တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း)

Beijing’s Policy Dilemma

တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် အရေးကြီးတဲ့ ပင်လယ်ရေကြောင်းတွေမှာ choke points တွေ ရှိနေပါတယ်။ အဆိုးဆုံးတခုကတော့ မလက္ကာရေလက်ကြားဖြစ်ပါတယ်။ မလက္ကာရေလက်ကြားကို တရက်ပိတ်ဆို့လိုက်တာနဲ့ တရုတ်နိုင်ငံထဲမှာ အဓိကရုဏ်းဖြစ်သွားနိုင်ကြောင်း တရုတ်တပ်မတော်မှ အရာရှိတဦးက ခန့်မှန်းထားဖူးပါတယ်။ ဒါကြောင့် မလက္ကာရေလက်ကြားကို ရှောင်ရှားပြီး တရုတ်နိုင်ငံထဲကို ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ သယ်ယူ နိုင်မယ့် ပိုက်လိုင်းတွေကို မြန်မာနိုင်ငံကို ဖြတ်ပြီး တည်ဆောက်နိုင်ရေးက တရုတ်နိုင်ငံရဲ့ အရေးကြီးသော မူဝါဒရေးရာ မဟာဗျူဟာတခုဖြစ်ပါတယ်။ တခြား choke points တွေကတော့ တောင်ရုတ်ပင်လယ်ထဲမှာရှိတဲ့ Lombok Makassar နဲ့Sunda Straits ရေလက်ကြားတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒေသအချို့ဟာ တောင်တရုတ်ပင်လယ်ထဲက ပင်လယ်ရေကြောင်းကို မှီခိုနေရတာ ဖြစ်တဲ့အတွက် တောင်တရုတ်ပင်လယ် အရေးဟာ တရုတ်အတွက် ရေကြောင်းဆိုင်ရာ အရေးကြီးပြဿနာတရပ်ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ ကာလအတွင်းမှာ တရုတ်နိုင်ငံမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို နားမလည်ထားရင် ယနေ့ခေတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ရေတပ် မူဝါဒတွေ၊ ရည်မှန်းချက်တွေကို နားလည်နိုင်မှာ မဟုတ်ကြောင်း စစ်ရေးပညာရှင်တွေက ဆိုထားကြပါတယ်။ ၁၉ ရာစုခေတ် Qing Dynasty လက်ထက်မှာ တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်နက်တွေဟာ ဗြိတိသျှအင်ပါယာ၊ ပြင်သစ်၊ ဂျပန်နဲ့ ရုရှားနိုင်ငံတွေရဲ့ လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ (၂၀) ရာစုမှာလဲ Shandong peninsula နဲ့ မန်ချူရီးယားတို့ကို ဂျပန်က သိမ်းပိုက်ခဲ့ပါတယ်။ (၁၉) ရာစုနဲ့ (၂၀) ရာစုအစောပိုင်းကာလတွေမှာ အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့အကြားမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအရ အနောက်နိုင်ငံတွေက တရုတ်ရဲ့ အဓိက ဆိပ်ကမ်းမြို့တော်ကြီးတွေကို Treaty Ports တွေအဖြစ် သတ်မှတ်ပြီး ထိန်းချုပ်ထားခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့ရတာဟာ ပင်လယ်ရေကြောင်း ထိန်းချုပ်နိုင်တဲ့ မူဝါဒတွေနဲ့ ခေတ်မှီရေတပ်မတော် မရှိခဲ့လို့ ဖြစ်ရတယ်လို့ တရုတ်မဟာဗျူဟာပညာရှင်များက သုံးသပ်ထားကပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက ချမှတ်တဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ မူဝါဒတွေမှာ လွန်ခဲ့သော နှစ်နှစ်ရာကျော်က ဖြစ်ပွားခဲ့သကဲ့သို့ တရုတ်၏ အကျိုးစီးပွားများကို နိုင်ငံခြားသားများမှ ထိန်းချုပ်ထားခြင်းများ ထပ်မံဖြစ်ပွားခြင်း မရှိစေရ “ ဆိုတဲ့ strategic space တခုကို အခြေတည်ထားပါတယ်။

