လက်ရှိ ကျနော်တို့ နိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ ၀မ်းစာအတွက် ရုန်းကန်နေရသူများရှိသလို၊ ကျောင်းစာများနှင့် နပန်းလုံးနေရသည့်သူများ အစရှိသဖြင့် လူတန်းစား အလွှာ အမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးတွင်ကျင်လည်ပြီး ကိုယ်တတ်နိုင်သမျှ တာဝန်ကိုယ်စီဖြင့် ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နေကြရတဲ့လူငယ်တွေရှိသလို အင်တာနက်ဆိုင်၊ တီဗွီဂိမ်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ လိုမျိုးနေရာတွေမှာ ထိုင်ပြီး အချိန်ဖြုန်းနေကြတဲ့ လူငယ်တွေလည်း ဒုနှင့်ဒေး။

 

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် လူငယ်များ၏အခန်း ကဏ္ဍကို ချန်ထားခဲ့ရန် မဖြစ်နိုင်ပေ။ နည်းပညာပိုင်းတွင်လည်း ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အညီ လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာပိုင်းများကိုလည်း လေ့လာဆည်းပူးရန်အခွင့်အရေး များပိုမိုများပြားလာသည့်အတွက် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာ သင်တန်း အစရှိသည့် သင်တန်း ပေါင်းများစွာ တတ်နေကြရသည့် လူငယ်တို့၏အနာဂတ်ခရီးမှာ သာယာဖြောင့်ဖြူးရန် အခွင့်အလမ်း များလည်း ပေါများလျက်ရှိပေသည်ဟု ယူဆနိုင်ေ ပသည်။

 

သို့သော် လူငယ်တွေအနေနဲ့ တတ်ကျွမ်းထားတဲ့ပညာကို မှန်ကန်တဲ့နေရာတွင် အသုံးချနိုင်ဖို့ အင်မတန်အရေးကြီးသည်။ ဥပမာအနေဖြင့်ပြောရသော် အင်တာနက်ကို တွင်ကျယ် စွာအသုံးပြုနိုင်သည့် ခေတ်ကြီးတွင် တစ်ချို့လူငယ်များက ဂျီတောချက်ခြင်း၊ ဂိမ်းကစားခြင်း စသည့် အပျော်ကိစ္စများကိုသာ တွင်ကျယ်စွာ တလွဲအသုံးချနေကြသည်။  တကယ်တန်း မှန်ကန်စွာ အသုံးချနိုင်မယ်ဆိုပါက အင်တာနက်ဆိုသည်မှာ လေ့လာဆည်းပူးမကုန်နိုင်သော ဗဟုသုတဟင်းလေးအိုးကြီးပင်ဖြစ်သည်။ သို့သော် မှားယွင်းစွာအသုံးချနေကြသည့် လူငယ်များအတွက် ကုန်ဆုံးသွားသည့်အချိန်များမှာ အလွန်တရာနှမြောဖို့ကောင်းသည်ကို သတိပြုမိပြီး ပြုပြင်ကြမည်ဆိုပါက အထူးပြောစရာမလိုလောက်အောင် ၀မ်းသာရမည်ဖြစ် သည်။

အင်တာနက်အသုံးပြုသော လူငယ်များအနေဖြင့် ကောင်းကျိုးများလည်း များစွာရှိသလို အင်တာနက်အသုံးပြုခြင်းဖြင့် ရရှိနိုင်သည့် ဘေးထွက်ဆိုးကျိုးများကိုလည်း ခံစားရ မည်မှာ ဧကန်မလွဲ ဖြစ်သည်။ သို့သော် စဉ်းစားချင့်ချိန်နိုင်သည့် ဦးနှောက်ရှိသည့်အတွက် မိမိအတွက် အဆိုးအကောင်း ကို ဝေဖန်ပိုင်းခြားချင့်ချိန်ပြီး ကောင်းသောအရာများကို များများလေ့လာဆည်းပူးပြီး မကောင်းသော အချက်များကို  လျှော့နိုင်သမျှလျော့ခြင်းဖြင့် အသုံးပြုခြင်းအားဖြင့် ဗဟုသုတပိုင်းတွင်သာမက ဘက်ပေါင်းစုံက အသိပညာများလည်း တိုးပွားလာမည်ဖြစ်သည်။

