မြင်ကွင်း (၁)

ကထူးဆန်း . ဒီမယ် ကျွန်မပြောမယ် ။ ကျွန်မက စည်းကမ်းလိုက်နာမှ ကြိုက်တာ ။ ကားကို သတ်မှတ် မိုင်နုန်း အတိုင်း မိုင် ၃၀ ထက် ပိုမမောင်း နဲ့ ။ မှတ်ထားနော် ။

ဟာရီရာကားသစ်ကြီးမောင်းလာသော ယာဉ်မောင်း အသစ်ချပ်ချွှတ် ကထူးဆန်း ကားနောက်ခန်းမှ ထွက်ပေါ်လာသော ဒေါ်ပဒုမ္မာ အသံကြောင့် လန့်သွားသည် ။ မိုင်ခွက်ကို ကမန်းကတန်းပြန်ကြည့်လိုက်သည် ။ အရှိန်ပြဒိုင်ခွက် တွင် ကီလိုမီတာ ၈၀ ပြနေသည် ။

သတ်မှတ် မိုင်နုန်းက မိုင် ၃၀။ ယခု ပြနေတာက ကီလိုမီတာ ၈၀ ။ ဒါဆိုရင် နှေးတာလား မြန်တာလား ။ ကထူးဆန်း မသိ ။

ကထူးဆန်း တွေ့ဘူးသည့် မြန်မာပြည်က ကားတွေ အားလုံးမှာ ကီလိုမီတာ နှင့်သာ ပြသော ကားများ သာဖြစ်သည် ။ သို့သော် သတ်မှတ် မိုင်နုန်းများ က မိုင်နှင့် ဖြစ်သည် ။ တစ်မိုင်မှာ ဘယ်နှစ်ကီလို ရှိလဲ ။ မိုင် သုံးဆယ် မှာ ဘယ်နှစ်ကီလိုလဲ ။

မြန်နေလို့သာ ပြောတာ နေမှာ ဟုဆိုကာ ကား အရှိန်ကို ကထူးဆန်း လျှော့ချလိုက်သည် ။ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြင်ကွင်း (၂)

ပန်းရံဆရာ ။ ခင်ဗျားကို ကြွေပြား နှစ်ပေချပ် ကပ်မှာမို့ ဘေစင်ခုံကို နှစ်ပေ လုပ်ပေးထားလို့ ပြောတာ ။ အခု ကြည့်စမ်း ။ ကြွေပြားက သေးနေပြီ ။ ခင်ဗျားကို သေသေချာချာ ပြောနေရက်နဲ့ ။

မဟုတ်ပါဘူးဆရာ ။ ဒီလိုပါ ။

ဘာမဟုတ်တာလဲ ။ ဒီမှာ ကြွေပြား တင်ထားတာ ။ ကြည့်ပါလား ။ ကြွေပြားက နဲနဲ သေးနေပြီး ခင်ဗျား ခုံ က နဲနဲကြီးနေပြီ ။ ခင်ဗျားတို့ အလုပ် လုပ်လိုက်ရင် ဘယ်တော့မှ မတိကျဘူး ။ ကျုပ် အမြဲပြောတယ် ။ ကျုပ်ကတိကျမှ ကြိုက်တယ် ဆိုတာ။

ဦးဦးပါလေရာ ၏ ဆူငေါက်သံက အလုပ်ခွင်အတွင်း ဟိန်းထွက်လာသည် ။ ပန်းရံဆရာ ကထူးဆန်း ရှင်းပြတာကို နားမထောင် ။

ဟုတ်ပါတယ် ဆရာ။ မဟုတ်ပါဘူး ။

ကထူးဆန်း အယောင်ယောင် အမှားမှားတွေဖြစ်ကုန်သည် ။

ဒီမှာကြည့်ပါဆရာ ။ ကျွန်တော်လုပ်ထားတဲ့ ခုံ က နှစ်ပေအတိပါဘဲ ။

ဘာကွ ။ ဒါဆို ကြွေပြားက ပေခိုးထားတာ ပေါ့ ။ ဟုတ်လား ။ ဒီကြွေပြားရောင်းတဲ့ ဆိုင် ငါ သွားချဲမယ် ။

နေ..နေပါဦးဆရာ ။ ကြွေပြား က ပေ နဲ့ လာတာ မဟုတ်ပါဘူး ။ စင်တီမီတာ နဲ့ လာတာပါ။ ကြွေပြား က ၆၀ စင်တီမီတာ ရှိတော့ ဒီက လူတွေက ပြီးလွယ်စီးလွယ် နှစ်ပေ ချပ်ဘဲ ပြော နေကြတာ ။ တကယ်တော့ နှစ်ပေ မပြည့်ပါဘူးခင်ဗျာ။