တောင်တရုတ်ပင်လယ်အရေး အပါအဝင် တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကာကွယ်ေရး မူဝါဒဟာ Finlandization ဖြစ်ကြောင်းကိုလဲ အချို့ ပညာရှင်များက ခန့်မှန်းပြောဆိုကြပါတယ်။ စစ်အေးတိုက်ပွဲ ကာလတွင်းက Finland နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ဆိုဗီယက်က ပုံသဏ္ဍာန်တမျိုးနဲ့ လွှမ်းမိုးထိန်းချုပ်ထားခဲ့ပါတယ်။ ဒီနည်းလမ်းဟာ overt ပုံစံမဟုတ်ပေမယ့် Finland နိုင်ငံက အစိုးရတာဝန်ရှိသူတွေ အားလုံးဟာ ဘယ်လိုကဏ္ဍတွေမှာ ဆိုဗီယက်ရဲ့ ဩဇာကို လွန်ဆန်လို့ မရနိုင်ဘူးဆိုတဲ့ အချက်နဲ့ လွန်ဆန်ခဲ့မယ်ဆိုရင် အချုပ်အခြာအာဏာကို ထိပါးခံရတော့မယ်ဆိုတာကို နားလည်ပြီး ဖြစ်နေကြပါတယ်။ ဒါကြောင့် ဆိုဗီယက်အမျိုးသားအကျိုးစီးပွားကို ထိခိုက်မယ့် နိုင်ငံခြားရေးမူဝါဒတွကို မလုပ်ဆောင်ရဲကြပါဘူး။ တရုတ်နိုင်ငံဟာ ဒီမူဝါဒကို အရှေ့တောင်အာရှရဲ့ နိုင်ငံတော်တော်များများအပေါ်မှာ ကျင့်သုံးထားကြောင်း ပညာရှင်များက ထောက်ပြထားကြပါတယ်။ တရုတ်နိုင်ငံဟာ ဒီလို Finlandization သဏ္ဍာန်ကို ထိုင်ဝမ်အတွက်လဲ ကျင့်သုံးထားပါတယ်။ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်အကြားမှာ အပတ်စဉ် ကုန်သွယ်လေကြောင်းလိုင်းတွေ ရာနဲ့ချီပြီး သွားလာနေပေမယ့် တရုတ်ပြည်မကြီးကနေ 1,500 short-range ballistic missiles တွေဟာ ထိုင်ဝမ်ကို ချိန်ရွယ်ထားတာကြောင့် ထိုင်ဝမ်အနေနဲ့ တရုတ်နဲ့ ထိပ်တိုက်ဖြစ်မယ့် နိုင်ငံခြားရေး မူဝါဒတွေကို မချမှတ်ရဲပါဘူး။ မဟာဗျူဟာလေ့လာရေးပညာရှင် Ian Storey ဆိုသူကလဲ တရုတ်ရဲ့ဒေသတွင်း မူဝါဒဟာ coercion နဲ့ cooperation ရောထွေးနေတဲ့ မူဝါဒဖြစ်ကြောင်းနဲ့ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများအပေါ်မှာ “talk and take.” ပြုလုပ်ထားကြောင်း ညွှန်ပြပြောဆိုခဲ့ပါတယ်။