 

သို့သော် လူငယ်တွေအနေဖြင့် ဖြစ်ချင်တာနှင့်ဖြစ်သင့်တာကို လုပ်ကိုင်နိုင်ဖို့အတွက် မှန်ကန် တဲ့ဆုံးဖြတ်နိုင်တဲ့ စိတ်ရှိဖို့လည်း အရေးကြီးပါတယ်။ အခုဆိုရင် လူငယ်တွေအနြေ ဖင့် သာရေး နာရေး စသည့်ကိစ္စရပ်များမှအစ ငွေကြေးချို့တဲ့သည့် မိဘမဲ့ကလေးကျောင်းများ၊ ဘုန်းကြီးကျောင်းသင်ပညာ ရေးကျောင်းများ  စသည့်နေရာများအထိပါ သူငယ်ချင်းများ စုပေါင်းပြီး တစ်နိုင်တစ်ပိုင် စုပေါင်းကာ တတ်နိုင်သမျှ ငွေကြေးများစုပေါင်းလှူဒါန်းသည့် လက်တွေ့ကျကျလုပ်ဆောင်နေသည်မှာ လူငယ်များ ၏ လေးစားဖွယ်အတုယူစရာကောင်း သည့် ပရဟိတစိတ်ပင်ဖြစ်ပါသည်။

 

ထိုကဲ့သို့သော ဆောင်ရွက်မှု များမှတစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လာပါက တိုင်းပြည်အတွင်းက ပြည်သူအဆင့်ဆင့်မှာပါ ကိုယ့်သက်ဆိုင်ရာ နယ်ပယ်တွေကနေ ဖော်ဆောင် ကြမည်ဆိုပါက လူငယ်များသည် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်လာမည်မှာ ဧကန်မလွဲပင်ဖြစ်သည်။ ကျနော်တို့လို လူငယ်တွေနဲ့ ပြည်သူတွေ အားလုံးလိုလို သူများယောင်လို့ လိုက်ယောင်တဲ့သူတွေလည်း မဖြစ်ကြပါစေနဲ့။ တာဝန်သိသိနဲ့ ကိုယ့်အသိ ကိုယ့်စိတ်ဓါတ်မှာ တရားမျှတမှုဆိုတာကို ရအောင်ယူပါ ။ ဒါကို ကျနော်တို့ လုပ်သင့် နေတာမဟုတ်ဘူး မဖြစ်မနေကို လုပ်ရမဲ့အခြေအနေပါ ။ ဘာလို့လဲဆိုတော့ တခြား နိုင်ငံတွေနဲ့ယှဉ်လိုက်ရင် ကိုယ့်နိုင်ငံဟာ နောက်က ဖြစ်နေတာ လူတိုင်းအသိပါ ။ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ တိုင်းတပါး သားတွေနဲ့ ယှဉ်လိုက်တဲ့အခါ ကျနော်တို့ ပြည်သူပြည်သားတွေမှာ မျက်နှာလေးတွေ ငယ်ငယ်နေကြရပါတယ် ။ အဲ့ဒီအခြေအနေတွေကို မြင်ကြည့်လိုက်ပါ သတိလည်းထားကြည်ကြ ပါ အလွန်ရင်နာစရာကောင်းတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

 

