မြန်မာနိုင်ငံဒေါ်ဂျီးတွင် တက္ကသိုလ်ဝင်ခွင့် အမှတ်များ ထုတ်ပြန်လိုက်ရာ ရေကြောင်းတက္ကသိုလ် ဝင်ခွင့်သည် အခြားထိပ်တန်း အင်စတီကျူဂျီး များနှင့်တန်းတူ ထိပ်ဆုံးမှဖြစ်သည်။ သို့သော် မြန်မာပြည် တက္ကသိုလ် ဝင်ခွင့် သတ်မှတ်ချက်မှာ ၂၁ရာစု စံနှုန်းဖြင့်ဆိုသော် ခေတ်နောက်ကျ နေပေသည်။ အဆင့်မြင့် ပညာရေးဆိုသည်မှာ အတန်းပညာသာမက လူမှုဆက်ဆံရေး၊ တီထွင်ကြံဆမှု၊ ခေါင်းဆောင်နိုင်စွမ်း၊ အတွေးအခေါ် အမျှော်အမြင်ရှိမှု စသည်တို့ ပါဝင်ရ၏။ တနည်းဆိုရသော် မှတ်ညဏ် ဖြတ်ထိုးညဏ် အိုင်ကြူသာမက ဘဝရှင်သန် ရပ်တည်စွမ်း အီးကြူနှင့်လည်း သက်ဆိုင်သည်။ ဒါတွေကို ပညာရေးဌာန ဝံဂျီး ဝံဂလေး လူဂျီးမင်းများ လိုက်မမှီပေ၊ သူတို့၏ ညဏ်တထွာတမိုက် စပါးလုံးတထောက် အသိလေးဖြင့် လမ်းဟောင်းဆက် ကြိတ်နေကြသည်။

ဤသည်ကို မကြည့်မမြင် မခံစားနိုင်သဖြင့် နိုင်ငံကျားပျံ ဒေါက်တာ မဏိဇောတ သမဒဂျီးဘောမ သီဟရာဇာ ဦးကြောင်ကြီး ကိုယ်ဂျိုးစွန့် အနစ်နာခံ ဖြည့်ဆည်းပေးရာမှ တိုင်းပြည်ဂုဏ်ဆောင် မြန်မာ့အဆင့်မြင့် ပညာရေး အိပ်ဆဲလန့် ဌာနတခု ပေါ်ပေါက်လာခဲ့သည်။ ထိုတက္ကသိုလ်ဂျီးကား ကမ္ဘာ့ပထမဆုံး ရေကြောင်တက္ကသိုလ် ဖြစ်သည်။ သူဌေးကြီးဦးကြောင်ကား နှယ်နှယ်ရရမဟုတ် သင်္ဘောသီးအစိမ်း ဆေးထိုးရောင်း၍ ချမ်းသာလာသူ ဖြစ်သဖြင့် သူ့အကြောင်း မသိသူများက သင်္ဘောသူဌေးကြီးအဖြစ် ယုံမှတ်ကြသည်။ ရေကြောင်တက္ကသိုလ်၏ အဓိပတိအဖြစ် ပရော်ဖက်ဆာ ဦးကြောင်ကြီးမှ စီမံအုပ်ချုပ်မှု အဝဝကို တာဝန်ခံပြီး ဂဇက်ကြောင် ပါရဂူများမှ သင်ကြားပို့ချကြသည်။ ဧည့်ပရော်ဖက်ဆာအဖြစ် သင်္ဘောကပ္ပတိန် မစ္စတာဩဇီဖော၏ အိမ်သူသက်ထားအား ခိုင်းစားနည်း၊ သင်္ဘောအရာရှိ ကစည်သွတ်၏ ခေတ်မှီကိရိယာ ဆက်သွယ်ရေးစက်မပါဘဲ ကောင်းကင်နက္ခတ် ကြယ်တာရာများကြည့်၍ သင်္ဘောမောင်းနည်းတို့ ပါဝင်လေရာ ၎င်းတို့မျက်နှာဖြင့် သင်္ဘောသား ရူးရူးနေသူ လူငယ်အများ စိတ်ဝင်တစား ရှိကြတော့သည်။ စာတိုပေစ ရေးလေ့ရှိသူ မနောဖြူဂျီးဆိုသူမှလည်း ဘာမသိ ညာမသိနှင့် အင်တာနက်တွင် လူငယ်များအတွက် အခွင့်အလမ်းဟု ကိုယ့်ထမင်းကိုယ်စား ဘဂျီးနွားဝင်ကျောင်း ကြော်ငြာသည်။

