နေတတ်အောင် ကြိုးစားကြည့်ခြင်း
**********************
တစ်ချို့က တစ်ယောက်တည်းဆိုရင် မနေတတ်ဘူး။ တစ်ချို့က အများနဲ့ဆို မနေတတ်ဘူး။
တစ်ချို့က တစ်ယောက်တည်းနေလည်း ပြဿနာဖြစ်တယ်။ အများနဲ့နေလည်း ပြဿနာ ဖြစ်တယ်။ ဘယ်မှာ ဘယ်သူနဲ့ နေနေ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ပြုပြင်မှု၊ ကိုယ့်စိတ်ကို ဆင်ခြင်မှု အားနည်းလို့ပဲဖြစ်ပါတယ်။

တကယ်တော့ ဘဝမှာ အထီးကျန်ခြင်း၊ မကျန်ခြင်းဆိုတာဟာ အမြဲပြောင်းလဲနေတဲ့ လောကဓံ သဘောပဲ ဖြစ်တဲ့အတွက် တစ်ယောက်တည်းရှိနေလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်သလို၊ အများနဲ့ဆိုလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

နေတတ်အောင် ကြိုးစားတယ်ဆိုတာက အပြစ်မဖြစ်အောင် ထိန်းသိမ်းနေထိုင်းခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ့်အလိုအတိုင်း မဖြစ်ခဲ့ရင်လည်း အကုသိုလ် မဖြစ်အောင် ကြိုးစားပြီး သတိနဲ့ နေထိုင်ကြည့်ခြင်းမျိုးပဲ ဖြစ်ပါတယ်။ တစ်ယောက်တည်း နေတဲ့အခါ ဖြစ်တတ်တဲ့ အကုသိုလ် အတွေးအကြံ၊ အပြောအဆို အလုပ်အကိုင်တွေကို သတိပြုဆင်ခြင်ကာ မဖြစ်အောင် ကြိုးစားနေထိုင်ခြင်းမျိုး၊ အများနဲ့နေတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အပြစ်ဖြစ်စရာ အမူအရာတွေမှာ သတိနဲ့ ထိန်းသိမ်းနေထိုင်ခြင်းမျိုး စတာတွေဟာ အပြစ်ကင်းတဲ့ နေထိုင်ခြင်းမျိုးတွေပဲ ဖြစ်ပါတယ်။

တစ်ယောက်တည်း ရှိနေတဲ့အခါမှာ အထီးကျန်ဆန်တယ်ဆိုတဲ့ အတွေးမထားဘဲ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အပြစ်ကင်းတဲ့ အလုပ်တွေနဲ့ အချိန်တွေကို ကုန်လွန်စေကြည့်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ အလုပ်မရှိရင် စိတ်က မကောင်းတဲ့ အရာတွေမှာ ရှာကြံပြီး တွေးတောကြံစည်ကာ မကောင်းတဲ့ အလုပ်တွေကို လုပ်မိတဲ့အထိ ဖြစ်တတ်တဲ့အတွက် အဲဒီလို အခါမျိုးမှာ ကိုယ့်ကိုယ်ကို လုပ်စရာအလုပ်တစ်ခုခုကို ရှာပြီး လုပ်နေနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ။ အများနဲ့ ရှိနေတဲ့အခါမှာလည်း ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ အများကြောင့်ပဲ ဖြစ်ဖြစ် အပြစ်မဖြစ်အောင် နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အများနဲ့နေလို့ အများမဟုတ်တာ ကိုယ်ကလိုက်လုပ်ဖို့ မဟုတ်ပါဘူး။ အများမဟုတ်တာလုပ်နေပေမယ့် ကိုယ့်က မသိမသာ အပြစ်ကနေ ရှောင်ကြဉ်ပြီး နေထိုင်နိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ မဟုတ်တာလုပ်တဲ့ သူတွေကြားမှာ ကိုယ်က မလုပ်လို့ အများနဲ့ အန်ဝင်ခွင်ကျ မဖြစ်ဘူးဆိုရင်လည်း ဒါဟာ စိတ်မှာခံစားရမယ့် အရာတွေ မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အကျိုးမယုတ်ဖို့နဲ့ အများအကျိုး မထိခိုက်ဖို့ပဲ ဖြစ်ပါတယ်။

အချုပ်ကြည့်တော့ နေတတ်ထိုင်တတ်တယ်ဆိုတာ တစ်ယောက်တည်းနေနေ၊ အများနဲ့ပဲ နေနေ ကိုယ့်အတွက်လည်း အကျိုးမယုတ်၊ အများအတွက်လည်း မထိခိုက်တဲ့ အပြစ်ကင်းတဲ့ နေထိုင်မှုမျိုးနဲ့ နေထိုင်ခြင်းမျိုးကို ဆိုလိုတာဖြစ်ပြီး တစ်ယောက်တည်း ရှိနေတဲ့အခါမှာလည်း အပြစ်ကင်းတဲ့ အလုပ်တွေနဲ့ အထိးမကျန်အောင် နေထိုင်မှုမျိုး၊ အများနဲ့ ရှိနေတဲ့အခါမှာလည်း ကောင်းတဲ့အရာတွေမှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခြင်း၊ မကောင်းတဲ့အရာတွေမှာ လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်ခြင်း စတဲ့ အပြစ်ကင်းတဲ့ နေထိုင်မှုမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

ဆိုတော့ကား ပုထုဇဉ် သဘာဝ အပြောလွယ်သလောက် အလုပ်ကတော့ ခက်တတ်ပါတယ်။ ဒါပေမယ့် ခက်တယ်ဆိုပြီး ဖြစ်ချင်သလို လွှတ်ထားလို့ မရပါဘူး။ လွှတ်ထားရင် လွတ်သွားတတ်ပါတယ်။ သတိကပ်ပြီး ထိန်းနိုင်သလောက် ထိန်းကြည့်ကြရမှာ ဖြစ်ပါတယ်။ အလေ့အကျင့်များလာရင် စိတ်ဆိုတာက ထိန်းလို့ရလာမှာ ဖြစ်ပါတယ်။ အဓိကကတော့ သတိမလွတ်ကြဖို့ပဲ ဖြစ်ပါတယ်။

 

မနာပဒါယီ အရှင်ဝိစိတ္တ ရဲ့ဖတ်ဖူးတဲ့စာပေတွေထဲက အဟောအပြော အရေးအသားလေး သဘောကျတာမို့ ပြန်ပြီးမျှဝေလိုက်မိတာပါဗျာ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..