ကျွန်တော်တို့ တော်တော်များများဟာ အဆင့်သင့်ရှိနေတဲ့ လူငယ်တွေ မဟုတ်သေးပါဘူး ။ စိတ်ထားတွေ ပြုပြင်ဖို့ ရှိနေတဲ့ လူငယ်တွေပါ ။ လူငယ်တွေရင်ထဲကို လူကြီးတွေ အနေနဲ့ ငယ်စဉ်အခါကတည်းကပင် တိုးတက်လိုစိတ် ကြိုးစားလိုစိတ်တွေကို ရိုက်သွင်းထားဖို့ လိုပါတယ် ။  အဲ့ဒါတွေကိုပြုပြင်နိုင်ဖို့ .. လေးစားအားထားရလောက်တဲ့သူတစ်ယော က်ယောက်ကနေ မြန်မာလူငယ်တွေ ဒီလိုနေ ၊ ဒီလိုထိုင် ၊ ဒီလိုကျင့် ၊ ဒီစိတ်တွေမမွေးနဲ့ ၊ ဒီလိုဖြစ်အောင် ကြိုးစားဆိုပြီး တိတိပပ ပြောပြမှ လူငယ်တွေဟာ လုပ်ရကောင်းမှန်း နားလည်ရကောင်းမှန်း သိလာမယ်လို့ ထင်မိပါတယ် …။

 

ခုခေတ် ကျနော်တို့ လူငယ်တွေမှာ အပြိုင်အဆိုင် ကြိုးစားလိုစိတ် နည်းကြပါတယ် ။ တိုးတက်သည် ဆိုသည့် နိုင်ငံကြီးများတွင် အဖွဲ့အစည်း တစ်ခုဖြစ်ဖြစ် နိုင်ငံတစ်ခုဖြစ်ဖြစ် ယခု ကဲ့သို့ တိုးတက်နေခြင်းမှာ အပြိုင်အဆိုင် သူ့ထက်ငါ ပိုတော်အောင် လုပ်ဆောင်ရင်း ပိုကောင်းတဲ့ နည်းလမ်းတွေ ရှာဖွေရင်း  တိုးတက်လာကြတာပါ ။ အလုပ်ကိုအားသွန်ခွန်စိုက် ကြိုးစားအားထုတ်ခြင်းရဲ့ ရလဒ်အဖြစ် အောင်မြင်မှုအသီးအနှံတွေကို သူတို့ခံစားကြရခြင်းဘဲဖြစ်ပါတယ်။ အလုပ်လုပ်တဲ့လူငယ်တိုင်းအတွက် အခွင့်အရေးဆိုတာ အမြဲတမ်းဖွင့်ထားတဲ့ တံခါးတစ်ချပ်ဖြစ်ပေမယ့် အလုပ်မကြိုးစားတဲ့ လူငယ်တွေအတွက်မူ အခွင့်အရေးက လာတော့ လာနေတာပါပဲ။ သို့သော် ကိုယ်က သတိမထားမိလိုက်ရင်တော့ လာနေတဲ့ အခွင့်အရေး က ကိုယ့်ရှေ့ ကနေ ဖြတ်ကျော်သွားပါလိမ့်မယ် …။ ဒီတော့ မိမိဘက်က အဆင့်သင့်ဖြစ်နေဖို့အတွက် သေချာလေး ပြင်ဆင်ထားရပါလိမ့်မယ် ။ ခုလို အခြေအနေမှာ တခြားနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေ ဝင်လာတော့ပါမယ် ..ဒီတော့ လူငယ်တစ်ယောက်အနေနဲ့ အခွင့်အရေး အလာကို စောင့်မနေတော့ပဲ လမ်းတစ်ဝက်ေ လာက်ကနေ ပြေးစောင့်နေတာမျိုးက ပိုပြီး သေချာပါလိမ့်မယ် ။ ဒီအတွက် ကိုယ့်ကိုယ်ကို လုပ်ချင်ကိုင်ချင်စိတ် မောင်းနှင်အားတွေ တွန်းအားတွေ အမြဲလိုလို ပေးထားဖို့လိုပါတယ် ။

ဓားများကို အစဉ်အမြဲ ထက်မြက်နေအောင် ဓားသွေးကျောက်ဖြင့် သွေးနေရသလို ကျွန်တော်တို့ရဲ့ အရည်အချင်းတွေကိုလည်း အမြဲတမ်းတိုးတက်နေအောင် အစဉ်အမြဲ ကြိုးစား အားထုတ် အလုပ်လုပ်နေဖို့ အရေးကြီးပါတယ်။

