ဘေးချင်းပွတ်တိုက်သွားတဲ့ ပါရမီကျွဲ ၂ကောင်

ဒီနေ့ညနေ ၃နာရီခွဲ မြို့ထဲကို အပြန် အင်းစိန်လမ်းပေါ် ဆင်ရေတွင်းနားမှာ ဘေးချင်းပွတ်ပြီး ချိတ်နေတဲ့ ပါရမီဘတ်စကား ၂စီးကို တစ်ဖက်ယာဉ်ကြောမှာ တွေ့လိုက်ရလို့
မှတ်တမ်းတင်ထားလိုက်ပါတယ်။

ဒရိုင်ဘာတွေ စပါယ်ယာတွေလည်း သူမှားငါမှန် အချင်းများနေကြပါတယ်။

ထုံးစံအတိုင်း လမ်းဘေးကလူအုပ်ကြီးကလည်း ဝိုင်းစပ်စုလို့ပါပဲ။

သူတို့နောက်က လမ်းပိတ်နေလို့ သွားမရတော့တဲ့ ယာဉ်တန်းကြီးဟာ ကား ၁မှတ်တိုင်စာ (စွယ်တော်ရွက် သင်တန်းရှေ့ထိ) ရောက်ပြီး ခရီးသည်တွေလည်း စိတ်ပျက်ပျက်နဲ့ သူတို့ရှင်းအပြီးကိုစောင့်နေကြရပါတယ်။

ပြီးခဲ့တဲ့လက သတင်းစာထဲမှာပါတဲ့ ပါရမီ-အဓိပတိယာဉ်များ မဆင်မခြင်မောင်းလျှင်၊ဆက်ဆံရေးမပြေပြစ်လျှင် အောက်ပါဖုန်းနံပါတ်များသို့တိုင်ပါဆိုတဲ့ ကြော်ငြာလေး သတိရမိပါတယ်။

သူတို့ပေးထားတဲ့ ဖုန်းနံပါတ်က မှတ်မိလွယ် နံပါတ် မဟုတ်ပါဘူး။

(ဥပမာ- အရေးပေါ်လူနာတင်ယာဉ်ခေါ်ချင်ရင် 500005 ဆိုတာမျိုး တစ်ခါကြားတာနဲ့ မမေ့နိုင်တဲ့ နံပါတ်မျိုး ဖြစ်သင့်ပါတယ်)

ကျမ ကတော့ တိုင်မယ်တောမယ် စိတ်ကူးမရှိခဲ့တော့ မမှတ်ထားမိပါဘူး။

ဒီလူအုပ်ထဲမှာ ဒီကြော်ငြာကို

ဘယ်နှစ်ယောက်က ဖတ်မိပြီး

ဘယ်နှစ်ယောက်က မှတ်မိလို့

ဘယ်နှစ်ယောက်က တိုင်ဖြစ်မှာပါလဲ။

မျက်စိရှေ့မှာ ခုလိုမျိုး မတော်မတရားတာ တွေ့မှ တိုင်ချင်စိတ်ပေါက်ကြတာပါ။

ခုလို တိုင်တယ်ဆိုတာ မိမိတို့ဌာနကို ကူညီပေးတာပါလား လို့လည်း သဘောပေါက်ကြစေချင်ပါတယ်။

ကိုယ့် ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေကို တကယ်တမ်းတိုင်စေချင်ရင်

ကားကိုယ်ထည်ပေါ်က သိသာထင်ရှားတဲ့ နေရာမှာ

အဝေးကမြင်လောက်တဲ့ စာလုံးအရွယ်အစားနဲ့

[ဤဖုန်းနံပါတ်သို့တိုင်ပါ If the driver drives improperly,please inform to this phone number ……..]စသည် ရေးသားထားသင့်ပါတယ်။

ဒါမှလည်း ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေဟာ `ငါတို့ကို စောင့်ကြည့်မယ့်သူတွေရှိပါလား။မဆင်မခြင်မောင်းရင် မချေမငံဆက်ဆံရင် အတိုင်ခံရနိုင်ပါလား´ဆိုတဲ့ အသိဝင်မှ ထိန်းထိန်းသိမ်းသိမ်း ပြုမူ မောင်းနှင်ကြပါလိမ့်မယ်။

အဲဒီလိုပဲ ကုမ္ပဏီတွေကလည်း မိမိတို့

ရဲ့ ကားကိုယ်ထည်ပေါ် တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ် ရေးသားထားသင့်ပါတယ်။

ကြားဖူးဖတ်ဖူးကြမှာပါ။

`မိတ်ဆွေ၊ကျွန်ုပ်၏ဝန်ဆောင်မှုကို သဘောမကျလျှှင် ကျွန်ုပ်ကိုပြောပါ။ သဘောကျလျှင် သင့်မိတ်ဆွေတွေကိုပြောပြပါ။´ဆိုတဲ့ စာတမ်းလေးကို ထမင်းဆိုင်တွေ မိတ္တူကူးတဲ့ဆိုင်တွေမှာ ချိတ်ဆွဲထားကြတာလေးပါ။

အဲဒီလိုပဲ အကျိုးလိုလားလို့ တိုင်ကြားသူကို မိတ်ဆွေလို့ သတ်မှတ်ပြီး ကျေးဇူးတင်ရပါတယ်။

တာဝန်ရှိသူတွေကလည်း တိုင်ကြားချက်နဲ့အညီ အဖြစ်မှန်ဟုတ်မဟုတ်ကို သေချာကျန လေ့လာဆန်းစစ်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးရပါမယ်။

ပြစ်ဒဏ်မပေးရင် နောင်ကြဉ်ခြင်းမရှိပါဘူး။ထိုက်သင့်တဲ့ ပြစ်ဒဏ်မချလျှင် ပေ့ါပျက်ပျက်ဖြစ်သွားစေပါတယ်။

ဒါကြောင့် တကယ်ထိန်းကျောင်းချင်လို့ တကယ်တိုင်စေချင်တယ်ဆိုရင်ဖြင့်

တကယ်တိုင်လို့ရမယ့် နည်းလမ်းလေးတွေ ပြင်ဆင်ပေးပြီး

တကယ်လည်း အရေးယူကြောင်း ပြည်သူတွေကို ပြသသင့်ပါတယ်။

အပြုသဘောနဲ့ အကြံပေးခြင်းဖြစ်ပါတယ်။

တကယ်ဖြစ်ချင် တကယ်လုပ်၊အဟုတ်ဖြစ်ရမည်။

About padonmar

has written 227 post in this Website..

THAKHIN CJ #12112010 (5/2/16)