အငြင်းပွားမှုဖြစ်ပွားရာ ရေပိုင်နက်က သယံဇာတအရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး Joint Development အဆိုပြုချက်တွေ တရုတ်ဘက်က တင်ပေမယ့်၊ ဒါကို နိုင်ငံအများစုက လက်မခံထားပါဘူး။ ဘေဂျင်းမှာကလဲ နောက်ထပ်ထုတ်ပြစရာ backup plan မရှိပါဘူး။ အငြင်းပွားမှု ဖြစ်ပွားနေတဲ့ ရေပိုင်နက်တွေဟာ တရုတ်ပိုင်နက်ဖြစ်ကြောင်း အကြိမ်ကြိမ် အဆိုပြုထားပေမယ့်လဲ ဒီရေပိုင်နက်တွေဟာ အခြားနိုင်ငံတွေရဲ့ de facto ထိန်းချုပ်မှုနဲ့ အုပ်ချုပ်မှု လက်အောက်မှာပဲ ဖြစ်နေတဲ့အချက်ကိုလဲ တရုတ်ဘက်ကနေ ဘယ်လိုမှ ပြောင်းလဲလို့ မရပြန်ပါဘူး။ ဒီလိုသာ အငြင်းပွားမှုကို ရေရှည်ဆက်လက်ဖြစ်ခွင့်ပြုထားမယ်ဆိုရင် တရုတ်နိုင်ငံ ပိုင်နက်အဖြစ် တရားဝင်အသိအမှတ်ပြုခံရမှု အခွင့်အလမ်းတွေ တစထက်တစ နည်းပါးလာလိမ့်မယ်ဆိုတာကိုလဲ တရုတ်နိုင်ငံက မဟာဗျူဟာပညာရှင်များက ထောက်ပြလာကြပါတယ်။ ဒါကြောင့် တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်ပြီး ဘေဂျင်းဟာ မူဝါဒရေးရာ conundrum တခုကို ရင်ဆိုင်နေရပြီလို့ ယူဆနိုင်ပါတယ်။ (၁၉၇၈) ခုနှစ်က Deng Xiaoping အဆိုပြုခဲ့တဲ့ အချို့ဖြေရှင်းလို့ မရတော့တဲ့ ပြဿနာတွေကို နောက်ထပ်မျိုးဆက်တခုရဲ့ လက်ထဲမှာ ထားခဲ့လိုက်ပါဆိုတဲ့ အယူအဆဟာ ယနေ့ခေတ် တောင်တရုတ် ပင်လယ်မှာ လက်တွေ့ပြဿနာ အနေနဲ့ ပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်။

တရုတ်အနေနဲ့ ခေတ်မှီတိုးတက်တဲ့ တပ်မတော်ကြီးကို တစထက်တစ အင်အားကြီးမားအောင် တည်ထောက်နေပြီး၊ South Sea Fleet ကို အင်အားဖြည့်ထားပြီး ဖြစ်ပေမယ့်၊ ဒါကို ပါဝါပြဖို့အတွက်သာ အသုံးပြုသင့်ပြီး၊ လက်တွေ့စစ်ပွဲကို ဦးတည်ခြင်း မပြုသင့်ကြောင့် အချို့ပညာရှင်တွေက ဆိုထားကြပါတယ်။ တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူများက ဘေဂျင်းအနေနဲ့ စစ်မက်ဖြစ်ပွားမှုကြောင့် ဖြစ်ပွားလာမယ့် diplomatic costs ကို တွက်ချက်ထားပြီး ဖြစ်နိုင်ကြောင်း ယူဆထားပါတယ်။ တောင်တရုတ်ပင်လယ်မှာ တရုတ်ဘက်က စစ်ရေးထိတွေ့မှု စတင်လိုက်တာနဲ့ အမေရိကန်ရဲ့ ဒေသတွင်း အားဖြည့်မှုကို တိုးမြှင့်လိုက်သလို ဖြစ်သွားမှာ ဖြစ်ပြီး၊ ဘေဂျင်းအနေနဲ့ ဝါရှင်တန်ပါဝင်လာမယ့် စစ်ပွဲမျိုးတွေကို ရှောင်ရှားမည်ဟု ယူဆရကြောင်း ပညာရှင်အချို့က ဆိုထားကြပါတယ်။ ဘေဂျင်းရဲ့ လက်ရှိ မဟာဗျူဟာ အကျိုးစီးပွားတွေမှာ စစ်အင်အားတိုးချဲ့မှုအပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်တွင်းလူမှုရေး၊ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မှု စတာတွေလဲ ပါဝင်နေတဲ့အတွက် တောင်တရုတ်ပင်လယ်မှာ စစ်ရေးထိတွေ့မှုကြောင့် ဖြစ်ပွားလာနိုင်မယ့် နောက်ဆက်တွဲ ပြဿနာတွေကြောင့် အခြားမဟာဗျူဟာအကျိုးစီးပွားတွေကို ထိခိုက်သွား မှာကို ဘေဂျင်းအနေနဲ့ စိုးရိမ်ကောင်း စိုးရိမ်မှာ ဖြစ်ကြောင်း ယူဆချက်တွေလဲ ရှိပါတယ်။

