန်စင့်ရဲ့ ဂရုစိုက်မှုနဲ့ ကြင်နာမှုကို လိုချင်မိပါတယ်။ သူတစ်ပါးရဲ့စိတ်ကို နားမလည်ပေးနိုင်တဲ့၊ အေးတိအေးစက်နိုင်လှတဲ့ ခွန်စင့်ကိုတော့ ရွေးချယ်ဖို့ စိတ်မကူးခဲ့မိပါဘူး။ ခွန်စင်တစ်ယောက် ချစ်တဲ့သူမတွေ့သေးခင်အချိန်အထိ ခွန်စင့်အပေါ် မေတ္တာထားရင်း၊ ခွန်စင့်အတွက် ဖြည့်ဆည်းပေးရင်း နေသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 162 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010