-ပရဟိတဆိုတာ…-

ပရဟိတဆိုတာ…

အငုံပန်းတွေ ပွင့်စေချင်တဲ့စိတ်

ကန္တာရကို မိုးသွန်းပေးတဲ့လက်

ကွက်လပ်မှန်သမျှ ဖြည့်ဆည်းပေးသောအရာ

ပရဟိတဆိုတာ…

ကျီးကန်အုပ်လို စည်းလုံးမှု ခွန်အားဖြစ်ရေး

အတ္တနတ်ဆိုး အမြစ်ဖြုတ်သုတ်သင်ရေး

အမှောင်ဖုံး ကြယ်ကလေးများ အလင်းပွင့်ရေး

လမ်းလျှောက်နေသော တွဲလက်များဖြစ်ကြ။

ပရဟိတဆိုတာ…

ရေစက်ပေါင်းများစွာ စုစည်းထားသော ပင်လယ်

မေတ္တာတွေနဲ့ ဗြောင်းဆန်အောင် စီးဆင်း

ကမ္ဘာကြီးရဲ့ အနာရောဂါပျောက်စေတယ်။

ပရဟိတဆိုတာ…

သုဂတိဘုံ ထည့်သိမ်းထားသော မီခံသေတ္တာရဲ့

လျှို့ ဝှက်နံပါတ်

လွယ်လွယ်ဖွင့်လို့တော့ မရဘူး။

ပရဟိတဆိုတာ…

ဘယ်ဘုရားဟောမဆို မဆန့်ကျင်

လိုက်နာဖွယ်ကောင်းသော ကျင့်စဉ်လမ်းမကြီး

အသားအရောင်ခွဲခြားမှု မီးပွိုင့်မရှိဘူး။

ပရဟိတဆိုတာ…

ငိုသောမျက်ရည် ပြုံးစေသောစွမ်းအင်

ချို့တဲ့သူအတွက် ဗီတာမင်အားဆေး

ဘယ်လက်ဖြင့် ရေနစ်သူဆယ်ရင်း

ညာလက်ဖြင့် အတောင်ပံတပ်ပေးခဲ့။

ပရဟိတဆိုတာ…

အခက်အခဲကြား တောင်များစွာဖောက်သော ရထား

အရှေ့ မှ အနောက်၊ တောင်မှ မြောက် ကူးလူးဆက်သွယ်

လူများစွာအတွက် အလင်းသစ်ကောင်းကင်ဖြန့်ဖြူး

တစ်ခါမှ မရပ်တန့်ခဲ့ဘူး ။ ။

စေပိုင်ထွဋ်(ပုသိမ်)

4 comments

  • may flowers

    October 12, 2012 at 9:06 pm

    ကဗျာလေးကို အားပေးသွားပါတယ် ကိုစေပိုင်ထွဋ် ရေ…

    တကယ်တော့ ပရဟိတဆိုတာလူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်ပါဘူးလို့………..။

  • aemoshu

    October 13, 2012 at 5:53 pm

    အဲမိုလည်းအားပေးသွားပါတယ် …. ပရဟိတ ဆိုတဲ့စကားကအပြောလွယ်သလောက် လက်တွေ့မှာ အတ္တမပါအောင် အတော်လေးသတိထားရတဲ့ အလုပ်လို့မြင်ပါတယ် …

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 13, 2012 at 6:12 pm

    ပရဟိတ ဆိုလို့
    ပရဟိတဆိုတာ ဘယ်စကားက ဆင်းသက်လာတယ်
    ပရ ဆိုတာ ဘာ ဟိတ ဆိုတာ ညာ အဲ့သည်လိုမှတ်တာ
    ဟုတ်ပါတယ်ဗျာ
    ဂိုဏ်းဂျုတ်ဂျီးဆြာမိရဲ့ ဝါဒဒေနဲ့ပြောရရင်တော့ ပရဟိတလုပ်တယ်ဆိုတာ
    ကိုယ့်ထမင်းကိုယ်စားပြီးဂျီးဒေါ်နွားငှားကျောင်းခြင်းမည်ဘာဒယ်ခင်ဗျား :mrgreen:

  • Lwin Aung

    October 13, 2012 at 9:06 pm

    Parahita need pratical.

Leave a Reply