ဒီလိုယူဆချက်တွေပေါ်မှာ အခြေခံပြီး ဘေဂျင်းအနေနဲ့ စစ်ရေးထိတွေ့မှုကို ရှောင်ရှားလိမ့်မယ်လို့ ကောက်ချက်ချနိုင်ပေမယ့် စစ်ရေးနည်းလမ်း မဟုတ်တဲ့ သံတမန်နည်းလမ်းမှာ အောင်မြင်အောင် ကြိုးပမ်း လုပ်ဆောင်ချက်တွေ အားနည်းတာကကျတော့လဲ သံသယဖြစ်စရာ ဖြစ်နေပြန်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်မြေအငြင်းပွားဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ ကွဲပြားခြားနားတဲ့ စံနှုန်းသတ်မှတ်မှုတွေကို ကျင့်သုံးပါတယ်။ Joint Development ကို တရုတ်နိုင်ငံဘက်က အကြိမ်ကြိမ် အဆိုပြုနေပေမယ့် အရေးပါဆုံးအချက်ဖြစ်တဲ့ တောင်တရုတ်ပင်လယ်ထဲက တရုတ်ပိုင်နက်ကိစ္စကိုကျတော့ ဆွေးနွေးပွဲတွေမှာ ထည့်သွင်းခြင်းမရှိပဲ ဘေးဖယ်ထားပါတယ်။ Joint Development ပြုလုပ်ခြင်းဟာ တရုတ်အနေနဲ့ compromise ပြုလုပ်ခြင်းလို့ အဆိုရှိတာကြောင့် အငြင်းပွားရာ ရေပိုင်နက်ထဲက ကျွန်းတွေက တရုတ်က ပိုင်ဆိုင်ပြီး၊ အငြင်းပွားမှု ဆက်လက်မဖြစ်ပွားအောင် compromise လုပ်ပေးလိုက်တဲ့ သဘော သက်ရောက်နေပါတယ်။

ဒီလို Joint Development မလုပ်မီမှာ အငြင်းပွားမှု ဖြစ်ပွားမှုထဲမှာ ပါဝင်တဲ့နိုင်ငံတွေအနေနဲ့ အငြင်းပွားမှုဖြစ်ပွားရာ နေရာတွေအပေါ်မှာ တရုတ်ရဲ့ အချုပ်အခြာအာဏာရှိတယ် ဆိုတာ အသိအမှတ်ပြုပေးရမယ်ဆိုတဲ့ precondition ကလဲ အခြားနိုင်ငံတွေအနေနဲ့ လက်ခံလိုက်နာဖို့ ခဲယဉ်းပါတယ်။ ဘေဂျင်းက အဆိုပြုတဲ့ “joint” ဆိုတဲ့ စကားလုံးကလဲ တရုတ်နိုင်ငံက နိုင်ငံတိုင်းနဲ့ လုပ်ဆောင်မှုတွေမှာ ပါတနာဖြစ်နေတာကြောင့် တရုတ်ဘက်ကပဲ အလေးသာနေပြီး၊ တခြားနိုင်ငံအတွက်လဲ လက်ခံဖို့ ခဲယဉ်းစေပါတယ်။ ဒီလို တခြားနိုင်ငံတွေက လက်မခံတဲ့ အချိန်မှာလဲ ဘေဂျင်းဘက်က တခြား back up plan တခု မထုတ်လာပါဘူး။ အငြင်းပွားမှုမှာ ပါဝင်တဲ့ နိုင်ငံတွေကလဲ Spratly Islands တွေဟာ သူတို့ ရေပိုင်နက်ဖြစ်တဲ့အတွက် တရုတ်နဲ့ ရှယ်ယာလုပ်စရာ မလိုအပ်ဘူးလို့ ယူဆပါတယ်။ ASEAN diplomat တယောက်က ဘေဂျင်းရဲ့ အဆိုပြုချက်တွေဟာ ရိုးသားမှု မရှိကြောင်းနဲ့ တရုတ်နိုင်ငံက အငြင်းပွားဖွယ်ရေပိုင်နက်ကို တရုတ်ပိုင်ဖြစ်ကြောင်း ယုံကြည်ချက်ရှိတယ်ဆိုရင် အကျိုးအမြတ်ရှယ်ယာလုပ်ဖို့ စဉ်းစားမှာ မဟုတ်ကြောင်း၊ အာဆီယံထဲက နိုင်ငံတွေကတော့ သူတို့ပိုင်နက်ဖြစ်ကြောင်း ယုံကြည်တဲ့အတွက် ရှယ်ယာလုပ်ဖို့ စဉ်းစားချက်မရှိကြောင်း ဆိုခဲ့ပါတယ်။

ဥပဒေရေးရာမှာလဲ တရုတ်က ချမှတ်ထားတဲ့ legal precedents တွေဟာ နိုင်ငံတကာက မဟာဗျူဟာလေ့လာရေးပညာရှင်တွေရဲ့ အမြင်ကို ရှုပ်ထွေးစေပါတယ်။ ဂျပန်ပိုင်ကျွန်းဖြစ်တဲ့ Okinitorishima ကို မှီငြမ်းပြီး လူအများ အခြေချနေထိုင်ခြင်းမရှိတဲ့ သေးငယ်သော ကျွန်းလေးတွေကို continental shelf (သို့မဟုတ်) EEZ အဖြစ် သတ်မှတ်ပေးအပ်လို့ မရကြောင်းနဲ့ ဒီလို ကျင့်ထုံးကို တောင်တရုတ်ပင်လယ်မှာ လိုက်နာဖို့ လိုကြောင်း တရုတ်က အဆိုပြုထားပါတယ်။ ဘေဂျင်းက ဒီလို သဘောတရားကို လက်ကိုင်ထားတယ်ဆိုရင် Spratly Islands နဲ့ ပတ်သက်ပြီး၊ သူ့ရဲ့ အဆိုပြုချက်တွေနဲ့ ကိုက်ညီမှု မရှိပြန်ပါဘူး။

နဂါးကိုးကောင် ပင်လယ်ထဲမှာ မွှေ့ရမ်းနေတဲ့ ရှေးဟောင်းပုံပြင်ကို ကိုယ်စားပြုပြီး တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်ရဲ့ နဂါးကိုးကောင် (Nine Dragons) လို့ မဟာဗျူဟာအသိုင်းမှာ သတ်မှတ်ထားတဲ့ (လက်တွေ့မှာတော့ 11 actors) တို့ရဲ့ ပြုမူဆောင်ရွက်ပုံတွေကလဲ အခြေအနေတွေကို မရှင်းစေပဲ ပိုမိုရှုပ်ထွေးလာစေပါတယ်။ နဂါးကိုးကောင်ထဲမှာ စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်က Bureau of Fisheries AdministrationState Oceanic Administration (SOA) လက်အောက်ခံ China Marine Surveillance၊ တောင်တရုတ်ပင်လယ် ကမ်းရိုးတန်းက ဒေသတွေဖြစ်တဲ့ Hainan, Guangdong နဲ့ Guangxi ဒေသများရဲ့ အစိုးရများ၊ တရုတ်ရေတပ်မတော် (People’s Liberation Army Navy)၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန (Ministry of Foreign Affairs)၊ တရုတ်ရေနံ ကုမ္ပဏီတွေဖြစ်တဲ့ China National Petroleum Corporation (CNPC), China Petrochemical Corporation (Sinopec) နဲ့ China National Offshore Oil Corporation (CNOOC) စသည့် လုပ်ငန်းများ၊ The National Tourism Administrationenvironmental protection ministry၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (public security ministry) လက်အောက်ခံ ကမ်းရိုးတန်းစောင့်ရဲတပ်၊ General Administration of Customs လက်အောက်ခံ China Customs Anti-Smuggling Bureau၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ တွဲဖက်ထားတဲ့ Maritime Safety Administration (MSA) စတာတွေ ပါဝင်ပါတယ်။