 

အဲ့ဒီအတွက်လည်း အချိန်တိုင်းလိုလိုမှာလည်း  ကိုယ့်ကိုယ်ကို မေးကြည့်မိပါတယ်..။ “တိုးတက်နေချင်တဲ့ငါက ခုကြိုးစားနေပါရဲ့လား” ဆိုတာကို အမြဲမေးကြည့်ပါ ..။ သက်ရောက်မှုတိုင်းမှာ တုန့်ပြန်မှုရှိတယ် ဆိုသလိုဘဲ ကြိုးစားမှုတိုင်းဟာ ထိုက်တန်တော့ရလဒ်ကိုတော့ ရရှိလာမှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်။ ခွန်အားနည်းနည်းစိုက်ပါက မိမိအတွက် အကျိုးနည်းနည်းရမည်ဖြစ်သလို များများစိုက်ထုတ်ပါက အကျိုးများများရမည်ဖြစ်သည့်အတွက် အလုပ်ကိုကြိုးစားလုပ်ခြင်းဟာ မိမိဘ၀ရဲ့တိုးတက်ရာ တိုးတက်ကြောင်းနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှုမပေါ်နိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေး နဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲ့ဒီကတစ်ဆင့် တန်ဖိုးနဲ့အောင်မြင်ခြင်းကို နားလည်စေတာပါ။ သူ့ကိုပုံအောပြီး ချစ်လိုက်ပါ။ အနည်းဆုံး သူ့ကြောင့်မို့သာ ကျွန်တော် တို့ဘ၀တစ်ခုလုံးရဲ့ အစိတ်အပိုင်းတော်တော်များများမှာ လုပ်စရာရှိနေပြီး စားစရာလည်းရှိနေတာပါ။ ဘာလို့လဲ ပြောနေရတာလဲဆိုတော့ ကျနော်တို့ဟာ မေ့တတ်တာ ကြောင့်မို့ပါ ။ ကိုယ့်ကိုယ်ကို စစ်ဆေးမှုတွေ အမြဲလုပ်ထားပါ ။ ကိုယ်လိုချင်နေတဲ့ အရာအတွက် လုပ်ဆောင်ချက်တွေဟာ လွဲချော်နေတယ်လို့ထင်ရင် အားထုတ်မှုအရှိန်ပြန်တင်ပါ ..။ အားသွန် ခွန်စိုက် ကြိုးစားအားထုတ်ပါ။ ဒါမှ သူများနှင့်ယှဉ်ပြိုင်ရတဲ့အခါ ကိုယ်ကရှေ့ကို ရောက်မှာပါ ။ ဒါကြောင့်မို့  ကျောင်းသားဆိုလည်း ကျောင်းသားအလျှောက် စာကို  ကြိုးစားကြပါ ။ အလုပ်သမားဆိုလည်း သေချာကြိုးစားစေချင်ပါတယ်။… အဲ့ဒီလိုနဲ့ ကိုယ်ကိုယ်တိုင်ဟာ တဖြည်းဖြည်း အနုတ်ဘက်ကနေ အပေါင်းဘက်ကို ကူးပြောင်းလာပါလိမ့်မယ် .. ။  အခုလို တစ်ဦး တစ်ယောက်ချင်းကနေ .. အများစုကာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးဆီသို့ လူငယ်တွေရဲ့ စွမ်းအားများနဲ့အတူ လက်တွေ့အကောင်အထည်ဖော်ကြပါလို့ .. ကျနော်နဲ့အတူ လူငယ်အားလုံး ကို တိုက်တွန်းလိုက်ပါရစေခင်ဗျာ .. ။

ဦးဗိုလ်သိန်း

About ဦး ဗိုလ်သိန်း

ဦး ဗိုလ်သိန်း has written 5 post in this Website..