ကြောင်တက္ကသိုလ်၏ ရည်ရွယ်ချက်ကား အိုင်ကြူ အင်းကြူ အီးကြူ သေးကြူ အကြူပေါင်းစုံ ပြည့်ဝသူအများ ဖေါ်ထုတ်ပြီး မြေတောင်မြှောက်ရန်ဖြစ်သည်။ စာတော်သာမက နှာလည်းပေါ်ရပေမည်၊ ကြောင်ဆိုသည်မှာ နှာတံပေါ်ပေါ် မျက်လုံးဝိုင်းဝိုင်း နားရွယ်ထောင်ထောင်နှင့် သတ္တဝါမဟုတ်ပါလော။ ဝင်ခွင့်ဦးရေ ကန့်သတ်ကာ အရည်အချင်းစစ် လက်ခံကြောင်း၊ ကျောင်းပြီးလျင် နိုင်ငံခြားတိုင်းပြည်ထက် ပိုကောင်းသော ကမ္ဘာအပြင်ဖက် ဂြိုလ်တခုခုသို့ ပို့ဆောင်ပေးရန် အစီအစဉ်ရှိကြောင်း တရုတ်နိုင်ငံ ချင့်ယုံရုပ်မြင်သံကြား သတင်းဌာနမှတဆင့် ထုတ်လွှင့်လိုက်ရာ ဝင်ခွင့်ရရေး လျောက်ထားသူအပေါင်းဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေတော့သည်။ “ကမ္ဘာ အပြင်ဖက် လွှတ်မယ်ဆိုတော့ အမေရိကန် အာကာသဌာန နာဆာအဖွဲ့နဲ့ ချိတ်ဆက်ထားပုံရတယ်” “ဥရောပ အာကာသအေဂျင်စီကလွှတ်နေတဲ့ အာရိယန်ဒုံးပျံ အနာဂတ်အတွက်များ ဖြစ်လေမလား” “ဂျပန်နိုင်ငံကလည်း အင်္ဂါဂြိုလ်သွားဖို့ လုပ်နေပြီနော်” “အိုကွာ ငါကတော့ ဘယ်ကဖြစ်ဖြစ် အာကာသထဲရောက်ပြီးရော..သွားမှာပဲ” သို့လော သို့လောဖြင့် ကျောင်းသားရေးရာ ဌာနရှေ့ ဆူညံပွက်လော ရိုက်နေသည်။

ကြောင်တက္ကသိုလ် သင်ရိုးညွှန်းတမ်းများအား နိုင်ငံတကာစံညွှန်းနှင့် ရေးသားထားသော်လည်း မြန်မာ့ရေမြေ ယဉ်ကျေးမှုနှင့် ကိုက်ညီမှု ရှိစေရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဘာသာရပ် ကျောင်းသုံးဖတ်စာအုပ် မျက်နှာဖုံးအား မိုးဟေကိုနှင့် ရွှေစင်တို့၏ ပင်လယ်ပြင်ကမ်းခြေ ဘီကီနီဝတ်စုံ အလှများဖြင့်၎င်း၊ လူမှုရေးရာ ဘာသာရပ်စာအုပ် မျက်နှာဖုံးအား သဉ္ဇာဝင့်ကျော် ပေါင်ရင်းမီနီစကပ်တိုနှင့် ဘတ်စ်ကားပေါ်အတက်အဆင်း လုပ်နေပုံဖြင့်၎င်း၊ ကုန်ထုတ်လုပ်မှုစာအုပ်အား အေးမြတ်သူ ဘောင်းဘီဖင်ကျပ်ဝတ် ဆိုင်ကွယ်ခွစီးနေပုံဖြင့်၎င်း၊ အနုပညာစာအုပ် မျက်နှာဖုံးအား ဝိုင်းစုခိုင်သိန်း လည်ဟိုက်စွပ်ကျယ်ပါးဖြင့် စင်အောက်မှ ပရိတ်သတ်အား ဦးညွှတ်နေပုံဖြင့်၎င်း မြိုင်မြိုင်ဆိုင်ဆိုင် ပုံနှိပ်ပေးသည်။ ဖတ်ရှုရမည့် အတွင်းစာများကိုတော့ အင်တာနက်တွင် ရှာဖွေရန် လင့်ခ်များပေးထားသည်။ စံရတီမိုးမြင့်၊ ပပဝင်းခင်၊ သက်မွန်မြင့်တို့ကိုမူ မြန်မာ့ယဉ်ကျေးမှု ဝတ်စား ဆင်ယဉ်ထုံးနှင့် မကိုက်ညီဆိုကာ ပယ်လိုက်သည်။ ဘာသာရပ်များစွာအနက် ပေါ်ပြူလာအဖြစ်ဆုံးမှာ B.Cat ကြောင်အထူးပြု ခပ်ကြောင်ကြောင်ဘွဲ့ဖြစ်ပြီး ကြောင်ရေချိုး၊ ကြောင်သန်းတုပ်၊ ကြောင်ချီးကြုံး၊ ကြောင်သေးရှု၊ ကြောင်ခိုးစား၊ ကြောင်ကုတ်ကြောင်ခြစ်၊ ကြောင်အော်၊ ကြောင်ဆေးခန်းပြ၊ ကြောင်အစာကျွေး ဘာသာရပ်တို့ ပါဝင်သည်။ ရည်ရွယ်ချက်မှာ ကြောင်သူတော်အဖြစ် တိုင်းပြည်ပြန်လည် တည်ထောင်ရေးတွင် တတပ်တအား ဆော်ပလော် ဝင်တီးရန်ဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေးအနေဖြင့် ကမ္ဘာထိပ်တန်း တက္ကသိုလ် ဟားဗတ်၊ ယေးလ်၊ စတင်းန်ဖို့၊ ဆော်ဘွန်း၊ အောက်စဖို့၊ ကိန်းဘရစ်ခ်ျ တက္ကသိုလ် မီးဖိုချောင် စားသောက်ဆိုင်များနှင့် ချိတ်ဆက်ထားသည်။