(ပုံ ၇– ORGANIGRAMME OF KEY ACTORS IN THE SOUTH CHINA SEA, Source: ICG, 2012)

တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဒီအဖွဲ့တွေရဲ့ ပါဝင်ဆောင်ရွက်မှုတွေအကြားမှာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပြဿနာတွေ ရှိနေပါတယ်။ အဓိကပြဿနာကြီးတရပ်ကတော့ အဖွဲ့အများစုဟာ ပြည်တွင်းမူဝါဒတွေကို အကောင်အထည်ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတာတွေ ဖြစ်နေရာကနေ နိုင်ငံခြားရေး မူဝါဒရေးရာထဲမှာ ပါဝင်ဆောင်ရွက်သူတွေပါ ဖြစ်လာကြတာပါပဲ။ ဥပမာအားဖြင့် National Tourism Administration နဲ့ ဒေသဆိုင်ရာ အစိုးရတွေက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးြမှင့်ဖို့ လုပ်ဆောင်ချက်တွေဟာ အငြင်းပွားရေပိုင်နက်ထဲအထိ ချဲ့ထွင်လာတဲ့အခါ ဒါဟာ နိုင်ငံခြားရေး မူဝါဒအပေါ်မှာ သက်ရောက်မှုတွေ ရှိလာပါတော့တယ်။ Bureau of Fisheries Administration ဟာလဲ ပြည်တွင်းရေးမူဝါဒတွေကို အကောင်အထည်ဖော်ရမှာ ဖြစ်ပေမယ့်၊ အငြင်းပွားမှုဖြစ်ပွားရာ ဇုန်တွေထဲမှာ ကင်းလှည့်တာတွေ၊ နိုင်ငံခြားရေတပ်က ဖမ်းဆီးထားတဲ့ တရုတ်ရေလုပ်သားတွေကို ကယ်တင်ဖို့ လုပ်တာတွေ ဖြစ်လာတဲ့အခါ နိုင်ငံခြားရေးကဏ္ဍမှာ ဝင်ရောက်လုပ်ဆောင်သလို ဖြစ်လာပြန်ပါတယ်။

ဒုတိယပြဿနာကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပါဝါနည်းတဲ့ ပြဿနာဖြစ်ပါတယ်။ အငြင်းပွားမှုတွေ ဖြစ်ပွားတဲ့ ရေပိုင်နက်အရေးနဲ့ ပတ်သက်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အခြားဌာနတွေကို coordinate လုပ်ရမှာ ဖြစ်ပေမယ့်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီလို ပါဝါမရှိပါဘူး။ တရုတ်ရဲ့ နိုင်ငံတကာစီးပွားရေးတိုးတက်မှု မြင့်မားလာတာနဲ့အမျှ ပြည်တွင်းရေးရာမှာ အဓိကတာဝန်ရှိတဲ့ commerce ministry, the finance ministry, the state security ministry, and the National Development and Reform Commission ဌာနပေါင်းစုံက နိုင်ငံခြားရေးရာလွှမ်းမိုးမှုက ပိုကြီးလာပါတယ်။ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအရ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဗဟိုစစ်ကော်မရှင် (Central Military Commission) ထက် အဆင့်နိမ့်ပြီး၊ တရုတ်တပ်မတော်က ဗဟိုစစ်ကော်မရှင်ကို တိုက်ရိုက် အစီရင်ခံရတာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက စွက်ဖက်ခွင့်မရှိသလို၊ အချို့သတင်း အချက်အလက်တွေကိုလဲ ရှယ်ယာလုပ်ခွင့် မရှိပါဘူး။ တချို့ကိစ္စရပ်တွေမှာ စစ်ကော်မရှင်က တိုက်ရိုက် ကိုင်တွယ်တာတွေလဲ ရှိပါတယ်။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်ပနိုင်ငံတွေနဲ့ bargain လုပ်နိုင်တဲ့ ပါဝါ မရှိပါဘူး။

တချိန်တည်းမှာပဲ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်းက ဌာနချင်းအားပြိုင်မှု ပြဿနာကလဲ ရှိပါသေးတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ရင် Asian affairs department နဲ့ the North American and Ocean affairs department တွေက ကိုင်တွယ်ခဲ့ပါတယ်။ (၂၀၀၉) ခုနှစ်မှာတော့ တောင်တရုတ်ပင်လယ်အရေးကို ထိရောက်စွာ ကိုင်တွယ်နိုင်ဖို့အတွက် boundary and ocean affairs department ဌာနတခု ထပ်မံ ဖွဲ့စည်းလာခဲ့ပါတယ်။ သို့ပေမယ့် ဌာနသစ်ကလဲ တည်ဆောက်ဆဲကာလဖြစ်ပြီး၊ အငြင်းပွားမှုထဲမှာ ပါဝင်တဲ့ အာရှနိုင်ငံလေးနိုင်ငံနဲ့ ညှိနှိုင်းရေးကို Asian affairs department အောက်က နိုင်ငံတခုချင်းရေးရာ ဌာနစုတွေကို ထပ်မံတာဝန်ပေးထားပြန်တာကြောင့် မူဝါဒတွေက စံချိန်စံညွှန်းမရှိပဲ တကွဲတပြား ဖြစ်နေပါတယ်။ ဌာနတွင်းပြိုင်ဆိုင်မှုတွေကြောင့် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တခုတည်းသော Internal consensus ကိုတောင် ညှိနှိုင်းလို့ မရဖြစ်နေ ကြပါသေးတယ်။

တရုတ်ရဲ့ Beijing’s Policy Dilemma က နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အမြင်မှာတင် ရှုပ်ထွေးစေတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ boundary and ocean affairs department အနေနဲ့လဲ တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက်တွေကို ပိုင်ဆိုင်ကြောင်းအဆိုပြုထားချက်တွေကို ရုတ်သိမ်းမည်လား၊ သံတမန်နည်းလမ်းနဲ့ ဘယ်လိုမှ အဖြေထွက်နိုင်ဖွယ်မရှိပဲ ဆက်လက်ထားရှိမည်လား ဆိုတာကို dilemma ဖြစ်နေပါတယ်။ ဌာနတွင်း အယူအဆကတော့ “you don’t have to do it, but you’ll be blamed if you do it and it doesn’t end upaside” and “leave it to the future, smarter generation” ဖြစ်ကြောင်း ပညာရှင်များရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းက ပြိုင်ဆိုင်မှုတွေအပြင် law enforcement agencies တွေအကြားက ပြိုင်ဆိုင်မှုတွေလဲ ရှိပါသေးတယ်။ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်အောက်ခံ ကမ်းရိုးတန်းစောင့်ရဲတပ်၊ စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ခံ Fisheries Law Enforcement Command၊ မြေယာနှင့် အရင်းအမြစ်ရေးရာ ဝန်ကြီးဌာနရဲ့ State Oceanic Administration (SOA) လက်အောက်ခံ China Marine Surveillance သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ Maritime Safety Administration နဲ့ General Administration of Customs လက်အောက်ခံ China Customs Anti-Smuggling Bureau စတဲ့ အေဂျင်စီတွေအကြားမှာ ပြိုင်ဆိုင်မှုတွေရှိတာကြောင့် ပူးပေါင်းဆောင်ရွက်မှုမှာ အခက်အခဲတွေ ဖြစ်လာပါတယ်။ ဒီအေဂျင်စီတွေထဲမှာ မြေယာနဲ့ အရင်းအမြစ်ရေးရာ ဝန်ကြီးဌာန (land and resources ministry) လက်အောက်ခံ China Marine Surveillance နဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန (agricultural ministry) လက်အောက်ခံ Fisheries Law Enforcement Command တို့က အင်အားကြီးမားပြီး၊ maritime surveillance ships နဲ့ fisheries patrol boats တွေအပြင် တပ်အင်အားတွေကိုပါ အပြိုင်အဆိုင် တိုးချဲ့ထားကြပါတယ်။ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖြစ်ပွားတဲ့ ပြဿနာတွေထဲမှာ ပါဝင်တဲ့ အဓိက တပ်တွေ ဖြစ်ပါတယ်။ ဝန်ကြီးဌာနနှစ်ရပ်လုံးရဲ့ နှစ်စဉ်အစီရင်ခံစာတွေထဲမှာ တရုတ်နိုင်ငံရဲ့ မြေပြင်၊ ရေပြင်အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းက အရေးကြီးဆုံး နိုင်ငံရေးရည်မှန်းချက်အဖြစ် ထည့်သွင်းရမှာဖြစ်တဲ့အတွက် တပ်နှစ်ခုအကြားပြိုင်ဆိုင်မှုကလဲ တစထက်တစ ကြီးထွားလာပါတယ်။

(ပုံ ၈ – ORGANIGRAMME OF LAW ENFORCEMENT AGENCIES IN THE SOUTH CHINA SEA,

Source: ICG, 2012)

တောင်တရုတ်ပင်လယ်ထဲက ကမ်းရိုးတန်းဒေသကြီးနှစ်ခုဖြစ်တဲ့ Hainan နဲ့ Guangdong ဒေသဆိုင်ရာ အစိုးရတွေကလဲ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်ဆောင်ရာမှာ အခြားနိုင်ငံများနဲ့ ပြဿနာတွေ ဖြစ်လာစေပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးပေါ်လစီဖြစ်တဲ့ GDP-oriented policy အရ ဒေသဆိုင်ရာ အစိုးရတွေဟာ စီးပွားရေးရာနဲ့ ပတ်သက်ရင် “act first, ask questions later” strategy ကို ကျင့်သုံးနိုင်ပါတယ်။ (၂၀၀၅) ခုနှစ်မှာ ချမှတ်ထားတဲ့ ၂၀၂ဝ ခုနှစ်မှာ ocean GDP ကို သုံးဆတိုးမြှင့်ရေး ဦးတည်ချက်အရ ဒေသဆိုင်ရာ အစိုးရများဟာ အကျိုးအမြတ်ရဖို့အတွက် deep-sea fishing မှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်လာကြပါတယ်။ ဒီလိုငါးဖမ်းလုပ်ငန်းတွေ တိုးချဲ့ရာက အငြင်းပွားမှုဖြစ်ပွားရာ ရေပိုင်နက်ထဲမှာ တခြားရေတပ်တွေနဲ့ ထိတွေ့မှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ နိုင်ငံတော်ပိုင် ရေနံကုမ္ပဏီတွေကလဲ “second Persian Gulf” လို့ခေါ်တဲ့ တောင်တရုတ်ပင်လယ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးကို အားသန်ကြပါတယ်။ လက်ရှိအခြေအနေထိမှာ အငြင်းပွားမှုမဖြစ်ပွားတဲ့ ကမ်းရိုးတန်းတောင်ပိုင်းမှာလဲ drilled wells တွေ ရှိပေမယ့် ဘယ်အချိန်မှာ အငြင်းပွားရေပိုင်နက်ကို ရောက်လာမလဲဆိုတာကို မဟာဗျူဟာပညာရှင်များက ရင်တမမနဲ့ စောင့်ကြည့် နေကြပါတယ်။ ငါးဖမ်းအကျိုးအမြတ်ထက်စာရင် ရေနံအကျိုးအမြတ်က စစ်ပွဲကို ပိုမိုဦးတည်စေ နိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒီလို ရှုပ်ထွေးမှုတွေ၊ သံသယဖြစ်ပွားဖွယ်ရာတွေ၊ ခန့်မှန်းရခက်ခဲမှုတွေ ပြည့်နှက်နေတဲ့ တရုတ်ရဲ့ Beijing’s Policy Dilemma ကြောင့် အငြင်းပွားမှုထဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေနဲ့ သွယ်ဝိုက် အကျိုးစီးပွားရှိနေတဲ့ နိုင်ငံတွေရဲ့ မဟာဗျူဟာတုန့်ပြန်ချက်များ (strategic responses) ကလဲ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ပေါ်ထွက်လာပြန်ပါတော့တယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၂၊ ၁၀၊ ၂၀၁၂)

About kai

Kai has written 1006 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.