ဒါဆို စောစောက ပြောပါလား ဗျ ။ ခုတော့ ဘယ်လိုလုပ်မလဲ ။

ကျွန်တော် ပြန် ခုတ်ပေးပါ့မယ် ဆရာ ။ ကျွန်တော် လည်း သတိ မထားမိလိုက်လို့ပါ ဆရာ။

အခုတော့ အလုပ်တွေလည်းပို ။ အချိန်တွေလည်း ကုန် ဖြစ်ကုန်ပြီ ။ ပစ္စည်း လေလွင့်တာ ခန ထားဦး ။ ခင်ဗျားတို့ က ခက်ပါတယ် ဗျာ။ ပြော မပြောချင်ဘူး ။

ဦးဦးပါလေရာ ပြောပြောဆိုဆို ခေါင်းတစ်ခါခါ နှင့် ထွက်သွားသည် ။ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြင်ကွင်း (၃)

ကို..ထူး…ဆန်း ….

အင်ဂျင်နီယာ ဒေါ်ဝေေ၀ အသံကြောင့် သံပန်းဆရာ ကထူးဆန်း တစ်ခုခု တော့အမှား လုပ်မိပြီဆိုတာ သိလိုက်သည် ။ ဒီတစ်ခါ ဘာများအမှားလုပ်မိလိုက်ပါလိမ့် ။ စဉ်းစားလို့မရ ။အလွန်တိကျသော အင်ဂျင်နီယာ ဖြစ်ရမည် ကြုံးဝါးနေသူထံမှ ဒီလို အသံကြားရပြီဆိုလျှင် တစ်ခုခု တော့လွဲပြီဆိုတာသိသည်။

ဟုတ်..ဟုတ်ကဲ့ ပြောပါ အမ ။ ကျွန်တော် ဘာမှားလို့လဲ မသိဘူး ။

ရှင့်ကို ကျွန်မ သံပန်းလုပ်ဖို့ စကွဲပိုက် ၀ယ်ထားပေးတာ ။ ဘာကိစ္စ တစ်ချောင်း ထပ်ဝယ်ခိုင်းတာလဲ ။ ကျွန်မ ပြူတင်း ကျည်းဘောင် က အတွင်းခွင် လေးပေ ငါးပေ ဆိုတော့ တစ်ပေါက် ကို ၁၈ ပေ ဘဲ ကုန်မယ် ။ ၁၀ ပေါက် ပေ ၁၈၀ ဘဲ ကုန်မှာ။ စကွဲပိုက် တစ်ချောင်း ပေ ၂၀ ဆိုတော့ ၉ ချောင်းဘဲကုန်မှာမို့လို့ ၀ယ်ပေးထားတာ ။ ဖြတ်စ ရှိလဲ ကိစ္စမရှိဘူး ။ ဆက် ပြီး သုံးလို့ပြောထားတာ အခု မလောက်ဘူးဆိုတော့ ဘာသဘောလဲ ။

စက်သေနတ်ပစ်သလို တလစပ် ပြောလိုက်သော ဒေါ်ဝေေ၀ စကားသံအဆုံးမှာတော့ ကထူးဆန်း ရင် နဲနဲ အေးသွားသည် ။ ဒါဆို သူရှင်းလို့ ရသည်။ သူ့ ပေါ့ဆ မှု့ မဟုတ် ။ အလွန်တိကျလိုသော အင်ဂျင်နီယာမကြီး ဒေါ်ဝေေ၀ ကို ဒီတစ်ခါတော့ သူ သတိမထားမိတာ ပြန်ပြောနိုင်တော့မည် ဆိုကာ ကထူးဆန်း ရင်ကော့ သွားသည် ။

အမ .. အမ ပိုက်တွေက ပေ ၂၀ ဆိုပေမဲ့ စင်တီမီတာ နဲ့ လာတာ မို့လို့ တစ်ချောင်း တစ်ချောင်းတိုင်းမှာ လေးလက်မ လောက် လျော့ နေတယ်လေ အမရဲ့ ။ အဲ့ဒီတော့ ဘယ်လောက်တော့မလဲ ။ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြင်ကွင်း (၄)

အရှက်ကို မရှိဘူး ။

မဒမ်ထူးဆန်း ၏ ဆိုင်းမဆင့် ဗုံမဆင့် ပြောလိုက်သံကြောင့် ကထူးဆန်း လိပ်ပြာ မလုံဖြစ်သွားသည် ။ ကြည့်နေသော မန်းဂဇက် ကမန်းကတန်းပိတ်လိုက်သည်။
ပုဆိုးများ ကျွတ်နေလို့ လား ။ မဟုတ်ပါဘူး ။ ဒါဆို ငါ နန်းခင်ဇေယျာ ပုံ ခဏခဏ ဖွင့် ကြည့်ကြည့်နေတာ သူတွေ့သွားတာ နေမှာ ဆိုကာ ကဗျာကယာ ရှင်းလိုက်မိသည် ။

အရှက်မရှိဘူး ပြောလို့ မရပါဘူးကွာ ။ ပြိုင်ပွဲ ၀င်တာဘဲ ။

ဘာရှင့် ။ ဘာပြိုင်ပွဲ ၀င်တာလဲ ။

ကထူးဆန်း ခေါင်းပိုစားသွားသည် ။ ဒါဆို နန်းခင်ဇေယျာ ကို ပြောတာ တော့ မဖြစ်နိုင် ။

ဟင် ။ ဘာ မှ မဟုတ်ဘူး ။ဘာမှ မဟုတ်ဘူး ။ မင်းက အရှက်မရှိဘူး ပြောတော့ ဟို .. ဟိုကွာ ..သီချင်းဆို ပြိုင်တဲ့ အိမ်မက်ဆုံရာ (၃) ကို ပြောတာလားလို့ ..

ရှင့်..မလဲ … အူကြောင်ကြောင် နဲ့ .. ဒီမှာလေ မတွေ့ဘူးလား ။ သူဌေးတွေ ဓါတ်ဆီဆိုင်တွေ ထောင်ပြီးခိုးစား ကြတာကို ပြောတာ..

ဟာကွာ .. မင်းကလဲ .. အဲ့ဒီလို မပြောပါနဲ့ ။ သူတို့ က တစ်ဂါလံ ကို ၄.၅ လီတာ နဲ့ တွက်လို ပါကွာ ..

ရှင်ဘဲယုံ ။ လူတွေက ပြီးလွယ်စီးလွယ် တစ်ဂါလံ မှာ ၄.၅ လီတာ ဆို ပြောတာကို အခွင့်ကောင်းယူပြိး အဲ့ဒါနဲ့ ကာကွယ်သွားတာ ။ တစ်ဂါလံ မှာ ဘယ်လောက်လီတာ ဆိုတာ အတိအကျ ပေးရမယ်ဆိုတာ မသိနေမလား ။

ဒီမယ် ကိုထူးဆန်း ..လွယ်တာတွေ ခက်အောင်လုပ်ပြီး လုပ်စားနေကြတာ ဘယ်လောက်ကြာနေပြိလဲ ။ တစ်လီတာ ဘယ်လောက်ဆိုပြီးရောင်းလိုက်လဲ ရတာဘဲ ။ အဲ့ဒါကို တစ်ဂါလံဖြစ်အောင် လုပ်ပြီး လုပ်စား တာ .. ဟင်း .. လူမိမှ ၄.၅ လီတာ လုပ်မိလို့ပါဆိုပြီး .. မသိရင်ခက်မယ် ။

အင်း.. ခက် .. ခက် ။ ခက်တာဘဲကောင်းတယ်။ ကထူးဆန်း စိတ်ထဲ ကြိတ်ပြောပြီး မန်းဂဇက်ပြန်ဖွင့်လိုက်သည်။ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကမ္ဘာတွင် imperial units (English units) သုံးသော နိုင်ငံ နည်းသထက် နည်းလာပါပြီ ။ အင်္ဂလန် နိုင်ငံလိုနိုင်ငံတွင်ပါ metric unit သို့ ကူးပြောင်းနေပါပြီ ။ ကျွန်တော် တို့ မြန်မာနိုင်ငံက တော့ အားလုံးကို ဖက်တွယ်ထားဆဲပင် ။ တစ်ပဲ ။ တစ်ပြား စသည့် အထူကို သုံးနုန်းနေမှု့များ လည်း ရှိနေဆဲ ။အလေးချိန် ဆိုလဲ တစ်ဆယ်သား နှစ်ဆယ်သားမှ စကာ ပိဿကို သုံးစွဲဆဲ။

မက်ထရစ် စံနစ်ကို ကူးပြောင်းရန် အတွက် ငွေကုန်ကြေးကျမှု့များ ရှိနိုင်သော်လည်း ပြောင်းလဲ သွားသင့် နေပါပြီ ။ အစိုးရမှ စ၍ တစ်ဖြေးဖြေး ပြောင်းလဲသွားခြင်းဖြင့် ကမ္ဘာ့စံနုန်းထဲ ၀င်ရောက်သင့်ပါပြီ။

တစ်ကယ်တော့ မြန်မာပြည်ထဲ ၀င်လာသော ပစ္စည်း အများစုသည် မက်ထရစ် စံနစ်နှင့် သာ များပါသည်။ ထိုမက်ထရစ် စံနစ် အတိုင်းအတာများ နှင့် လက်ရှိသုံးနေသော စံနစ် အတိုင်းအထွာ များကြောင့် ဆုံးရှုံးမှုများလည်း ရှိနေနိုင်သေး သည်ကို သတိပြု သင့်ပါကြောင်း။ ။

About ကထူးဆန်း

has written 107 post in this Website..