ဝင်ခွင့်ရသူစာရင်းတွင် ကြေးမုံဂျီးဆိုသူ ခုံနံပါတ်တစ် ရရှိလေရာ ကြောင်အမည် ခံထားသူအပေါင်း မကျေမနပ် ကွန်ပလိန်းတက် ကန့်ကွက်ကြသည်။ အဓိပတိ ဦးကြောင်မှ ဆယ်တန်းရမှတ်ထက် ကြောင်တိကြောင်တောင် အဖြစ်ဆုံးသူကိုသာ ဦးစားပေး ရွေးချယ်ကြောင်း၊ ကြေးမုံဂျီးသည် လူအများ လက်မခံသည့် မြစ်ဆုံရေကာတာ စီမံကိန်းအား ကြောင်အီးတဘူဘူ ပေါက်သကဲ့သို့ မရပ်မနား ရေးသားခြင်း၊ ယူအက်စ်နှင့် ဥရောပတိုက်အား တရုတ်အကြွေးဖြင့် သိမ်းတော့မည်ဖြစ်ကြောင်း ကြောင်တောင်တောင် ကျားတားတား ပြောဆိုခြင်းတို့ကြောင့် ကြောင်တက္ကသိုလ်အတွက် အကြောင်နိုင်ဆုံးသူအဖြစ် နံပါတ်တစ်ပေး ခြင်းဖြစ်ကြောင်း ပြောကြားရတော့သည်။ ကြေးမုံဂျီးကမူ ထိုသို့ ကျောင်းသူားအများ ဝိုင်းဝန်းကန့်ကွက်နေသည်ကို လုံးဝမဆိုင်ဘိအလား ကြောင်စီစီဖြင့် ပြန်ကြည့်နေ၏။ သူ့ကြည့်ရသည်မှာ အလစ်နောက်မှ တွန်းချသည့်တိုင်မမှု စတိုင်မလိုင်အပြည့်နှင့် ကြောင်ကျ ကျမည်ဟု စိတ်ချနေဟန်ရှိပေသည်။

ရေကြောင်တက္ကသိုလ် ကျောင်းသားတဦး

စာရင်းပိတ်ပြီးမှ သဂျီးသမီးဒေါ်ဂလေး ဝင်ခွင့်လာလျောက်ရာ ဦးကြောင်ကြီးမှ ကျောင်းစည်းကမ်း မဖောက်စေပဲ နှစ်ဖက်သား အဆင်ပြေရန် တသက်လုံး သူထိန်းသိမ်းလာသော ဘက်ခ်ျလာဘွဲ့ တခါထဲ အပ်နှင်းလိုက်သည်။ ဤသည်ကား လက်တွေ့ကျသော win win ဖြေရှင်းနည်းဖြစ်သည်။ သဂျီးဂဒေါ်ကား “အမယ်လေး ငါ့သမီးလေး ကြောင်သွားပါပြီ”ဟု ရင်ဘတ်စည်တီး အော်ငြီးနေတော့သည်။ ငှက်မသိ ဇရက် ချိုးထင်၊ အချက်မသိ သားမက် သူခိုးထင်သော ယောက္ခမဂျီးပါပေ။ လွပ်လပ်ခွင့် ပဓါနသမား လစ်ဘရယ်သဂျီးမှာ သူ့စကားနှင့်သူ အာစေးမိ၍ ရုရှဗော့ဒဂါအရက်ပြင်းကို ရေမရော ကြိတ်မှိတ်မျိုချနေရသည်။ မတတ်သာသည့်အဆုံး မိုးဗျားဂိုဏ်း ဆုံးမချက် ကိလေသာနှင့် အပြုအမူကွဲပုံကို ကြိတ်မနိုင်ခဲမရ စဉ်းစားရင်း သားမက်အသစ်စက်စက် ကိုရင်ကြောင်ကြီးနှင့် ရှေ့ဆက်မည်သို့ စခန်းသွားရမည်ကို တွေးတောပူပန်ကာ အိပ်သွားလေတော့သည်။ :harr:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး